Saturday 28 April 2012

ဘလော့ပေါ်က Hanami (သို့) ပန်းအလှခံစားဖို့

April 28, 2012 11 Comments


ဒီနေ့တော့ ဘလော့ပေါ်မှာ hanami ကျင်းပချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်...။
ပန်းချစ်သူတွေတော့ သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်....။ ကျမကတော့ ပန်းပွင့်ပန်းခိုင်ဆိုရင်ကို အနံ့မရှိတဲ့ ပေါက်ပန်းပွင့်ကအစ ကြည့်ရတာကို စိတ်ချမ်းသာပါတယ်..။
Hanami ဆိုတာကတော့ အားလုံးလိုလိုသိပြီးကြတဲ့အတိုင်း ဂျပန်စကားလုံးတစ်လုံးဖြစ်ပြီး ပန်းအလှခံစားတဲ့ပွဲတော်တစ်ခု ကို ပြောတာဖြစ်ပါတယ်..။ ဟာနာမီပွဲတော်ကို ဂျပန်နိုင်ငံမှာတော့ ချယ်ရီပန်းပွင့်တဲ့အချိန် ဒါမှမဟုတ် အုမဲပန်းလို့ခေါ်တဲ့ ချယ်ရီပန်းနဲ့ခပ်ဆင်ဆင်တူတဲ့ပန်းလေးတွေ ပွင့်တဲ့အချိန်မှာ ကျင်းပကြတယ်လို့ သိရပါတယ်..။ အခုအချိန်မှာတော့ ဂျပန်နိုင်ငံမှာ ဟာနာမီကို ပန်းအလှခံစားရုံတင်မဟုတ်ပဲ ချယ်ရီပင်တွေအောက်မှာ ပျော်ပွဲစားထွက်တာမျိုးနဲ့ပါ တွဲဖက်ပြုလုပ်ကြတယ် လို့ ဖတ်ရပါတယ်..။
အခုကျမလုပ်မယ့်ဟာနာမီကတော့ ပန်းအလှခံစားရုံသက်သက်ပါ.. အစားအသောက်မပါပါဘူး... :)
ကျမက ပန်းတွေကို ချစ်တတ်တော့ သူငယ်ချင်းတွေကိုလည်း ကျမခံစားထားတဲ့ ပန်းအလှအပများကို ဝေမျှချင်ရုံသက်သက်ပါ..။ အားလုံးလည်း ပန်းလေးတွေကို ကြည့်ပြီး ခဏတာ အမောပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..(^_^)

  ပန်းရောင်ချယ်ရီပန်းများရဲ့ အလှ




အဖြူရောင် ချယ်ရီပန်းများရဲ့ အလှကို ထပ်ခံစားဖို့


ချယ်ရီပန်းတွေပြီးတော့ ဒက်ဖိုဒီးလ် (Daffodils) ပန်းလေးတွေရဲ့ အ၀ါရောင်အလှအပများ


White Daffodils


Lovely Tulips (RED)

Lovely Tulips (Purple)

Meadow Daisy မြန်မာနိုင်ငံမှာတော့ ဒေလီယာပန်းလို့ ခေါ်ကြတဲ့ပန်းသေးသေးလေးတွေပါ  :)


တစ်ပင်လုံးပွင့်နေတဲ့ ချယ်ရီပင် ၂ ပင်

 ဒါကတော့ ကိုယ်တိုင်စိုက်ထားတဲ့ ပန်းပင်လေးက ပွင့်လာတဲ့ ပန်းတွေပါ :)


ဘုရားကို ကပ်လှူပူဇော်သောပန်းများ

အခုတင်ထားတဲ့ ပန်းပုံလေးတွေကို သဘောကျတဲ့သူများ လွတ်လွတ်လပ်လပ် ကူးသွားလို့ရပါတယ်..။ 
အဲဒါကြောင့်လည်း ဘလော့အမည်မထည့်ထားတာပါ..။ ပြီးတော့ ကျမကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံများဖြစ်လို့ ဒီပန်းပုံတွေအတွက် Copy right မလုပ်ထားပါဘူး..။

Thank you very much ^_^
Hope to see you again on my little blog,,, Good Luck !!

Thursday 26 April 2012

မိနစ် vs စက္ကန့်

April 26, 2012 9 Comments

မိနစ်တွေထိုင်ရေတွက်နေတတ်တယ်တဲ့
အဲဒါဆိုရင်တော့ အချိန်တွေက ကြာသွားမှာပေါ့ ချစ်သူ
နေ့နဲ့တွက်ရင်တောင် ပြန်ဆုံရမယ့်ရက်တွေက
အဝေးကြီးလိုပါသေးတယ်…။

လနဲ့တွက်မယ်ဆိုလည်း လက်ဆယ်ချောင်းတောင် လောက်မှာမဟုတ်တော့
နင်ရင်မောမှာ စိုးရိမ်မိတယ်..

ဒါကြောင့် နှစ်တွေနဲ့ပဲ ရေတွက်ကြစို့လား
ဒါဆိုရင်…တစ်ဂဏန်းတောင်မပြည့်ပါဘူး…
ငါတို့ပြန်ဆုံကြဖို့……….. ♥♥ ♥♥ ♥♥

တစ်ကယ်တော့… မပြောခဲ့လို့သာပါ
ငါကတော့ တစ်စက္ကန့်ချင်း ရေတွက်နေမိသူတစ်ယောက်ပါ….။ 
 


 ♥♥.............................................................................................. ♥♥
(တခါတလေ မိနစ်တွေရေတွက်နေတတ်သော သူတစ်ယောက်အတွက် အမှတ်တရ)

