Showing posts with label My Own Feelings. Show all posts
Showing posts with label My Own Feelings. Show all posts

Saturday, 12 June 2021

Their opinion ???

June 12, 2021 0 Comments

 


မြန်မာမှာ မတ်လနဲ့ ဧပြီလအတွင်း အင်တာနက်တွေအပိတ်ခံလိုက်ရတာ အားလုံး ကြားကြ/သိကြမယ်ထင်တယ်။ ကိုဗစ်ကာလမှာကတည်းက လူတွေဟာ အင်တာနက်ကိုပဲ အသုံးချပြီး အလုပ်လုပ်ကြ/ဆက်သွယ်ကြ/ပညာသင်ကြ/စီးပွားရှာကြရာက အရာအားလုံးဟာ မှောင်အတိကျသွားကြတယ်။ လုပ်သမျှအားလုံးကို တိကနဲရပ်ပစ်ရပြီး လမ်းတွေပျောက်ကာ ဘာတွေဖြစ်သွားမှာလဲဆိုတဲ့ မရေမရာအတွေးတွေနဲ့ ဘဝဟာ အဓိပ္ပာယ်မဲ့သွားသလို ဖြစ်သွားကြတယ်။ ပြေးနေတဲ့သူတစ်ယောက် ရုတ်တရက်ရပ်လိုက်တော့ အမော့ဆို့သွားသလိုမျိုး။

ရန်ကုန်လိုမြို့ကြီးတွေမှာတော့ FTTH service providers တွေ အများကြီး ရွေးချယ်စရာရှိတော့ အခက်အခဲဟာ နယ်တွေမှာ ပိုများနိုင်တယ်။ နယ်တွေမှာက FTTH ရတဲ့ နေရာဆိုတာ အကန့်အသတ်နဲ့ရှိနေသေးတာကိုး.။ ကျွန်မအလုပ်သစ်တစ်ခုကို ပြောင်းလိုက်တဲ့ ၂၀၂၀ ဒီဇင်ဘာလကတည်းက အိမ်မှာပဲ teleoworking လုပ်ဖြစ်တယ်။ ကျွန်မနေတဲ့နေရာမှာ FTTH network မရှိတော့ broadband wifi ကိုပဲ သုံးနေခဲ့တာ။ အလုပ်လုပ်ရင်း အလုပ်ကသင်တန်းတွေရော၊ edx ကသင်တန်းတွေရော တက်လက်စတွေရှိနေတယ်။ အင်တာနက်တွေပိတ်လိုက်တဲ့အခါ ကျွန်မမှာ အရေးကြီးတဲ့အစည်းအဝေးတွေကို လမ်းဘေးဝိုင်ဖိုင်ရတဲ့နေရာမှာ ရှာသုံးရတဲ့အထိ အခြေအနေဖြစ်သွားခဲ့ပါသေးတယ်။ 

အဲဒီလိုနဲ့ FTTH network ရှိတဲ့ နေရာက အိမ်ခန်းတစ်ခုမှာ အင်တာနက်တပ်ဖို့ ကုမ္ပဏီတစ်ခုကို စာရင်းပေးခဲ့တော့ တစ်လခွဲလောက်အကြာမှ တပ်ဖို့လာကြည့်ကြတယ်။ မျှော်လင့်ချက်တွေနဲ့ ကျွန်မမှာ ထပ်ပြီးမျှော်လင့်ချက်မဲ့ရပြန်တာပါပဲ.။ အင်တာနက်ကြိုးတွေက ကျွန်မအိမ်နားထိမရောက်သေးလို့ သူတို့ network ချဲ့ပြီးချိန်ထိ နောက်ထပ် ၂ လလောက် ထပ်စောင့်ရဦးမယ်ဆိုပဲ။ လူတိုင်းလိုလိုဟာ အင်တာနက်နဲ့ ချိတ်ဆက်အလုပ်လုပ်နေရတာဆိုတော့ အိမ်နားက လူတွေရော ဘာတွေများသုံးနေကြသလဲ သိရရင် ကျွန်မအတွက် နောက်ထပ်ရွေးချယ်စရာ အင်တာနက်လိုင်းရမှာပဲဆိုတဲ့အသိနဲ့ ဘေးအိမ်က လူတစ်ယောက်ကို မေးလိုက်မိတယ်။ သူဖြေတဲ့အဖြေကြားချိန်မှာ ကျွန်မဟာ မြန်မာကလူတွေအခြေအနေကို လုံးဝသဘောပေါက်သွားခဲ့ရပြီး ဆွံ့အသွားခဲ့ရတာ။ သူပြောတာက "mobile network တွေမှာ banking app တွေ ပြန်ဖွင့်ပေးနေပြီမို့ အဲဒါပဲ သုံးတော့တယ်။ ကျွန်တော်က facebook မကြည့်တော့ အင်တာနက်မလိုဘူးလေ" တဲ့။ 

