Wednesday 6 August 2014

အသက် ၃၀ နှစ် အပိုင်းအခြားမှာ ဆောင်ရွက်သင့်တဲ့ အချက် (၁၀) ချက်

August 06, 2014 0 Comments


လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ ကျမရဲ့အသက်ဟာ ၃၀ ပြည့်ခဲ့ပြီးပါပြီ။ အဲဒီအခါ ကျမရဲ့ website မှာ စာလာဖတ်နေကျ ပရိသတ်တွေထဲက အသက် ၃၇ နှစ် နဲ့အထက်ရှိသူတွေကို သူတို့ရဲ့ အသက် ၃၀ နှစ်ပိုင်းကာလတွေမှာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ နှောင်းလူတွေကို ဘယ်လို အကြံညဏ်မျိုးပေးချင် သလဲ ဆိုတာကို email တစ်စောင်စီ ပို့ပြီး မေးဖြစ်ခဲ့ပါတယ် ..။
ရလဒ်ကတော့ အတော်လေးကို ထိရောက်ကောင်းမွန်ပြီး အံ့မခန်းပါပဲ ..။ ပြန်စာပေါင်း ၆၀၀ ကျော်ရရှိခဲ့ပြီး အများစုက စာမျက်နှာ တစ်မျက်နှာထက်မက ရှည်လျားတဲ့ အကြံညဏ်တွေ ပေးလာခဲ့ပါတယ် ..။
ပြန်စာတွေအားလုံးကို သေချာဖတ်ပြီးတဲ့အခါ ကျမကို အံ့အားသင့်စေခဲ့တာက တချို့အကြံပေးချက်တွေက ထပ်တူကျနေတာပါပဲ ..။ အကြံပေးချက် ၅ ခု ၆ ခုလောက်က email အစောင် ၁၀၀ လောက်မှာ တစ်ပုံစံတည်း ထပ်ခါထပ်ခါ တွေ့နေရသလိုမျိုးပါ ..။ ဖြစ်နိုင်တာက အဲဒီလို အချို့ အကြံပေးချက်တွေဟာ ... သူတို့ရဲ့ နှစ် ၃၀ ပိုင်းမှာ တစ်ကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာခဲ့လို့ ဖြစ်နိုင်ပါတယ် ...။
ဒီမှာတော့ ပြန်လည်လက်ခံရရှိတဲ့ email အစောင် ၆၀၀ ထဲမှာ ယေဘူယျတွေ့ရတဲ့ အကြံပေးချက် ၁၀ မျိုးကို ဖော်ပြထားပါတယ် ..။
၁။ အလုပ်က အနားယူချိန် (ပင်စင်ယူချိန်) (သို့) ဘ၀နေ၀င်ချိန် ကာလ (အိုစာမင်းစာ)အတွက် အခုကတည်းက ငွေစုဆောင်းခြင်းကို စတင်ပါ ။ နောက်မှ လုပ်မယ်လို့ မတွေးတော့ဘဲ အခုပဲ စတင်လိုက်ပါ။
အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kash က ရေးထားတာကတော့ “ကျမအသက် ၂၀ နှစ်ပိုင်းအရွယ်တွေ ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းဖြစ်ခဲ့တယ် ..။ ဒါပေမယ့် ၃၀ နှစ်ပိုင်း ကာလတွေ ရောက် လာတော့ ငွေလုံးငွေရင်း တစ်ခုရှိသင့်တဲ့ အရွယ်ရောက်လာပြီလေ..။ အိုစာမင်းစာ အတွက် ပြင်ဆင်မှု ဆိုတာ နှောင့်နှေးနေရမယ့် ကိစ္စမဟုတ်တော့ဘူး။ အာမခံထားရှိဖို့၊ ငွေကြေးအတိုင်းအတာတစ်ခု ပိုင်ဆိုင်နေဖို့စတာတွေဟာ ကျမပခုံးပေါ်တာဝန်တစ်ခု ကျလာသလို အရေးကြီးတဲ့အရာတွေ ဖြစ်လာ ခဲ့ပါတယ်..။ အဲဒါကြောင့် မိမိကိုယ်ကို ပညာပေး ပြောဆိုဖို့ လိုအပ်လာပါပြီ..”
ဒီအတွက် ထပ်တူကျတဲ့ အကြံပြုချက်တွေကတော့ ငွေအရင်းအနှီးတစ်ခုရှိဖို့ စတင်သင့်တဲ့ အချိန်ရောက်နေပါပြီ ...။ ပင်စင်ယူချိန်အတွက် ယနေ့ကစပြီး ငွေစုဆောင်းသင့်ပါပြီ ဆိုတဲ့ အချက်ပါပဲ ..။
အဲဒီအတွက် အခုလို အကြံပြုချက်တွေကို ပေးထားပါတယ်..။
  • သင့်ရဲ့ အကြွေးတွေအားလုံး မြန်နိုင်သမျှမြန်မြန် ပြန်ဆပ်ဖို့က ပထမဦးစားပေးအဖြစ်သတ်မှတ်ပါ။
  • မတော်တဆအရေးပေါ်ကိစ္စတွေအတွက် ငွေကို သီးသန့်ရှိနိုင်ဖို့ ကြိုးစားပါ..။ ကျန်းမာရေးကိစ္စလို၊ ရုံးရောက်ဂတ်ရောက်ကိစ္စမျိုး၊ လင်မယားကွာရှင်းတာမျိုး၊ စီးပွားရေးလုပ်ငန်းအဆင်မပြေဖြစ်တာမျိုး စတဲ့ ငွေကြေးများစွာ ဆုံးရှုံးပျက်စီးစေတဲ့ ကြောက်စရာလောကဓံအဖြစ်အပျက်တွေ အများကြီး ရှိနိုင်တယ်ဆိုတာ ကျမတို့အားလုံး တွေ့ဖူးမြင်ဖူးကြတာပဲလေ..။
  • ရသမျှလစာတိုင်းရဲ့ တစ်စိတ်တစ်ဒေသကို သိမ်းနိုင်ဖို့ကြိုးစားပါတော့..။ အနည်းဆုံး ငွေစုစာအုပ် တစ်ခု ဖွင့်သင့်နေပါပြီ..။
  • ငွေကို လက်လွှတ်စပယ်မသုံးပါနဲ့တော့ ..။ သင့်တင့်တဲ့ နှုန်းထားနဲ့ငွေချေးဖို့ အာမခံထားစရာ ပစ္စည်းတစ်ခုမှ မရှိသေးဘဲနဲ့ အိမ်တစ်လုံး မ၀ယ်ပါနဲ့ဦး..။
  • သင်နားမလည်တဲ့ အလုပ်ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မစဉ်းစားသင့်ပါဘူး ..။ ပွဲစားတွေရဲ့ စကားကို လည်း အလွယ်တကူမယုံပါနဲ့ ..။
စာဖတ်သူတစ်ယောက်က ပြောပါတယ် .. “တကယ်လို့ သင့်ရဲ့အကြွေးက တစ်နှစ်လုံးအသားတင်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်များနေပြီဆိုရင် .. ဒါဟာ ကြီးမားတဲ့ ပမာဏဖြစ်နေပါပြီ ..။ သုံးတာတွေ ရပ်ပစ်လိုက်ပါ၊ အကြွေးတွေ ပေးချေလိုက်ပြီး စတင်ငွေစုပါတော့။”
