Thursday 27 June 2013

If I've got a chance ~~~

June 27, 2013 4 Comments

အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့ ........................
ငါလဲ ရေးချင်ပါတယ်...
အသည်းကွဲတဲ့အကြောင်း ...
နင်ရဲ့ ဥပေက္ခာတွေအကြောင်း .....
နင့်ရဲ့ .... ဂရုမစိုက်မှုတွေအကြောင်း ...
နင့်ကို ဘယ်လောက်ထိ ချစ်ခဲ့တဲ့အကြောင်း..
နင့်ကို ဘယ်လောက်ထိမုန်းခဲ့ပြီဆိုတဲ့အကြောင်း ...
နင်မပါတဲ့ဘ၀မှာ .. ငါဘယ်လောက်ထိပျော်နေပြီဆိုတဲ့အကြောင်း ...
နင်ထားသွားတဲ့နေရာနဲ့ ဆန့်ကျင်ဘက်အဝေးကြီးထိ .. ငါခြေလှမ်းနေနိုင်ပြီဆိုတဲ့အကြောင်း ..

-----------

ငါလဲ ရေးချင်ပါတယ် .....
Status တွေမှာ နင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ
နင့်ကို ဘယ်လောက်ထိ လွမ်းဆွတ်တမ်းတခဲ့ဖူးတာတွေ ...
အရူးအမူးချစ်ခဲ့ဖူးတာတွေ ........

ကြေကွဲခဲ့ဖူးတာတွေ .. မျှော်လင့်ခဲ့ဖူးတာတွေ .......
ငိုကြွေးခဲ့ဖူးတာတွေ ....... ခံစားခဲ့ဖူးတာတွေ ......................

----------
တကယ်တော့ .........
ရင်ဖွင့်ခွင့်မရှိတဲ့ လောကကျဉ်းကျဉ်းလေးထဲမှာ .......
မျက်လုံးပေါင်းများစွာအောက်က လက်ညှိုးပေါင်းများစွာကို
ခံနိုင်ရည်မရှိတဲ့ ငါ .. သတ္တိနည်းခဲ့တဲ့.. ငါ
နင်နဲ့ပတ်သက်သမျှ ခံစားချက်တွေလည်း လေထဲမှာကွယ်ပျောက်
ငါပြန်ရလိုက်တဲ့ မှတ်ချက်တစ်ခုက ....
အချစ်ဆိုတာကို နားမလည်တဲ့သူတဲ့ ....

-------
ဒိုင်ယာရီစာအုပ်လေးသာ စကားပြောတတ်ခဲ့မယ်ဆိုရင်ပေါ့ ...
မျက်ရည်တချို့ကြားက စာလုံးလေးတွေရဲ့ ခံစားချက်တွေကို
အဓိပ္ပာယ်ဖော်နေလေမလား...............
တုန်ရီနေတဲ့ လက်တစ်စုံကို သနားနေလေမလား .........
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံကို ကိုယ်ချင်းစာနေလေမလား ...
ရင်ထဲက အတွေးတချို့ကို ဘာသာပြန်နေလေမလား ...........။

သေချာပါတယ် ... အဲဒီအရာတွေကြားထဲ
အချစ်ဆိုတာ မပါပါစေနဲ့လို့ နာကျင်နေတဲ့ နှလုံးသားတစ်ခုအတွက်
သူ ဆုတောင်းပေးချင်ရှာမှာ ....................။

