Sunday 27 October 2019

ဒရာမာခင်းတတ်သူများအတွက်

October 27, 2019 0 Comments

""Karpman Drama Triangle""
++++++++++++++++++
“Nobody owes you anything” ဆိုတဲ့ စကားစုကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ ဘယ်သူကမှ မင်းအပေါ် အကြွေးတင်မနေပါဘူးပေါ့။ ဆိုလိုတာက လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ကိုယ်တိုင်အတွက် ရှင်သန်ရပ်တည်နေရပြီး သူကိုယ်တိုင်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုဟာ သူနဲ့ပဲဆိုင်ပါတယ်။ မိဘတွေတောင်မှပဲ လူလားမြောက်အောင် (နိုင်ငံခြားမှာဆိုရင်တော့ အသက် ၁၈ နှစ်အထိပေါ့) ကျွေးမွေးပြုစုပြီးရင် သားသမီးဟာ ကိုယ့်ဘဝကိုယ် တည်ဆောက်မှသာ လူပီသပါမယ်။ အသက်ကြီးတဲ့အထိ မိဘအပေါ် မမှီခိုသင့်ဘူးမဟုတ်လား။ ဒါပေမယ့် အချို့သူတွေကတော့ ကိုယ်တိုင်ရဲ့ဘဝမှာ အခြားသူတွေကို ဝင်ရောက်စွက်ဖက်စေပြီး အခြားသူတွေအပေါ် မှီခိုလွန်းတာ၊ ဒါမှမဟုတ် အရာအားလုံးကို တာဝန်ရှိသူလိုသတ်မှတ်ပြီး သူက မှီခိုခံတာ စသဖြင့် ဒရာမာတွေ ခင်းတတ်ကြပါတယ်။
Dr. Stephen Karpman ဆိုတဲ့ စိတ်ပညာအထူးပြုဆရာဝန်တစ်ဦးဟာ လူတွေမှာ တွေ့ရတတ်တဲ့ ဒရာမာခင်းတဲ့စရိုက် ၃ မျိုးကို Drama triangle အဖြစ် ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ လူတော်တော်များများ နေ့စဉ်ဘဝမှာ ပြောဆိုနေထိုင်တဲ့အခါ ဒီ ၃ မျိုးထဲက တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေတတ်ကြသလို ကိုယ်တိုင်မဖြစ်ဘူးဆိုရင်တောင် အဲဒီလိုဖြစ်နေတဲ့လူမျိုးတွေ တွေ့နေမြင်နေရမှာပါ။

