Showing posts with label Sharing. Show all posts
Showing posts with label Sharing. Show all posts

Saturday, 12 June 2021

Their opinion ???

June 12, 2021 0 Comments

 


မြန်မာမှာ မတ်လနဲ့ ဧပြီလအတွင်း အင်တာနက်တွေအပိတ်ခံလိုက်ရတာ အားလုံး ကြားကြ/သိကြမယ်ထင်တယ်။ ကိုဗစ်ကာလမှာကတည်းက လူတွေဟာ အင်တာနက်ကိုပဲ အသုံးချပြီး အလုပ်လုပ်ကြ/ဆက်သွယ်ကြ/ပညာသင်ကြ/စီးပွားရှာကြရာက အရာအားလုံးဟာ မှောင်အတိကျသွားကြတယ်။ လုပ်သမျှအားလုံးကို တိကနဲရပ်ပစ်ရပြီး လမ်းတွေပျောက်ကာ ဘာတွေဖြစ်သွားမှာလဲဆိုတဲ့ မရေမရာအတွေးတွေနဲ့ ဘဝဟာ အဓိပ္ပာယ်မဲ့သွားသလို ဖြစ်သွားကြတယ်။ ပြေးနေတဲ့သူတစ်ယောက် ရုတ်တရက်ရပ်လိုက်တော့ အမော့ဆို့သွားသလိုမျိုး။

ရန်ကုန်လိုမြို့ကြီးတွေမှာတော့ FTTH service providers တွေ အများကြီး ရွေးချယ်စရာရှိတော့ အခက်အခဲဟာ နယ်တွေမှာ ပိုများနိုင်တယ်။ နယ်တွေမှာက FTTH ရတဲ့ နေရာဆိုတာ အကန့်အသတ်နဲ့ရှိနေသေးတာကိုး.။ ကျွန်မအလုပ်သစ်တစ်ခုကို ပြောင်းလိုက်တဲ့ ၂၀၂၀ ဒီဇင်ဘာလကတည်းက အိမ်မှာပဲ teleoworking လုပ်ဖြစ်တယ်။ ကျွန်မနေတဲ့နေရာမှာ FTTH network မရှိတော့ broadband wifi ကိုပဲ သုံးနေခဲ့တာ။ အလုပ်လုပ်ရင်း အလုပ်ကသင်တန်းတွေရော၊ edx ကသင်တန်းတွေရော တက်လက်စတွေရှိနေတယ်။ အင်တာနက်တွေပိတ်လိုက်တဲ့အခါ ကျွန်မမှာ အရေးကြီးတဲ့အစည်းအဝေးတွေကို လမ်းဘေးဝိုင်ဖိုင်ရတဲ့နေရာမှာ ရှာသုံးရတဲ့အထိ အခြေအနေဖြစ်သွားခဲ့ပါသေးတယ်။ 

အဲဒီလိုနဲ့ FTTH network ရှိတဲ့ နေရာက အိမ်ခန်းတစ်ခုမှာ အင်တာနက်တပ်ဖို့ ကုမ္ပဏီတစ်ခုကို စာရင်းပေးခဲ့တော့ တစ်လခွဲလောက်အကြာမှ တပ်ဖို့လာကြည့်ကြတယ်။ မျှော်လင့်ချက်တွေနဲ့ ကျွန်မမှာ ထပ်ပြီးမျှော်လင့်ချက်မဲ့ရပြန်တာပါပဲ.။ အင်တာနက်ကြိုးတွေက ကျွန်မအိမ်နားထိမရောက်သေးလို့ သူတို့ network ချဲ့ပြီးချိန်ထိ နောက်ထပ် ၂ လလောက် ထပ်စောင့်ရဦးမယ်ဆိုပဲ။ လူတိုင်းလိုလိုဟာ အင်တာနက်နဲ့ ချိတ်ဆက်အလုပ်လုပ်နေရတာဆိုတော့ အိမ်နားက လူတွေရော ဘာတွေများသုံးနေကြသလဲ သိရရင် ကျွန်မအတွက် နောက်ထပ်ရွေးချယ်စရာ အင်တာနက်လိုင်းရမှာပဲဆိုတဲ့အသိနဲ့ ဘေးအိမ်က လူတစ်ယောက်ကို မေးလိုက်မိတယ်။ သူဖြေတဲ့အဖြေကြားချိန်မှာ ကျွန်မဟာ မြန်မာကလူတွေအခြေအနေကို လုံးဝသဘောပေါက်သွားခဲ့ရပြီး ဆွံ့အသွားခဲ့ရတာ။ သူပြောတာက "mobile network တွေမှာ banking app တွေ ပြန်ဖွင့်ပေးနေပြီမို့ အဲဒါပဲ သုံးတော့တယ်။ ကျွန်တော်က facebook မကြည့်တော့ အင်တာနက်မလိုဘူးလေ" တဲ့။ 