Tuesday 24 April 2012

ဂျာမနီမှာ ပညာသင်ဖို့ အခွင့်အရေးများစွာထဲမှ တစ်ခု

April 24, 2012 18 Comments


မင်္ဂလာပါရှင်..
အခု သိပြီးသားသူများရော. မသိသေးမကြားဖူးသေးသောသူငယ်ချင်းများအတွက် ဂျာမနီနိုင်ငံမှာ ပညာသင်မယ်ဆိုရင်… ရနိုင်မယ့် ပညာသင်ဆု (Scholarship) တစ်ခုအကြောင်းကို မိတ်ဆက်ပေးပါရစေ..။
အဲဒီပညာသင်ဆုကတော့ ဂျာမနီနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာရှိတဲ့ ပညာသင်ဆုချီးမြှင့်ပေးအပ်တဲ့ အဖွဲ့အစည်းများစွာထဲမှာ အကြီးဆုံးထဲက တစ်ခုလို့ပြောနိုင်တဲ့ DAAD ပညာသင်ဆုအကြောင်းဖြစ်ပါတယ်..။
DAAD ဆိုတာကတော့ ဂျာမာန်လိုဆိုရင် Deutscher Akademischer Austauschdienst ဖြစ်ပြီး အင်္ဂလိပ် လိုဆိုရင် The German Academic Exchange Service ဖြစ်ပါတယ်…။ နှစ်စဉ်နှစ်တိုင်း DAAD ကနေပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ ပညာထူးချွန်သူများအား Master Course, Doctorate Course, Post doctorate Course, Research Grant အစရှိသဖြင့် ပညာသင်ဆုများအား ရွေးချယ်ချီးမြှင့်လာခဲ့တာ ဖွဲ့စည်းခဲ့တဲ့ ၁၉၂၅ ခုနှစ်ကတည်းကဆိုတော့ နှစ်ပေါင်းအများကြီးကြာခဲ့ပြီဖြစ် ပါတယ်..
မိတ်ဆက်လိုက်တာ တော်တော်များသွားပြီ. စိတ်ဝင်စားသူများ အသေးစိတ်ဖတ်ချင်ရင်တော့ www.daad.de  မှာ လေ့လာနိုင် ပါတယ်..။ 
ကျမအဓိက မျှဝေချင်တဲ့အချက်က အခုအချိန်မှာ DAAD ကနေ လျှောက်ဖို့ကြေငြာထားသော ဖွံ့ဖြိုး ဆဲနိုင်ငံများမှ ထူးချွန်ကျောင်းသားကျောင်းသူများအား ပေးအပ်မယ့် ပညာသင်ဆုတစ်ခုဖြစ်တဲ့ Postgraduate Courses for Professionals with Relevance to Developing Countries အကြောင်းဖြစ်ပါတယ်.. ။ နှစ်စဉ်နှစ်တိုင်း တောင်အမေရိက၊ အာဖရိကနဲ့ အာရှက ကျောင်းသူကျောင်း သားများအား ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါတယ်.. ။ လျှောက်နိုင်တဲ့ နယ်ပယ်များကတော့ 
 Economic Sciences / Business Administration / • Political Economics
• Development Co-operation
• Engineering and Related Sciences
• Mathematics
• Regional Planning
• Agriculture and Forest Sciences
• Environmental Sciences
• Medicine and Public Health
• Veterinary Medicine
• Social Sciences and Education and Law
• Media Studies
တို့ပဲ ဖြစ်ပါတယ်..။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂျာမာန်သံရုံးမှာ ၃၁-၇-၂၀၁၂ နောက်ဆုံး ထားပြီး လျှောက်နိုင်ပြီ ဖြစ်ပါတယ်..။ အင်္ဂလိပ်စာလိုအပ်ချက်ကတော့ IELTS band 6 or TOEFL 550 papar based score အနည်းဆုံးလိုအပ်ပါတယ်.. ။ ပြီးတော့ B.Sc တုန်းက အမှတ်ကောင်းကောင်းရထား မယ်.. ဆရာတစ်ယောက်နဲ့ လုပ်ငန်းခွင်က အဆင့်မြင့်အရာရှိတစ်ယောက်ယောက် ရဲ့ ထောက်ခံ စာကောင်းကောင်း လဲပါမယ်.. ကိုယ်လုပ်မယ့်နယ်ပယ်အတွက် Tentative research proposal ကလည်း အဆင့်မြင့်မြင့်ကောင်းကောင်းရေးထားမယ်ဆိုရင် ရဖို့လွယ်ကူပါတယ်..။ စက်တင်ဘာလလယ်လောက်မှာ သံရုံးကနေ လျှောက်လာတဲ့သူအားလုံးကို အင်တာဗျူးခေါ်ပါတယ်.. ပြီးတော့ အဲဒီအင်တာဗျူး မှာ ဖြေဆိုတဲ့ရလဒ်နဲ့အတူ DAAD ကိုလျှောက်လွှာတွေအားလုံးကို ပို့ပါတယ်..။ ဒီဇင်ဘာလကုန်ခါ နီးလောက် ဆိုရင် မိမိရွေးချယ်လျှောက်ထားခဲ့တဲ့ တက္ကသိုလ်မှ သက်ဆိုင်ရာပါမောက္ခမှ First Selection မှာ ရွေးချယ်ခံရသောသူများကို တယ်လီဖုန်းအင်တာဗျူးလုပ်ပါတယ်..။ အဲဒီမှာ အကောင်းဆုံးဖြေဆိုနိုင် မယ်ဆိုရင် Final Selection Announcement က ဇန်န၀ါရီလလယ်လောက်မှာ သိရပြီဖြစ်ပါတယ်..။ ကိုယ်လျှောက်တဲ့ Course က ဂျာမာန်လိုရော သင်ရမယ်ဆိုရင် Preparatory Language course ကို ၄ လ ခန့်တက်ရပါတယ်..။ English medium course ဆိုရင်တော့ German Preparatory Language course က ၂ လပဲတက်ရပါတယ်.။ Semester အစက အောက်တိုဘာလမှာ စလေ့ရှိတဲ့အတွက် တက်ရမယ့် Language course ပေါ်မှာမူတည်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် သို့မဟုတ် မေလမှာ ဂျာမနီကို လာရမှာဖြစ် ပါတယ်..။
ကျောင်းကိုသီးသန့်လျှောက်ဖို့မလိုပါဘူး.. DAAD ရဲ့ Application Form မှာ ကိုယ်စိတ်ဝင်စားတဲ့ Course ကို ရွေးချယ်ဖော်ပြရမှာပဲဖြစ်ပါတယ်..။ DAAD က ရွေးချယ်ပေးအပ်ထားတဲ့ မဟာဘွဲ့သင်တန်းတွေ အားလုံးက Internationally recognized Master degree course တွေချည်းဖြစ်ပါတယ်..။ အခုပြောပြတဲ့ ပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်ကို DAAD Scholarship Handbook မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်..။ ဖော်ပြပါ Course များစွာနဲ့ ပဲ မြန်မာနိုင်ငံ မှ နှစ်စဉ် ကျောင်းသားကျောင်းသူ ၂၀ မှ ၂၅ ဦးခန့် ဂျာမနီနိုင်ငံသို့ ပညာသင်ရောက် ရှိနေကြခြင်းဖြစ် ပါတယ်..။  တစ်ကယ်စိတ်ဝင်စားလို့ ကြိုးစားမယ်ဆိုရင် ရဖို့မခက်ခဲပါဘူး.. ပြီးတော့ ဒီပညာသင်ဆုနဲ့ဆိုရင် ဗီဇာရဖို့ကလည်း အလွန်လွယ်ကူပါတယ်.. ။ 

