Tuesday 29 May 2012

အမှတ်ရနေဆဲ ကဗျာတစ်ပုဒ် ♥ ♥

May 29, 2012 10 Comments

ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
ဘယ်နေရာမှာရှိရှိ
သူ့ကိုချစ်သည့် မေတ္တာတရား
ဆံချည်မျှင် မြူတစ်မှုန်မှ
လျော့ပါးမသွားပါ...... ♥ ♥

ဤသစ္စာမှန်ကန်ပါက
သခင်နမ်းမည့် နှင်းဆီနီသည်
နှင်းဆီပြာဖြစ်၍ သွားစေသား........ ♥ ♥





(ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာဖြစ်မည်ထင်ပါတယ်... ငယ်ငယ်တုန်းကကြားဖူးပြီး.. မှတ်မိနေတဲ့ကဗျာတစ်ပုဒ်ကို ခံစားချက်နဲ့တိုက်ဆိုင်လို့ ချရေးးမိရင်း... ကဗျာချစ်သူများ အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်...။ ဆရာရဲ့ကဗျာဖြစ်ကြောင်း သိသူများရှိရင်လည်း အတည်ပြု သွားပေးပါဦးနော်.....။ စာအုပ်ထဲမှာ ချရေးထားတာမဟုတ်ပဲ... စိတ်ထဲမှာမှတ်မိနေတာ ကို ရေးထားတာဆိုတော့.... ကဗျာဆရာကို သေချာမမှတ်မိတော့လို့ပါ....။ တော်တော်ကြာခဲ့ပြီ...။ ဆယ်စုနှစ်တစ်ခုကျော်လောက်တော့ ရှိလောက်ပြီထင်ပါတယ်...။ ဒီကဗျာလေးကို စိတ်ထဲမှာ စွဲနေခဲ့ပြီး... ဘယ်အချိန်ပြန်ရွတ်ရွတ်အမှတ်ရနေခဲ့တာ.....။ ငယ်ငယ်တုန်းက အော်တိုစာအုပ်မှာ သူငယ်ချင်းမိန်းကလေး တစ်ယောက်ရေးပေးသွားခဲ့ဖူးတာကို... အခုထိ သတိရပြီး.. အရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါ...။ ဓါတ်ပုံတွေကတော့ ဂျပန်က ပန်းများအဆက်ဖြစ်ပါတယ် )

Monday 28 May 2012

တိမ်တွေ ခေါ်ဆောင်ရာနောက် ~~~~

May 28, 2012 12 Comments
စနေနေ့ည အိပ်မက်ထဲမှာ တိမ်တွေကို သူမ တွေ့လိုက်တယ်... အဖြူရောင်တိမ်တွေကို ချစ်တတ်တဲ့သူမအတွက် အိပ်မက်တွေက အဖြူရောင်တိမ်တွေဆီကို ခေါ်ဆောင်သွားခဲ့တယ်....။
၂၇-၅-၂၀၁၂ ဆန်းဒေးမနက်ခင်း နိုးထအလာမှာ.. ပြတင်းတံခါးကိုအဖွင့်.. အိပ်မက်ထဲက တိမ်တွေလိုပဲ. သူမရဲ့မြင်ကွင်းရှေ့မှာ... သဘာဝပန်းချီကားတစ်ချပ်....
အိပ်မက်ထဲက တိမ်တွေလောက် ထုထည်မကြီးမားပဲ တိမ်စိုင်သေးသေးလေးပဲ ရှိတဲ့မြင်ကွင်းတစ်ခုကြောင့် တိမ်လွှာဖြူဖြူတွေရှိတဲ့နောက် သူမလိုက်ကြည့်ချင်နေမိခဲ့တယ်....။ အဲဒါနဲ့ပဲ အိတ်ကိုကောက်လွယ်၊ နွေရာသီစီးဖို့ဝယ်ထားတဲ့ ဖိနပ်အသစ်ကိုကောက်စီး.. ကင်မရာကိုယူ.. အိတ်ထဲကို တွေ့တဲ့မုန့်တွေထည့်၊ ကိုလာတစ်ဗူး၊ ရေတစ်ဗူးနဲ့.. တိမ်တွေ ခေါ်ဆောင်ရာနောက် သူမလိုက်ပါမျောလွင့်လာခဲ့တယ်..။
နေတဲ့မြို့ကနေ လေးနာရီလောက် ရထားစီးသွားရတဲ့.. Leipzig ဆိုတဲ့မြို့ကို ရောက်သွားခဲ့တယ်...။ အဲဒီမြို့ရဲ့ ကောင်းကင်မှာ လှပတဲ့ တိမ်စိုင်တိမ်လိပ်တွေ..။ နေသာနေပေမယ့်... တိမ်လွှာဖြူဖြူတွေကို သူမ ရှာဖွေတွေ့ရှိခဲ့ပြီး... တစ်ချိန်လုံးမော့ပြီး ဓါတ်ပုံရိုက်နေခဲ့တာ.. ခလုတ်တိုက်လဲမတတ်..။
နေလုံးအောက်က တိမ်တိုက်တွေ.... တွေ့သမျှတိမ်တွေကို သူမ အမိအရ လိုက်ရိုက်တယ်....။ ကိုယ်တိုင်ဓါတ်ပုံရိုက်ဖို့တောင် မေ့သွားတဲ့အထိ တိမ်တွေနောက်ကို လိုက်နေခဲ့တယ်..။
 တိမ်တိုက်တွေ ဖုံးလွှမ်းနေတဲ့နေရောင်အောက်မှာ.. အဆောက်အဦဆန်းဆန်းပြားပြားတွေကို လိုက်ငေးရင်း ဆက်လျှောက်လာလိုက်တာ မြစ်တစ်ခုဆီကို ရောက်သွားခဲ့တယ်...။