Saturday 22 June 2013

~ ထိပ်ဆုံးသို့ @ The Climb ~

June 22, 2013 4 Comments



ဒီရက်ပိုင်း နေ့တိုင်းကို စာကြည့်တိုက်သွားဖြစ်တယ်..။ အဲဒီက စာအုပ်တွေရှာ ငှားဖတ်လုပ်နေတာတော့မဟုတ်ပါဘူး..။ ကိုယ့်အခန်းမှာကိုယ်ဆိုရင် စာမလုပ်ဖြစ်ဘဲ ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်လွန်းလို့ … ထိထိရောက်ရောက်စာလုပ်ဖြစ်အောင် .. စာကြည့်တိုက်ပဲ သွားဖြစ်နေတာ ..။ အဲဒီမှာဆိုတော့ .. ကိုယ့်ဘေးက စားပွဲတွေမှာ တခြားသူတွေလည်း စာကြည့်နေကြတယ် .. ၊ ဆိုတော့ ကိုယ်က ယောင်နေလို့မကောင်းဘူးလေ အဲတော့ကျမလဲ ဘာအာရုံမှမရောက်ဘဲ စာဖတ်ဖြစ်တယ်…။ အခန်းထဲမှာဆို အရင်လို Facebook တော့ မသုံးဖြစ်လို့ အချိန်မကုန်တော့ပေမယ့် .. အာရုံစူးစိုက်လို့မရဘူး …။ အခုရက်ပိုင်း တော်တော်လိမ္မာနေတာလို့ဆိုရမယ် .. Facebook acc ကို deactivate လုပ်ထားတာ တော်တော်ကြာနေပြီ .. သုံးချင်စိတ်မရှိတော့လို့ကို ပိတ်ထားတာ.. ၊ ပြန်ဖွင့်ချင်စိတ်လည်းမရှိသေးဘူး..၊ သဘောက ဒီတခါပိတ်လိုက်တာ ပြန်ဖွင့်ပြီး မသုံးချင်တော့ဘူး..၊ စိတ်ကုန်သွားတာလို့ ခေါ်မလား.. ကျမအတွက်ကတော့ အဲဒီစိတ်ဝင်လာတာ ကံကောင်းခြင်းတစ်ခုပဲလို့ ဆိုနိုင်ပါတယ်..။ မဟုတ်ရင် အကြောင်းအရာတွေက အများကြီး .. တစ်ခုခုဖတ်မိရင် ဘာတွေလဲသိချင်တော့ ရေဆုံးမြေဆုံးလိုက်ဖတ်ရော .. အဲဒီတော့ တစ်ခါဝင်လိုက်မိရင် ပြန်မထွက်နိုင်တော့ဘဲ အဲဒီမှာ လည်နေတော့ တန်ဖိုးရှိတဲ့အချိန်တွေ ဖြုန်းတီးသလိုဖြစ်ပြီး အရမ်းနှမြောဖို့ကောင်းတာ..။ အဲဒါနဲ့ပဲ ပိတ်ထားဖြစ်သွားတာ ..။ Page ကတော့ ချိတ်ထားတဲ့ Page တွေလည်းနည်းတော့ ဘာမှအာရုံမစားဘူး.. ရေးချင်ရာဖွင့်ရေးပြီး ပြန်ပိတ်ထားလိုက်ရုံပဲဆိုတော့ personal account လောက် အချိန်မဖြုန်းဘူး..။ 

ဒီနေ့ စနေနေ့ဆိုတော့ စာကြည့်တိုက်ကို ၁၁ နာရီထိုးမှ သွားဖြစ်တယ်..။ နောက်ကျပြီးမှ သွားတာကို ရောက်ပြီး နေ့လည် ၂ နာရီလောက်ရောက်တော့ အာရုံတွေနောက်လာတယ် …။ တကယ်က ကျမ data တွေကို analysis လုပ်နေတာ ..။ စာတမ်းက ရေးနေတာတပိုင်းတစ၊ analysis က results တွေရလာမှ သေချာအချောပြန်ရေးဖြစ်မှာဆိုတော့ အဲဒါကို အပြီးလုပ်နေတာ..။ ဒေတာတွေက တမျိုးနဲ့တမျိုးပုံစံမတူတော့ လုပ်ရတဲ့နည်းလမ်းတွေက မတူ၊ ဘယ်လိုလုပ်ရမလဲဆိုတာ စာတွေရှာဖတ်.. ပြီးတော့ စမ်းတွက်ကြည့်နဲ့ ကြာတော့ ခေါင်းတွေပူလာတယ်..။ အိမ်ပြန်ပြီး အိပ်တာကောင်းမှာပဲလို့ စဉ်းစားမိတော့ .. ဂျာမာန်သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားတစ်ခုကို သတိရမိတယ်..။ သူတို့လူမျိုးတွေက ဘယ်လောက်ပဲပျင်းနေပါစေ.. ပျင်းပျင်းနဲ့ပဲ လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်တယ် .. အဲဒီလိုနဲ့ ကိုယ်လုပ်တဲ့အလုပ်ပြီးမြောက်တဲ့အခါ စိတ်ချမ်းမြေ့မှုကိုရပြီး ပျော်ရွှင်မှုကို ပြန်ရကြတာပဲတဲ့ ..။ ပျင်းတယ်ဆိုပြီး ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့ ..။

