ရေတမာနဲ့ ခရေတည်ရာဆီ (၄)
Phyu Lwin
February 21, 2015
2 Comments
အဝေးက မှိုင်းညို့ညို့တောင်တန်းတွေ၊
ရေကန်ပြာပြာထဲက လှိုင်းကြက်ခွပ်ကလေးတွေ၊ တောင်တန်းတွေ ထက်က တိမ်စိုင်တိမ်လိပ်တွေ၊ ရေကန်နံဘေးက
ခဲလုံးလေးတွေ၊ မြက်ရိုင်းပင်လေးတွေအထိ တစ်ခုမကျန် အသေးစိတ် အမှတ်တရရှိနေတဲ့အခါ အလွမ်းဆိုတာ
သက်ရှိတွေကိုသာမကဘဲ သက်မဲ့အရာတွေပေါ်မှာ လည်း ထိရှခံစားတတ်တဲ့အရာပါလားလို့ .... အသိအမှတ်ပြုမိလာခဲ့တယ်.....။
ရေကန်ဘေးက
ယူကလစ်ပင်တွေထက် လာနားခိုလေ့ရှိတဲ့ ငှက်မောင်နှံတွေ၊ ရေကန်ထဲမှာ လူးလာကူးခတ်နေတတ်တဲ့
ဘဲငန်းရောင်စုံတွေ၊ ငါး အရွယ်စုံတွေကိုလည်း တခုတ်တရ မျှော်ငေးမိတဲ့ အခိုက်အတန့်ဆိုတာလည်း
မကြာခဏကြုံလာတဲ့အခါ အတိတ်ဟာ ဘဝမှာ ခြေရာချင်းထပ် လိုက်ပါလာတဲ့ အရာလို့လည်း နောင်တမဲ့စွာ
တွေးတတ်လာခဲ့တယ်....။
အလွမ်းတွေက
မြက်ရိုင်းပင်တွေရဲ့ အရေအတွက်ထက် ပိုသာနေတဲ့အခါ၊ ရေကန်ရဲ့ ဟိုးအဝေးကြီး ထိ ပြိုင်တူပစ်ခဲ့ဖူးတဲ့
ခဲလုံးလေးတွေထက် ပိုများနေတဲ့အခါ၊ တောင်တန်းကြီးတွေထက် ထုထည်ပိုကြီးနေတဲ့ အခါ၊ ရေကန်ထဲက
ရေတွေနဲ့ထပ်တူ ပမာဏတိုင်းတာလို့မရတဲ့အခါ၊ လျှောက်လှမ်းခဲ့တဲ့ ခြေရာတွေလိုပဲ .မရေမတွက်နိုင်တဲ့အခါ
အလွမ်းရဲ့နောက်ဆက်တွဲအဖြစ် ဘယ်အရာကိုမှ ပြုပြင်ဖန်တီးမရနိုင်တဲ့ အခြေအနေမှာ အမှတ်တရအဖြစ်
သိမ်းဆည်းရုံကလွဲလို့ တတ်နိုင်တာ မရှိခဲ့ဘူးမဟုတ်လား ..။
စကားလုံးတွေက
ဖြူစင်မှုတွေချည်း ဖြစ်ခဲ့တဲ့အချိန်တွေ၊ သံယောဇဉ်တွေက ခရေတွေ ဇွန်ပွင့်ဖြူဖြူတွေလို
ရေတွက်မရအောင် များပြားလှတဲ့ကာလတွေ၊ ရယ်မောသံတွေဟာ မာယာပရိယာယ် ဟန်ဆောင်မှုမရှိတဲ့ ရိုးရှင်းမှုတွေသာ
လွှမ်းခြုံနေတတ်တဲ့နေ့ရက်တွေ၊ အိပ်မက်တွေမှာ ပျော်ရွှင်စရာ အနာဂတ်တွေသာ လွှမ်းမိုးခဲ့ဖူးတဲ့
အခိုက်အတန့်တွေ စသဖြင့် အတိတ်ဟာ ပြန်တွေးမိတိုင်း ပစ္စုပ္ပန်နဲ့ ခြားနားနေပေမယ့်လည်း
ကြည်နူးဖွယ်ရာ နေ့ရက်တွေတော့ ဖြစ်လို့နေခဲ့ပါတယ်...။