အခုတလောတော့ မြန်မာနိုင်ငံမှ လူငယ်များအတွက် နိုင်ငံတကာမှ ပညာရေးအခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာတာ တွေ့ရပါတယ်..။ AusAid Program လို့ခေါ်တဲ့ Australia မှ အဖွဲ့အစည်းတစ်ခုမှ လည်း မြန်မာလူငယ်များအတွက် သီးသန့်ခေါ်တဲ့ ၃၀-၄-၂၀၁၂ ရက်နောက်ဆုံးထားပြီး လျှောက်ရမယ့် ပညာသင်ဆုတစ်ခုအကြောင်းလဲ ကြားမိပါတယ်..။ နော်ဝေး၊ ဆွီဒင်အစရှိတဲ့နိုင်ငံများမှ ပညာသင်ဆုများကလည်း AIT, Thailand  မှာတက်မယ့်မြန်မာကျောင်းသူကျောင်းသားများအတွက် လျှောက်လွှာတွေခေါ်နေတာလည်း လေ့လာသိရှိရပါတယ်..။

ဒီပို့စ်ကိုဖတ်ပြီး ကျမမိတ်ဆက်ပေးသော ပညာသင်ဆုကို လျှောက်ဖို့ စိတ်ဝင်စားသူများရှိပါက သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်.. ။ ကျမတတ်နိုင်သလောက် ကူညီပေးနိုင်ပါတယ်.. ။ လုပ်ငန်းခွင်မှ သူငယ်ချင်းများအတွက်တော့ ဗဟုသုတအဖြစ် လာရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ 
:D အားတုန်းအမြန်ရေးလိုက်တာ ပို့စ်က နောက်က ကျားလိုက်သလိုမျိုး ရေးထားသလားမှတ်ရပါတယ် :D
အားလုံးကို ကျေးဇူးတင်ပါတယ်.. ခင်မင်လေးစားလျက် ပျော်ရွှင်ကြပါစေရှင် :)

Sunday 22 April 2012

နမ်းခွင့်ရပါရစေ ♥ ♥

April 22, 2012 17 Comments

ခေါင်းစဉ်ကြည့်ပြီးတော့ ဘာတွေများ အဲလောက်နမ်းခွင့်ရချင်နေပါလိမ့်လို့ တွေးမိကောင်း တွေးမိကြပါလိမ့်မယ်..။ Label ကိုကြည့်လိုက်တော့ လည်း My Own Feelings ဆိုတော့.. အင်းးး…ဘာပါလိမ့်ပေါ့  တကယ်လည်း ခံစားချက်အစစ်အမှန် ကို ရေးထားတဲ့ပို့စ်တစ်ပုဒ်ပါ.. :D

ကျမနမ်းခွင့်ရချင်တာက လူတစ်ယောက်ဆိုတာတော့ ဟုတ်ပေမယ့် သက်ရှိတော့ မဟုတ်ပါဘူး..။ ချစ်စရာမိန်းကလေးပုံစံ ရုပ်တုတစ်ခုပါ..။ ရုပ်တုများ ဘယ်အချိန်သွားနမ်းနမ်းရတာပေါ့ဆိုပြီး ပြောလို့တော့ မရပြန်ဘူး.. သူက မာနကြီးတဲ့ ရုပ်တုတစ်ခုပါ… နမ်းချင်တဲ့သူ သွားနမ်းလို့ မရပါဘူး။ ဒါပေမယ့် သူ့ကို ကမ္ဘာပေါ်မှာ အနမ်းခံရဆုံးမိန်းကလေး (The most kissed girl in the world) လို့ သတ်မှတ်ခေါ်ဝေါ်ပါတယ်..။ အဲဒီလိုဆိုတော့ သူ့ကို နမ်းခွင့်ရဖို့.. အရည်အချင်းတစ်ခုခုတော့ လိုအပ်မှာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်..။ သူ့အမည်က ဂျာမာန်လို Gänseliesel လို့ခေါ်ပါတယ်.. အင်္ဂလိပ်လိုဆိုရင် Goose Girl လို့ဘာသာပြန်နိုင်ပြီး မြန်မာလိုတော့ ဘဲငန်းတွေကို ထိန်းကျောင်းတဲ့ မိန်းမပျိုလေးလို့ အဓိပ္ပာယ်ရပါ တယ် ။

ခြင်းထဲမှာ ဘဲငန်းတစ်ကောင်၊ လက်ထဲမှာ ပွေ့ထားတာကတစ်ကောင်၊ လက်တစ်ဖက်မှာ ဆွဲထားတာ တစ်ကောင်နဲ့ ငန်းတွေကို ထိန်းကျောင်းတဲ့ မိန်းမပျိုလေးပုံပါ၊ ဒီပုံက ကိုယ်တိုင်သွားရိုက်ထားတာပါ..။
 