ဟုတ်တော့လည်းဟုတ်ပါတယ်.. ကျမပြန်တွေးတယ် .. ပန်းတိုင်တစ်ခုကိုရောက်ချင်ရင် ငုတ်တုတ်ထိုင်ပြီး ဘာမှမလုပ်ပဲနေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ..။ယုန်နဲ့လိပ်ပုံပြင်လိုပေါ့ … လူတိုင်းလူတိုင်းက ပြေးလွှားသွားလာပြီး ကြိုးစားနေတဲ့အချိန်မှာ .. ကိုယ်က ရပ်နေရင် .. နောက်ကျကျန်နေရစ်မှာပဲ …။ ရည်မှန်းချက်တစ်ခုချထားရင် မဖြစ်ဖြစ်အောင် သွားရမယ် ..။ အဲဒီရည်မှန်းချက်ကို ရောက်ပြီးတော့ရော .. ဘာဆက်ဖြစ်မလဲ.. နောက်ရည်မှန်းချက်တစ်ခုထပ်ရှိလာမှာပဲ ..။ တောင်တစ်လုံးတက်ပြီးရင် .. အဲထက်မြင့်တဲ့တောင်တစ်ခုထပ်တွေ့လာမှာပဲ ..။ အဲဒါဆိုရင် သွားရတဲ့ခရီးက ဆုံးနိုင်ပါဦးမလား… အဲဒါကို လောဘလို့ပဲ ခေါ်မလားရယ်လို့ တချို့ကတော့ အငြင်းပွားကြတယ်။ .. ဒါပေမယ့် တောင်ထိပ်တစ်ခုရောက်သွားရင် .. မြေပြင်ပေါ်မှာ ရပ်နေတာထက်တော့ အပေါ်စီးကနေ မြင်ကွင်းကျယ်ကျယ်မြင်နိုင်မယ်မဟုတ်လား .. လွတ်လပ်တဲ့လေကို အစွမ်းကုန်ရှုရှိုက်.. ဘ၀က ပိုပြီးတော့ သက်တောင့်သက်သာရှိလာမယ်မဟုတ်လား..။ အဓိကက ကိုယ့်ရဲ့ပျင်းတဲ့စိတ်ကိုပျောက်အောင်ဖျောက် .. ကြိုးစားမှဖြစ်မယ်ဆိုတာကို တွေးပြီး အိမ်မပြန်ဖြစ်တော့ဘူး ..။