တစ်ယောက်က ရေးထားတာကတော့ “အရေးပေါ်ကိစ္စတွေအတွက် ကျမငွေပိုစုဖြစ်ခဲ့ပါတယ်..။ ဘာကြောင့်ဆို မမျှော်လင့်တဲ့ အသုံးစရိတ်တွေက ကျမဘက်ဂျက်ကို အတော့်ကို ထိခိုက်စေတယ်လေ..။ ကျမအနားယူချိန်သုံးဖို့ငွေအတွက် ဒီထက်ပိုကြိုးစားစုသင့်နေပါပြီ .. အခုကျမမှာရှိနေတဲ့ ပမာဏက အတော်လေးကို နည်းနေသေးတယ်လေ”
ပြီးတော့ တချို့စာဖတ်သူတွေဟာ သူတို့ရဲ့ ၃၀ နှစ်ပိုင်းအချိန်တွေမှာ ငွေမစုနိုင်တဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတဲ့အကြောင်း ပြောလာကြပါတယ်.။
တစ်ယောက်ကတော့ သူမ အသက် ၃၀ ကတည်းက လစာရဲ့ ၁၀ ရာခိုင်နှုန်းကို စတင်စုဆောင်းဖြစ် ခဲ့ပါတယ်..။ သူမရဲ့ အလုပ်က အဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့ပြီး အလှည့်အပြောင်းဖြစ်သွားခဲ့တာကြောင့် အခုအချိန် အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ သူမက လစာပေါ်မှာပဲ တစ်လပြီးတစ်လ မှီခိုနေထိုင်နေရပါသတဲ့ ..။ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်ကတော့ သူမခင်ပွန်းက သူမကို အလုပ်ထွက်မလုပ်စေတာကြောင့် ငွေမစုဖြစ်ခဲ့ပါဘူး ..။ နောက်ပိုင်းမှာ လင်မယားကွာရှင်းခဲ့ကြပြီး မကြာခင် သူမမှာ ကျန်းမာရေး ပြဿနာပေါ်လာခဲ့ပါတယ်..။ အဲဒီအတွက် ကွာရှင်းတုန်းက ရတဲ့လျော်ကြေးတွေ အားလုံးကို သုံးစွဲခဲ့လိုက်ရလို့ အခုတော့ သူမဟာ လစာလေးတစ်ခုအပေါ်မှာပဲ တစ်လပြီးတစ်လ သုံးစွဲ နေထိုင်နေရပါသတဲ့ ..။ တစ်ဖြည်းဖြည်းနဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့လာမှု ကို စောင့်စားရင်းနဲ့ပေါ့ ...။ နောက် အလားတူ အမျိုးသားတစ်ယောက်ကတော့ ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်မှာ အလုပ်ထွက် လိုက်ရတာကြောင့်ရော .. အဲဒီမတိုင်ခင် ငွေမစုဖြစ်ခဲ့တာကြောင့် သူ့သားငယ်ရဲ့ ထောက်ပံ့မှုနဲ့ပဲ ရှင်သန်နေရကြောင်း ပြောလာပါတယ်..။
ပြောချင်တဲ့ အချက်ကတော့ ရှင်းရှင်းလေးပါပဲ - စောနိုင်သမျှစောစောနဲ့ များနိုင်သမျှ များများသာ ငွေစုပါ ..။ အမျိုးသမီးတစ်ယောက် email ပို့ထားသလိုမျိုးပေါ့ .. သူမက အသက် ၃၀ နှစ်ပိုင်းကာလတွေတုန်းက ကလေး ၂ ယောက်နဲ့ ၀င်ငွေနည်းတဲ့အလုပ်ကို လုပ်ခဲ့ရပေမယ့် ပင်စင်ယူချိန်မှာ သုံးဖို့ငွေ ကို သေချာစု ဖြစ်ခဲ့ပါတယ်..။ သူမက စောစောစီးစီးဉာဏ်အမြော်အမြင်ရှိရှိနဲ့ စုဆောင်းနိုင်ခဲ့လို့ အခုသူမအသက် ၅၀ နှစ်ပိုင်းကာလမမှာ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ငွေကြေးပြည့်ပြည့်စုံစုံ တည်တည်ငြိမ်ငြိမ် နေနိုင်နေပြီလေ..။ သူမထောက်ပြချင်တဲ့အချက်က - ငွေစုဖို့ဆိုတာ လုံးဝဖြစ်နိုင်ပါ တယ်..။ သင်မဖြစ်မနေ လုပ်သာလုပ်လိုက်ပါတဲ့ ..။
၂။ သင့်ရဲ့ ကျန်းမာရေးကို စတင်ဂရုစိုက်ဖို့ သင့်ပါပြီ ..။ နောက်မှလို့ မရွှေ့ပါနဲ့တော့ ..။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Tom က ပြောတာကတော့ “ သင်လက်မခံပေမယ့် သင့်ခန္ဓာကိုယ်ကတော့ တနေ့တခြားအိုမင်းသွားနေတာပါပဲ ..။ အဲဒါနဲ့ပတ်သက်ပြီး သင့်စိတ်ရဲ့ လက်ခံနိုင်မှုက ၁၀ နှစ်ကနေ ၁၅ နှစ်လောက်ထိ နောက်ကျနေတတ်တယ်..။ ကျန်းမာရေးဆိုတာ သင်တွေးထင်ထားတာ ထက် မြန်မြန်ပြေးပါတယ် ..။ ဒါပေမယ့် အဲဒါကို သတိပြုမိဖို့က တော်တော်ခက်ခဲပါတယ်..။ ဘာကြောင့်ဆို သင်လည်းပဲ ဒါကို မဖြစ်စေချင်တာလည်း ပါတာပေါ့ ..။”
သူတို့အားလုံး ပြောချင်တဲ့အချက်က တစ်ပုံစံတည်းပါပဲ - သင့်ခန္ဓာကိုယ်ကို သင်ပြုမူတဲ့အတိုင်း တန်ပြန်သက်ရောက်မှု ရရှိစေတာပါ ..။ သင့်ခန္ဓာကိုယ်က တစ်နှစ်ထဲနဲ့ ရုတ်တရက် ယိုယွင်းသွား တာမျိုးတော့ မဟုတ်ဘူးပေါ့ ..၊ သင် သတိမထားမိပေမယ့် ..တချိန်လုံး တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီး နေခဲ့ တာမျိုးပါ ..။ အဲဒီလို ကျန်းမာရေးချို့တဲ့ ယိုယွင်းပျက်စီးဖို့ဆိုတာ ဆယ်စုနှစ်တစ်ခုတော့ ကြာပါတယ်..။
ဒါက အသီးအနှံတွေချည်းပဲ စားရမယ်လို့ အကြံပေးတာမဟုတ်ပါဘူး ..။ ကင်ဆာရောဂါ၊ နှလုံးရော ဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေ ပို့လာတဲ့ စာတွေက ပြောချင်တဲ့အချက်က တစ်ခုတည်းပါပဲ “အတိတ်ကို သာ ပြန်သွားလို့ရမယ်ဆိုရင် ... ကျနော်၊ ကျမတို့ကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကောင်းကောင်း စားမယ်၊ လေ့ကျင့်ခန်းလုပ်မယ်..။ ပြီးတော့ အဲဒီ အမူအကျင့်ကို ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး..။ အခုတော့ နောက်ကျသွားပြီလေ.”
