သံတူကြောင်းကွဲ ^^
Phyu Lwin
February 27, 2014
6 Comments
ဒီလိုနဲ့ပဲ ၂၀၁၄
တစ်နှစ်အတွက် နှစ်လဆိုတဲ့ အချိန်ကတော့ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ ...။ ဒီတစ်နှစ်အတွင်း...ရေးဖြစ်နေတာတွေက
ပြောခဲ့ဖူးသလို ခံစားမိသမျှ ချရေးနေတဲ့ သံတူကြောင်းကွဲ ပုံစံတူတွေ များနေတယ်...။ ၀တ္ထုတိုလေးတွေ
ရေးဖို့ကြိုးစားနေပေမယ့် .. အိုင်ဒီယာရှိနေတဲ့အချိန်ဆိုရင် ရေးဖို့အချိန်ကမရ၊ ရေးဖို့အချိန်ရှိလာတော့လည်း
အိုင်ဒီယာတွေက ပျောက်ကုန်နဲ့ ဒီလိုနဲ့ ဒီတစ်နှစ်တော့ ရေးချင်ရာရေးတဲ့ပို့စ်တွေပဲ များနေမယ်ထင်ပါရဲ့.....။
ရေးသမျှကတော့ ဒီစကားလုံးတွေပဲ ရှေ့ပြန်နောက်ပြန်နဲ့ အပြန်ပြန် အလှန်လှန်သုံးနေမိပြန်တယ်
..။
ဒါပေမယ့် တလောတုန်းက ၂၀၁၄ မှာ အကောင်အထည်ဖော်မယ့် အိပ်မက်တွေကို
ချရေးထားဖူးတယ် ..။ အဲဒီအိပ်မက်တွေထဲက တချို့တလေကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ဖြစ်နေတယ်
..။ အထူးသဖြင့် လူမှုရေး ..နောက်ပြီးတော့ blog မှာ တစ်လကို ပို့စ်လေးခုရေးဖြစ်အောင်
ရေးမယ်ဆိုတာ လည်း တကယ်လုပ်ဖြစ်အောင်လို့ မနက်ဖြန်လကုန်ရက်မတိုင်ခင် ဒီနေ့ မဖြစ်ဖြစ်အောင်
ရေးနေပါတယ် ..။
လူမှုရေးကတော့ဟိုးအရင်ကထက်စာရင် တော်တော်ကို ဖော်ရွေသဘောကောင်းလာပြီး
ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူဖြစ်လာပြီ ..။ အရင်ကဆိုရင် ကျမက တော်တော်အနေအေးတဲ့သူတစ်ယောက်၊ စကားနည်းတဲ့သူ၊
လူကြောက်တတ်ပြီး၊ လူတောမတိုးရဲ၊ အားနာတတ်တဲ့သူမျိုး ..။ အခုတော့လည်း ဆန့်ကျင်ဖက်လိုများ
ဖြစ်သွားသလားမပြောတတ်တော့ပါဘူး။ ကြောက်တတ်တာဆိုလို့ သိပ်မရှိတော့သလိုပဲ ..။ စကားတွေလည်း
တော်တော်ကို လူရည်လည်အောင် ပြောတတ်လာပြီ ..။ ပိုပြီး တိုးတက်လာတာက လူအများကြီးရှေ့မှာ
ကြောက်ဒူးမတုန်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာနိုင်တာပါပဲ ..။ အရင်ကတော့ မြန်မာပြည်က
ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ကိုယ်တိုင်သာ နားလည်ပေမယ့် လူအများရှေ့ထွက်ပြောရမှာ
ကြောက်တတ်တာမျိုးဖြစ်တယ်လေ..။ အတွေ့အကြုံက သင်သွားပေးတော့လည်း နောက်တော့ အဆင်ပြေလာတာပါပဲ
..။
ခုတလော တရားရစရာတွေနဲ့ တွေ့နေရတယ် ..။ စီနီယာအစ်ကိုတစ်ယောက်က
သူတို့ကျောင်းတုန်းက သူငယ်ချင်းတွေစုရိုက်ထားတဲ့ပုံကို ဖေ့ဘွတ်မှာတင်တော့ အားလုံးလိုလိုကို
သိပြီးသားပေမယ့် .. ဘယ်သူတွေမှန်း ငယ်ရုပ်တွေကို မမှတ်မိဘူး ..။ ဓါတ်ပုံက ဘယ်တုန်းက
ပုံလဲဆိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပုံတဲ့ ..။ ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ သူတို့တစ်တန်းလုံး
ပြင်ပသွင်ပြင်တွေ ပြောင်းလဲသွားကြတာများ .. မမှတ်မိလောက်အောင်ပဲ ..။ ဗိုက်ပူခါးတုတ်သူကတုတ်၊
အသားမည်းသူကမည်းသွားနဲ့ .. ငယ်ဘ၀ရဲ့ နုပျိုမှုဆိုတာ ဘယ်လိုမှ ရှာမတွေ့တော့ပါဘူး။ တက္ကသိုလ်တက်စဉ်
ကျောင်းသားဘ၀တုန်းကတော့ သူငယ်ချင်းဆိုတာ တစ်တန်းတစ်စားတည်းပါပဲ ..။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့
အချင်းချင်း ချစ်ခင်ဖေးမမှုတွေပဲ ရှိခဲ့ကြမှာပါပဲ ..။ အချိန်တစ်ခုကို လွန်မြောက်လို့
ရင့်ကျက်လာတဲ့အခါ ပြင်ပသွင်ပြင်တွေ ပြောင်းလာတာနဲ့အမျှ စိတ်ရင်းအခြေခံတွေလည်း ပြောင်းလာကြတယ်
..။ ဘ၀ပေးအခြေအနေ၊ ကြိုးစားအားထုတ်မှု၊ ကံတရားပေါ်မူတည်ပြီး ဘ၀အခြေအနေတွေ ကွာခြားသွားကြတယ်
..။ အဲဒီအခါ အနိမ့်အမြင့် မတူညီမှုတွေကြားမှာ ... အားငယ်ချင်စရာ၊ နောင်တရစရာ .. တချို့ကို
ထွေးပိုက်မိသူတွေလည်း ပါကောင်းပါနိုင်ပါရဲ့ ..။ ဒါပေမယ့်လည်း ဒါကိုပဲ ဘ၀တို့ လောကဓံတို့
ခေါ်ကြတာပဲ မဟုတ်ပါလား ..။ ဒါပေမယ့်လည်း ဘ၀ဆိုတာ ပုံသေတွက်လို့ရတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်တော့
မဟုတ်ဘူးလေ ..။ တစ်ချိန်မှာ တူဖြစ်နေပေမယ့် တစ်ချိန်ချိန်မှာ ပေဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ
..။ အစိုးမရတဲ့ လောကဓံကြားမှာ ... သာပေါင်းညာစား၊ အခြားသူရဲ့ မျက်ရည်ကို ခြေဆေးလို့
ပျော်ရွှင်တတ်သူမဖြစ်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား ..။
ဘ၀မှာ လူပီသဖို့ဆိုရင် ကိုယ်ချင်းစာတရားလက်ကိုင်ထားဖို့လည်း
အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်လို့ ဟိုးအရင်ကတည်းက သုံးသပ်မိတယ် ..။ “ငါသာ သူ့နေရာမှာဆိုရင်”
ဆိုတဲ့ စိတ်ထားလေးတစ်ခုကို ထားတတ်ရင် အရာရာက လှပလာပါလိမ့်မယ် ..။