အဲဒါနဲ့ပဲ စိတ်ပြေလက်ပျောက်ဖြစ်အောင် သီချင်းနားထောင်မယ်ဆိုပြီး youtube ဖွင့်တယ်။ ကျမအကြိုက်ဆုံးထဲက အဆိုတော်တစ်ယောက်ရှိတယ်.. Miley Cyrus သီချင်းဆိုတဲ့ အသံကို အရမ်းကြိုက်တယ်.. သူ့အသံက ရှတတနဲ့ ထူးခြားတဲ့အသံ.. တော်တော်များများက အသံချိုချိုလေးတွေနဲ့ ဆိုကြတဲ့အချိန်မှာ သူ့အသံက ကြားလိုက်တာနဲ့ သူပဲဆိုတာကို ခွဲခြားရလွယ်လောက်အောင် သူများနဲ့မတူတဲ့အသံမျိုး ။ နောက်ပြီး သူ့ရုပ်က အရမ်းချောတဲ့လှတဲ့ပုံစံမျိုးမဟုတ်ပဲ ဂျစ်ကန်ကန်နဲ့ ချစ်စရာကောင်းတဲ့ရုပ်မျိုး (But အခုနောက်ပိုင်း ဆံပင်အတိုနဲ့တော့ သူ့ကိုမကြိုက်ပါ .. ဆံပင်အရှည်လေးနဲ့ပဲ ကြိုက်ပါတယ်) ။ နားထောင်နေကျသူ့သီချင်းတွေထဲက နာမည်ကြီးတဲ့ The Climb ဆိုတဲ့သီချင်းကို နားထောင်ဖြစ်တယ် ..။ အဲဒီသီချင်းက တော်တော်များများကြိုက်ကြပါတယ်..။ အချစ်သီချင်းရယ်လို့မဟုတ်ပဲ စိတ်ခွန်အားတက်ကြွစေတဲ့သီချင်းမျိုး၊ စိတ်ဓါတ်မကျစေဖို့ ကြိုးစားလျှောက်လှမ်းဖို့ အားပေးတဲ့သီချင်းမျိုး ..။ အဲဒါနဲ့ အဲဒီသီချင်းနားထောင်တိုင်း အမြဲအမှတ်ရနေတဲ့ ကဗျာတစ်ပုဒ်ကို ဒီတစ်ခါလည်း ပြန်သတိရနေပြန်တယ်..။ ဘာကြောင့်ရယ်မသိ .. အဲဒီသီချင်းနားထောင်ရင် . အဲကဗျာလေးကို စိတ်ထဲမှာ ရွတ်နေမိတယ် ..။ ကမ္ဘာကြီးရဲ့အရှေ့နဲ့အနောက် .. ဟိုးရှေးရှေးတုန်းကနဲ့ အခုအချိန် .. ဆန့်ကျင်ဘက်တွေဖြစ်နေပေမယ့် အဲဒီသီချင်းနဲ့ အဲဒီကဗျာရဲ့ Theme က ခပ်ဆင်ဆင်ရယ် …။ 

အဲဒီကဗျာလေးက ဆရာမငွေတာရီရဲ့ … ထိပ်ဆုံးသို့ ဆိုတဲ့ ကဗျာလေးပါ.. အခုနောက်ပိုင်း ဆယ်တန်းမြန်မာစာမှာ ခေတ်ဆန်းကဗျာဆိုပြီး ထည့်ထားတယ်ထင်ပါတယ်.. (ဆယ်တန်းကကြာခဲ့ပြီ .. မဆက်စပ်မိတာလည်းကြာပြီဆိုတော့ သေချာမမှတ်မိလို့ပါ) ..။
အဲဒါကြောင့် ကျမအရမ်းကြိုက်တဲ့ သီချင်းလေးနဲ့ ကဗျာလေးကို ခံစားကြည့်ပါဦးနော် ..။




ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ

တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတလေ တကယ်ပမ်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါန
ဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပေါ့

ချစ်ဖွယ့်လူသား..။


ဒါကတော့ သီချင်းနဲ့ ကဗျာကို ကျမကြိုက်သလို ခံစားချက်တွေပါ ...။ ပညာရှင်တွေကတော့ .. အဲဒီကဗျာကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ ပြန်ဖွင့်ဆိုကြပါတယ်..။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ ...။ 
++++++++++++++++++++++++++++++

.. ရောက်တတ်ရာရာ လျှောက်ရေးတာတော့ တခန်းရပ်သွားပါပြီ :D :D

OK !!! See YOU at the TOP !!!