၃။ သင့်အပေါ် မကောင်းတဲ့သူတွေအတွက် အချိန် မဖြုန်းသင့်တော့ပါဘူး ..။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Hayley ပြောတာကတော့ “သင့်ဘ၀အတွက် မထိုက်တန်တဲ့သူတွေ၊ တန်ဖိုးမရှိတဲ့လုပ်ရပ်တွေ၊ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေအတွက် ‘no’ လို့ ငြင်းတတ်အောင် သင်ယူလေ့ကျင့်ပါ” တဲ့..။
သင့်ဘ၀ကို ပိုကောင်းအောင် လုပ်မပေးနိုင်တဲ့သူမျိုးတွေကို သင့်ဘ၀ထဲကနေ အေးအေးဆေးဆေးသာ သွားခွင့်ပြုလိုက်ပါတော့ ..။
အိုစာမင်းစာငွေစုဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ပြီးရင် နောက်တစ်ချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ် - တကယ်လို့ သူတို့သာ အတိတ်ကို ပြန်သွားလို့ရမယ်ဆိုရင် သူတို့ရဲ့ဘ၀မှာ ကောင်းမွန်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေဝန်းရံနေဖို့ ကြိုးစားမိမှာဖြစ်ပြီး ကောင်းမွန်မှန်ကန်တဲ့သူတွေအတွက်သာ သူတို့ရဲ့ အချိန်တွေကို သုံးမိခဲ့မှာဖြစ်ကြောင်း ပြောလာပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Kristen က ပြောတာကတော့ “ကောင်းမွန်မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နိုင်ဖို့ကြိုးစားခြင်းက သင့်အတွက် ဒါမှမဟုတ် အခြားသူတစ်ယောက်အတွက် နေပျော်စရာအကောင်းဆုံးနည်းလမ်းတွေထဲမှာ တစ်ခုအပါအ၀င်ပါပဲ” တဲ့ ..။
အတိအကျပြောရရင် ဘယ်လို အဓိပ္ပာယ်ရပါသလဲ ..။
 “သင့်အပေါ်ကောင်းမွန်စွာ မဆက်ဆံတဲ့ သူတွေကို သည်းခံနေဖို့ မလိုပါဘူး.။ ငွေကြေးအတွက် သူတို့ကို သည်းညည်းခံပေါင်းနေဖို့ မလိုဘူး၊ စိတ်ခံစားမှုသက်သက်အတွက် သည်းခံပေါင်းသင်းနေဖို့လည်း မလိုဘူး၊ သင့်ကလေးတွေအကျိုးအတွက်၊ သက်သောင့်သက်သာ ဖြစ်ဖို့ရည်ရွယ်ချက်အတွက် စသဖြင့် ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံပေါင်းသင်းနေစရာ မလိုပါဘူး။ (Jane, ၅၂ နှစ်)
 “သာမာန်လောက်သာ ကောင်းတဲ့ အပေါင်းအသင်း၊ သူငယ်ချင်းတွေ၊ အလုပ်အကိုင်တွေ၊ ချစ်ခြင်းမေတ္တာ၊ ချစ်ဇာတ်လမ်းပတ်သက်မှုတွေနဲ့ အခြေမကျမိပါစေနဲ့ ..။ ပိုကောင်းတဲ့ အရာတွေ အများကြီးရှိပါသေးတယ်..” (Sean, ၄၃ နှစ်)
 “ရှုပ်ရှုပ်ထွေးထွေးလူတွေနဲ့ အဝေးမှာနေပါ၊ သူတို့က သင့်ကို အသုံးချပြီး ပျက်စီးစေရုံသာ တတ်နိုင်သူတွေပါ” (Gabrielle, ၄၃ နှစ်)
 “သင့်ရဲ့ပုံရိပ်ကို ပိုကောင်းစေတဲ့သူ၊ သင့်ရဲ့ကောင်းတဲ့အချက်တွေကိုသိတဲ့သူ၊ သင့်ကို ချစ်တဲ့သူ၊ သင့်ကို လက်ခံတဲ့သူတွေနဲ့ပဲ ပေါင်းသင်းပါ၊ ၀န်းရံနေပါစေ” (Xochie)
လူတွေက ပုံမှန်အားဖြင့် ပတ်ဝန်းကျင်နဲ့ အားပြိုင်နေကြသလိုမျိုးဖြစ်နေတယ်..။ ဘာကြောင့်လဲဆိုရင် သူတို့က အခြားတပါးသူရဲ့ ခံစားချက်ကို ထိခိုက်စေဖို့ ခက်ခဲစေသလို၊ အခြားသူကို ပြောင်းလဲစေဖို့ ၀န်လေးတတ်တာမျိုးလည်းဖြစ်တတ်ကြတယ်၊ ပြီးတော့ သူတို့ကို အခြားသူက ဆက်ဆံသလိုမျိုး အဲဒီလူတွေအပေါ်ပြန်ဆက်ဆံဖို့လည်း ခက်ခဲတတ်ကြတယ်လေ..။ အဲဒါက ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်သလို အမှန်တကယ်တော့ ပိုပြီးတောင် ဆိုးရွားသွားစေပါတယ်..။ “အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ မိမိကောင်းကျိုးကို ရှေးရှုခြင်းက အများကြီးကွာခြားပါတယ်၊ တခါတလေမှာ ကြင်နာတတ်ဖို့အတွက် ကျမတို့ ရက်စက်ရတာမျိုးလည်း ရှိတယ်မဟုတ်လား”
အသက် ၂၀ နှစ်ပိုင်းကာလတွေတုန်းကတော့ လောကကြီးက အခွင့်အလမ်းတွေ ဖွင့်ပေးထားတယ်၊ ကျမတို့ တွေ့ကြုံကြတဲ့လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲထားဖို့၊ သူတို့က ကိုယ့်ကို သူတို့ဘက်ပါအောင် မပြုမူဘူးဆိုရင်တောင် ကောင်းတဲ့သူတွေ ကိုယ့်အနားမှာရှိစေဖို့ြ့ကိုးစားသင့်တယ်ဆိုတာကို သိဖို့ ကျမတို့ အတွေ့အကြုံတွေက သိပ်ကို နုနယ်လွန်းခဲ့ကြတယ်။ ဒါပေမယ့် အသက် ၃၀ နှစ်ပိုင်း ကာလတွေမှာတော့ ကျမတို့သိလာတာက ကောင်းမွန်တဲ့ ပတ်သက်ဆက်ဆံရေးဆိုတာ ရရှိဖို့ ခက်ခဲတယ်ဆိုတာ ရယ်၊ တွေ့ကြုံပတ်သက်ပြီး မိတ်ဆွေဖွဲ့ဖို့ လူမရှားပါဘူးဆိုတာရယ်နဲ့ ကျမတို့ဘ၀လမ်းကြောင်းမှာ အကူအညီမပေးနိုင်တဲ့သူမျိုးတွေအတွက် ကျမတို့အချိန်တွေကို ဖြုန်းတီးပစ်စရာအကြောင်းမရှိဘူး ဆိုတာတွေကို သဘောပေါက်လာကြပါတယ်။
၎။ သင်အလေးထားရတဲ့သူတွေအပေါ် ကောင်းမွန်စွာပြုမူပါ
သင်နဲ့သင့်အပေါင်းအသင်းမိတ်ဆွေတွေကို သင်တည်ရှိနေခြင်းအကြောင်း၊ သင်ရှင်သန်ရပ်တည်ခြင်းရဲ့ အရေးပါကြောင်းကို ပြတတ်ပါစေ။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသင့်တဲ့သူတွေကို သိလာပြီဆိုရင် အဲဒီသူတွေဖြစ်ကြတဲ့ ကိုယ့်မိသားစုဝင်တွေ၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ ရင်းနှီးနွေးထွေးစွာ နေထိုင်ဖို့ ၊ သူတို့ကို အချိန်ပေးဖို့ ဆုံးဖြတ်သင့်လှပါပြီ။
သင်နဲ့အနီးဆုံးနေတဲ့သူတွေကို ကျေးဇူးတင်သင့်ပါတယ်..။ သင့်အတွက် ငွေကြေးဆိုတာ ပြန်ရှာလို့ရတယ်၊ အလုပ်ဆိုတာလည်း ပြန်လုပ်လို့ရပါတယ်..။ ဒါပေမယ့် အချိန်ဆိုတာကတော့ ဘယ်တော့မှ ပြန်မရနိုင် ဘူးလေ..။ (Anne, ၄၁ နှစ်)