တိုက်တိုက်ဆိုင်ဆိုင်.. သူမနာမည်ကို ရေးထားတဲ့ တံတားတစ်စင်းကိုလည်း တွေ့ခဲ့မိတော့ အသေအချာ ဓါတ်ပုံရိုက်ယူလာခဲ့တယ်...။
မြစ်ဘေးမှာ အတော်ကြာကြာ ငါးတွေကိုကြည့်နေခဲ့ပြီး.. ကိုယ်ပိုင်ငါးတစ်ကောင်ကို သတ်မှတ်.. ပြေးလွှားနေတဲ့ငါးတွေကြားမှာ... ကြည့်နေတဲ့သူတွေက ငါးတွေကို အပြေးပြိုင်ခိုင်းနေသလိုလို
ပြန်အလာမှာ.. ရေမြောင်းထဲက တိမ်တိုက်ကိုလည်း ဖမ်းဆုပ်မိအောင် ကြိုးစားတဲ့အခိုက် ရေထဲမှာ... အဆောက်အဦပုံက ဇောက်ထိုးမိုးမျှော်.....။

တိမ်တွေကိုပဲ လိုက်ကြည့်နေရင်းကနေ ပန်းတွေရိုက်ဖို့လည်း မမေ့ခဲ့ဘဲ... တွေ့သမျှပန်းပွင့်တွေရော... အကုန်ရိုက်ခဲ့သေးတာပါပဲ....။
ဒီလိုနဲ့ လေးနာရီလောက် ရထားပြန်စီးပြီး.... အခန်းကို ပြန်အရောက်.. ပြတင်းတံခါးကို အဖွင့်မှာ.... လှပတဲ့အပြာရောင်ညတစ်ခုကို တွေ့လိုက်ရတယ်...။
ညနေ ၁၀ နာရီ.. နေ၀င်ရီတရောအချိန်မှာ.. နေရောင်လက်ကျန်နဲ့ လကွေးကွေးလေးရဲ့အလင်းရောင်ကြားထဲ ကောင်းကင်က အပြာရောင်အဖြစ်အပြောင်း... သူမ အဲဒီမြင်ကွင်းကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်..။
******************************************************
Thank you all <3 <3 <3

Friday 25 May 2012

ကာရံမညီ…. ကဗျာမပီ .....

May 25, 2012 13 Comments


လေတစ်ချက်အဝေ့မှာ လိပ်ပြာတောင်ပံခတ်သွားတယ်..
မျက်လုံးမှိတ်လိုက်စဉ်ခဏမှာ.. သူ့ရုပ်သွင်ကို မြင်တတ်တယ်…။

မိုးတစ်ပေါက်အကျမှာ… ရေပွက်တစ်ခဏထသွားတယ်…
ခြေတစ်လှမ်းရွေ့လိုက်တိုင်းမှာ… သူ့အကြောင်းတွေးမိတယ်…။

လျှပ်စီးတစ်ခါလက်ပြီးတိုင်း… မိုးခြိမ်းသံကြားရတယ်…
မနက်နိုးထတဲ့အခါတိုင်း…. ဖုန်းထဲက သူ့နိုးစက်သံကို ပြန်ကြားမိတယ်..။