 

Tuesday 18 June 2013

Yummy Myanmar Traditional Snacks ^_~

June 18, 2013 7 Comments
Hallo ,, Good Evening everybody ^^
------------------------------------------

ဒီတစ်ခါ.. မြန်မာပြည်ပြန်တုန်းက ဘုရားပွဲတစ်ခုသွားရင်း ပွဲဈေးလျှောက်ကြည့်ရင်းက မြန်မာ့ရိုးရာမုန့်တွေ တွေ့လို့ ဓါတ်ပုံရိုက်လာတာတွေ ကြွားချင်လို့ပါရှင် ^_^ ^_*

ဘယ်ဘုရားပွဲလဲဆိုတော့ မြန်မာနိုင်ငံမှာ အခုလတ်တလောမှ တည်ထားတဲ့ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းလပြည့်ဘုရားပွဲပါ ..။ ဒီတစ်ခေါက်ပြန်တော့ အိမ်က သွားသမျှ နေရာတကာလိုက်ပါတယ်..။ အရင်ကဆိုရင် အဲလိုတွေသွားရမှာ ပျင်းလို့ အိမ်မှာပဲနေခဲ့ပြီး လိုက်လေ့မရှိဘူး..။ ဒီတစ်ခါတော့ ခြေထောက်မှာ စကြာတပ်ထားသလားမှတ်ရတယ်...။ အိမ်က အဖေနဲ့အမေသွားလေရာ အကုန်လိုက်တယ်..။ သူတို့သွားစရာမရှိရင် အကြောင်းရှာပြီး နေရာတကာလိုက်ပို့ခိုင်းတယ်... :D
စေတီတော်ကို မရောက်ဖူးသေးတဲ့သူများ ဖူးနိုင်ဖို့အတွက်ပါ..။ အရမ်းကို သပ္ပာယ်ပါတယ်.. ပုထိုးလိုမျိုးအတွင်းမှာ လှိုဏ်ဂူလုပ်ထားပြီး အတွင်းထဲမှာ ဘုရားရှိခိုး၊ ဘုရားသမိုင်းတွေ လေ့လာနိုင်ပါတယ်..။

လပြည့်နေ့သွားတာဆိုတော့ ဘုရားဖူးတဲ့သူတွေတော့ အများကြီးပါပဲ ..။ ပွဲဈေးကလည်း တော်တော်စည်ကားတယ်.။ပုံမှန်ဆို မြင်ရခဲတဲ့ မြန်မာမုန့်ဆိုင်တွေ အများကြီးတွေ့တယ်..။

 Wooow Yummy ,, yummy :D :D .. ဒါကတော့ မဖြစ်မနေ ၀ယ်စားခဲ့တယ်..။ ဒီမှာ ရှိနေကတည်းက မြန်မာပြည်ပြန်ရောက်တာနဲ့ မုန့်လင်မယားစားချင်လိုက်တာဆိုပြီး စိတ်ကူးတွေရနေတာ ဘုရားပွဲနဲ့ ကြုံတော့မှပဲ စားဖြစ်ပါတော့တယ်..။ ၃ ခုကို ၁၀၀ ကျပ်တဲ့ ..။
အုန်းနို့ကျောက်ကျော.. အချိုတွေမို့လို့ သိပ်မကြိုက်ဘူး..။ သိပ်စားလေ့မရှိဘူး..။

 Ekkkk. အနီရောင် ငှက်ပျောဆနွင်းမကင်းး။ ဘာလို့ ဆေးနီတွေ သုံးတာလဲဟင်ဆိုတော့ ၀ယ်သူအများစုက အရောင်လှမှ ကြိုက်တာတဲ့ ;"( ..

 ဒါကတော့ သိကြတဲ့အတိုင်း ရွှေကြည်ဆနွင်းမကင်းပေါ့ ..။

 ဒါကို ဘယ်လိုခေါ်လဲ မမှတ်မိတော့ဘူး..။ မေးတော့မေးခဲ့တယ်.. မေ့သွားပြီ..။ ဓါတ်ပုံရိုက်ခွင့်ပြုပါဆိုပြီး ခွင့်တောင်းပြီးရိုက်ခဲ့တာပါ..။ ဆိုင်က ရောင်းတဲ့ကောင်မလေးတွေက စိတ်ဝင်တစားရိုက်နေလို့ အထူးအဆန်းတွေဖြစ်လို့.. ။ Blogger လေနော်.. ဘယ်ရမလဲ. မှတ်တမ်းတင်ရမှာပေါ့... တအိမ်လုံးက လူတွေကတော့ သွားလေရာမှာ ကျမဓါတ်ပုံရိုက်တာပဲ ရပ်စောင့်နေကြရတယ်..။