စိတ်ပျက်ဝမ်းနည်းမှုဆိုတာ လူတိုင်းရဲ့ဘ၀မှာ၊ မိသားစုမှာ၊ သူငယ်ချင်းတွေကြားမှာ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလို ၀မ်းနည်းအားငယ်မှုတွေ ဖြစ်တဲ့အခါ အခြားသူက သတိရတမ်းတမိတဲ့ သူတစ်ယောက်ဖြစ်ပါစေ။ အသက် ၃၀ ကနေ ၄၀ ကြားကာလမှာ သင့်ကိုယ်တိုင်ဆီကိုဖြစ်စေ၊ သင်ချစ်တဲ့သူတွေဆီကိုဖြစ်စေ ၀မ်းနည်းစိတ်ပျက်စရာ အဆင်မပြေမှုများစွာဟာ သင်လုံးဝတွေးမထင်ထားခဲ့ပေမယ့် စတင်ရောက်ရှိလာ တတ်တဲ့ ကာလအပိုင်းအခြားပဲ ဖြစ်ပါတယ်..။ မိဘတွေသေဆုံးတာ၊ အိမ်ထောင်ဖက်သေဆုံးတာ၊ သားသမီးတွေက လက်မလွှတ်ရသေးတာ၊ သူငယ်ချင်းတွေ ကွာရှင်းပြတ်စဲကြတာ၊ မိမိအိမ်ထောင်ဖက်က ဖောက်ပြန်တာ စသဖြင့် အများကြီး ရှိနိုင်ပါတယ်။ အဲလိုအခြေအနေတွေမှာ သူတို့နဲ့အတူတူရှိနေပေးပြီး ကူညီပေးတာမျိုး၊ ရင်ဖွင့်တာနားထောင်ပေးတတ်တာမျိုး နဲ့ ပြစ်တင်ဝေဖန် ငြင်းခုံ တာကို ရှောင်ရှားတာမျိုးက အလွန်ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး သင်မျှော်လင့်ထားတာထက် လေးနက်တဲ့ ဆက်ဆံရေးကို ရရှိစေပါတယ်..။
၅။ သင့်မှာ အရာအားလုံးကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ် ကောင်းမွန်တဲ့ အရာ အနည်းငယ်ပေါ်မှာပဲ အာရုံစူးစိုက်ဖို့ အချိန်ရောက်လာပါပြီ။
 “ဘ၀ဆိုတာ အရောင်းအ၀ယ်တစ်ခုလိုပါပဲ..။ တစ်ခုကို ရဖို့ တစ်ခုကို စွန့်လွှတ်ရပါလိမ့်မယ်..။ အရာအားလုံးကိုတော့ သင်မရနိုင်ဘူးလေ..။ ဒါကိုတော့ လက်ခံပါ” (Eldri, ၆၀ နှစ်)
အသက် ၂၀ နှစ်ပိုင်းကာလတွေတုန်းကတော့ ကျမတို့မှာ အိပ်မက်တွေ အများကြီးပဲ ရှိခဲ့ကြပါတယ်..။ ဒီကမ္ဘာကြီးပေါ်မှာ ကျမတို့အတွက် အချိန်တွေလုံလုံလောက်လောက်ရှိတယ်လို့ ယုံကြည်ခဲ့ကြတယ်။ တဖြည်းဖြည်းချင်း သိလာတာက တစ်ခုခုမှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ ဆယ်စုနှစ်တစ်ခုလောက်တော့ အချိန်ကုန်တယ်ဆိုတာပါပဲ ..။ အခုတော့ ကျမနှစ်သက်တဲ့အလုပ်ကနေ ကောင်းကျိုးလည်းရသလို .. အဲဒီအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်လာပြီဖြစ်ရက်နဲ့ အခြားအရာတွေနဲ့ ဘာကြောင့်များ အလဲအလှယ် လုပ်နေဦးမလဲ..။
 “စကားလုံးတစ်ခုတည်းပြောမယ်ဆိုရင် အာရုံစူးစိုက်ပါ။ တကယ်လို့ တစ်ခုခုပေါ်မှာပဲ အာရုံစူးစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင် ဘ၀မှာ သင့်အတွက် အများကြီး ရလာမှာပဲဖြစ်ပါတယ်..။ အဲဒါကြောင့် ပိုပြီးတော့သာ အာရုံစူးစိုက်ပါ” (Ericson, ၄၉ နှစ်)
နောက်တစ်ယောက်ကပြောတာကတော့ “ကျမကတော့ ရည်မှန်းချက်/မျှော်လင့်ချက်/အိပ်မက်တွေကို တစ်ခု နှစ်ခုလောက်ပေါ်မှာပဲ အာရုံစိုက်ပြီး အဲဒီအရာတွေကိုပဲ ရှေးရှုလို့ တကယ်ကြိုးစားလုပ်ကိုင်ခဲ့တယ်။ အာရုံကို မလွှဲပစ်လိုက်ပါနဲ့” တဲ့။ နောက်တစ်ယောက်ကတော့ “အရာအားလုံးကို သင်မလုပ်နိုင်ဘူးဆိုတာ လက်ခံထားရမယ်..။ ဘ၀မှာ လိုချင်တာမှန်သမျှရဖို့လုပ်မယ်ဆိုရင် ဆုံးရှုံးမှုတွေ များနိုင်တယ်” လို့ပြောပါတယ်..။
အချို့ကပြောကြတာတော့ လူအများစုက သူတို့ရဲ့ ဘ၀ရပ်တည်မှုအလုပ်အကိုင်ကို ဆက်ကျော်သက် နှောင်းပိုင်းအရွယ် ဒါမှမဟုတ် အသက် ၂၀ နှစ်ပိုင်း အစောပိုင်းကာလတွေမှာ ကျဘမ်းရွေးချယ် လိုက်ကြတာပဲ..။ အဲဒီအသက်အရွယ်တွေမှာ ကျမတို့အတွက် ရွေးချယ်စရာတွေ အများကြီးရှိတာနဲ့အတူ ရွေးချယ်မှုတွေ မှားတတ်ကြတယ်..။ ကျမတို့ ဘယ်အရာမှာကျွမ်းကျင်တယ်..၊ ဘယ်လိုအလုပ်မျိုးကို လုပ်ရတာ ပျော်မွေ့တယ် ဆိုတာမျိုးကို သိဖို့က နှစ်အတော်ကြာမှ သိလာတတ်တာမျိုးပါ..။
“အသက် ၃၀ အရွယ် ကျမကိုယ်ကျမ ပြောခဲ့တာက အခြားသူတွေ တွေးထင်တာကို ဂရုမထားဘဲ ကိုယ့်ရဲ့ပင်ကိုအရည်အချင်းကို ဖော်ထုတ်ပြီး အဲဒီအရာပေါ်မှာ လေ့လာလိုက်စားကာ ဘ၀ကို တည်ဆောက်ဖို့ပါပဲ” (Sara, ၅၈ နှစ်)
အချို့လူတွေအတွက်တော့ .. အဲဒါက အန္တရာယ်များလွန်းပါတယ် ။ အထူးသဖြင့် သူတို့အသက်က ၃၀ ပိုင်းကာလကနေ အဲဒီထက်ကြီးတဲ့အရွယ်ရောက်လာနေပြီဆိုရင်ပေါ့..။ အဓိပ္ပာယ်ကတော့ သူတို့ နှစ်ပေါင်းအတော်ကြာ ကြိုးစားတည်ဆောက်လုပ်ကိုင်လာပြီး ၀င်ငွေရှာခဲ့တဲ့၊ ကျင့်သားရနေပြီဖြစ်တဲ့ အလုပ်ကို လက်လွှတ်လိုက်ရမလိုမျိုး အဓိပ္ပာယ်သက်ရောက်စေတယ်လေ..။
၆။ စွန့်စားဖို့တော့ မကြောက်ပါနဲ့..။ သင်ပြောင်းလဲနိုင်ပါသေးတယ်။
အသက် ၃၀ အရွယ်မှာ အတော်များများအနေနဲ့ သူတို့ရဲ့အလုပ်က အခြေတကျဖြစ်နေပြီလို့ ခံစားမိမှာဖြစ်ပေမယ့်လည်း ပြန်ပြင်ချင်တယ်၊ ပြန်ပြောင်းချင်တယ်ဆိုရင် သိပ်နောက်မကျသေးပါဘူး..။ ဒီနေ့ခေတ်ကြီးထဲမှာ ကျမတွေ့ဖူးတဲ့ နောင်တအကြီးအကျယ်ရနေတဲ့သူမျိုးတွေဆိုတာက သူတို့သိနေတဲ့ အရာက မှားနေပေမယ့်လည်း ဆက်လက်နေထိုင်လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပါတယ်။ ပြဿနာတစ်ခုကို ၁၀ နှစ်လောက်ကြိုသတိထားမိနေကြပေမယ့်လည်း ရက်တွေ၊ လတွေ၊ နှစ်တွေ ကုန်ဆုံးတာမြန်လွန်းတဲ့ ခေတ်ကြီးထဲမှာ ဖြေရှင်းခြင်းမပြုကြတာမျိုးလည်း ဖြစ်ပါတယ်။ (Richard, ၄၁ နှစ်)