အဲဒီရုပ်တုလေးက ကျမအခုကျောင်းတက်နေတဲ့ Göttingen ဆိုတဲ့မြို့ရဲ့အလည်.. မြို့တော်ခန်းမ အဟောင်းရှေ့မှာ ၁၉၀၁ ခုနှစ်ကတည်းက ထုလုပ်ထားရှိတာဖြစ်ပါတယ်..။ ဒီရုပ်တုနဲ့ ပတ်သက်ပြီး.. တခြားရုပ်တုတွေလို ဒဏာရီလာ သမိုင်းကြောင်းတွေဘာတွေ မရှိပါဘူး…။ ဒီရုပ်တုမတိုင်ခင် အဲဒီနေရာမှာ တခြားရုပ်တုတစ်ခုရှိခဲ့ပြီး ယိုယွင်းပျက်စီးသွားခဲ့တာကြောင့် ၁၈၉၈ ခုနှစ်မှာမြို့တော်ကောင်စီက အဲဒီနေရာမှာ..မြို့အမှတ်အသားရုပ်တုတစ်ခု ထုလုပ်ထားရှိဖို့.. ဂျာမနီနိုင်ငံတစ်ဝှမ်းက ပန်းပုဆရာတွေကို အဆိုပြုလွှာတွေ ဖိတ်ခေါ်ခဲ့ပါတယ်..။ လျှောက်လာကြတဲ့ ဒီဇိုင်းများစွာထဲကမှ တာဝန်ရှိသူတွေ နဲ့ မြို့သူမြို့သားတွေအားလုံးရဲ့ ဆန္ဒပြုချက်နဲ့ ဗိသုကာပညာရှင် Heinrich Stöckhardt တင်သွင်းခဲ့တဲ့ Goose Girl လို့ခေါ်တဲ့ ရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံလေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသတဲ့..။ တခြားကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်းတွေအားလုံးထက် ရိုးရှင်းတဲ့ ဘဲငန်းတွေကို ထိန်းကျောင်းတဲ့ သာမာန် မိန်းမပျိုလေးတစ်ယောက်ရဲ့ပုံက အများပြည်သူလူထုရဲ့ ပုံရိပ်ကို ထင်ဟပ်တာကြောင့် ရွေးချယ်ခဲ့ခြင်ြး ဖစ်ကြောင်း သိခဲ့ရပါတယ်..။ အဲဒါကြောင့် အရိုးဆုံးက အဆန်းဆုံးလို့ ဆိုရိုးစကား ရှိခဲ့ကြ တာနေမှာပေါ့.. ။ အခုအချိန်မှာ ဆန်းကျယ်တယ်လို့ထင်တဲ့ အရာတွေက တချိန်ချိန်မှာ ရိုးသွားနိုင်တယ်လေ.. ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းသွားလာခြင်းကသာ ဘ၀မှာ အကောင်းဆုံးနည်းလမ်းပါ..။

အဲဒါနဲ့ပဲ အဲဒီနေရာမှာ အဲဒီရုပ်တုလေးဟာ မြို့အမှတ်အသားတစ်ခုအနေနဲ့ တည်ရှိခဲ့တာဖြစ်ပါ တယ်..။ မြို့လေးက တစ်ခြားမြို့တွေနဲ့နှိုင်းယှဉ်ရင် အလွန်သေးငယ်ပါတယ်..။ ဒါပေမယ့် ဒီမြို့လေးကို လူသိများစေတဲ့အချက်တစ်ခုက ကမ္ဘာ့တက္ကသိုလ်တွေအားလုံးထဲမှာ ၂၀၁၁-၂၀၁၂ စာရင်းအရ နံပါတ် ၆၉ အဆင့်ချိတ်ခဲ့တဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Georg-august-universität göttingen တည်ရှိခြင်းကြောင့် ဥရောပမှာရော ကမ္ဘာပေါ်မှာပါ ဒီမြို့ကို လူတော်တော်များများ သိကြခြင်းဖြစ်ပါတယ်..။  College Town လို့ခေါ်နိုင်လောက်အောင် မြို့ရဲ့လူဦးရေအချိုးအစားအများစု က အဲဒီတက္ကသိုလ်မှာ တက်ရောက် ပညာသင်နေကြတဲ့ ကျောင်းသားတွေဖြစ်ကြပြီး အရမ်း တိတ်ဆိတ်အေးချမ်း တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်..။