အဲဒီကာလက တကယ််တမ်းတော့ သတင်းစီးဆင်းမှုတွေ ရပ်စေချင်လို့ မြန်မာကလူတွေဟာ facebook ကိုအဓိကထားသုံးပြီး သတင်းဖလှယ်ရာနေရာမို့ အင်တာနက်တွေကို တမင်အဖြတ်ခံထားရတာလေ။ ကျွန်မအမြင်ကတော့ ဒီလူရဲ့အတွေးမှာ ကျွန်မအင်တာနက်ကို အသည်းအသန်တပ်ချင်နေတာဟာ facebook ကြောင့်လို့ ထင်နေပုံရတယ်။ မြန်မာက နယ်တော်တော်များများမှာ အင်တာနက်ဆိုတာနဲ့ facebook ပဲ ပြေးမြင်ကြတာမဟုတ်လား။ သူပြောတဲ့စကားအသွားအလာဟာ အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီနေရာမှာတော့ ကျွန်မဘာမှ ထပ်မရေးလိုတော့ပါဘူး။ အားလုံးဆက်စပ်စဉ်းစားနိုင်မယ်ထင်တယ်။ သူ့ကို ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်လို့သာ ယဉ်ယဉ်ကျေးကျေးပြန်ပြောခဲ့ပြီး ဘာမှ ဆက်မရှင်းပြခဲ့တော့ပါဘူး။ တကယ်တမ်းတော့ အင်တာနက်ဆိုတာ ကျွန်မတို့ကို ကမ္ဘာကြီးနဲ့တင်မက စကြာဝဠာ/နေအဖွဲ့အစည်း/ဂြိုလ်တွေနဲ့ပါ ဆက်သွယ်ပေးထားတဲ့နေရာဖြစ်ကြောင်း၊ ဒီအင်တာနက်ကို အသုံးချအလုပ်လုပ်ပြီး ဝင်ငွေတွေ ဒေါ်လာများစွာ ရှာလို့ရကြောင်း၊ သင်ချင်တဲ့ပညာကို အိမ်ထဲကနေ လေ့လာရုံနဲ့ ကမ္ဘာ့အနှံ့က တက္ကသိုလ်/အဖွဲ့အစည်းတွေက လက်မှတ်တွေ/ဘွဲ့တွေကို ရနိုင်ကြောင်း စသဖြင့်သော အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ 

တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာ လက်ရှိနေနေသူတွေ၊ ယုတ်စွအဆုံး ရန်ကုန်မြို့ကြီးမှာ နေကြသူတွေ၊ ပညာနဲ့အသက်မွေးသူတွေကတော့ ဒီခေတ်ကြီးမှာ အဲလိုလူမျိုးတွေရှိသေးတာလားလို့ အံ့ဩကောင်း အံ့ဩကြလိမ့်မယ်။ နယ်တွေမှာ အင်တာနက်ဆိုတာနဲ့ Facebook ပဲ ပြေးမြင်ကြတဲ့/ဖတ်စရာလေ့လာစရာဟာ Facebook ပေါ်မှာ အားလုံးရနိုင်တယ်လို့ထင်တဲ့ လူတွေအများကြီးရှိတယ်။ ဒါတောင် သူတို့ဟာ အခြားသူတွေထက်စာရင် advanced ဖြစ်တယ်လို့ ဆိုနိုင်တယ်နော်။ ဘာမှ မဖတ်ရှု/မလေ့လာဘဲ ဦးနှောက်ကို ဒီအတိုင်းပစ်ထားတဲ့သူတွေဆိုတာ ပိုများတယ်။ ဦးနှောက်ကို ပိုကောင်းအောင်/ပိုတွေးတောဆင်ခြင်နိုင်အောင် လေ့ကျင့်မှုမလုပ်တဲ့အခါ ဘဝမှာ ကြုံတွေ့ဖြစ်ပျက်တာတွေကို အဲဒီဦးနှောက်/အဲဒီအသိတရားနဲ့ ဘယ်လိုများ သုံးသပ်ဆုံးဖြတ်ကြပါ့မလဲ၊ မှန်ကန်တဲ့ဖက်ကိုရောက်အောင် ဆုံးဖြတ်နိုင်ကြပါ့မလား ???

Friday, 11 June 2021

Updates +++

June 11, 2021 0 Comments
နှစ်ပေါက်အောင် ပစ်ထားခဲ့တဲ့ Blog ကို ခဏပြန်လာကြည့်တဲ့အခါ ကိုယ်နဲ့ ရင်းနှီးတဲ့ခံစားချက်ကို မရတော့ဘဲ မဆိုင်တဲ့သူစိမ်းနေရာတစ်ခုလို ခံစားနေရတယ်။ ဒီနေရာဟာ ဘယ်လိုပဲဖြစ်ဖြစ် အပြီးတိုင် စွန့်ပစ်တော့မယ့် နေရာတစ်ခုဖြစ်နေပြီလားပဲ။

ဒီကာလတွေအတွင်း စိတ်ပျက်စရာတွေကတော့ အများကြီးပဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ ပျော်ရွှင်မှု၊ လုံခြုံမှု၊ မျှော်လင့်ချက်၊ အိပ်မက်၊ လွတ်လပ်မှုတွေဟာ အခုထက်တိုင် ပြန်မရနိုင်သေးဘူး။ စိတ်ကုန်စရာ။ 