 “ကျမဘ၀မှာ အကြီးမားဆုံးနောင်တကတော့ ကျမအကောင်အထည်မဖော်ဖြစ်လိုက်တဲ့ အရာတွေပဲ ဖြစ်ပါတယ်” (Sam, ၄၇ နှစ်)
စာဖတ်သူအများစုက အသက် ၃၀ အရွယ်မှာ ကျမတို့သေချာ ကွက်ကွက်ကွင်းကွင်းသိသင့်တဲ့အရာတွေကို မီးမောင်းထိုးပြထားပါတယ်။ ကျမတို့ရဲ့အလုပ်အကိုင်အခြေအနေ၊ အချစ်ရေး ဒါမှမဟုတ် အိမ်ထောင်ရေး အခြေအနေ၊ ငွေရေးကြေးရေးအခြေအနေစသဖြင့်ပေါ့..။
ကျမ အခုအသက် ၄၁ ထဲရောက်နေပါပြီ..။ အသက် ၃၀ အရွယ် ကျမကို ပြောချင်ခဲ့တာက သင် ထဲထဲဝင်ဝင်ယုံကြည်ခြင်းမရှိတဲ့ ဘ၀ပုံစံထဲကို ဘယ်တော့မှ မသွတ်သွင်းမိပါစေနဲ့..။ ကိုယ့်ဘ၀ကို ကိုယ်က ဦးဆောင်ပါ။ ဘ၀က ကိုယ့်ကို မဦးဆောင်စေပါနဲ့..။ သင်တကယ်လုပ်ရမယ်ဆိုရင် အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ မကြောက်ပါနဲ့..။ သင့်မှာ ပြန်လည်တည်ဆောက်နိုင်ဖို့ စွမ်းအားတွေ အပြည့်ရှိပါတယ်..။ (Lisa, ၄၁ နှစ်)
စာဖတ်သူအများစုက သူတို့အသက် ၃၀ ပိုင်းထဲမှာ အဓိက အလုပ်အကိုင်ကို ပြောင်းခဲ့ကြပြီး အဲဒီလို ပြောင်းလဲခဲ့လို့ ပိုကောင်းလာတဲ့အကြောင်း ပြောကြပါတယ်..။ တစ်ယောက်က စစ်အင်ဂျင်နီယာကနေ အလုပ်ထွက်လိုက်ပြီး ကျောင်းဆရာတစ်ယောက်ဖြစ်လာပါတယ်..။ နောင် နှစ် ၂၀ ကြာတဲ့အခါမှာ အဲဒါဟာ သူ့ဘ၀မှာ အကောင်းဆုံးဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ သတ်မှတ်နိုင်ခဲ့ပါတယ်..။
အဲဒီမေးခွန်းကို ကျမအမေကို မေးတဲ့အခါ သူမ ပြန်ဖြေတဲ့အဖြေကတော့ “သေတ္တာရဲ့ အပြင်ဘက်ကို နည်းနည်းလေးပိုပြီး တွေးတတ်ဖို့ စိတ်အားထက်သန်နေတတ်အောင် ငါဆန္ဒပြုခဲ့တယ်..။ မင်းအဖေနဲ့ ငါက ဒါကိုလုပ်ရမယ်၊ ဟိုဟာကိုလုပ်ရမယ်၊ ဟိုတစ်ခုလည်းလုပ်ရမယ်ဆိုပြီး လုပ်ကြပေမယ့် တကယ်တမ်း ပြန်ကြည့်လိုက်တော့ ငါတို့ အားလုံးကို မလုပ်နိုင်ခဲ့ဘူး..။ ငါတို့အတွေးတွေက ကျဉ်းမြောင်းသေးသိမ်ခဲ့လို့ ငါတကယ်နောင်တရမိတယ်” လို့ ပြောပါတယ်..။
 “သိပ်မကြောက်တတ်နဲ့၊ သိပ်မကြောက်တတ်နဲ့..။ ကျမ နောက်နှစ်ဆို အသက် ၅၀ ထဲရောက်ပြီ..။ အဲဒီ သင်ခန်းစာကို အခုမှ ရခဲ့တာပဲ ..။ ကြောက်ရွံ့စိုးထိတ်မှုက ကျမဘ၀ရဲ့ အသက် ၃၀ အရွယ်မှာ အဓိက ဒုက္ခပေးခဲ့တာပဲ..။ အဲဒါက ကျမရဲ့ အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ ကျမရဲ့ ပုံရိပ်ကို ဆိုးဆိုးရွားရွားကို ဆိုးကျိုးသက်ရောက်စေခဲ့တယ်..။ ကျမလုပ်ရပ်တွေ မှားခဲ့တယ်..။ ကျမကျရှုံးမယ်လို့လဲ တွေးခဲ့သလို ရလဒ်က ဘာဖြစ်လာမလဲ စိုးထိတ်မိတယ်။ ပြန်သာ လုပ်လို့ရမယ်ဆိုရင် ကျမ ဒီထက်ပိုပြီး စွန့်စားခဲ့မိမှာပါ..”(Aida, ၄၉ နှစ်)
၇။ ဆက်ပြီးတော့ ကိုယ့်ကိုယ်ကို ရင့်ကျက်လာအောင်၊ တိုးတက်လာအောင် လုပ်ရမယ်။
 “သင့်မှာ ဆုံးရှုံးသွားပြီးပြီဆိုရင် ဘယ်တော့မှ ပြန်မရနိုင်တဲ့ ရတနာ ၂ ပါးရှိတယ်..။ အဲဒါကတော့ သင့်ရဲ့ ကိုယ်နဲ့စိတ်ပဲ..။ လူအများစုက အသက် နှစ် ၂၀ ပိုင်း ကာလတွေမှာ သူတို့ကိုယ်သူတို့ ရင့်ကျက်ကြီးထွား အောင်လုပ်တာ ရပ်ပစ်တတ်ကြတယ်..။ အသက် ၃၀ ပိုင်းကာလတွေမှာဆိုရင် လူအတော်များများက သူတို့ကိုယ်သူတို့တိုးတက်အောင်လုပ်ဖို့ စိတ်မပူနိုင်လောက်အောင် အလုပ်တွေ အင်မတန်ရှုပ်လာ ကြတယ်..။ ဒါပေမယ့် သင်သာ အမြဲမပြတ်ကိုယ့်ကိုယ်ကို ထိန်းကျောင်းပဲ့ပြင်နေ တတ်ပြီး၊ တွေးခေါ်ကြံဆ နေတတ်တဲ့၊ ကိုယ်ရောစိတ်ရော ကျန်းမာအောင် ဂရုစိုက်တတ်တဲ့ သူအနည်းငယ်ထဲမှာ ပါဝင်တယ်ဆိုရင် အသက် ၄၀ လောက်မှာ တကယ့်ကို ရွှေရောင်နေ့ရက်တွေ ပိုင်ဆိုင်သူဖြစ်လာမှာပဲ..” (Stan, ၄၈ နှစ်)
အသက် ၃၀ အပိုင်းအခြားဆိုတာ လူတစ်ယောက်အတွက် ပြောင်းလဲနိုင်သေးသလို ဆက်ပြီးလဲ ပြောင်းလဲနိုင်သေးတဲ့ အရွယ်၊ ကာလပဲဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကိုယ်သင် တိုးတက်ကြီးပွား လာအောင် အလုပ်ကိုကြိုးစားလုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ စာဖတ်သူအများစုက သူတို့ရဲ့ နှစ် ၃၀ ပိုင်း အရွယ်တွေမှာ ကျောင်းပြန်တက်ပြီး ဘွဲ့တွေ ထပ်ယူခဲ့တာဟာ သူတို့ဘ၀ မှာ ပြုလုပ်ခဲ့တဲ့ အသုံးဝင်ဆုံး အရာတွေ ဖြစ်လာပါတယ်လို့ ဆိုကြပါတယ်။ အချို့ကတော့ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေတက်ပြီး ပညာဆက်ရှာကြတယ်။ အချို့ကတော့ ပထမဆုံးစီးပွားရေးလုပ်ငန်းတွေ စလုပ်ကြတာရှိသလို ရေမြေအသစ်၊ နိုင်ငံအသစ်ကို ပြောင်းရွှေ့ပြီး ဘ၀စကြတယ်..။ အချို့ကတော့ သူတို့ကိုယ်သူတို့ ပြုပြင်စရာရှိတာတွေ ပြန်ပြုပြင်ပြီး တရားထိုင်ခြင်းလို စိတ်ငြိမ်းချမ်းရာ စိတ်တည်ငြိမ်ရင့်ကျက်ရာ အလုပ်တွေကို စတင်လုပ်ကိုင်လာကြပါတယ်..။
အသက် ၂၉ နှစ်ရှိပြီအရွယ်မှာပဲ သူငယ်ချင်းတစ်ယောက်ကတော့ သူရဲ့စိတ်ဟာ သူ့အတွက် တန်ဖိုးအရှိဆုံး ရတနာတစ်ပါးလို့ ခံယူပြီး အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်ပညာရေးအပေါ်မှာ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေမှာ စသဖြင့် အမျိုးမျိုးသော လုပ်ငန်းများမှာ သူ့ရဲ့စိတ်၊ အသိဉာဏ်ကို အသုံးချခဲ့တယ်..။ အခု သူ့အသက် ၅၄ နှစ်အရွယ်မှာတော့ အဲဒီလိုတွေ ဆောင်ရွက်ခဲ့တာဟာ သူ့ဘ၀မှာ လုပ်ခဲ့တဲ့ အကောင်းဆုံးဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ၀န်ခံပါတယ်..။
