To my little village ~1~
Phyu Lwin
October 26, 2015
0 Comments
စိတ်လိုလက်ရ
အတွေးနယ်ချဲ့မိတဲ့နေ့တွေမှာဆိုရင်ဖြင့် ကိုယ့်စိတ်တွေဟာ ရွာလေးတစ်ရွာဆီ အပြေးအလွှားရောက်သွားတတ်တယ်..။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကစပြီး ရင်းနှီးပတ်သက်ခဲ့တဲ့ရွာလေးဟာ အဲဒီနှစ်များစွာအတွင်း
အခြားအရာတွေပြောင်းလဲသွားခဲ့ပေမယ့် သူကတော့ ဘာတစ်ခုမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိခဲ့
..။ ရွာလေးဘေးမှာ မြို့တွေလာတည်ကြသလို အပန်းဖြေဥယျာဉ်ကြီးတွေလည်း လာဖွင့်ကြတာပါပဲ
..။ လမ်းတွေဖောက် တံတားတွေဆောက်ခဲ့ကြပေမယ့် ရွာလေးကတော့ ယခုထက်ထိ ရွာအဆင့်သာ ရှိနေဆဲ
..။ အဲဒီရွာလေးမှာ ကိုယ့်ရဲ့ ဘိုးဘွားတွေ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ကြသလို အခုအချိန်ထိလည်း
ကိုယ့်ရဲ့ မိဘနှစ်ပါးစလုံး နေထိုင်ရပ်တည်နေကြဆဲ ..။ ကိုယ်ကလေးဘဝကတည်းက မွေးဖွားကြီးပြင်းခဲ့တဲ့
ကိုယ့်ရဲ့ ဇာတိကျေးရွာကလေးဟာ ရှမ်းရိုးမတောင်တန်းကြီးတွေရဲ့ အခြေမှာ တည်ရှိပါတယ်..။
တောင်တန်းတွေပေါ်ကနေ စီးကျလာတဲ့တောင်ကျရေတွေကို စုစည်းထားတဲ့ ဆည်တစ်ခုဟာ ကိုယ်မမွေးခင်ကတည်းက
ရွာထိပ်မှာတည်ရှိနေပြီး မူလတန်းပထဝီဝင်သင်ခန်းစာမှာ ဆည်အမည်တွေဖတ်ရတိုင်း ကိုယ်ရဲ့ရွာအမည်တပ်ထားတဲ့ဆည်ကို
မှတ်မှတ်ရရရှိခဲ့ဖူးတယ်..။ မြန်မာနိုင်ငံမှာရှိတဲ့ ရှားရှားပါးပါးဆည်တွေထဲမှာ ကိုယ့်ရွာကဆည်လဲ
တစ်ခုအပါအဝင်ဖြစ်လို့ သင်ခန်းစာထဲမှာတောင် ထည့်သင်ရတယ်ဆိုပြီး ကလေးအတွေးနဲ့ ဂုဏ်ယူခဲ့ဖူးတယ်...။
ဆည်ကနေ
အောက်ဘက်နည်းနည်းဆင်းလိုက်ရင် သူငယ်တန်းကနေ လေးတန်းအထိ ကိုယ်တက်ခဲ့တဲ့ မူလတန်းကျောင်းကလေး
တည်ရှိပါတယ်...။ မူလတန်းကျောင်းနေစဉ်အရွယ်က အဖေနဲ့အမေဟာ ကျောင်းအပ်ချိန်တစ်ခုမှာပဲ
တစ်ယောက်မအားရင် တစ်ယောက် ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့ပေမယ့် အခြားကလေးတွေလို ကျောင်းကြိုကျောင်းပို့
မလုပ်ပေးနိုင်ခဲ့..။ စားဝတ်နေရေးအတွက် မိဘနှစ်ပါးစလုံးရုန်းကန်ကြရတဲ့ ကိုယ့်ရဲ့ ငယ်ဘဝကျောင်းနေအရွယ်ဟာ
လူကြီးမိဘတွေ ဂရုတစိုက်ကြိုပို့လုပ်ပေးတာမျိုး မရှိခဲ့ဘဲ အားတင်းကာ တစ်ယောက်တည်း ကျောင်းသွားကျောင်းပြန်လုပ်ခဲ့ရတယ်...။
တခါတလေ ကြောက်တတ်တဲ့နေ့မျိုးမှာ ကဗျာတွေအကျယ်ကြီးရွတ်ပြီး အိမ်ကို ကဆုန်ပေါက်ပြေးပြန်တာလည်း
ရှိလားရှိရဲ့ ...။ အချိန်တော်တော်များများမှာတော့ ကိုယ့်ထက်တစ်တန်းပဲကြီးတဲ့ အစ်မနဲ့အတူတူ
ကျောင်းသွားလေ့ရှိခဲ့ပေမယ့် ကစားမက်တဲ့ကိုယ်ဟာ ကျောင်းပြန်ချိန်တိုင်း တစ်ယောက်တည်းဖြစ်လို့နေခဲ့တယ်....။
ကျောင်းဆရာ၊ ဆရာမတွေနဲ့ မရင်းနှီး မသိကျွမ်းတဲ့ မိဘတွေဖြစ်ပေမယ့်လည်း နှစ်စဉ်ဆုပေးပွဲတိုင်းမှာတော့