စိတ်ပြေလက်ပျောက် စာလေးဘာလေးရေးမလားဆိုပြီး Blogger ထဲ ဝင်လိုက်မှ ပိုစိတ်ပျက်ရတယ်။ Chrome, Mozzilla firefox တွေမှာ ဘယ်လိုမှ စာရိုက်မရဘူး။ Content box ပေါ် ဘယ်လိုမှ cursor က လုံးဝပေါ်မလာဘူး။ ညစ်နေတဲ့စိတ်တောင် မျက်စေ့လည်သွားအောင် လုပ်နိုင်တဲ့ Blogger update တွေ။ အဲဒါနဲ့ နောက်ဆုံးတော့ safari မှာ ရိုက်ကြည့်မှသာ ရတော့တာပဲ။ 


Saturday, 2 March 2019

My 2019 resolutions !!

March 02, 2019 0 Comments


၂၀၁၉ ကို ရောက်ခဲ့လို့ အချိန် ၂ လတောင် ကုန်သွားပြီနော်။ ဒီ ၂ လအတွင်းမှာတော့ ကျွန်မအနေနဲ့ အပြောင်းအလဲတချို့ကို လုပ်နိုင်ခဲ့ပါတယ် ။ ၂၀၁၉ မရောက်ခင်ကတည်းက ဒီနှစ်တွေအတွင်း လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို စဉ်းစားစီစဉ်ထားခဲ့တယ် ။ ဒါပေမယ့်လည်း စာအုပ်ထဲမှာသာ ရေးထားခဲ့ပြီး Digitized တော့မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီ ၂ လ ကုန်သွားတဲ့အခါ ကျွန်မရည်ရွယ်ထားခဲ့တဲ့အရာတွေကို လုပ်ဖြစ်သလားပြန်ဆန်းစစ်ကြည့်တဲ့အခါ ကိုယ်ရည်မှန်းထားတဲ့အရာ တော်တော်များများကို အကောင်အထည်ဖော်ဖြစ်ခဲ့တယ် ။ ၂၀၁၉ အတွက် ကျွန်မဖြစ်ချင်၊ လုပ်ချင်တဲ့အရာတွေက ဘာတွေလည်းဆိုတာကို စာဖတ်သူတွေကို ဝေမျှပါမယ်နော်။



*** Goals for 2019 ***
- To grow YouTube Channel
- To grow Blog & Facebook Page (100000 followers)
- To publish Academic Journal articles (2 papers)
- To improve English skill
- To improve soft skills
- To improve video editing skill
- To become active speaker
- To be more confident
- To be fit more than before
- To grow my network (not only in my professional region but also in other areas)
- To influence and inspire others
- To have positive thinking and mindsets


၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေအများကြီးပဲ .

၁။ ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးအဖြစ် မြင်ချင်တာလဲ?
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ၊ သွက်လက်ထက်မြတ်၊ သဘောထားကြီး၊ အကောင်းမြင်စိတ်ရှိပြီး ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်

၂။ ကျန်းမာရေး
၂၀၁၉ အတွင်းမှာ ကိုယ့်ပါးစပ်ထဲကို မကောင်းတဲ့အစားအသောက်တွေ မဝင်စေရဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေပဲ စားမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်မယ်။ ခရီးသွားနေတဲ့အခိုက်ဆိုရင်တောင် အခန်းမှာ workout လုပ်မယ်။ အအေးမမိအောင် ဂရုစိုက်မယ်။ တစ်ခုခုဆို ဆရာဝန်နဲ့ ချက်ချင်းပြမယ်။

၃။ Skincare, Bodycare
Skincare ကို ပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ် တူတူပဲလုပ်ဖြစ်အောင်လုပ်မယ် (တခါတလေ ခရီးသွားရင် အိမ်မှာလို သေချာမလုပ်ဖြစ်လို့ ဒါကို resolution ထဲ ထည့်ထားရတာ)။ sunscreen ကို သေချာသုံးမယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်မယ်။ အစိမ်းရောင်အသီးအရွက်များများစားမယ်။ အချို၊ အဆီတွေ လျှော့စားရမယ်။

၎။ မိသားစု
ကိုယ့်မိသားစုကို ပုံမှန်အချိန်ပေးနိုင်ေအာင် ကြိုးစားမယ်။ အဲဒီအတွက် ဖုန်းသုံးတဲ့အချိန်ကို လျှော့ချမယ်။ ခရီးသွားရင်လည်း မိသားစုအတွက် ဘယ်လိုအချိန်ပေးနိုင်မလဲဆိုတာ အမြဲထည့်တွက်ရမယ် (ကျွန်မက အလုပ်နဲ့ အမြဲခရီးသွားဖြစ်တာမို့ ဒါကတော်တော်အရေးကြီးပါတယ်)။ မိဘကို အခုထက် ပိုက်ဆံပိုပေးနိုင်အောင် ကြိုးစားမယ်။