နံပါတ်တစ်ရည်ရွယ်ချက်က ပိုကောင်းတဲ့လူတစ်ယောက်၊ အဖော်မွန်တစ်ယောက်၊ မိဘတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားသင့်တယ်ဆိုတာပါပဲ..။ အဓိပ္ပာယ်ကတော့ အားကိုးအားထားစရာ ထက်မြတ်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ပါပဲ. (Aililia, ၃၉ နှစ်)
၈။ သူတို့ဘာလုပ်နေကြတယ်ဆိုတာ ဘယ်သူမှ မသိကြသေးပါဘူး..။ အဲဒါတွေနဲ့ ကျင့်သားရနေအောင် လုပ်ပါ
သင်က စိတ်အားဖြင့်ဖြစ်စေ၊ အာရုံခံစားမှုအနေနဲ့ဖြစ်စေ၊ လူမှုရေးအနေနဲ့ပဲဖြစ်စေ သေဆုံးနေပြီးသား မဟုတ်ခဲ့ဘူးဆိုရင်တောင်မှပဲ သင့်ဘ၀ရဲ့ အနာဂတ်မှာ နောက် ၅ နှစ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး..။ သင်မျှော်လင့်ထားသလို ဖြစ်လာမှာလည်း မဟုတ်ပါဘူး..။ ဒါကြောင့် အဲဒီလို မျှော်မှန်းနေတာကို ရပ်သာရပ်လိုက်ပါ..။ ကာလအဝေးကြီးအထိ အစီအစဉ်ချဖို့ စိတ်ကူးနေတာတွေ၊ အခုလက်ရှိဖြစ်နေတာအတွက် ခန့်မှန်းတွက်ချက်နေတာတွေကို ရပ်လိုက်ပါတော့..။ ဘာကြောင့်လဲဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲနိုင်လို့ပါပဲ၊ သင့်ဘ၀ရဲ့ သွားနေတဲ့လမ်းကြောင်းမှာ ဖြစ်ပျက်နေတာတွေဟာ ကိုယ်တိုင်က ထိန်းချုပ်နိုင်မှုထက် သာလွန်တာတွေ ဖြစ်နိုင်လို့ပါပဲ..။ ကံကောင်းထောက်မရင်တော့ အဲဒါက မှန်ချင်လည်းမှန်နိုင်ပါတယ်..။ အခွင့်အရေးတွေ ပိုပြီးတောင် ရတာလာမျိုး၊ သင့်အနေနဲ့ ဘာကိုမှ မဆုံးရှုံးနိုင် တာမျိုးလည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်..။ အဲဒါအပြင် သင့်စိတ်ထဲမှာ ဆုံးရှုံးတယ်လို့ အခုတွေးထင် နေပေမယ့် နောင်ကာလအတော်ကြာမှာတော့ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေလည်း ဖြစ်သွားနိုင်ပါတယ်..။ (Thomas, ၅၆ နှစ်)
အခုလက်ရှိမှာ ကျွန်တော်တို့တွေ အရေးကြီးတယ်လို့ ထင်နေကြတဲ့အရာအများစုက ကျွန်တော်တို့ အသက် ၁၀ နှစ်၊ နှစ် ၂၀ တွေမှာ အရေးမကြီးဘူးလို့ ထင်ခဲ့တာပဲ မဟုတ်လား..။ အဲဒါကိုပဲ ကြီးထွားရင့်ကျက် လာခြင်းလို့ ခေါ်ပါတယ်..။ သင့်ကိုယ်သင် တချိန်လုံး အရမ်းကြီး လေးလေးနက်နက်တွေး မထင်ထားဘဲ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နေဖို့ကို သတိရပါ.. (Simon, ၅၇ နှစ်)
လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေတုန်းက ကျော်လွှားဖြတ်သန်းခဲ့တာတွေအတွက် တစုံတရာ ခံစားနေမိ မှာ ဖြစ်ပေမယ့်လည်းပဲ နောက်ဘာဆက်ဖြစ်မလဲဆိုတာ သင်မသိနိုင်သလို ယုံကြည်ချက်အပြည့်နဲ့ ဘယ်လိုပဲ ပြောနေပေမယ့် ဘယ်သူမှလည်း မသိနိုင်ကြပါဘူး..။ အမြဲတမ်းတည်မြဲစေချင်သူတွေအတွက် ဒါက စိတ်အနှောင့်အယှက်တော့ ဖြစ်စေပါလိမ့်မယ်..။ ဘာကြောင့်လဲဆိုရင် အရာအားလုံးဟာ အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတဲ့ အမှန်တရားတစ်ခုရှိနေလို့ပါပဲ..။ အဆုံးသတ်ဖို့ဆိုရင်တော့ ၀မ်းနည်းစရာ ကောင်းတဲ့အချိန်တွေ ရှိလာနိုင်ပါတယ်..။ နာကျင်မှုတွေကို မကိုင်ဆွဲထား ပဲနဲ့ ရှောင်ရှားလိုက်ပါ..။ ၀မ်းနည်းနာကျင်မှုဟာ လူတိုင်းရဲ့ဘ၀မှာ အစိတ်အပိုင်းတစ်ခုတော့ ဖြစ်တာပါပဲ.. ဒါပေမယ့် အကျိုးဆက်အနေနဲ့ ပွင့်လင်းပြီး ထိန်းချုပ်နိုင်တဲ့ နှလုံးသားတစ်ခု ဖြစ်လာနိုင်ပါတယ်..။ အဲဒါကြောင့် ၀မ်းနည်းနာကျင်ရမှုတွေကို ဂုဏ်ပြုလိုက်ပါ..။ အဲဒါတွေအပြင် သင့်ကိုယ်သင်ရော အခြားသူတွေကိုရော ကြင်နာတတ်ပါစေ..။ ဒါက လှပတက်ကြွတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး ဆက်ပြီးတော့ ကောင်းအောင်သာ ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်.. (Prue, ၃၈ နှစ်)
ကျမအသက်က ၄၄ နှစ်ရှိပါပြီ.။ ကျမအသက် ၃၀ နှစ်အရွယ်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ တကယ့်ကိုပဲ မိုက်မဲတဲ့လုပ်ရပ်တွေ၊ ကိစ္စတွေ အမျိုးမျိုးနဲ့လည်း ပြည့်နှက်နေခဲ့တာပါပဲ..။ အဲဒါကြောင့် အသက် ၃၀ အရွယ် ကျမက မြင့်မားတဲ့နေရာကို သွားနေခဲ့တာမျိုးတော့လည်း မဟုတ်ပါဘူး..။ အဲဒါကို တကယ်တမ်းတော့ သင်လုံးဝမသိသေးပါဘူး..။ ပြီးတော့ ဒါကလည်း ကောင်းတဲ့အရာတစ်ခုပါပဲ..။ (Shirley, ၄၄ နှစ်)
၉။ သင့်မိသားစုအပေါ်မှာ ရင်းနှီးမြှုပ်နှံပါ..။ အဲဒါက တကယ်ကို ထိုက်တန်ပြီး တန်ဖိုးရှိပါတယ်..။