အဲဒီတက္ကသိုလ်ကနေ အဲဒီမြို့လေးမှာ ပြောခဲ့တဲ့ ရုပ်တုလေးထုလုပ်ထားရှိအပြီး ပထမဆုံး ဒေါက်တာဘွဲ့ရရှိ ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ရုပ်တုကို သွားနမ်းခြင်းကနေ စပြီး… ဒေါက်တာဘွဲ့ရရှိပြီးသူ ကျောင်းသားတိုင်း အဲဒီလိုပြုလုပ်တဲ့ အစဉ်အလာ တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်..။ ကျောင်းသားတိုင်း သွားနမ်းခွင့်မရှိပါဘူး.. တကယ်လို့သာ Ph.D ဘွဲ့ရတဲ့ကျောင်းသား မဟုတ်ဘဲ သွားနမ်းခဲ့ရင် အပြစ်ကျူးလွန်ရာကျပြီး.. တရားရုံးတွေအထိ ရောက်ခဲ့တဲ့အကြောင်း အင်တာနက်ထဲမှာဖတ်ရပါတယ်..။ Ph.D ကျောင်းသားကျောင်းသူများ ဟာ သူတို့ရဲ့ သက်ဆိုင်ရာ Thesis Defense အပြီး ဘွဲ့အပ်နှင်းလိုက်ပြီလို့ ကြေငြာခံရအပြီးမှာ Gänseliesel Kissing Party ကို ဂုဏ်ယူစွာနဲ့ ကျင်းပကြရပါတယ်..။ ပန်းတွေနဲ့အလှဆင်ထားတဲ့ လှည်းလေးထဲမှာ ဘွဲ့ရကျောင်းသား/သူက ထိုင်ပြီးတော့ ချစ်တဲ့သူငယ်ချင်းများက ကျောင်းကနေ အဲဒီမြို့လယ်ထိ ဆွဲသွားကြပါတယ်..။ ပြီးတော့ ဆရာများ အပေါင်းအသင်းများ ခြံရံပြီးတော့ ချစ်စရာမိန်းမလှရုပ်တုလေးကို နမ်းပါတယ်…။ အဲဒီအချိန်မှာ မိန်းကလေးမှာလည်း ပန်းတွေဝေဆာလို့ပါပဲ..။ ပြီးရင်တော့ အားလုံးအဲဒီနေရာမှာ ပျော်ရွှင်စွာနဲ့ ရှန်ပိန်၊ ၀ိုင်၊ အချိုရည်တွေစသဖြင့် သောက်သုံးချီးမြှင့်ကြပါတယ်..။ တစ်ချို့ရွာဘက်ကနေလာတဲ့ ဂျာမာန်ကျောင်းသားတွေဆိုရင် ရွာကဆွေးမျိုးအပေါင်းအသင်းတွေပါလာကြပြီး အတီးအမှုတ်တွေ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပကြပါတယ်..။ အဲဒီအချိန်အခါဟာ ၃ နှစ်လောက် ကြိုးစားအားထုတ်လိုက်ရတဲ့ သူတွေအတွက် အပျော်ဆုံးအချိန်အခါပဲ ဖြစ်ပါတယ်..။ Ph.D ဘွဲ့ရ ကျောင်းသားကျောင်းသူများသာ နမ်းခွင့်ရတဲ့ အဲဒီအခွင့်အရေးကို တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ဆန်ဆန် ကျင်းပလာခဲ့တာ နှစ်ပေါင်း အများကြီးကြာခဲ့ပါပြီ..။ မြို့ရဲ့အမှတ်အသားရုပ်တုမှာ ကျောင်းရဲ့ အစဉ်အလာတစ်ခုအနေနဲ့ လုပ်တဲ့ ဒီလိုအခမ်းအနားမျိုးအတွက် ကျန်တဲ့ကျောင်းသားတွေအနေနဲ့ အားကျစိတ်တွေဖြစ်ခဲ့ရပါတယ်.. ။ 
 ဒီပုံက အင်တာနက်ထဲက ရှာထားတာပါ.. Kissing Party အချိန်မှာ ပန်းစည်းတစ်ပွေ့တစ်ပိုက်နဲ့ လှပနေတဲ့ မိန်းမပျိုလေးပါ..။
 ဒီပုံကလည်း အင်တာနက်ထဲကနေပဲ ရှာထားတာပါ.. ဘွဲ့ရကျောင်းသားတစ်ယောက်ရဲ့ ပျော်ရွှင်မှုအပြည့်နဲ့ ဂုဏ်ယူအနမ်းတစ်ပွင့်ပေါ့..။ 

 မြို့တော်ခန်းမရှေ့က သူမတည်ရှိနေတဲ့ ပုံစံပါ..။ ကျောက်တုံးလေးပေါ်ကနေတစ်ဆင့် အပေါ်အထိရောက်အောင် တက်သွားပြီး နမ်းကြရပါတယ်..။ ဘ၀ရဲ့အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုမှာ ကျင်းပခွင့်ရတဲ့ ဒီလိုအခမ်းအနားမျိုးအတွက် ဘယ်ကျောင်းသား/သူမဆို ပျော်ရွှင်ဂုဏ်ယူနေကြမှာပါ..။ တခြားမပြီးသေးတဲ့သူငယ်ချင်းတွေ..၊ Bachelor/ Master ကျောင်းသားတွေရဲ့ ဂုဏ်ယူအားကျနေတဲ့ မျက်လုံးတွေကြားထဲမှာ... သူတို့တွေရဲ့ မိဘတွေ၊ ချစ်သူတွေလည်း သူတို့အတွက် ထပ်တူဂုဏ်ယူပျော်ရွှင်ကြတဲ့ အချိန်အခါလည်းဖြစ်ပါတယ်.။

ဒီလောက်ဆိုရင်တော့ ကျမဘာကြောင့် သူမကို နမ်းခွင့်ရချင်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်..။ Master ဘွဲ့ရကျောင်းသားကျောင်းသူများကတော့ နမ်းခွင့်မရတာမို့ ဒေါက်တာဖြစ်မှပဲ သူ့ကို နမ်းခွင့်ရမှာဖြစ်ပါတယ်..။ ကမ္ဘာပေါ်က တခြားတက္ကသိုလ်တွေမှာလည်း အခုလိုမျိုး တခြားထူးခြားတဲ့ အစဉ်အလာတွေလည်း ရှိကြမှာပါ.။  ကျမတက်နေတဲ့ တက္ကသိုလ်ရဲ့ ထူးခြားတဲ့ အစဉ်အလာအခမ်းအနား တစ်ခုကို ဝေမျှခွင့်ရတဲ့အတွက် ဒီပို့စ်အတွက် တစ်ကယ်ပျော်ရွှင်ကျေနပ်ပါတယ်..။ အားလုံးကို ကျေးဇူးတင်ပါတယ်..။

 စောင့်နေပါ ဂန်ဆယ်လီဆယ်လ်… 
တစ်နေ့နေ့တော့ နင့်ဆီအရောက် ငါပြန်လာပြီး နင့်ကို မြတ်နိုးစွာ နမ်းခွင့်ရဖို့ ငါကြိုးစားမှာပါ.. ♥ ♥
♥ ♥ .................................................................... ♥ ♥

Ref: http://en.wikipedia.org/wiki/G%C3%A4nseliesel
http://www.uni-goettingen.de/en/1.html

Thursday 19 April 2012

For Your Refreshment .. :)