တိမ်ကင်းစင်တဲ့ညတိုင်း… ကြယ်တွေကို တွေ့ရတယ်…
ကော်ဖီသောက်တဲ့အခါတိုင်း… အရင်ကကော်ဖီတစ်ခွက်ကို ငေးမိတယ်..။

ကာရံမညီ…. ကဗျာမပီ.. ရေးချင်ရာရေးတတ်တယ်
ရေးလိုက်တိုင်းလည်း.. သူ့အကြောင်းများ ဖြစ်နေတတ်တယ်…။
မိုးမရွာတဲ့နေ့တွေတိုင်း.. နေမသာတတ်ပေမယ့်
အသက်တစ်ခါရှုလိုက်တိုင်းတော့…. သူ့ကို သတိရနေတတ်တယ်..။
ကြယ်တစ်ပွင့်ကြွေအကျ.. သူမဆုတောင်းတတ်တယ်
သူ…ထာဝရပျော်ရွှင်စေသားးးးးးးး။

Thursday 24 May 2012

ဂျပန်ပြည်က ပို့တဲ့ပန်း.♥

May 24, 2012 12 Comments
ဒီနေ့ ဂျပန်ကနေ ပန်းတွေအများကြီး လက်ဆောင်ရလိုက်တယ်..။
ဒေါင်းလို့တောင် မနိုင်ပါဘူး.. စေတနာတွေ ကောင်းလိုက်ပုံက ၁၈၉ ပုံတောင် ပို့လိုက်ပါတယ်..။
မြန်မာပြည်မှာ တက္ကသိုလ်တက်တုန်းက ပေါဖော်ပေါဖက် တစ်ခန်းတည်း အတူတူနေခဲ့ပြီး အခု Kyoto University မှာ တက်နေတဲ့ သူငယ်ချင်းကောင်မလေးက Kyoto Botanical Garden ကို အလည်သွားတော့ ပန်းတွေအများကြီး ဓါတ်ပုံရိုက်ခဲ့တယ်တဲ့..။ အဲဒါနဲ့ ကျမက ပန်းတွေကြည့်ရတာ သဘောကျမှန်းသိတော့လိုချင်ရင် ဒေါင်းလို့ရအောင် ဖေ့ဘွတ်မှာ ချက်ချင်းပဲ တင်ပေးတယ်..။ ၁၈၉ ပုံတောင် အများကြီးပဲ ခဏလေးနဲ့ တင်လိုက်တာ ..သူတို့ဆီမှာ အင်တာနက်က တော်တော်ကွန်ကောင်းပုံပဲ.. ။ဒီမှာဆိုရင်တောင် နည်းနည်းကြာတယ်..။ အဲဒါနဲ့ နင့်ပန်းတွေကို ငါက စီးပွားရေးအရ အသုံးမချဘူး၊ ကြိုက်လို့ သိမ်းထားမှာပါလို့ပြောတော့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးတာ၊ ကြိုက်သလိုသာလုပ်ဆိုတာနဲ့.. ချစ်လွန်းလို့ ဘလော့ဂ်ပေါ်မှာ.. တခြားသူငယ်ချင်းတွေရော.. ခံစားလို့ရအောင် ပြန်လည်ဝေမျှခြင်းသက်သက်ပါ..။  မြင်သာမြင်ရ. မကြင်ရတဲ့ပန်းတွေ.. အရမ်းလှတာပဲ.. ကြည့်ပြီးတော့ ရောက်ဖူးချင်လိုက်တာ..။














@@@@@@@@@@@@@@@@@@@

နောက်မှ ကျန်တဲ့ပုံတွေ ဆက်တင်ပါတော့မယ်..။ ခုတော့ အားတော့ပါဘူး..။
ပုံတွေက FB ကနေ ဒေါင်းတာဆိုတော့ resolution သိပ်မကောင်းဘူး..။
ဒါပေမယ့် ကျမသူငယ်ချင်းက ဓါတ်ပုံရိုက်တာတော့ တော်တော်ကောင်းတယ်..။ လုံးဝ edit မလုပ်ထားပါဘူး..။ သဘာဝအတိုင်းရိုက်ထားတာပါ..။ ပန်းလေးတွေ အရမ်းလှတာပဲ..။ အားလုံးလည်း ကြည့်ပြီး စိတ်ချမ်းသာမယ်ထင်ပါတယ်..။ အနည်းငယ်တော့ ပျော်ရွှင်မှုပေးနိုင်မယ်ဆိုရင်ကို ကျေနပ်ပါပြီ...။