ကိုယ့်ရဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ အချိန်တွေကို ပိုပြီး ကုန်ဆုံးပါ..။ ဒါက သင်အရွယ်ရောက် လာတဲ့အချိန်က ပတ်သက်ဆက်နွယ်မှုတွေနဲ့ ခြားနားသလို သင့်ရဲ့ ပြုမူလုပ်ဆောင်မှုတွေကို သင်ဘယ်လို ပြန်ဆန်းစစ်မလဲဆိုတာက သင့်သဘောအတိုင်းပဲ ဖြစ်မှာပါ..။ သူတို့တွေက သင်ကလေးဘ၀ကတည်းကနေ အခုလက်ရှိ သင်က တကယ့်လူတစ်ယောက်ဖြစ်လာပြီဆိုတာ ကို ပြသနိုင်လာတဲ့အချိန်ထိ သင့်ကို အမြဲမြင်တွေ့နေ၊ ကြည့်ရှုစောင့်ရှောက်နေကြသူတွေပဲ ဖြစ်ပါတယ်..။ လူတိုင်းက အသက်ကြီးလာကြတာပဲ ဖြစ်ပါတယ်..၊ ပြီးတော့ လူတိုင်းက သေဆုံးကြမှာပဲဖြစ်ပါတယ်..။ အဲဒါကြောင့် သင့်ဘ၀မှာ ရှိနေတဲ့အရာတွေကို နေသားတကျဖြစ်ဖို့နဲ့ မိသားစုနဲ့အတူပျော်ရွှင်ကြည်နူးဖို့ ကျန်ရှိနေသေးတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချပါ.. (Kash. ၄၁ နှစ်)
ကျမအနေနဲ့ မိသားစုအရေးနဲ့ပတ်သက်တဲ့ တုန့်ပြန်သံများစွာကို ရရှိခဲ့ပါတယ်..။ ဒီဆယ်စုနှစ်မှာ မိသားစု ဆိုတဲ့ စကားလုံးဟာ ကျမအတွက် တကယ်ကို ကြီးကျယ်သင့်လျော်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်လာပါတယ်..။ ဘာကြောင့်ဆို သင်လည်းပဲ အစွန်း၂ ဖက်မှာ ရောက်နေပြီပဲလေ..။ မိဘတွေကလည်း အိုမင်းလာကြသလို သင်လည်းပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ့် အရွယ်ရောက်သူတစ်ယောက်အနေနဲ့ မိသားစုဘ၀တစ်ခုကို စတင်တည်ဆောက်ဖို့ လိုအပ်လာနေပြီပဲ မဟုတ်ပါလား..။ အဲဒါကြောင့် ကိုယ်ပိုင်မိသားစုဘ၀တစ်ခုကို ဖန်တီးဖို့ သင် မဖြစ်မနေ လုပ်ရတော့မယ်ဆိုတာပါပဲ..။
လူတိုင်းက သူတို့မိဘတွေနဲ့ပတ်သက်ပြီး ဘယ်လို ပြဿနာတွေ ရှိနေကြတယ်.. ဒါတွေကို ဘယ်လိုဖြေရှင်း မယ်ဆိုတဲ့ နည်းလမ်းတွေ ရှာသင့်နေပါပြီ..။ တစ်ယောက်က ရေးထားတာကတော့ “သင့်အတွက် အခု ဖြစ်လာတာတွေနဲ့ပတ်သက်ပြီး မိဘတွေကို အပြစ်တင်ရမယ့် အရွယ်မဟုတ်တော့ပါဘူး.။ အသက် ၂၀ အရွယ်မှာကတည်းက သင်က ကိုယ့်ဘ၀ကိုယ် ကျောင်းသင့်နေပြီလေ..။ အသက် ၃၀ အရွယ်ဆိုတာ ကတော့ တကယ့်ကို ရင့်ကျက်တဲ့အရွယ်ရောက်နေပါပြီ..။ တကယ်ပါ.. ရှေ့ဆက်ပြီးသာ သွားပါ”
ဒါပေမယ့် အသက် ၃၀ နှစ် အရွယ်ရှိသူတိုင်းအတွက် ထွက်ပေါ်လာမယ့် မေးခွန်းတစ်ခုက “ကလေးမယူ ဘူးလား.. ယူမှာလား” ဆိုတာပါပဲ..။
 “သင့်မှာ အချိန်မရှိဘူး..။ ငွေမရှိဘူး..။ အလုပ်ကိုပဲ ပြီးပြည့်စုံဖို့ လုပ်ရဦးမယ်။ ကလေးယူလိုက်ရင် ဘ၀ကို အဆုံးသတ်သလို ဖြစ်သွားလိမ့်မယ် စတဲ့ စကားတွေကို ရပ်လိုက်ပါတော့”
ကလေးတွေက တကယ့်ကို အံ့မခန်းပါပဲ..။ သူတို့က သင့်ကို ဘယ်လိုပဲဖြစ်ဖြစ် ပိုကောင်းစေမှာအမှန်ပါပဲ..။ သူတို့က သင့်ရဲ့ရည်မှန်းချက်၊ အတိုင်းအတာတွေရောက်ဖို့ တွန်းအားပေးလိမ့်မယ်..။ သင့်ကို ပျော်ရွှင်စေလိမ့်မယ်..။ ကလေးယူဖို့ကိစ္စကို နေ့ရွှေ့ညရွှေ့ မလုပ်သင့်တော့ပါဘူး..။ တကယ်လို့ သင်က အသက် ၃၀ အရွယ်ဆိုရင် အခုအရွယ်က တကယ့်ကို ကလေးယူသင့်တဲ့အရွယ်ဖြစ်နေပါပြီ..။ သင်ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး.. (Kevin, ၃၈ နှစ်)
သင် ကလေးတစ်ယောက်ရှိချိန်အထိ ဘယ်အချိန်မှာ ကလေးယူဖို့ အသင့်လျော်ဆုံးအချိန်ဖြစ်တယ်ဆိုတာ တိတိကျကျပြောလို့ရမှာမဟုတ်ပါဘူး..။ တကယ်လို့ သင့်မှာ ကောင်းမွန်တဲ့အိမ်ထောင်ရေးရှိမယ်၊ ကလေးတွေကို မြေတောင်မြှောက်ပေးဖို့ ပတ်ဝန်းကျင်ကောင်းလဲ ရှိမယ်ဆိုရင် နောက်ကျမှယူတာထက် စောစောယူတာက ပိုသင့်လျော်တာပေါ့..။ သူတို့နဲ့ သင်ပျော်ရွှင်စိတ်ချမ်းသာရမှာဖြစ်ပါတယ်..(Cindy, ၄၅ နှစ်)
အိမ်ထောင်သည်ဘ၀နဲ့ပတ်သက်ပြီး ကျွန်တော် ထင်ထားတာတာတွေက မှားခဲ့တယ်ဗျ။ တကယ်လို့ သင်က လက်မထပ်ရသေးတဲ့သူဆိုရင်တောင်မှပဲ လူတိုင်းလိုလိုကတော့ အိမ်ထောင်ထူကြတာပဲလေ..။ အထူးသဖြင့်တော့ တစ်ချိန်ချိန်မှာ သင်လည်း ကလေးတွေ ရလာမှာပဲ.။ လူပီသအောင် နေထိုင်ပါ..၊ အဓိပ္ပာယ်ကတော့ သင့်ရဲ့အိမ်ထောင်ရေးက တန်ဖိုးရှိတယ်ဆိုတာဖြစ်အောင်၊ သင့်ရဲ့ပျော်ရွှင်မှုက သင့်ရဲ့စွမ်းရည်ကို တိုးတက်စေအောင်၊ ဘယ်အရာနဲ့မဆို လိုက်လျောညီထွေ နေနိုင်တယ် ဆိုတာမျိုး ဖြစ်အောင် ကြိုးစားပါ။ ကျွန်တော်ဆိုရင် ကလေးယူဖို့ အစီအစဉ်မရှိခဲ့ဘူး..။ အလွန်ကို အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့အမြင်အရဆိုရင် ဒါဟာ အဆိုးရွားဆုံး လုပ်ရပ်တစ်ခု သာ ဖြစ်ခဲ့ပါတယ်..။ ကလေးတွေဆိုတာက ဘယ်သူမဆို ကျော်လွှားဖြတ်သန်းသွားနိုင် မယ့် ဖြည့်ဆည်းပေးနိုင်ဆုံး၊ စိန်ခေါ်မှုပေးနိုင်ဆုံး၊ ကြိုးစားအားထုတ်မှုရှိစေတဲ့ အရာတွေပဲဗျ..(Rich, ၄၄ နှစ်)
အိမ်ထောင်ပြုခင်းနဲ့ပတ်သက်ပြီး ဆန္ဒသဘောထားတွေကတော့ အဲဒါက ထိုက်တန်တယ်ဆိုတာပါပဲ..။ ဆိုလိုတာက သင့်အတွက် မှန်ကန်ကောင်းမွန်တဲ့လူတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ ပတ်သက်မှုဆိုရင်ပေါ့လေ..။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ အချက် ၃ မှာပြောထားတဲ့အတိုင်း ဒီနေရာကနေ ဝေးရာကိုသာ သွားသင့်ပါတယ်..။
ဒါပေမယ့် စိတ်ဝင်စားစရာပါပဲ.. ။ အောက်ပါအတိုင်း Email တွေ အများကြီး ရခဲ့ပါတယ်..။