ဒါကတော့ သာကူဆနွင်းမကင်းတဲ့ ..။ ဒီမုန့်တွေက တဆိုင်တည်းမှာ တူတူရောင်းပြီး အဲလိုဆိုင်တွေ အများကြီးပဲ .။ လမ်းသရဲမုန့်ရယ် မုန့်သိုင်းခြုံရယ်လဲ ၀ယ်စားခဲ့ပြီး မှတ်တမ်းတင်ဖို့ မေ့ခဲ့တယ်.။ ကျမက လမ်းသရဲမုန့်တော့ အတော်ကြိုက်တယ်..။


အကြော်ရယ်.. မုန့်ပျားသလက်ရယ်.. ဒီ ၂ မျိုးက အိမ်မှာ ၀ယ်စားတုန်းရိုက်ထားတာပါ..။ အိမ်နားမှာ အဲလိုဆိုင် ၂ ဆိုင်လောက်ရှိတယ်..။ ၂ မျိုးလုံးကြိုက်တယ် :))

ဒါက ဘုရားပွဲက ကောက်ညှင်းကျည်တောက်ဆိုင်..။ ကောက်ညှင်းတွေက အိနေတာပဲ .. နှမ်းထောင်းဖြူးပြီး စားလိုက်ရတော့ ... Hmmm မြန်မာအစားအစာတွေ လွမ်းသမျှ စိတ်ပြေရာရသွားပါတယ် ^^

ပြန်ရောက်ပြီးနောက်ပိုင်း နေ့တိုင်းလိုလို သောက်ဖြစ်တဲ့ပေါ့ဆိမ့် ..။ အမြဲလိုလိုစားဖြစ်တဲ့ ဆေးဘဲဥသုပ်ရယ်.. ကော်ပြန့်ရယ်... ။

နောက်ထပ်အစားအစာတွေကတော့ မတင်တော့ပါဘူး... မြင်နေကျ မထူးဆန်းဘူးလေ... တော်ကြာ .. အဝေးရောက်နေတဲ့သူတွေ .... အိမ်ကို ပိုလွမ်းကုန်မှာစိုးလို့ပါ.... :D

Be Happy Forever _/\_
++++++++++++++++++++++++++++++++++


❀◕ ‿ ◕❀ တိမ်လွှာဖြူ ❀◕ ‿ ◕❀
၁၈-၆-၂၀၁၃

Sunday 16 June 2013

ဒီမိုးရယ် ~ ဒီအလွမ်းရယ် ~ ဒီသီချင်းရယ် ~~

June 16, 2013 4 Comments


ကောင်းကင်ကို မော့ကြည့်မိတော့ … မိုးတိမ်မည်းမည်းတချို့က နေရာအပြည့်ယူထားကြသည်..။ ကျေးဇူးပြုပြီး.. မိုးဖွဲလေးတွေ ခြွေမချပါနဲ့ဦးလို့ .. သူမဆုတောင်းချင်မိပြန်သည်..။ ထိန်းချုပ်လို့မရနိုင်တဲ့အလွမ်းတွေက မိုးဖွဲတွေကြားမှာ … မျက်ရည်တွေအဖြစ် အလိုလိုပြောင်းသွားမှာ သူမကြောက်နေမိလေသလား….။
“မျက်ရည်ဆိုတာ စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေ လက်ကိုင်ထားကြတာ. အဲဒါကြောင့် တတ်နိုင်သမျှ မျက်ရည်မကျအောင်နေနော်” လို့ပြောတတ်တဲ့ သူ့စကားကို ကြားပြီးကတည်းက ဘာမှမတုန့်ပြန်မိပေမယ့် သူမ အလိုလိုလိုက်နာနေမိခဲ့တာပဲ …။
“တကယ်ဆို ငါ .. ငိုချင်တယ်ဟာ… အဲဒါ နင့်ကိုသတိရလွန်းလို့.. လွမ်းလွန်းလို့ မောင်ရဲ့ .. သိရဲ့လား..” လို့ သူမပြောပြန်တော့ …. သူက မချိပြုံးလိုလို .. ပြုံးပြန်သည်..။ 
“ကိုယ်ရော… အဲဒီလွမ်းတဲ့စိတ်ကို ဘယ်လောက်ထိ ထိန်းချုပ်နေရသလဲ .. မင်းသိရဲ့လား”.. တဲ့…။ 