၅။ ဝါသနာ
ဒီနှစ်မှာ ကိုယ့်ရဲ့ဝါသနာကို မရှက်မကြောက်ဘဲ အကောင်အထည်ဖော်နိုင်ရမယ်။ Conservative zone ထဲမှာပေမယ့်လည်း ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ဆိုတဲ့စကားအတိုင်း ဂရုစိုက်စရာမလိုပါဘူး။ Blog ကနေ Vlog တွေကို စိတ်ဝင်စားစရာ content တွေ ဖန်တီးမယ်။ သွားသမျှ ခရီးတိုင်းကို မှတ်တမ်းတင်တဲ့ travel vlog တွေ၊ ကိုယ့်ရဲ့ lifestyle၊ mindset နဲ့ ပတ်သက်တဲ့ vlog တွေလုပ်မယ်။ စာရေးတာကိုလည်း ဒီနှစ်ထဲ print အနေနဲ့ တစ်အုပ်လောက် ရေးဖြစ်ချင်တယ်။

၆။ အလုပ်အကိုင်
အလုပ်နဲ့ ပတ်သက်ပြီး တော်တဲ့၊ ထက်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ အောင်မြင်မှု၊ ကျော်ကြားမှုနောက်မလိုက်ဘဲ ကိုယ့်အရည်အချင်းကို အစစ်အမှန်တိုးတက်အောင် ကြိုးစားမယ်။ မိုးခါးရေမသောက်မိအောင်၊ မသောက်တဲ့အတွက် နောင်တမရအောင်နေမယ်။ ကိုယ်ဖန်တီးတဲ့၊ ကိုယ်ရွေးချယ်ထားတဲ့ ဘဝမှာ ကိုယ့်ဘာသာ ပျော်အောင်နေမယ်။ တစ်ချိန်မှာ တစ်ခုပဲလုပ်မယ်။ အလုပ်ချိန်မှာ အလုပ်လုပ်ပြီး နားချိန်မှာ နားရမယ် (တကယ်တော့ အဲလိုရည်ရွယ်ထားပေမယ့်လည်း ကုန်သွားတဲ့ ၂ လလုံးဟာ မနားလိုက်ရပါဘူး 😢) ။ကိုယ့်လက်က ထွက်သမျှ outputs, products တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။

၇။ ဘာသာရေး
မနက်တိုင်း ဘုရားရှိခိုး၊ မေတာပို့နိုင်ဖို့ ကြိုးစားမယ်။ ဘယ်လောက်ပဲအလုပ်များများ၊ အချိန်မရရ အနည်းဆုံးတော့ ဘုရားရှိခိုးဖြစ်ရမယ်။ ဘုရားပန်း၊ သောက်တော်ရေ၊ ဆွမ်းကို ပုံမှန်ကပ်ရမယ်။ တရားထိုင်နိုင်အောင် ကြိုးစားမယ်၊ စိတ်တည်ငြိမ်အောင် နေမယ်။ လိုတဲ့နေရာတွေမှာ အလှူတွေလုပ်မယ်။

၈။ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး
ဒီနှစ်အတွင်းမှာ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးကို ပိုတိုးတက်အောင်လုပ်မယ်။ အလုပ်က အပေါင်းအသင်း၊ Uni က သူငယ်ချင်းတွေ၊ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အချိန်ပေးနိုင်ဖို့ ကြိုးစားမယ်။ အရာရာကို သည်းခံနားလည်ပေးနိုင်ဖို့ self-control ကောင်းအောင် လုပ်ရမယ်။ ဘယ်သူ့ကိုမဆို လေးလေးစားစားပြောဆိုဆက်ဆံမယ်။ ဘယ်အခြေအနေမှာမဆို ဒေါသကိုထိန်းနိုင်ပြီး အပြုံးနဲ့ပဲ ပြောနိုင်အောင် လုပ်ရမယ်။ ကိုယ့်ရဲ့ network ကို ကျယ်ပြန့်အောင် လုပ်မယ်။ အခြားသူတွေရဲ့ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို စိတ်ရင်းနဲ့ ဂုဏ်ပြုမယ်၊ မုဒိတာပွားရမယ်။ စိတ်ရှည်သည်းခံရမယ်။ သဘောထားကြီးတဲ့သူဖြစ်ရမယ်။

၉။ ငွေရေး၊ ကြေးရေး
သုံးသမျှ၊ ဝင်သမျှ ကို track လုပ်ရမယ်။  အလုပ်ကြိုးစားမယ်၊ ငွေစုမယ်။ သုံးသင့်တာကို သုံးမယ်။ အပေါစားတွေမသုံးဘဲ အရည်အသွေးကောင်းတာတွေပဲ သုံးမယ်၊ ဝတ်မယ်။