April 19, 2012 17 Comments

ဒီနေ့ကျောင်းက ပြန်ရောက်တော့ စာတိုက်ပုံးထဲမှာ စာတွေလာသလားလို့ ဖွင့်ကြည့်ရင်းနဲ့ ဖိတ်စာတစ်ခု ရောက်နေခဲ့တယ်...။ အခုက Semester အစဆိုတော့ Gathering တစ်ခု ဖိတ်တာပါ..။ ဖိတ်စာ အဖုံးကိုကြည့်ပြီး ရယ်ချင်သလိုလိုဖြစ်လို့.... သူငယ်ချင်းတွေရော အားလုံးခံစားနိုင်အောင် ဒီိပို့စ်လေး ရေးဖြစ်သွားတာပါ..။ 
ဖိတ်စာအဖုံးက ဒီလို ဒီလို :) :)
ဟိဟိ သဘောကျဖို့ကောင်းတယ်နော်...။ အဲဒါက Semester အစမှာ အားလုံးဆုံပြီး တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေ ဝေမျှဖို့၊ နောက်ပြီး ၀တ်ပြုဆုတောင်းပွဲလုပ်ဖို့... ဖိတ်တာပါ.... ကျောင်းသားကျောင်းသူတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနွေးထွေးစေဖို့နဲ့.. ပြီးတော့ အတူတကွ ဆုတောင်းပွဲလုပ်ကြမှာဆိုတော့ ရည်ရွယ်ချက်နဲ့ လိုက်ဖက်အောင် အဲဒီလိုပုံနဲ့ သရုပ်ဖော် လိုက်တာထင်ပါတယ်...။

ကျမငယ်ငယ်တုန်းက အိမ်မှာ ဖုန်းဆက်တယ်ဆိုပြီး အဲလိုမျိုး နို့ဆီဗူး ၂ ခုမှာ ကြိုးချည်ပြီး ကစားဖူးတယ်..။
ငယ်ငယ်လေးတုန်းက ဖုန်းဆိုတာ အိမ်မှာ ရှိတာမဟုတ်တော့ အရမ်းပြောချင်ပြီး... သူငယ်ချင်း တစ်ယောက် နဲ့ အဲလို အမြဲကစားတယ်..။ တကယ်လည်း အသံက ကြိုးမှာ လျှောက်သွားပြီး ကြားတော့ကြားရတယ်..။ ကလေးဆိုတော့ ဘာမှသိပ်မသိတော့ ကြိုးအရှည်ကြီးသုံးပြီး နို့ဆီဗူး ၂ ဗူးမှာ ချည်ပြီးတော့ သူ့အိမ်နဲ့ ကိုယ့်အိမ်ဆက်ထားရင် ပြောလို့ရမှာပဲလို့ထင်ပြီး သူငယ်ချင်းနဲ့ အဲလိုလုပ်ကြဖို့တောင် ပြောခဲ့ကြတာ မှတ်မိသေးတယ်..:)

အခုဖိတ်တဲ့ပွဲက ခရစ်ယာန်ဘာသာဝင်တွေလုပ်ကြတာဆိုတော့ သွားတော့ မသွားဖြစ်ပါဘူး..။ ဗဟုသုတနည်းတယ်ပဲပြောပြော သိပ်မသိတာမို့လို့ အခုဖိတ်စာပါဓါတ်ပုံက အဲဒီဘာသာအတွက် အဓိပ္မာယ် တစ်ခုခုရှိတယ်ဆိုရင်တော့  ဘာသာဝင်တွေအားလုံးကို တောင်းပန်ပါတယ်..။ ပျက်ရယ်ပြုတာ မဟုတ်ရပါဘူး..။ Gathering လုပ်မယ့် ရယ်ရွယ်ချက်ရယ် ရေးထားတဲ့စာအတိုင်းရယ် သရုပ်ဖော်ထားတယ် ထင်မိလို့ပါ..။ ပြီးတော့ ငယ်ငယ်တုန်းက ကစားခဲ့တာနဲ့တိုက်ဆိုင်နေတော့ သူတို့စိတ်ကူးကို သဘောကျမိလို့..။ ဟိုတစ်လောက ဖေ့ဘွတ်မှာ တော်တော်ရှယ်လိုက်ကြတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ယောက်က Angry Birds ကို မူပိုင်တံဆိပ် ဆိုပြီးတော့ သတင်းစာမှာ ကြေငြာသလို ဒါလည်း ငါတို့မြန်မာနိုင်ငံမှာ ငယ်ငယ်ကတည်းက ဆော့ခဲ့တဲ့ အိုင်ဒီယာကို ကူးချထားတယ်ဆိုပြီး သွားပြောရင် ကောင်းမလားလို့ :) :)
ဘာပဲဖြစ်ဖြစ် ဒီပုံကိုမြင်တော့ ငယ်ငယ်တုန်းက ကစားခဲ့ကြတာကို သတိရတယ်..။ ဖုန်းဆိုတာ ရှားပါးပစ္စည်းပါလားလို့ ထင်ခဲ့ဖူးတဲ့အချိန်တွေကိုလည်း သတိရမိတယ်.. :)

**.............................................................................. **
Thank You all !! Be Always HAPPY!!

Wednesday 18 April 2012

ပန်းချစ်သူ..♥♥

April 18, 2012 8 Comments

 ♥♥ ♥♥ ♥♥
ပန်းတစ်ပွင့်ရဲ့အလှကို
ပေါ်လွင်အောင် ဖွဲ့နွဲ့တတ်တဲ့ ကဗျာဆရာတစ်ယောက်တော့ မဟုတ်ရပါဘူး…
သူတို့အလှက စာဖွဲ့လို့ မမီနိုင်လောက်တာမို့
စပ်ဆိုလိုက်ရင် အလှတွေလျော့ကုန်မှာ စိုးမိတယ်

ငါ့အလှတွေ ပိုပေါ်လွင်စေဖို့
ပန်းလေးတွေကို အသုံးချ ပန်ဆင်တတ်တဲ့သူလည်း မဟုတ်ရပါဘူး….။ 
ငါ့အခန်းလေး မွှေးပျံ့စေဖို့
ချိုးယူဖဲ့ချွေ ပန်းအိုးလေးထဲမှာ အကျဉ်းစံ
အလှဆင်ဖို့လည်း မရည်ရွယ်မိသူပါ..။
ပျားပိတုန်းတွေ ရစ်ဝဲနေရင်တောင်မှ
ချွေယူသွားမယ့် ၀တ်ရည်တွေအတွက် ကိုယ်စားနှမြောနေမိတတ်တယ်…။ 