အားလုံးပျော်ရွှင်ပါစေ..။ နောက်ပို့စ်မှာ ပြန်ဆုံကြပါစို့..♥ ♥ ♥

Monday 21 May 2012

ခေါက်ဆွဲသုပ်နဲ့ လက်ကျန်ပန်းအလှ :)

May 21, 2012 8 Comments
မင်္ဂလာပါရှင်.......
ထူးထူးခြားခြားမဟုတ်ပေမယ့်.... ရေးစရာမရှိ... ရေးစရာရှာ.... ဒီပို့စ်လေးကို ရေးပါရစေ..... :)
အခုတစ်လော ကဗျာတွေချည်းရေးဖြစ်သလိုဖြစ်နေတယ်...။ ကိုယ့်ခံစားချက်လိုလို.. သူ့ခံစားချက်လိုလို.. ဘာလိုလို... ညာလိုလို... ဟိုလိုလို.. ဒီလိုလို..... ကိုယ့်ဘာသာရေးပြီးရင်... ကိုယ့်ဘာသာ ပြန်ရယ်ချင်တယ်..။
အို.... ငါ..ဒီလောက်တောင် စာတွေ ကဗျာတွေ ရေးတတ်နေပြီလားလို့ပေါ့....?????
ကောင်းတယ်နော်.... ဒီဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့လို့သာ.... အဲဒီလို ဟိုလိုလို .. ဒီလိုလို..ကဗျာတွေ စာတွေ ထွက်လာတာပဲ... မဟုတ်ရင်တော့ အတွေးထဲမှာတင် ပျောက်သွားမှာ.. နှမျောစရာကြီး.... :D

အခု ခေါက်ဆွဲသုပ်တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်လို့ပါ...
အစားအသောက်ချက်နည်းတော့ မဟုတ်ပါဘူး... ခေါက်ဆွဲသုပ်ဆိုတာကတော့.... မြန်မာနိုင်ငံမှာ.. မိန်းကလေးတိုင်းလိုလို... တစ်ချို့ဆိုရင် ယောက်ျားလေးတွေတောင်.. သုပ်စားတတ်ကြပါတယ်...။
ဒီမှာက အာရှခေါက်ဆွဲဝယ်ရတာက ဆိုင်က ဝေးတယ်.. ပြီးတော့ အာရှဆိုင်တွေက ကဒ်နဲ့ ၀ယ်မရဘူး.. ငွေသားပေးပြီးမှ ၀ယ်ရတာဆိုတော့.. တစ်ခါတစ်လေ ငွေသွားမထုတ်ဖြစ်ရင်... မ၀ယ်ဖြစ်ပြန်ဘူး..။ ပုံမှန်တော့.. ငွေထုတ်ပြီး... အများကြီးဝယ်ထားတတ်တယ်..။ ဒါပေမယ့်.. ခေါက်ဆွဲအစားများလို့ထင်တယ်.. ခဏနဲ့ ကုန်သွားတတ်တယ်...။
ဒီမှာ Spaghetti ကတော့ တွေ့တဲ့ဆိုင်မှာဝယ်.. ၀ယ်ချင်တဲ့အချိန်ဝယ်ရလွယ်တယ်... Spaghetti Sauce တွေကလည်း အမျိုးစုံပဲဆိုတော့... ပြင်ဆင်ရတာလည်း လွယ်တယ်...။
ဒါပေမယ့် ကျမက အဲဒီဘိုစာတွေမကြိုက်ဘူး.. မကြိုက်ဘူးဆိုတာက အဲဒီ Sauce တွေ Squash တွေကို မကြိုက်တာ..။ အဲဒါနဲ့ပဲ စပါဂတ်တီကို မြန်မာစတိုင်သုပ်စားတတ်တယ်...။ တစ်နေ့က စားရင်းနဲ့ ဓါတ်ပုံရိုက်ထားမိလို့.... ရှုစားကြပါဦး... :D
 :D :D စားချင်စဖွယ်ပဲ.. ပြင်ထားပုံကတော့.. မိုက်တယ်..။
ရွှေတောင်ခေါက်ဆွဲပုံစံ.. ကြက်သားရယ်.. အုန်းနို့ရယ်ကို ဆီချက် ချက်တယ်..။ ပြီးတော့.. ပဲမှုန့်က ဒီမှာ အစိမ်းပဲ ရှိတော့.. ပဲကျက်မှုန့်ရအောင် အကြာကြီး ပြန်လှော်ရတယ်..။ အရင်က အဆင်မပြေပဲ တူးကုန်လို့ ပဲမှုန့်တွေ လွှင့်ပစ်ရတာ ဖြစ်ဖူးတယ်..။ ဒီတစ်ခေါက်တော့ အဆင်ပြေပြေနဲ့ပဲ.... အစိမ်းနံ့လည်းမထွက်ပဲ အကျက်မှုန့်ဘ၀ပြောင်းသွားတယ်...။ Frankfurt လိုမြို့ကြီးတွေမှာတော့ မြန်မာဆိုင်တွေရှိတော့ ပဲကျက်မှုန့်ရောင်းလောက်တယ်..။ Goettingen က မြို့သေးသေးဆိုတော့ အာရှဆိုင်တောင် သေးသေးပဲ ရှိတာ..။ စပါဂတ်တီကို တော်တော်ပျော့သွားအောင် ကြာကြာပြုတ်တယ်..။ ပြီးတော့ အဲလို သုပ်စားတယ်..။