**********************************************

ဒါတွေကတော့ ၂၀၁၉ မှာ ဖြစ်အောင်လုပ်မယ့်အရာတွေကို ၂၀၁၉ မရောက်ခင်မှာ ကျွန်မရည်မှန်းချမှတ်ထားတဲ့အရာတွေပါ။ ဒီလိုရေးထားတဲ့အတွက်ကြောင့် မှတ်တမ်းတစ်ခုလိုဖြစ်နေတဲ့အခါ ကိုယ်တစ်ခုခုလုပ်တိုင်းမှာ အဲဒီ resolutions တွေကို အမြဲတမ်းအမှတ်ရပြီးတော့ အလုပ်လုပ်ဖြစ်တယ်။ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ရတဲ့အခါ productive ဖြစ်တဲ့အပြင် stress တွေလျော့ပြီး နေရတဲ့ဘဝက မွေ့လျော်ဖွယ်ကောင်းလာတယ်။ ၂၀၁၉ နှစ်ကုန်တဲ့အခါ ကျွန်မရည်ရွယ်ထားခဲ့တဲ့အရာတွေအားလုံးကို လုပ်ဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြပါမယ်နော်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 



Tuesday, 25 December 2018

movies for 2018

December 25, 2018 0 Comments
၂၀၁၈ ဟာ ကျွန်မအတွက် ရုပ်ရှင်ရုံဖက် ပြန်ရောက်တဲ့ ထူးထူးခြားခြားနှစ်လို့ ဆိုရမယ်။ ရုပ်ရှင်ရုံဆိုတာ ခြေဦးမလှည့်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဒီနှစ်မှာတော့ အားလုံးသိထားကြသလို ခီမောင်နှံကြောင့် ရုပ်ရှင်ရုံကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။


ခီမောင်နှံရဲ့ ဇာတ်ကား ၂ ကားစလုံး Deception & Mudra's calling ကြည့်ဖြစ်တယ် ..။ နောက်ထပ် ထွက်လာမယ့်ကားတွေလည်း မျှော်နေရင်း ကြည့်ချင်နေမိပြီ။ 

နောက်ထပ် ကြည့်ဖြစ်တဲ့ ဇာတ်ကားက ဒါရိုက်တာ အာကာရိုက်တဲ့ The Mystery of Burma ဆိုတဲ့ ဇာတ်ကားလေး။ ဖန်တီးမှုတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ ။

ပြီးတော့ ငယ်ငယ်လေးကတည်းက ကြည့်ပြီးမေ့နေပြီဖြစ်တဲ့ Harry potter ဇာတ်ကားလည်း ပြန်ကြည့်ဖြစ်တယ်။ 

အခုနောက်ဆုံးကြည့်ဖြစ်တဲ့ ရုပ်ရှင်ကတော့ ဆရာမကြည်အေးရဲ့ မီ ပါပဲ။ 

အခု ကြည့်ဖြစ်သလို ဇာတ်ကားမျိုးတွေ များများရှိလာရင်တော့ နောက်နှစ်တွေမှာလည်း ရုပ်ရှင်ရုံကို မကြာခဏ ရောက်ဖြစ်ပါလိမ့်မယ်..။ 

Tuesday, 6 February 2018

အမှတ်တရ ၃၅

February 06, 2018 2 Comments




ကိုယ့်ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ဟာ အလုပ်တွေကြားမှာ တိတ်ဆိတ်စွာ ဖြတ်သန်းဖြစ်ခဲ့တယ် ..။ အရင်ကတော့ အဲဒီရက်မှာ ကိုယ့်ခံစားချက်ကို စာတစ်ပုဒ်လောက်ဖွဲ့ဖြစ်ဖို့ ကြိုးစားမယ်လို့ ရည်မှန်းထားပေမယ့် အလွန်တာဝန်ကြီးတဲ့အလုပ်တစ်ခုကြောင့် ပျက်ကွက်ခဲ့ရတယ်…။ အခြားနိုင်ငံကရော မြန်မာနိုင်ငံကရော လူပေါင်း ၆၀ လောက် တက်ဖြစ်တဲ့ conference တစ်ခုကို မြန်မာဘက်ကတာဝန်ရှိသူအနေနဲ့ ကိုယ်က တာဝန်ယူခဲ့ရတယ်..။ အဲဒီနေ့က မီဒီယာတွေကို မဖိတ်ခေါ်ထားပေမယ့်လည်း ရောက်လာကြတာကြောင့် အစီအစဉ်မကျတဲ့အင်တာဗျူးတစ်ခုကို Skynet ရယ် MITV ရယ် MNTV ရယ် အခြား မီဒီယာ ၂ ခုလောက်လည်း ပါမယ်ထင်တယ် ဖြေဖြစ်ခဲ့တယ်..။ အလုပ်ရှုပ်တာကြောင့် ကိုယ့်ပါမယ့်အစီအစဉ်ကို မမေးထားဖြစ်သလို မကြည့်လဲမကြည့်ဖြစ်ခဲ့ပါဘူး…။ ကြည့်ဖြစ်သူတချို့ကတော့ တီဗွီမှာတွေ့လိုက်တယ်လို့ ပြောကြတယ် ..။ ဒီတစ်ခါနဲ့ဆို တီဗွီမှာ အင်တာဗျူးဖြေဖူးတာ ၂ ခါ ရှိသွားပြီ။ ပထမတစ်ခါက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက။ အဲဒီတုန်းကလည်း ကြည့်ုဖြစ်သူတွေက တွေ့တယ်ပြောပေမယ့် ကိုယ်တိုင်တော့ တီဗွီမကြည့်လိုက်ရပြန်ဘူးရယ်….။ ဆိုတော့ ကိုယ့်မွေးနေ့ဟာ ချစ်သူခင်သူတွေ၊ မိသားစုဝင်တွေနဲ့ခဏဝေးရာ လုပ်ငန်းခွင်ထဲမှာ ဖြစ်လို့နေခဲ့ပါတယ်…။