နီးနေစဉ်တုန်းက …. ကော်ဖီဆိုင်ထိုင်ကြတိုင်း …. သူမ ကြိုက်တတ်သည့် … Mocha ကိုပဲ သူမ နှင့်တူအောင်ဆိုကာ သူသောက်လေ့ရှိခဲ့သည်..။ အခုအချိန်မှာတော့ တချိန်တုန်းက Mocha တစ်ခွက်က အလွမ်းတွေကို ထပ်ဆင့်စေပြန်သတဲ့ ..။ တစ်ယောက်တည်း ထိုင်သောက်နေရတဲ့ ကော်ဖီတစ်ခွက်မှာ …. ချိုမြိန်မှုဆိုတာ မခံစားမိတော့ဘဲ …ကော်ဖီနဲ့ချောကလက်ထဲက ခါးသက်မှုတွေပဲ .. နှစ်ဦးစလုံး ခံစားမိတာတော့ တိုက်ဆိုင်လွန်းပြန်သည်..။

..တစ်ကယ်တော့ …… အချစ်ဆိုတာ …….
Mocha တစ်ခွက်လိုပဲ …….
ချောကလက်ညိုညိုတွေလို ချိုမြိန်တဲ့မြတ်နိုးမှုတွေပါပေမယ့် …..
ကော်ဖီစေ့လို …. ခါးသက်သက် အလွမ်းတွေလဲ ပေါင်းစပ်နေပါသေးတယ်…
..

.. .. .. .. .
မိုးတွေရယ် .. ရွာမချပါနဲ့ဦး …။ မိုးဖွဲဖွဲအောက်မှာ … ထီးတစ်ချောင်းတူတူဆောင်းရင်း ရယ်မောနေကြတဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း အလွမ်းတွေကို ထိန်းချုပ်မရနိုင်လို့ပါ လို့ …. ရင်တွင်းကနေ ရေရွတ်နေမိသည်…။ မိုးရေတွေထဲမှာ … တွေ့ခဲ့ကြသည်..၊ မိုးရေတွေအောက်မှာ အချစ်ဆိုတာကို ဘာသာပြန်ဖြစ်ခဲ့ကြသည်…။ ပြီးတော့ မိုးရေတွေအောက်မှာပဲ ခွဲခွာကြရပြန်သည်…။ ဒီမိုးရေတွေအောက်မှာ ….. အလွမ်းတွေ ရင့်သန်ခဲ့ကြသည်…။ မိုးခြိမ်းသံကြားရင် သူမ တစ်ယောက်တည်း သူ့ကို လွမ်းရင်း ကြောက်နေလေမလား လို့ သူ တွေးနေမိသလို …. သူရော မိုးရေတွေထဲမှာ တစ်ယောက်တည်း လျှောက်သွားရင်း နေမကောင်းဖြစ်နေလေပြီလား.. သူမ စိုးရိမ်နေတတ်ခဲ့ပြီ…။



မိုးစက်လေးတွေဖွဲဖွဲကျနေတဲ့နေ့က ဒီကောင်းကင်ကြီးအောက်မှာ … Ballpen လေးတစ်ချောင်းရယ်  မှတ်စုစာအုပ်လေးတစ်အုပ်ရယ်ကို ခွဲခွာကာနီး သူ့ကို ပေးခဲ့တော့ အပြုံးယဲ့ယဲ့တွေကြားမှာ သူလက်ခံခဲ့လေသည်။ သူလဲ မျက်ရည်တော့ ၀ဲနေမှာမဟုတ်ပါဘူးနော် လို့ သူမ တွေးနေမိခဲ့ရင်း… သူမ ကတော့ ငိုချင်စိတ်ကို ကြိတ်မှိတ်မျိုသိပ်နေခဲ့ရသည်…။ ကလေးတစ်ယောက်ကို စိတ်မချသလို တတွတ်တွတ်မှာနေသော သူ့စကားသံများကို ခေါင်းသာငြိမ့်ပြရင်း … ထပ်ပြီးခွဲခွာရဦးမည့် ချစ်သူမျက်နှာကိုပဲ … အသံတိတ်စိုက်ကြည့်နေမိခဲ့သည်ပဲ …။