အဖေ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်ကတော့ အမြဲတက်လို့ရအောင် ကိုယ်က ပညာရေးမှာ ကံကောင်းခဲ့တယ်...။
ခြေတံရှည်ပျဉ်ထောင်အိမ်ကြီးရဲ့
အိမ်အောက်ရယ် အိမ်ရှေ့ကွင်းပြင်ရယ်ဟာ ကိုယ်နဲ့ အစ်မအတွက်တော့ ပျော်စရာကစားကွင်းကြီးတစ်ခုပါပဲ
..။ ကလေးဘဝမှာ မြေကြီးပေါ်မှာ ဆော့လို့ရသမျှ ကစားနည်းပေါင်းစုံကို အိမ်ဘေးက ရွယ်တူကလေးတွေနဲ့
အတူတူ ကစားခဲ့ဖူးတယ် ...။ ညနေရောက်တိုင်း အိမ်ပေါက်စေ့က ကလေးတွေကို လိုက်စုရုံးပြီး
အိမ်ရှေ့ခေါ်လာကာ တောရွာက ကလေးတွေ ကစားလေ့ရှိတဲ့ နည်းပေါင်းစုံကို အပူအပင်ကင်းမဲ့စွာ
ကစားခဲ့ကြတယ်...။ အချို့ညနေတွေမှာ အိမ်နောက်ဘက်က ရေမရှိတဲ့ချောင်းထဲသွားပြီး ရှိစုမဲ့စုရေအိုင်လေးတွေကို
တွေ့အောင်ရှာကာ အဘွားမွေးထားတဲ့ ဘဲတွေကို ကျောင်းတဲ့အလုပ်လည်း လုပ်ခဲ့ဖူးတာပဲ..။ အိမ်ရှေ့က
ခံတက်ပင်ပေါ် အဘိုးက တက်ကာ ခံတက်ရွက်နုတွေ ခူးခြွေပေးတိုင်း အဘွားနဲ့အတူ ပျော်ပျော်ပါးပါး
ကောက်ခဲ့ဖူးတယ်...။ ခံတက်ရွက်နုနုလေးတွေဘဲ သေချာရွေးပြီး အရွယ်ညီညီလေးတွေစည်းကာ ထိပ်ကိုတိနေအောင်
ဖြတ်ပြီး လှပသပ်ရပ်စွာ စီရီနေတဲ့အဘွားကို အလုပ်ရှုပ်ရန်ကောလို့ တွေးထင်ရင်း ဘေးနားကနေ
ကူလုပ်ပေးလေ့ရှိခဲ့တာပါပဲ ..။ အဘိုးကိုယ်တိုင် ဖန်တီးထားတဲ့ ဆန်ဆေးရေ၊ နနွင်း၊ ထမင်းစေ့နဲ့
ဆားတို့ကို သေချာရောနယ်ထားတဲ့ အရည်ထဲမှာ ခံတက်ရွက်စည်းလေးတွေကို သေချာစီထည့်ထားတဲ့
စဥ့်အိုးလေးဟာ ကိုယ်နဲ့ အစ်မအတွက် တစိမ့်စိမ့်စောင့်ကြည့်စရာ အာလာဒင်မီးခွက်တစ်ခုအလားပါပဲ
..။
ညနေရောက်တိုင်းတော့
ကိုယ်နဲ့ အစ်မအတွက် စိတ်ညစ်စရာ အချိန်ရောက်လာပြီလို့ တွေးမိရလောက်အောင် ခြံထဲမှာ အဖေစိုက်ထားတဲ့
ရှောက်ပင်၊ သံပုရာပင်၊ ဆူးပုတ်ပင်၊ ကွမ်းပင် စတဲ့ သီးပင်စားပင်တွေကို ရေလောင်းတဲ့အလုပ်
စရပါတယ်..။ ဆူးပုတ်ရွက်တွေလာဝယ်တဲ့သူရောက်လာရင်တော့ အစ်မနဲ့ ကိုယ်ဟာ တစ်လှည့်စီ ခူးပေးရင်း
ကျောင်းမုန့်ဖိုးအတွက် စုကြရပါတယ်...။ ကျောင်းပိတ်ရက်တွေမှာတော့ ကိုယ်တို့နှစ်ယောက်ဟာ
အဖေ့ရဲ့ ရွာမှာစိုက်ထားတဲ့ လယ်တောထဲကို ထမင်းထုပ်ကိုယ်စီကိုင်ရင်း အလည်လိုက်သွားလေ့ရှိကြပါတယ်..။
အလုပ်လုပ်တဲ့အမေ့အတွက် နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်အောင် ပါရမီဖြည့်ပေးခဲ့တဲ့အဖေဟာ
ကိုယ်တို့ငယ်ဘဝမှာတော့ သူသွားလေရာ ခေါ်သွားလေ့ရှိခဲ့ခြင်းက အဖေနဲ့ သားသမီးတွေရဲ့ သံယောဇဉ်ကို
ပိုလို့တိုးစေခဲ့သလိုပါပဲ ...။ မိသားစုကို ငဲ့ညှာမှုသိပ်မရှိဘဲ ယောက်ျားဝါဒီကို ကျင့်သုံးလေ့ရှိတဲ့
ပတ်ဝန်းကျင်တစ်ခုမှာ အဖေကတော့ တစ်မူခွဲထွက်ပြီး မိသားစုကို အလေးပေးဂရုစိုက်တာကြောင့်
အများရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် အခုအချိန်မှာဆိုရင် မပူမပင်မကြောင့်မကြနေရခြင်းက
အဖေနဲ့အမေရဲ့ တစ်စိတ်တစ်ဝမ်းတည်း ကြိုးစားခဲ့မှုကြောင့်သာ မဟုတ်ပါလား...။