ဒါဟာ ကိုယ့်အသက်ကို ပြောတာ ပထမဆုံးပို့စ်ပဲဖြစ်မယ်ထင်ပါတယ် ..။ ဟုတ်ပါတယ်..။ ကျွန်မဟာ ပုံမှန်လူ့သက်တမ်းအားဖြင့်ဆိုရင် သက်တမ်းတစ်ဝက်ကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ် …။ ဒီကာလအတွင်းမှာ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေကို သေချာရေတွက်ကြည့်မယ်ဆိုရင် ထပ်တူညီကောင်းညီနိုင်သလို ပျော်ရွှင်စရာကိစ္စတွေက ပိုကောင်းပိုနိုင်ပါတယ်..။ ဝမ်းနည်းစရာကိစ္စဆို ချက်ချင်းမေ့ပစ်ချင်တာကြောင့်လည်းဖြစ်ပါလိမ့်မယ် ….။ ငယ်ငယ်ကတည်းက အထူးသဖြင့် ၁၀ တန်းလောက်ကစပြီး ပညာလောဘကြီးတာကြောင့် ကျွန်မလိုချင်တဲ့ ပညာအရည်အချင်း၊ ဘွဲ့တွေအားလုံးကို အသက် ၃၅ နှစ်မှာ ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ် ..။ လိုချင်တဲ့မိသားစုဘဝကို မတည်ဆောက်နိုင်သေးပေမယ့် ကျွန်မကို ချစ်တဲ့ ကျွန်မခံစားရသမျှကို ရင်ဖွင့်လို့ရတဲ့ နားလည်ပေးတဲ့ ကျွန်မချစ်သူ အိမ်ထောင်ဘက်လည်း ရှိပြီဖြစ်ပါတယ်….။ ပျော်မွေ့ဖွယ်အတိပြီးတဲ့ လုပ်ငန်းခွင်တစ်ခုမဟုတ်ပေမယ့် အလုပ်ထဲမှာ ပျော်အောင်ရှာပြီး နေတတ်အောင်ကြိုးစားရုန်းကန်နေလို့ မွေ့လျော်ဖွယ်အလုပ်တစ်ခု ရှိပြီလို့လည်း ဆိုနိုင်ပါလိမ့်မယ်…။



အသက်ရလာတာနဲ့အမျှ လောကဓံကို ရင်ဆိုင်နိုင်အောင် ဘုရားတရားကို အမြဲနှလုံးသွင်းဖြစ်အောင် ကြိုးစားနေပါတယ် …။ ဘဝမှာ စိတ်အပူဆုံးက ကျန်းမာရေးပါပဲ ..။ ကျန်းမာနေရင် ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖြေရှင်းနိုင်တာကြောင့် အဲဒီတစ်ခုကလွဲရင် စိတ်ပူတာရယ်လို့မရှိပါဘူး..။ အသက် ၃၅ နှစ်အတွင်းမှာ ကျွန်မကို ချစ်သူတွေကြား ကလေးတစ်ယောက်လိုပဲ ဖြတ်သန်းနေဖြစ်ခဲ့တယ်..။ ဘဝဟာ ကံကောင်းတယ်ပြောရလောက်အောင် မိဘ၊ မောင်နှမ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုတွေအလယ်မှာ အခက်အခဲဆိုတာ မယ်မယ်ရရမတွေ့ဖြစ်သေးပါဘူး..။ ခံစားမိတာက ကျွန်မက ယူတာတွေပဲများပြီး ပေးတာနည်းလို့ အခုကစပြီး ကိုယ်ချစ်တဲ့သူတွေအတွက် ပြန်ပေးဆပ်နိုင်အောင် ကြိုးစားချင်လို့ တတ်နိုင်သလောက်တော့ ကြိုးစားနေပါတယ် ….။ လူမှုဆက်ဆံရေးကတော့ စိတ်ထဲရှိတဲ့အတိုင်း နေတတ်ပြောတတ်လို့ ဟန်ဆောင်တတ်တဲ့ပညာတစ်ခုတော့ တတ်အောင် ကြိုးစားရပြန်ဦးမယ် ..။
မွေးနေ့နီးတိုင်းတွေးမိတာက ဒီမွေးနေ့ကျော်ရင် ကံကောင်းပြီဆိုတဲ့ အကြောင်း ယုံကြည်နေတတ်တာပါပဲ ..။ ဒီတစ်နှစ်လည်း အဲလိုဖြစ်ပါစေလို့ တွေးမိသလို ၂၀၁၈ ရောက်ကတည်းက အလုပ်တွေရှုပ်လို့ ကိုယ်ပင်ပန်းပေမယ့် စိတ်ကတော့ ချမ်းသာရတယ်ဆိုတော့ ကံကောင်းတဲ့နှစ်တစ်နှစ်ပဲ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ် …။ အရင်ကတော့ အသက် ၃၅ နှစ်ပြည့်တဲ့အခါ အမှတ်တရအနေနဲ့ စာတွေအများကြီး၊ အကြောင်းအရာအများကြီးရေးမယ်လို့ တွေးထားပေမယ့် တကယ့်မွေးနေ့မှာ ရေးဖို့အချိန်မရှိလောက်အောင် အလုပ်ရှုပ်သွားတာကြောင့် အခုရေးဖြစ်တဲ့အခါ ဘာရေးရမယ်လို့ မယ်မယ်ရရ ခံစားချက်မရှိတော့ပြန်ပါဘူး…။ ဘယ်လိုပဲဖြစ်ဖြစ် ၃၅ နှစ်အတွက် အမှတ်တရပို့စ်တစ်ခု ရေးဖြစ်တယ်ဆိုတာနဲ့တင် ကျေနပ်သင့်တယ်မဟုတ်လားနော် …။