“မင်းပေးတဲ့စာအုပ်ထဲမှာ အဲဒီဘောလ်ပင်လေးနဲ့ပဲ … အလွမ်းတွေကို တနေ့ချင်းချရေးထားတယ်” လို့ သူက ပြောတော့ … 
“မောင့်အတွက် ကျမရဲ့အလွမ်းတွေကို ကဗျာတွေအဖြစ်ပြောင်းထားတယ်” လို့ သူမ ပြောပြဖြစ်ခဲ့သည်…။ ဒီအချိန်မှာ အားချိန်ရှိတိုင်း နားထောင်ဖြစ်နေသည်က …. မရည်ရွယ်ထားဘဲ အလွမ်းသီချင်းတွေချည်းဖြစ်လို့နေပြန်သည် ….။ ကိုယ်စီအပြုံးယဲ့ယဲ့တချို့အောက်မှာ ပြောဖြစ်နေသည်များက ဘ၀ရှေ့ရေး … နီးစပ်ကြဖို့အရေးး..၊ လက်တွေ့မှာကတော့ ကိုယ်စီဘ၀တွေထဲမှာ …. အကွာဝေးကြီးဝေးနေကြဆဲ …..။ မတူညီတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ ….. ကိုယ်တိုင်ဖန်တီးယူလို့မရနိုင်တဲ့ အခြေအနေတွေကိုတော့ ဥပေက္ခာပြုထားဖို့ကလွဲရင် … ဘာများတတ်နိုင်ဦးမှာလဲ …။ ရိုးသားမှုရယ်.. ချစ်ခြင်းမေတ္တာရယ် … သံယောဇဉ်တွေရယ်ကနေ .. တဆင့်ချင်းသွားမည့်လမ်းကြောင်းတစ်ခုက သစ္စာစောင့်သိမှုဆိုတာကို အရင်းခံသည့် … ခိုင်မာတဲ့ချစ်ခြင်းတွေလေ…။ 


♪ ♫ ... I miss you like crazy
Even More than words can say
I miss you like crazy
Every minute of every day ...  ♪ ♫
.. .. .. .. ..

ဦးတည်ချက်ချင်းမတူတဲ့ ကိုယ်စီရည်မှန်းချက်တွေကြားမှာ …. ဆုံဆည်းဖို့ဆိုတာကို …. အားတင်းမျှော်လင့်ရင်း စတေးပစ်ရမည့် .. ကိုယ်စီပန်းတိုင်တချို့။ လောကကြီးက တကယ်တော့ တရားမျှတပါတယ်လေ…။ ဘာကိုမှ ပိုပိုသာသာပေးလေ့မရှိ.. ဘက်လိုက်လေ့မရှိတဲ့ လောကနိယာမတွေအောက်မှာ …. တစ်ခုကိုလိုချင် .. တစ်ခုကို စွန့်လွှတ်ရစမြဲပဲဆိုတာ သေချာနေမှတော့ ဘာတွေများ ပိုပိုသာသာ တောင်းဆိုခွင့်ရှိဦးမှာလဲ …။ ပန်းတိုင်တစ်ခုအတွက် ပေးဆပ်စတေးနေရသည့် အလွမ်းတွေကို ပွေ့ပိုက်ရင်း အခုတော့ ဒီမိုးရေတွေအောက်မှာ … တစ်ကိုယ်တည်း ရပ်တည်လျက် … သူမအတွက် အလွမ်းဆိုတာ အဖော်ဖြစ်နေတတ်တာ ကြာခဲ့ပြီပဲ ….။

++++++++++++++++++


တိမ်လွှာဖြူ ..... ၁၆-၆-၂၀၁၃
 

Follow Us @soratemplates