(၁) Victim
Victim ဆိုတာ တိုက်ရိုက်ဘာသာပြန်ရရင်တော့ ခံရသူပေါ့။ သူ့ရဲ့ သူ့ကိုယ်သူယုံကြည်ထားတဲ့အချက်က “ငါက သနားစရာကောင်းလိုက်တာ” ဆိုတာမျိုး။ အဲဒီလိုစိတ်ရှိတဲ့လူမျိုးတွေဟာ သူတို့ကိုယ်သူတို့ အာဏာပါဝါမရှိဘူး၊ မျှော်လင့်ချက်တွေ မဲ့နေတယ်၊ အကူအညီမဲ့နေတယ်၊ သနားစရာကောင်းတယ် စသဖြင့် ထင်တတ်ကြတယ်။ သူတို့ရဲ့ မကောင်းတဲ့အခြေအနေတစ်ခုကို ပြန်ကောင်းသွားအောင်လုပ်ဖို့ ကိုယ်တိုင် တာဝန်မယူကြသလို အဲဒီလိုပြောင်းလဲသွားအောင်လုပ်နိုင်တဲ့ ပါဝါတွေရဖို့လည်း ငြင်းဆန်တတ်ကြတယ်။ လက်တွေ့ဘဝမှာ ဆုံးဖြတ်ချက်ချရတာတွေ၊ ပြဿနာဖြေရှင်းရတာတွေ၊ ဘဝရဲ့ အောင်မြင်ပျော်ရွှင်မှုကို ရှာဖွေတာ၊ အပျက်ဘက်ကိုဦးတည်နေတဲ့ကိုယ့်ရဲ့စရိုက်ကို ပြုပြင်ပြောင်းလဲရမှာတွေ စတဲ့ အရေးကိစ္စတွေမှာ ကိုယ်တိုင်လုပ်ဖို့ ခက်ခဲတယ်ထင်ကြတယ်။ ဘဝမှာ victim role ကနေ နေတတ်တဲ့သူမျိုးတွေဟာ သူတို့ကို ကယ်တင်မယ့်သူကို အမြဲတမ်းရှာဖွေလေ့၊ မျှော်လင့်လေ့ရှိကြတယ်။ သူတို့ရဲ့ဘဝကို ကယ်တင်မယ့်၊ တာဝန်ယူမယ့်၊ သူတို့ပြဿနာကို ဖြေရှင်းပေးမယ့်သူမျိုး အမြဲတမ်းရှိတယ်လို့ ယုံကြည်တတ်ကြတယ်။ အဲဒီလို ယုံကြည်တဲ့အတိုင်းလည်း သူတို့ကို ကယ်တင်ကြသူတွေ (မိဘ၊ ချစ်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စသဖြင့်) ဟာ ပေါ်လာတတ်ကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဘဝမှာ ကူညီမယ့်သူ၊ ကယ်တင်မယ့်သူတွေ အမြဲတမ်းရှိတယ်ဆိုတဲ့အသိနဲ့အတူ သူတို့ဟာ သနားစရာကောင်းတယ်၊ အကူအညီမဲ့တယ်၊ လူတိုင်းက သူ့ကို ကူညီရမယ်ဆိုတဲ့ စိတ်ဟာစွဲသွားပြီး အချို့ဆို victim role မှာ ကျေကျေနပ်နပ်ကြီးကို နေနေကြတာပါပဲ။ အဲဒီလိုနဲ့ ဘဝမှာ ရေလိုက်ငါးလိုက်နေရင်း ကိုယ့်ရဲ့ ပိုကောင်းတဲ့ကိုယ်ကို မရောက်ကြတော့ဘူး။

(၂) Rescuers
Rescuers ဆိုတာကတော့ ကယ်တင်ရှင်ကြီးတွေပေါ့။ သူတို့ရဲ့ ရပ်တည်မှုက “ကူညီပါရစေ” ဆိုတာမျိုး။ အရာရာတိုင်းမှာ သူပဲ တာဝန်ရှိ၊ သူပဲ တတ်နိုင်သူ၊ ကယ်တင်နိုင်သူအဖြစ် သတ်မှတ်ပြီး တာဝန်မှန်သမျှ ယူချင်သူမျိုးပေါ့။ အခြားလူတွေကို ကူညီချင်တယ်၊ လူတွေရဲ့အမြင်မှာ သူဟာ သူတို့အပေါ် အရမ်းကောင်းပါလားလို့ မြင်စေခံစားစေချင်ပြီး ကိုယ့်အတွက် လိုအပ်တာတွေ၊ ကိုယ်တိုင်အတွက် ဖြည့်ဆည်းရမှာတွေကိုတော့ မေ့နေတတ်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ ကျွန်မတို့ အများစုမြင်တာတော့ အိမ်တစ်အိမ်မှာဆို အကြီးဆုံးသား/သမီးတွေဆိုရင် တစ်အိမ်လုံးအတွက်၊ မောင်နှမတွေအားလုံးအတွက် အနစ်နာခံပြီး ကိုယ်တိုင်အတွက် ဘာမှမစဉ်းစားဘဲ နေတတ်ကြသူမျိုးတွေပေါ့။ သူတို့လိုလူမျိုးတွေဟာ အပေါ်က victim လိုလူတွေကို ကယ်တင်တတ်ကြပြီး victim တွေကို သူတို့ဘာသာရပ်တည်ဖို့ မတတ်နိုင်အောင် လုပ်တတ်သူတွေဖြစ်သွားကြတယ်။ အချို့မိဘနဲ့ သားသမီးတွေလိုပြောရရင် သားသမီးကို စိတ်ပူပြီး နေရာတကာတာဝန်ယူပေးချင်တော့ သားသမီးတွေမှာ နောက်ဆုံး ကိုယ့်တာဝန်ကို မယူနိုင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင် ဖြစ်သွားတတ်ကြမျိုး ဖြစ်ပါတယ်။
ပြောရရင် Rescuers တွေဟာ နေရာတကာ တာဝန်ယူတတ်တဲ့စိတ်ကြောင့် အလုပ်တွေ အဆမတန် လုပ်ရတယ်၊ ပင်ပန်းရတယ်၊ ကိုယ်တိုင်အတွက် မစဉ်းစားတော့ ကိုယ်တိုင်မှာ ပျက်စီးခြင်းတွေ ကြုံတတ်ပါတယ်။