Saturday, 16 December 2017

Words for me ~~

December 16, 2017 2 Comments
ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၇ ဆိုတဲ့ ခုနှစ်တစ်ခုဟာ ပျောက်ကွယ်သွားပြီး နှစ်သစ်ကိုရောက်တော့မယ်နော် …။ အရင်ကတော့ ဒီလိုအချိန်မျိုးဆိုရင် တစ်နှစ်အတွင်းဘာတွေရခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ review မျိုး ရေးလေ့ရှိတတ်ပြီး နှစ်သစ်အတွက် resolutions တွေ မှတ်တမ်းတင်ထားလေ့ရှိတတ်တယ် …။ ဒီနှစ်အတွက်တော့ အဲလိုသီးသန့်ပို့စ်မရေးဖြစ်တော့တာမို့ ရောက်တတ်ရာရာ အတွေးတချို့ပဲ စာစီကုံးဖြစ်ပါတော့မယ် …။

တစ်ရက်က မတွေ့တာကြာတဲ့ အစ်မတစ်ယောက်နဲ့တွေ့တော့ ကိုယ့်ကို စာတွေသေချာဆက်ရေးဖို့ အားပေးတယ် ..။ အဲလိုပဲ ကိုယ်စာရေးလေ့ရှိတာကို သိတဲ့ အနည်းငယ်သော မိတ်ဆွေ၊ သူငယ်ချင်းတွေကလည်း အလျဉ်းသင့်တိုင်း စာတွေရေးဖို့ တိုက်တွန်းလေ့ရှိတတ်ကြပြန်တယ် ..။ သီချင်းဆိုတာ ဝါသနာပါတဲ့ ညီမလေးတစ်ယောက် ပြောဖူးသလိုပဲ ..။ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာထက် အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့ သူ့ရဲ့အိပ်မက်ကို အခုထိ မက်နေဆဲပဲဆိုတာမျိုးပေါ့ ..။ စာရေးတာဝါသနာပါတဲ့ကိုယ့်မှာလည်း စာရေးဆရာ အထူးသဖြင့် ရသစာတွေရေးတဲ့ စာရေးဆရာမဘဝကို အခုထိ အိပ်မက်နေဆဲပါပဲ …။ အချိန်ကို သေချာစီမံခန့်ခွဲနိုင်စွမ်းမရှိတဲ့ကိုယ်ဟာ ဒေါက်တာဘွဲ့ရဖို့ (၃) နှစ်လုံးလုံး ကိုယ့်ရဲ့ဝါသနာတွေကို စွန့်လွှတ်ပြီး စာတွေကြားထဲ နစ်မြှုပ်နေခဲ့ရတယ် …။ လျှောက်မယ်လို့ ရည်ရွယ်ထားတဲ့လမ်းအတွက် အဆုံးထိဆက်လျှောက်နိုင်ဖို့ရာ ကိုယ့်မှာ စွန့်လွှတ်ရတာတွေ အများသားရယ် ..။ အဓိကက အချိန်၊ ငယ်ရွယ်မှု၊ ဝါသနာ၊ လူမှုရေး စသဖြင့်ပေါ့လေ…။ ဒီလိုနဲ့ပဲ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှစခဲ့တဲ့ ကိုယ့်ရဲ့ခရီးတစ်ခုဟာ ၂၀၁၇ စက်တင်ဘာလကုန်မှာ အဆုံးသတ်သွားခဲ့ပါတယ် …။ ၂၀၁၇ အောက်တိုဘာလဆန်းပိုင်းမှာ မြန်မာပြည်ကိုပြန်ရောက်တယ် …။ စည်းစနစ်ကျတဲ့ ကြိုးစားတဲ့ ဖွံ့ဖြိုးတဲ့တိုင်းပြည်တစ်ခုမှာ (၃) နှစ်ကြာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ကိုယ့်အတွက် ပြန်ရောက်ရောက်ချင်း အစောပိုင်းလတွေဟာ ထုံးစံအတိုင်း နေသားကျဖို့ ကြိုးစားနေရတဲ့ ကာလတွေပေါ့…။ အခုတော့ နည်းနည်းနေသားကျလာပြီဖြစ်လို့ ပုံမှန်ဘဝမှာ နေထိုင်ဖြတ်သန်းဖြစ်ပါတော့မယ် …။