မလွန်ဆန်နိုင်တဲ့ သဘာဝတရားကြောင့်
ပွင့်ဖတ်လေးတွေညှိးရော်
ကြွေကျမြေခသွားခဲ့မယ်ဆိုရင်
ပန်းလေးတွေနဲ့အပြိုင် ၀မ်းနည်းမိမယ့်သူပါ..။
ပန်းလေးတွေရေ…. ဖြစ်နိုင်ရင်တော့
ခြွေလည်းမခြွေ… ပန်လည်းမပန်ဆင်ပဲ
အပင်ပေါ်မှာပဲ.. ထာဝရတည်ရှိစေချင်မိတယ်…။

ပန်းလေးတွေရဲ့ ဖြစ်တည်မှုအတွက်
ကြည့်နေမြင်နေရရုံနဲ့ ကျေနပ်နေမယ့်သူတစ်ယောက်
ဒီကမ္ဘာကြီင်္းပေါ်မှာ.. တည်ရှိနေတယ်ဆိုတာ…
သူတို့တော့ သိနိုင်မယ်မထင်ပေမယ့်
သူတို့တွေက ကျမဘ၀ရဲ့ ပျော်ရွှင်မှုတွေကို
တစိတ်တပိုင်း ဖန်တီးပေးသူတွေပဲ ဖြစ်ပါတယ်..။ 
♥♥ ♥♥ ♥♥


ဒီတစ်နေ့တော့
ချစ်တဲ့ကံ့ကော်ပန်းတွေအတွက်
ပုံတူလေးတစ်ခု ဖန်တီးခဲ့မိတယ်…။
ဖန်တီးခဲ့မိတဲ့ ပုံလေးတစ်ပုံကြောင့်
ကံ့ကော်လေးတွေရဲ့အလှ လျော့သွားခဲ့မယ်ဆိုရင်
ဖန်တီးမိသူ ကျမမှာပဲ အပြစ်ရှိပါတယ်…။
ကံ့ကော်ပွင့်လေးတွေ ကျေနပ်ဂုဏ်ယူမနေဘူးဆိုရင်တောင် 
သူတို့အပေါ်မှာ ထားတဲ့အချစ်တွေကြောင့်
ကျမရဲ့ဖန်တီးမှုအတွက် စိတ်ဆိုးကြမယ် မထင်ပါဘူး..
♥♥ ♥♥ .................................................................. ♥♥ ♥♥ 

တစ်နေ့က သူငယ်ချင်းတစ်ယောက်ရေးတဲ့ ကံ့ကော်နဲ့ဆိုင်တဲ့ ကဗျာလေးကို သွားဖတ်ပြီး ကံ့ကော်ပန်းတွေ မြင်ပြီးကတည်းက ပုံဆွဲချင်နေခဲ့တာ.အဲဒါနဲ့ ဒီနေ့တော့ ဆွဲကြည့်မိတယ်..။ ဆွဲပြီးတော့ အလကားမနေပဲ ဘလော့ပေါ်တင်ချင်ပြန်ရော... :)
အဲဒါနဲ့ ပန်းတွေနဲ့ ပတ်သက်ပြီး  စိတ်ထဲမှာ ရှိတဲ့အတိုင်း ခံစားမိတဲ့အတိုင်း ရေးထားတာပါ...။ ပန်းတွေကို ကြည့်ရတာ ၀ါသနာပါတယ်..။ အပင်ပေါ်မှာ ရှိနေတဲ့အတိုင်းပဲ ကြည့်ချင်ပြီး ပန်းစည်းတွေ ဘာတွေဆို လုံးဝမကြိုက်ပါဘူး..။ အပင်ပေါ်မှာရှိနေတဲ့ ပန်းတွေရဲ့ အလှကို ကြည့်ရတာပဲ စိတ်ဝင်စားတာပါ..
(မှတ်ချက်.. ပုံပေါ်ကို ကလစ်ပြီး ကြည့်ရင် ပိုကြည်ပြီး ကြည့်ရတာ ပိုပြတ်သားတယ်.. ဟိဟိ အဲလို ကြော်ငြာသေးတာ :))

Thanks A lot for ur KIND Visit !!! 

Tuesday 17 April 2012

အာဖရိက ပုံရိပ်များ ☺ ☺

April 17, 2012 13 Comments

မင်္ဂလာနှစ်သစ်ပါရှင်…..
အာဖရိကတိုက်ရဲ့ တိုးတက်တဲ့နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့   တောင်အာဖရိကနိုင်ငံကို ရောက်ခဲ့ စဉ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံများကို ဝေမျှပါရစေ…။
သွားခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာလမှာဖြစ်ပါတယ်..။ အဲဒီအချိန်မှာ… ဂျာမနီမှာက နှင်းတွေ သိပ်မ ကျသေးပေမယ့် ၀ ဒီဂရီလောက် နီးနီးပဲ အေးခဲနေတဲ့အချိန်မှာ.. တောင်အာဖရိကနိုင်ငံမှာ ပျမ်းမျှအပူချိန် ၃၅ လောက်နဲ့ပူနေဆဲအချိန် အခါဖြစ်ပါတယ်..။ အဲဒါကြောင့် ကွာခြားတဲ့ရာသီဥတုနှစ်မျိုးရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို တော်တော်ခံလိုက်ရပါသေးတယ်..။
တောင်အာဖရိကကိုသွားဖို့အတွက် ဒူဘိုင်းကနေတစ်ဆင့်သွားပါတယ်..။ Frankfurt International Airport ကနေ ဒူဘိုင်းကို ၆ နာရီကျော်ကြာကြာ လေယာဉ်စီးပြီး.. ဒူဘိုင်းမှာ ၅ နာရီလောက် ထရန်စစ်စောင့် ခဲ့ရတယ်..။ UAE Visa ကမပါတော့ အပြင်လည်း ထွက်လို့မဖြစ်ဆိုတော့ လေဆိပ်ထဲကနေပဲ ဒူဘိုင်းမြို့ရဲ့ အလှကို လှမ်းငေးနေခဲ့ရပါတယ်….။
 ဒူဘိုင်းမြို့အလှ .. လှမ်းမြင်ရတာတော့ တော်တော်လှမယ့်ပုံပဲ.. ဒါပေမယ့် ရာသီဥတုကတော့ ပူမယ်ထင်တယ်..။