(၃) Persecutors
Persecutors ဆိုသူတွေကတော့ “ဘာဖြစ်ဖြစ် နင့်အမှား” လို့ သူများအပေါ် အပြစ်ပုံချချင်သူမျိုးတွေပါ။ ပြောရရင် နေရာတကာ သူသိ၊ သူတတ်၊ သူမှ မှန်တယ်လို့ တယူသန်တတ်သူမျိုးတွေပါ။ Persecutors တွေဟာ victim တွေအပေါ် ဝေဖန်မယ်၊ အပြစ်တင်မယ်၊ ကန့်သတ်တားဆီးမယ်၊ ထိန်းချုပ်ဖို့ ကြိုးစားမယ်၊ အာဏာပြမယ်၊ စိတ်တိုဒေါသထွက်မယ် စသဖြင့်လုပ်ရင်း victim တွေကို ရှုံ့ချတိုက်ခိုက်ပြီး အငုံ့စိတ်ပိုများစေသူတွေပါ။ Persecutors တွေဟာ တကယ်တော့ အထိခိုက်မခံနိုင်သူတွေ၊ ပြောင်းလွယ်ပြင်လွယ်မရှိသူမျိုးတွေ၊ လူသားမဆန်တတ်သူတွေဖြစ်ကြပြီး သူတို့ကိုယ်တိုင် victim နေရာရောက်မှာကို ကြောက်နေတတ်ကြသူများပေါ့။ သူတို့ဟာ ငြင်းခုံအော်ဟစ်၊ ဝေဖန်တာမျိုးတွေလုပ်ပေမယ့် ကိုယ်တိုင်မှာတော့ ဘယ်ပြဿနာကိုမှ မဖြေရှင်းတတ်သလို အခြားသူတွေရဲ့ပြဿနာတွေကို ကူညီဖြေရှင်းမပေးတတ်ပါဘူး။

=========================
အပေါ်က (၃) မျိုးဟာ ကိုယ်ကိုယ်တိုင် သတိမထားမိရင် ကိုယ့်ရဲ့ the best version ဆီကို ရောက်အောင်သွားတဲ့လမ်းမှာ ကိုယ့်ကို တားဆီးနိုင်တဲ့အပြုအမူမျိုး၊ စရိုက်မျိုးတွေ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အခု (၃) မျိုးထဲက တစ်မျိုးမျိုး ပိုကဲတဲ့ စရိုက်ပိုင်ရှင်တွေတွေ့ရတတ်သလို အချို့တော့ အနည်းငယ်သာပါဝင်တဲ့ စရိုက်ရှိသူတွေလည်း တွေ့ဖူးကြမှာပါ။ ဒါဟာ ဒရာမာလို့ဆိုကတည်းက ပုံမှန်မဟုတ်ဘူးမဟုတ်လား။ ဆိုတော့ အဲဒီ (၃) မျိုးမဟုတ်ရင် ကိုယ့်ဘဝကို အကောင်းဆုံးရပ်တည်နိုင်ဖို့ ဘယ် role မှာ နေရမလဲဆိုရင် observer role မှာ နေလို့ရပါတယ်။ ကိုယ့်ရဲ့ သိစိတ်ကို ပိုအားကောင်းအောင်လုပ်ရင်း ကိုယ်ကိုယ်တိုင်က ဘာလဲဆိုတာ သိလာတဲ့အခါ ဒီ Drama Triangle ထဲက ထွက်နိုင်လာပါလိမ့်မယ်။ အဲဒီအခါ ကိုယ်ဖြစ်ချင်တာတွေကို သတိတရားနဲ့ အကောင်းဆုံးလုပ်ကိုင်ရပ်တည်သွားတဲ့အခါ ကိုယ့်ရဲ့ the best version ကို တစ်နေ့နေ့တော့ ရှာဖွေတွေ့ရှိလာမှာပါ။
https://lindagraham-mft.net/triangle-victim-rescuer-persec…/

Photo from pinterest
Translated by Phyu Phyu Lwin
27 October 2019
#Dramatriangle
#tobethebestversionofyou
#transformation

Tuesday 1 October 2019

Tips how to be the best version of YOU!

