Sunday 8 June 2014

အလှစစ် (၂) ~~

June 08, 2014 1 Comments


အရင်နေ့က ရေးတာ နည်းနည်းဆက်ရေးပါဦးမယ် ..။ မိန်းကလေးတွေ အကြောင်းပါ..။
မိန်းကလေးဆိုပေမယ့်လဲ အားလုံးက လူပါပဲ ..။ လူဆိုကတည်းက တချိန်တည်းမွေးထားတဲ့ အမြွှာတွေတောင် စိတ်ထားချင်း အပြုအမူချင်း မတူတတ်ကြဘူးလေ ...။ အဲဒီတော့ မိန်းကလေးတစ်ယောက်က စိတ်ထားတစ်ခု၊ အပြုအမူတစ်ခုရှိတာနဲ့ပဲ မိန်းမတွေဟာ ဒီလိုတွေပါပဲဆိုတဲ့ အတွေးမျိုး၊ မှတ်ချက်မျိုးက လုံးဝမထားသင့်တဲ့အချက်ပါ ..။ ကျမ မကြိုက်ဆုံးအချက်က ၀ါးလုံးသိမ်းပြောတာမျိုး၊ မှတ်ချက်ပေးတာမျိုးတွေပါ ..။ ဥပမာ နိုင်ငံခြားမှာ နေတဲ့မိန်းမတိုင်း ဒီလိုစိတ်ထားပဲ .. ဒီကျောင်းမှာနေရင် ဒီလိုပုံပဲထွက်လာမှာပဲ .. မြန်မာဆိုရင် ဒီလိုစိတ်မျိုးပဲရှိတာပါကွာ စသဖြင်ပေါ့ .. အတွင်းကျကျ မသိ မလေ့လာဘဲ အလွယ်ကူကောက်ချက်ချတာမျိုးကို မကြိုက်ပါဘူး ..။ 

ထားပါတော့လေ ... ပြောချင်တာက နည်းနည်းလွဲနေပြီ ...။
ကျမပြောချင်တာက မိန်းကလေးအမျိုးအစား အမျိုးမျိုးအကြောင်းပေါ့ ..။ အများအားဖြင့်တော့ ၂ မျိုး ခွဲခြားလို့ရပါတယ်..။ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ရှိသူရယ် ... တပါးသူအပေါ်မှာ အားကိုးချင်သူရယ် ဆိုပြီးတော့ပေါ့ ..။

တပါးသူအပေါ်ကိုပဲ ဘ၀ကို ပုံပြီး အားကိုးမိလို့ ကံအကြောင်းမလှတဲ့အခါ ဒုက္ခရောက်ရသူတွေကို ပတ်ဝန်းကျင်မှာ မကြာခဏတွေ့လာရတဲ့အခါ ဘုရားဟောတဲ့အမှန်တရားတွေကို ပိုလက်ခံလာတယ် ..။ “မိမိကိုယ်သာ ကိုးကွယ်ရာ”လို့ မြတ်စွာဘုရားက ဟောခဲ့ဖူးပါတယ် ..။ အလှအပကို ဦးစားပေးမယ် .. ပညာတတ်ဖို့ ကြိုးစားဖို့ .. အလုပ်အကိုင်ကောင်းကောင်းရှိဖို့ မလိုအပ်ပါဘူး ..။ အဲဒါတွေအားလုံး ပြည့်စုံတဲ့ ယောက်ျားကောင်းတစ်ယောက်ကို ရလိုက်ရင် ဘ၀က သက်သောင့်သက်သာနဲ့ အလိုက်သင့်ဖြတ်သန်းသွားနိုင်လိမ့်မယ်ဆိုတဲ့ အတွေးစိတ်ကူးနဲ့ ဖြတ်သန်းဖြစ်တဲ့အခါ ဘ၀ပေးကုသိုလ်ကံကြောင့် စိတ်ကူးထဲကအတိုင်း နေထိုင်သွားနိုင်တဲ့ မိန်းကလေးမျိုးတွေလည်း အများကြီးရှိပါတယ် ...။ ဒါပေမယ့်လည်း ကိုယ်တိုင်ပြုလုပ်တဲ့ကံမဟုတ်ဘဲ သူ့အလိုလိုဖြစ်လာတဲ့ လောကဓံတရားကြောင့် ဘ၀အလှည့်အပြောင်းတွေ ကြုံတွေရပြီး ကိုယ်တွေးထင်ခဲ့တဲ့ ဘ၀မျိုးမဟုတ်ဘဲ ဆန့်ကျင်ဘက်ဘ၀ကို ရရှိသူမျိုးတွေလည်း ရှိကြတာ အားလုံးသိကြမှာပါ ..။