၂၀၁၇ ကို ပြန်ကြည့်ရင် ကိုယ့်အတွက် ကောင်းတာတွေများတယ်လို့ ပြောလို့ရပါတယ် …။ ကျောင်းပြီးလို့ မြန်မာပြည်ပြန်လာတယ် …။ ၂၀၁၈ မှာ ကိုယ်ရည်ရွယ်ထားတာတွေဖြစ်လာဖို့ စိတ်ရော လူရော ပြင်ဆင်ဖို့ ကြိုးစားနေတယ် …။ ဖြစ်နိုင်ရင်တော့ ၂၀၁၈ ထဲမှာ ကိုယ့်အတွက် မိသားစုဘဝဆိုတာကို ပိုင်ဆိုင်လာမယ်လို့ မျှော်လင့်မိတယ် ….။ ဘယ်သူမှ မတိုက်တွန်းကြခင်ကတည်းက စာတွေ သေချာရေးဖို့ စိတ်ကူးရှိခဲ့တယ် ….။ စာတွေအများကြီးဖတ်ဖြစ်ဖို့လည်း ကိုယ်ရည်ရွယ်ထားတယ် …။ စာကောင်းကောင်းရေးတတ်ဖို့ဆိုရင် စု၊ တု၊ ပြု ဆိုတဲ့အဆင့် (၃) ဆင့် ရှိတယ်လို့ ပြောကြရာမှာ ငယ်ငယ်က စာဖတ်မနာခဲ့တဲ့ကိုယ့်အတွက် စု နဲ့ တု မှာပဲ တဝဲလည်လည်ဖြစ်နေပြီး ပြုတဲ့အဆင့်ကို မရောက်နိုင်သေးဘူးဖြစ်နေတယ် ...။ ဆရာမင်းလူစာအုပ်တွေအဖတ်များတဲ့အခိုက်တွေမှာ ဆရာ့ရဲ့ရေးဟန်တွေနဲ့ ပြောနေလေ့ရှိသလို ဆရာမခင်နှင်းယုစာအုပ်တွေ ဖတ်နေဆဲကာလမှာတော့ ဆရာမရဲ့ စကားလုံးမျိုးတွေ သုံးဖြစ်နေတယ် ..။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန်မှာ ပြုနိုင်တဲ့အဆင့် ရောက်နိုင်ကောင်းရဲ့မဟုတ်လား...။ ပညာရပ်နဲ့ဆိုင်တဲ့ စာတမ်းတွေလည်း အများကြီးထပ်ထွက်ချင်သေးတယ် ….။ update မလုပ်တာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ English skills ကိုလည်း တိုးတက်အောင်ကြိုးစားချင်တယ် …။ ဟိုးရှေးရှေးကစာတွေပဲ သင်ခဲ့ဖူးတဲ့ကိုယ်က ဒီခေတ် English စာတွေနဲ့ပတ်သက်ရင် သိပ်လိုက်မမီတော့ဘူး…။ သူများတွေ လှလှပပ ဖွဲ့နွဲ့ရေးတတ်တာကို ကိုယ့်မယ် သဘောတကျ ကြည့်နေမိရုံ အားကျနေမိရုံပဲ ဖြစ်နေတော့ တကယ်ကို ကြိုးစားချင်ပါတယ် …။ သူများတွေ အချိန်ကို အကျိုးရှိရှိ စနစ်တကျ စီမံခန့်ခွဲအသုံးချတာကိုကြည့်ပြီးလဲ ကိုယ့်မှာ အားကျမဆုံးဖြစ်နေတာပါပဲ …။ သေချာတာက ကိုယ် အများကြီးကြိုးစားဖို့ လိုသေးတယ် …။ တကယ်တော့ လိုအပ်တာတွေက အများကြီးပါပဲ …။ ပေါင်းသင်းဆက်ဆံရေးမှာဆိုလည်း ဒီထက်ပိုအားထုတ်ဖို့ ကြိုးစားရဦးမယ် …။ ဆိုတော့ အနှစ်ချုပ်ရရင် ၂၀၁၈ မှာ အဖက်ဖက်က ကြိုးစားရမယ်ဆိုတဲ့ အသိရယ် တကယ်ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုရယ် ရှိပါတယ်ဆိုတဲ့ အကြောင်းပါ ….။

Follow Us @soratemplates