October 01, 2019 0 Comments

How to be the BEST version of YOU!!

======================


ကြားဖူးသလောက် လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေဟာ သူ့အနီးမှာရှိတဲ့ လူ (၅) ဦးရဲ့ ပျမ်းမျှစရိုက်တွေကို ရောမွှေထားတာပါတဲ့။ အဲဒီအတွက် ကိုယ်ဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ကိုယ်နဲ့အမြဲထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်ဟာ လူကောင်းတွေနဲ့ ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားဟာ အလကားဖြစ်တည်လာတာမဟုတ်ဘူးဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့လာရပါလိမ့်မယ်။ 

တခါတရံမှာ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်လိုချင်တဲ့စရိုက်လက္ခဏာမျိုးတွေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်တာ၊ အဲဒီပတ်ဝန်းကျင်ကိုလည်း ချက်ချင်းစွန့်ခွာဖို့ မဖြစ်နိုင်သေးတာ၊ တချိန်ချိန်မှာ ကိုယ်ရော မိုးခါးရေသောက်မိသွားမလား စိုးရိမ်နေရတဲ့အခြေအနေမျိုးတွေ ကြုံတွေ့ကြမှာပါ။ အဲဒီအခါ မိုးခါးရေ မသောက်မိအောင် အဲဒီလိုပတ်ဝန်းကျင်ထဲမှာ ဘယ်လိုကြံ့ကြံ့ခံ ရပ်တည်ကြမလဲ။ ဥပမာ ကိုယ်က ကြိုးစားချင်တယ်၊ ထူးချွန်ချင်တယ်၊ အောင်မြင်ချင်တယ်၊ အိပ်မက်အကြီးကြီးတွေကို အကောင်အထည်ဖော်ချင်တယ်ဆိုပါတော့။ ကိုယ့်ပတ်ဝန်းကျင်က ရေလိုက်ငါးလိုက်နေတဲ့ လူတွေ၊ ပကတိအရည်အချင်းကို မကြည့်ဘဲ အပေါ်ယံသကာဖုံးတဲ့အရာတွေကို အရည်အချင်းအစစ်ထင်မှတ်နေသူတွေ၊ ကြိုးစားမှုမရှိဘဲ သက်သာရာကိုရှာကာ ခိုကပ်နေသူတွေ၊ ရှေးရိုးစွဲသမားတွေ များနေမယ်ဆိုရင် သင့်အနေနဲ့ ဘယ်လို နေထိုင်ရပ်တည်သွားမလဲ။ ဒီနေ့ခေတ်ကြီးထဲမှာ ဒီအရာအတွက် အဖြေတွေအများကြီးရှိနေပါပြီ။




ပထမဆုံး အရေးကြီးတဲ့အချက်က ကိုယ့်စိတ်ကိုယ် ပိုင်နိုင်အောင် ထိန်းချုပ်နိုင်ရပါမယ်။ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ကိုယ်သွားချင်တဲ့လမ်းကနေ လုံးဝသွေဖယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ သံမဏိစိတ်ဓါတ်ရှိဖို့ လိုအပ်ပါတယ်။
 


ü  ကိုယ်က ကြိုးစားချင်တဲ့သူဆိုရင် Internet websites တွေ၊ YouTube၊ Facebook စတဲ့နေရာတွေမှာ motivation အတွက် ပြောတာတွေ အများကြီးရှိပါတယ်။ ဘဝနေနည်းထိုင်နည်းတွေ၊ ပြောင်းလဲဖို့ လုပ်ရမယ့်လမ်းစဉ်တွေ၊ စိတ်ထားတတ်ဖို့၊ ကြိုးစားဖို့၊ အောင်မြင်ဖို့ စသဖြင့် ကိုယ်သဘောကျတဲ့ Speakers, YouTubers တွေ ပြောတာကို အမြဲမပြတ်နားထောင်နေလို့လဲ ရပါတယ်။