ဖေ့ဘွတ်မှာ ကြည့်ပြီးသား သူငယ်ချင်းနှစ်ယောက်ကတော့ ၂ ခေါက်ပြန်ကြည့်ပေါ့ကွယ်...။ FB ထဲမှာ ဘလော့ဂ်ကနေပြီးသိတဲ့ သူငယ်ချင်း နာမည်ကြီး ဘလော့ဂါ ၂ ယောက်ရှိတယ်...။ အမှတ်မထင် လမ်းသလားရင်းနဲ့ သူတို့ ၂ ယောက်ရဲ့ အကောင့်ကို တွေ့မိလို့ အင်ဗိုက်လုပ်လိုက်တာ.. ။ ပြီးမှ သူတို့ ၂ယောက်လည်း မျက်စေ့နောက်လို့ဆိုပြီး နောင်တရနေမလား မသိဘူး.. ။ ကျမက အကောင့်ထဲမှာ.. သူငယ်ချင်းအရင်းခေါက်ခေါက်တွေပဲ ရှိတော့ သူတို့နဲ့ တစ်ချိန်လုံးစနောက်နေတာနဲ့.. သူငယ်ချင်း ၂ ယောက်ရဲ့ update မှာ ကျမ တင်ထားတာတွေ ပြောထားတာတွေ ခဏခဏတွေ့နေ ခဲ့ရင် တောင်းပန်ပါတယ်...။ Like button နှိပ်တာလည်း ၀ါသနာပါလို့ ခဏခဏ နှိပ်တတ်ပါတယ်..။ undergraduate တုန်းက အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ တစ်ယောက်တစ်နေရာစီ.. တစ်ယောက်တစ်နိုင်ငံစီ အဝေးကြီးတွေမှာ ရောက်နေကြတော့.. ဖေ့ဘွတ်မှာပဲ အားလုံးစုံဖြစ်တာလေ..။
 ဒီမှာ ပုံမှန် စားကြတာတော့ ဒီပုံစံပါပဲ.. တောသူဆိုတော့ မကြိုက်ဘူးလေ :D

**************************************************
အခုက နောက်အပိုင်းတစ်ပိုင်းအဖြစ်.. လက်ကျန်ပန်းတွေကို ဓါတ်ပုံရိုက်ထားတာကို ဆက်လက် ရှုစားပေးပါဦးနော်..။






ပန်းတွေက တောပန်းတွေ.. တောထဲသွားတုန်း တွေ့လို့ ရိုက်ထားတာတွေ.. အဲဒါကြောင့် နာမည်တွေတော့ သိပ်မသိဘူး..။ အခုတော့ တော်တော်များများ ကြွေကုန်ကြပါပြီ..။

အခုတလော ရေးလက်စ ၂ မျိုးရှိတယ်... ။ ဘယ်လိုမှ အပြီးသတ်လို့မရသေးလို့ မတင်ဖြစ်သေးတာပါ..။
ပိတ်ရက်ရောက်မှ မပြီးပြီးအောင် ကြိုးစားရေးရဦးမယ်...။ တစ်ခုက အပျိုကြီးတွေ အကြောင်း... နောက်တစ်ခုက မိန်းကလေးတွေ သဘောကျတတ်တဲ့ ယောက်ျားလေးပုံစံနဲ့ စိတ်ဓါတ်ဆိုပြီး.. ရေးမယ်လို့ စိတ်ကူးထားတာ.. ဘယ်အချိန်ရေးပြီးမလဲတော့ မသိသေးပါဘူး...။
@@@@@@@@@@@@@@@@@@@@

အားလုံးကို ကျေးဇူးတင်ပါတယ်...။

Follow Us @soratemplates