အခုလက်ရှိကာလနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၃ နှစ်လောက်ကို ကြည့်လိုက်ရင် အတော်ရိုးရှင်းတယ် ဆိုတာကို တွေ့ရတယ်ဗျ..။ ဘားတွေ၊ မိန်းမတွေ၊ ကမ်းခြေတွေ၊ သောက်ပြီးရင်းသောက်ခဲ့တာတွေ၊ Club တွေတက်တာ၊ အခြားမြို့ပေါင်းစုံကို ခရီးတွေထွက်တာ စသဖြင့် ကျွန်တော့မှာ အလုပ်ကလွဲရင် တာဝန်ယူစရာမရှိတဲ့အခါ အကုန်လုပ်ဖြစ်ခဲ့တယ်..။ ဘ၀ရဲ့ အဲဒီအမှတ်ရစရာတွေကို ကျွန်တော့ကို အမှန်တကယ်ချစ်မြတ်နိုးတဲ့ မိန်းမတစ်ယောက်အတွက် အလဲအလှယ်လုပ်နိုင်ပါတယ်..။ ဆိုလိုတာက မိသားစုဘ၀ကို တည်ဆောက်မယ်ပေါ့..။ ပြောရရင် အလုပ်ထဲမှာ အောင်မြင်မှုတွေရဖို့ ကြိုးစားတာအပြင် ရင့်ကျက်အောင်လုပ်ဖို့နဲ့ မိသားစုဘ၀တစ်ခုကို စတင်ပြီး တာဝန်ယူဖို့ မမေ့သင့်ဘူးဆိုတာပါပဲ...။ ကျွန်တော့်မှာ ပျော်ရွှင်မှုအနည်းငယ်ကတော့ ရှိနေဆဲပါပဲ..။ ဒါပေမယ့် တခါတလေ အပြင်ကို ထွက်ကြည့်မိတဲ့အခါ ဘွဲ့ရပြီးတဲ့နောက် အထက်တန်းကျောင်းကို ပြန်ရောက်သွားတဲ့ လူငယ်လေး တစ်ယောက်လို ခံစားရတယ်..။ လူတွေက နေရာတိုင်းမှာ ချစ်နေကြ၊ ချိန်းတွေ့နေကြဆဲပဲ..။ ကျွန်တော့ အသက်အရွယ်ရှိတဲ့ လူတိုင်း အခုအရွယ်မှာ ပထမအိမ်ထောင်၊ ဒုတိယအိမ်ထောင်တွေနဲ့ ဖြစ်လို့..။ လူလွတ်အဖြစ် အမြဲတမ်းတစ်ယောက်တည်း ရပ်တည်တာက အိမ်ထောင်ရှိတဲ့သူငယ်ချင်းတွေ အတွက်တော့ အံ့အားသင့်စရာပဲပေါ့..။ ဒါပေမယ့် အဲဒါက လူတစ်ယောက်ဘ၀မှာ မဖြစ်မနေရွေးချယ်သင့်တဲ့ နည်းလမ်းတော့လည်း မဟုတ်ပြန်ဘူး..။ (Anonymous, ၄၃ နှစ်)
ကျမကို အမှန်တကယ် ဂရုစိုက်ပြီး ကောင်းတဲ့၊ ကြင်နာတတ်တဲ့လူအချို့နဲ့ ချစ်ဇာတ်လမ်းတွေကို ၀မ်းမြောက်ဝမ်းသာလက်ခံလိုက်ဖို့နဲ့ နောက်ထပ်ပြီး အကောင်းဆုံးတစ်ယောက်ကို အဆက်မပြတ် ရှာဖွေ နေတာကို ရပ်ပစ်ဖို့ ကျမကိုယ်ကျမ ပြောတော့ ပြောနေခဲ့တာပါပဲ..။ အခုတော့ ကျမက အမြဲတမ်း တစ်ယောက်တည်း အထီးကျန်ဖြစ်နေခဲ့ပြီး အဲဒါကို ခံစားမိတာ တော်တော်နောက်ကျသွားပြီလေ..။ (Fara, ၃၈ နှစ်)
အခြားတစ်ဖက်ကနေ မြင်တဲ့အမြင်တွေကို ရေးထားတဲ့ email အနည်းငယ်ကိုလည်း ကျမရရှိခဲ့ပါတယ်..။
သင်က ဆန္ဒမရှိဘူးဆိုရင် အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့ကို အတင်းတွန်းအားမပေးသင့်ပါဘူး..။ လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့အရာက လူတိုင်းကို ပျော်ရွှင်စေလိမ့်မယ်ဆိုတာတော့ မဟုတ်ပါဘူး..။ ကျမက တစ်ယောက်တည်း ရပ်တည်ဖို့၊ ကလေးမယူဖို့ရွေးချယ်ခဲ့ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀တစ်ခုမှာ နေထိုင်နိုင်ခဲ့ပါတယ်..။ သင့်အတွက် မှန်ကန်တယ်လို့ ခံစားရတဲ့အရာကိုသာ လုပ်ဆောင်ပါ..။ (Anonymous, ၄၀ နှစ်)
နိဂုံးချုပ်အနေနဲ့ပြောရရင် ပြီးပြည့်စုံပျော်ရွှင်တဲ့ဘ၀ကို ရဖို့ဆိုတာ မိသားစုဘ၀တစ်ခုကို ထူထောင်မှသာ ရနိုင်မယ်ဆိုတာ အကျွင်းမဲ့မမှန်ကန်ပါဘူး..။ သေချာတာကတော့ ချစ်ဇာတ်လမ်းတစ်ခုဟာ အဆိပ် အတောက်မဖြစ်ဘူး၊ ကောင်းမွန်တယ်၊ မှန်ကန်တယ်လို့ ယူဆနိုင်တယ်ဆိုရင်တော့ မိသားစုဘ၀ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံခြင်းက ထိုက်တန်လိမ့်မယ်ဆိုတာပါပဲ..။
၁၀။ သင့်ကိုယ်သင် ကြင်နာပါ၊ လေးစားပါ။
နည်းနည်းလောက် တစ်ကိုယ်ကောင်းဆန်ပြီး နေ့တိုင်းမှာ သင်ကိုယ်တိုင်အတွက် တစ်ခုခုတော့ လုပ်ဆောင်ပါ.။ တစ်လတစ်ခါ ထူးခြားတဲ့အရာတွေ၊ နှစ်တိုင်းမှာ အထင်ကြီးလောက်စရာတစ်ခုခုကို လုပ်ဆောင်ပါ..။ (Nancy, ၆၀ နှစ်)
ဒီအချက်က ပြောချင်တာကတော့ သင့်ကိုယ်သင် ပိုပြီး ကောင်းကောင်းမွန်မွန် ပြုမူပါတဲ့..။ “သင့်ဘ၀မှာ သင်လုပ်နေတဲ့ တချို့အရာတွေနဲ့ပတ်သက်ပြီး ဂရုစိုက်တဲ့သူ၊ စဉ်းစားတွေးတောတဲ့သူဆိုတာ ရှားပါလိမ့်မယ်..။ ဘ၀က ခက်ခဲကြမ်းတမ်းတယ်..။ အဲဒါကြောင့် အခုလက်ရှိသင့်ကိုယ်သင် ချစ်တတ်အောင် သင်ယူလေ့ကျင့်ပါ..။ နောက်မှဆို ပိုပြီး ခက်ခဲလာလိမ့်မယ်” လို့ စာဖတ်သူတစ်ယောက်က ပြောထားပါတယ်..။
စာဖတ်သူအများစုပြောတာက “အသေးအမွှားအရာလေးတွေအတွက် အပင်ပန်းမခံပါနဲ့၊ အဲဒါတွေက တကယ့်အသေးအမွှားလေးတွေသာ ဖြစ်ပါတယ်” တဲ့..။
သတိထားစရာ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို မေးကြည့်ပါ..။ ဒါက နောက် ၅ နှစ်အထိ ဒါမှမဟုတ်ရင် နောက် ၁၀ နှစ်လောက်ထိ အရေးပါနေမယ့် အရာလား..။ မဟုတ်ဘူးဆိုရင်တော့ မိနစ်အနည်းငယ်လောက်ပဲ အချိန်ကုန်ခံပြီးတော့ စွန့်ပစ်လိုက်ပါ.။ (Eldri, ၆၀ နှစ်)
ကျွန်တော့်အသက် ၄၀ လောက်တော့ အဖေက ပြောတယ်..။ မင်းရဲ့ ၄၀ နှစ်ပိုင်းကာလတွေကို မင်းကျေနပ်နေခဲ့လိမ့်မယ်.။ ဘာကြောင့်လဲဆိုရင် မင်းအသက် ၂၀ နှစ်ပိုင်းကာလတွေမှာ ရှေ့ဆက်ဘာဖြစ် မလဲဆိုတာ မင်းသိတယ်လို့ တွေးထင်ခဲ့တယ်၊ အသက် ၃၀ နှစ်ပိုင်းကာလတွေရောက်တော့ မင်းတွေးထင်ထားသလို မဟုတ်ဘူးဆိုတာ မင်းသဘောပေါက်လာတဲ့အတွက်ကြောင့် မင်းအသက် ၄၀ အရွယ်မှာ အဲဒီအရာတွေကို လက်သင့်ခံလိုက်ပြီးတော့ စိတ်အေးချမ်းသာနေနိုင်လာလိမ့်မယ်တဲ့..။ အခု ကျွန်တော့အသက် ၅၈ နှစ်ရောက်လာတဲ့အခါ အဖေပြောတာတွေက မှန်တယ်ဆိုတာ သိလာခဲ့တယ်..။ (Martin, ၅၈ နှစ်)

Source: www.markmanson.net မှ 10 life lessons to excel in your 30s ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

Follow Us @soratemplates