ကျမဘ၀မှာ အဲဒီလို အမျိုးသမီးမျိုးတွေ မကြာခဏကြုံခဲ့ရဖူးပါတယ် ..။ တချို့ကတော့ သူတို့ရဲ့ ဘ၀လက်တွဲဖော် ယောကျာ်းတွေရဲ့ အတ္တတွေကြောင့်လဲ ပါပါတယ် ..။ အမျိုးသမီးတွေကိုယ်တိုင်က အရည်အချင်းရှိတယ်၊ ပညာတတ်တယ်၊ ဂုဏ်ရှိတယ်။ ဒါပေမယ့် သူမတို့ရဲ့ ဘ၀လက်တွဲဖော်တွေရဲ့ အတ္တ၊ မိန်းမကို ရှေ့တန်းမတင်ချင်တဲ့စိတ်၊ သားသမီး၊မိသားစုကိုပဲ အချိန်အားလုံးပေးစေလိုပြီး အပြင်မှာ အလုပ်ထွက်မလုပ်စေချင်တဲ့ အတ္တ (ပြောကြတာကတော့ ပင်ပန်းမှာစိုးတဲ့စေတနာဆိုပြီး အသံကောင်းဟစ်ချင်ကြတယ်)။ အဲဒီလို ယောက်ျားမျိုးတွေနဲ့ လက်တွဲမိတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကတော့ ခင်ပွန်း၊သားသမီးသာဘ၀၊ မီးဖိုချောင်၊ အိမ်ကသာ ဘ၀ဖြစ်သွားကြပြီး ရှိနေပြီးသား အရည်အချင်းတွေ တစတစနဲ့ ပျောက်ဆုံးကုန်ကြတယ် ..။
အချို့ကတော့ သူတို့ကိုယ်တိုင် မစွမ်းဆောင်နိုင်လို့ ပညာတတ်တဲ့ ဂုဏ်ရှိတဲ့ ချမ်းသာတဲ့ ယောက်ျားမျိုးတွေကို မရအရ ယူထားကြတယ် ..။ အခြားသူရဲ့ ချစ်သူ သို့မဟုတ် ခင်ပွန်းကို မသမာတဲ့နည်းလမ်းတွေနဲ့ လုယူပြီးတဲ့အခါ အခြားသူပိုင်ဆိုင်ရမယ့် ပလ္လင်ထက်မှာ အခန့်သား မျက်နှာပြောင်ပြောင်နဲ့ တက်ထိုင်နေတတ်ကြပြီး အခြားသူရဲ့ ခံစားချက်ဆိုတာ သူတို့ဘ၀အတွက် ရယ်ဖွယ်ရာပဲဖြစ်သွားကြပါတယ် ..။

အဲဒီတော့ သူတို့နည်းသူတို့ဟန်နဲ့ အဆင်မပြေနေကြဘူးလား ..။ ဘာက ပြဿနာပါလဲပေါ့ ..။
ပြဿနာက သူတို့ရဲ့ ရွှေတောင်ကြီး ပြိုသွားတဲ့အခါမှာ ဖြစ်လာတာပါ ..။ သိကြတဲ့အတိုင်း အနာဂတ်ဆိုတာ ကြိုမြင်နိုင်တာ မဟုတ်ဘူးလေ ..။ အနီးစပ်ဆုံး မနက်ဖြန်မှာ ဘာဖြစ်လာမလဲဆိုတာတောင် သိနိုင်တာမဟုတ်ပါဘူး ..။ ခင်ပွန်းက မတော်တဆ ကွယ်လွန်သွားတာမျိုး၊ အလုပ်အကိုင်အဆင်မပြေတာမျိုး၊ နောက်တစ်ယောက်နောက်ကောက်ကောက်ပါပြီး ဘယ်လိုမှ ပြန်ပေါင်းစည်းဖို့ကြိုးစားလည်း ဖြစ်မလာတဲ့အခြေအနေမျိုးမှာ .. နဂိုက အရည်အချင်းရှိပြီးသား မိန်းမဆိုရင် လတ်တလော ဒုက္ခရောက်နိုင်ပေမယ့် တဖြည်းဖြည်း ပြန်ထူထောင်လို့ ရနိုင်ပါတယ် ..။ ဒါပေမယ့် ပညာလည်းမတတ်၊ အရည်အချင်းလဲမရှိ. အလှအပတစ်ခုတည်း၊ ချက်တာပြုတ်တာတစ်ခုတည်းလောက်သာ သိတဲ့ အမျိုးသမီးတွေဆိုရင် ဒုက္ခလှလှတွေ့ရတော့တာပါပဲ ..။ တစ်သက်လုံးက ယောက်ျားရဲ့ ဦးဆောင်မှုအောက်မှာ အေးအေးသက်သာ နေလာပြီးတဲ့အခါ ဘ၀ကို အစကနေ ပြန်ထူထောင်ဖို့ မလွယ်ကူလှပါဘူး ..။ အဲဒီအခါ နောက်ဆက်တွဲထပ်ဖြစ်လာတာက သူမဘ၀လှပဖို့ အခြားသူတွေရဲ့ဘ၀တွေကို ဖြိုခွဲဖို့ ကြိုးစားကြပြန်တာပါပဲ ...။ မိမိရဲ့လက်နက်ဖြစ်တဲ့ အပြောကောင်းတာ လှပတာ စတာတွေကို အသုံးချပြီး နောက်ထပ် ခိုလှုံရာကို ရှာဖွေတော့တာပါပဲ ..။ အချို့ကတော့ သားသမီးတစ်သိုက်နဲ့ အဲလိုစိတ်မျိုးတွေ မရှိတော့ဘဲ .. ရှိတာလေးတွေကို ထုခွဲစားသောက်၊ ကောင်းမယ်ထင်တဲ့အလုပ်ကလေးတွေ စမ်းလုပ်ကြည့်၊ အဆင်ပြေလိုက်မပြေလိုက်နဲ့ပဲ ဘ၀ကို တဖန်ရုန်းကန်ကြပြန်ပါတယ် ..။

Will continue later ~~

Follow Us @soratemplates