ü  စာအုပ်တွေ (သုတရော၊ ရသရော၊ စိတ်ခွန်အားဖြည့်စာပေတွေရော) ကနေလည်း ကိုယ့်စိတ်ကို ကြံ့ကြံ့ခံနိုင်ဖို့၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့၊ စိတ်ကို ထားတတ်ဖို့ လမ်းကြောင်းပေးတာမို့ စာတွေလည်း မပြတ်ဖတ်ဖို့လည်း လိုပါသေးတယ်။





ü  ရုပ်ရှင်တွေကနေလည်း motivation ရတာရှိတော့ ရုပ်ရှင်ကြည့်တာမျိုးလည်း မမေ့ပါနဲ့။



ü  အရေးအကြီးဆုံးက Action ပါပဲ။ ကိုယ်လိုချင်တာကို ရဖို့၊ ကိုယ်ဖြစ်ချင်တာဖြစ်လာဖို့ဆိုရင် motivation Speeches တွေ နားထောင်နေရုံနဲ့တင်မရပ်ဘဲ ကိုယ်တိုင်လည်း ကြိုးစား၊ အကောင်အထည်ဖော်ရပါမယ်။ ဒါမှသာ Action ကနေ Results တွေရလာပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။




ü  ကိုယ့်ပတ်ဝန်းကျင်မှာ မကြိုးစားတဲ့သူတွေ အရည်အချင်းအစစ်အမှန်မရှိသူတွေ နေရာရတာ၊ အခွင့်အရေးရတာမျိုးတွေအတွက် စိတ်ထဲမှာ ဘယ်လိုမှ မခံစားဘဲ ခံနိုင်ရည်ရှိဖို့လည်း အရေးကြီးပါတယ်။ ဒါတွေကိုသာ အားကျသွားရင် ကိုယ်လဲ “ဒီပုတ်ထဲက ဒီပဲ” ပဲ ဖြစ်သွားမှာမဟုတ်လား။ ဒါဟာ သူတို့နဲ့ ကိုက်ညီတဲ့နေရာ၊ သူတို့ရဲ့ niche ဖြစ်လို့ သူတို့ နေရာရတာဖြစ်တာမို့ ကိုယ်နဲ့မကိုက်ညီတဲ့နေရာတစ်ခုအတွက် ဝမ်းနည်း အားငယ်နေဖို့ မလိုအပ်ပါဘူး။




ü  ဖြည်းဖြည်းလမ်းလျှောက်ပြီးသာ သွားတတ်တဲ့လူတွေကြားထဲ အပြေးတစ်ပိုင်းသွားတတ်သူကို လူထူးလူဆန်းတစ်ယောက်လို ထင်တတ်ကြပါတယ်။ ဆိုလိုတာက ကိုယ်ဟာ average လူအများထဲမှာ တမူထူးခြားနေလို့ အများက ဝိုင်းဝန်းတင်းဆို ကဲ့ရဲ့ကြလည်း ကိုယ့်ရဲ့ ခံယူချက်ကို မတိမ်းချော်သွားအောင် စိတ်ဓါတ်ပြင်ဆင်ထားဖို့လည်း အရေးကြီးလှပါတယ်။


🖋🖋

အချုပ်ဆိုရရင်တော့ ကိုယ်မဖြစ်ချင်တဲ့စရိုက်လက္ခဏာတွေအပြည့်ရှိတဲ့ ပတ်ဝန်းကျင်ထဲ မလွှဲသာမရှောင်သာ ရောက်နေတဲ့အခါ ကိုယ်လိုချင်တဲ့ စရိုက်တွေရှိတဲ့ Virtual World မျိုး ဖန်တီးဝန်းရံစေပြီး စိတ်ဓါတ်မယိမ်းမယိုင်ဘဲ ကြိုးစားဖို့လိုပါတယ်။ ဒီလိုမှသာ တချိန်မှာ ကိုယ်လိုချင်တဲ့ စရိုက်မျိုးရှိတဲ့ မိမိကိုယ်ကို ဖန်တီးနိုင်မှာဖြစ်ပြီး ကိုယ့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။

Written by Phyu Phyu Lwin
27 September 2019

Follow Us @soratemplates