ဒူဘိုင်းကနေ တောင်အာဖရိကနိုင်ငံက ဒူရာဘန်ဆိုတဲ့ပင်လယ်ကမ်းခြေမြို့ကို ၉ နာရီလောက်လေယာဉ် ဆက်စီးရပါတယ်…။ အဲဒီအချိန်က ဒူရာဘန်မှာ… ကုလသမဂ္ဂရဲ့ ၁၇ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျုက်ရေးဆိုင်ရာ ညီလာခံ (COP-17) ကို ကျင်းပမယ့်အချိန်လည်းဖြစ် တာကြောင့် ကမ္ဘာအနှံ့က ကိုယ်စားလှယ်တွေ အများကြီးလာကြတဲ့ အချိန်ပါ..။ လေဆိပ်ကနေစလို့ တစ်မြို့လုံးလိုလိုမှာ Green Revolution နဲ့ ပတ်သက်တာတွေကို ပညာပေးအနေနဲ့ အလှဆင်ထားကြပါတယ်…။ 

 လေဆိပ်က ကြမ်းပြင်တွေမှာ ရေးထားတဲ့ ဒီစာစုကိုတော့ အကြိုက်ဆုံးပဲ.. တိုတိုလေးနဲ့ အဓိပ္ပာယ်ရှိတယ်။

ရောက်တဲ့နေ့ညက ဟိုတယ်မှာ မီးပျက်နေခဲ့တယ်..။ အဲဒီလိုပျက်တာ ခဏခဏပဲတဲ့..။ သူတို့ဆီမှာလည်း မီးပျက်တာပါပဲ..။
 Seminar လုပ်တဲ့ အခန်းကို သွားတဲ့လမ်းလေးပါ.. အခန်းနာမည်တွေကို  တိရိစ္ဆာန် အမည်တွေ ပေးထားတာပါ..။ အဲဒီဟိုတယ်က တောတောင်သဘာဝ အလှအပတွေကို အခြေခံပြီး တည်ဆောက်ထားတာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို အဲဒီမှာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်..။
နေခဲ့တဲ့အခန်းလေး..။ Double room ဆိုတော့ အင်ဒိုနီးရှားကနေ လာတဲ့ မိန်းကလေးတစ်ယောက် နဲ့ နှစ်ယောက်အတူတူတည်းခဲ့ရပါတယ်..။ 
ဒူရာဘန်မြို့က သန့်ရှင်းပြီး လှလည်းလှတယ်.. ကမ်းခြေနဲ့ မြို့ကလည်း တစ်ဆက်တည်းပဲ..
ကမ်းခြေကတော့ Really Sand Beach ပဲ.. အရမ်းလှတယ်.. လှိုင်းတွေနဲ့ ကစားရင်တော့ တော်တော်ပျော်ဖို့ကောင်းမှာ.. ဒါပေမယ့် အချိန်မရလို့ မကစားခဲ့ရဘူး.. ။
Tala Game Reserve လို့ခေါ်တဲ့ တောရိုင်းတိရိစ္ဆာန်သဘာဝဥယျာဉ်ကို သွားလည်ခဲ့တဲ့ပုံတွေပါ..။ Game Reserve ဆိုတာက တိရိစ္ဆာန်တွေကို သူတို့ရဲ့ သဘာဝအတိုင်း သူတို့နေရင်းဒေသအတိုင်း တောထဲမှာ လွတ်လွတ်လပ်လပ်လွှတ်ထားတဲ့ ဥယျာဉ်ပါ...။ အာဖရိကသတ္တ၀ါတွေပဲဆိုတော့ သူတို့ရဲ့နေရင်းဒေသ အစစ်အမှန်မှာ ကျက်စားရတာဆိုတော့လည်း အကောင်လေးတွေက ၀ဖြိုးလို့ ကြည့်ရတဲ့သူတွေအတွက် စိတ်ချမ်းသာပါတယ်..။
ရိုက်ခဲ့တဲ့ထဲမှာဒီဓါတ်ပုံကို အကြိုက်ဆုံးပဲ.. :) 
အဲဒီလို ကားနဲ့ ဥယျာဉ်ထဲမှာ လည်ရတယ်..။ ဂိုက်မလိုပါဘူး.. ကားမောင်းတဲ့သူကပဲ အားလုံးသိချင်တာကို ကျေနပ်တဲ့အထိ စိတ်ရှည်ရှည်ရှင်းပြပေးတယ်..။ မြင်းကျားအထီးနဲ့အမ ဘယ်လိုခွဲခြား မလဲလို့ တစ်ယောက်ကမေးတော့ အထီးက Black and White Alternate နဲ့ အမကတော့ White & Black Alternate လို့ ပြန်ပြောလို့ မေးတဲ့ တစ်ယောက်မှာ ရယ်ရမလို ငိုရမလို.. :)


ကျားတော့မတွေ့ခဲ့ဘူး.. ဒါပေမယ့် ကျားဖြူရော ကျားဝါရော နေပြည်တော်မှာ မြင်ခဲ့ဖူးတော့ သိပ်ကိစ္စမရှိပါဘူး..။ သစ်ကုလားအုတ်တွေနဲ့ မြင်းကျား၀၀လေးတွေကြည့်ရတာနဲ့ကို အရမ်းပျော်ခဲ့တယ်..။
♥ ..........................................................................................................

Thank you all and wishing you all happy Myanmar new Year

Follow Us @soratemplates