အဲဒီကာလက တကယ််တမ်းတော့ သတင်းစီးဆင်းမှုတွေ ရပ်စေချင်လို့ မြန်မာကလူတွေဟာ facebook ကိုအဓိကထားသုံးပြီး သတင်းဖလှယ်ရာနေရာမို့ အင်တာနက်တွေကို တမင်အဖြတ်ခံထားရတာလေ။ ကျွန်မအမြင်ကတော့ ဒီလူရဲ့အတွေးမှာ ကျွန်မအင်တာနက်ကို အသည်းအသန်တပ်ချင်နေတာဟာ facebook ကြောင့်လို့ ထင်နေပုံရတယ်။ မြန်မာက နယ်တော်တော်များများမှာ အင်တာနက်ဆိုတာနဲ့ facebook ပဲ ပြေးမြင်ကြတာမဟုတ်လား။ သူပြောတဲ့စကားအသွားအလာဟာ အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီနေရာမှာတော့ ကျွန်မဘာမှ ထပ်မရေးလိုတော့ပါဘူး။ အားလုံးဆက်စပ်စဉ်းစားနိုင်မယ်ထင်တယ်။ သူ့ကို ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်လို့သာ ယဉ်ယဉ်ကျေးကျေးပြန်ပြောခဲ့ပြီး ဘာမှ ဆက်မရှင်းပြခဲ့တော့ပါဘူး။ တကယ်တမ်းတော့ အင်တာနက်ဆိုတာ ကျွန်မတို့ကို ကမ္ဘာကြီးနဲ့တင်မက စကြာဝဠာ/နေအဖွဲ့အစည်း/ဂြိုလ်တွေနဲ့ပါ ဆက်သွယ်ပေးထားတဲ့နေရာဖြစ်ကြောင်း၊ ဒီအင်တာနက်ကို အသုံးချအလုပ်လုပ်ပြီး ဝင်ငွေတွေ ဒေါ်လာများစွာ ရှာလို့ရကြောင်း၊ သင်ချင်တဲ့ပညာကို အိမ်ထဲကနေ လေ့လာရုံနဲ့ ကမ္ဘာ့အနှံ့က တက္ကသိုလ်/အဖွဲ့အစည်းတွေက လက်မှတ်တွေ/ဘွဲ့တွေကို ရနိုင်ကြောင်း စသဖြင့်သော အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ 

တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာ လက်ရှိနေနေသူတွေ၊ ယုတ်စွအဆုံး ရန်ကုန်မြို့ကြီးမှာ နေကြသူတွေ၊ ပညာနဲ့အသက်မွေးသူတွေကတော့ ဒီခေတ်ကြီးမှာ အဲလိုလူမျိုးတွေရှိသေးတာလားလို့ အံ့ဩကောင်း အံ့ဩကြလိမ့်မယ်။ နယ်တွေမှာ အင်တာနက်ဆိုတာနဲ့ Facebook ပဲ ပြေးမြင်ကြတဲ့/ဖတ်စရာလေ့လာစရာဟာ Facebook ပေါ်မှာ အားလုံးရနိုင်တယ်လို့ထင်တဲ့ လူတွေအများကြီးရှိတယ်။ ဒါတောင် သူတို့ဟာ အခြားသူတွေထက်စာရင် advanced ဖြစ်တယ်လို့ ဆိုနိုင်တယ်နော်။ ဘာမှ မဖတ်ရှု/မလေ့လာဘဲ ဦးနှောက်ကို ဒီအတိုင်းပစ်ထားတဲ့သူတွေဆိုတာ ပိုများတယ်။ ဦးနှောက်ကို ပိုကောင်းအောင်/ပိုတွေးတောဆင်ခြင်နိုင်အောင် လေ့ကျင့်မှုမလုပ်တဲ့အခါ ဘဝမှာ ကြုံတွေ့ဖြစ်ပျက်တာတွေကို အဲဒီဦးနှောက်/အဲဒီအသိတရားနဲ့ ဘယ်လိုများ သုံးသပ်ဆုံးဖြတ်ကြပါ့မလဲ၊ မှန်ကန်တဲ့ဖက်ကိုရောက်အောင် ဆုံးဖြတ်နိုင်ကြပါ့မလား ???

Monday, 18 March 2019

#Pay_Respect

March 18, 2019 0 Comments
လူတွေမှာ အဓိကအားဖြင့် ကံတရားက (၂) မျိုးရှိတယ်။ တစ်မျိုးက ကိုယ်တိုင်ပြုလုပ်တဲ့ကံပေါ့။ အဲဒီအတွက် ကိုယ်ကြိုးစားရင်ကြိုးစားသလို၊ ဆင်ခြင်ရင် ဆင်ခြင်တဲ့အလျောက် ကောင်းတဲ့ကံဖြစ်အောင် လုပ်လို့ရသလို ကိုယ့်ရဲ့အသုံးမကျမှု၊ လုံ့လအားထုတ်မကြိုးစားမှုကြောင့် ဆိုးတဲ့ကံလည်းဖြစ်သွားနိုင်ပါတယ်။ ဒါကိုတော့ ပစ္စုပ္ပန်ကံ၊ ယခုဘဝကံလို့လည်း ခေါ်ကြပါသေးတယ်။ ကိုယ့်ရဲ့ပယောဂမပါဘဲ သူ့အလိုလိုဖြစ်ပျက်ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ကံကတော့ နောက်တစ်မျိုးပေါ့။ အဲဒါကိုတော့ လောကဓံ၊ အတိတ်ကံလို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဥပမာ ထီပေါက်တာမျိုး၊ ရုတ်တရက် accident ဖြစ်တာမျိုး၊ အမှုအခင်းဖြစ်တာမျိုးတွေက လောကဓံတွေပဲ မဟုတ်လား။

လူတွေဟာ လောကဓံအလှည့်အပြောင်းမှာ နိမ့်ရာက မြင့်လာနိုင်သလို မြင့်ရာကနေလည်း ရုတ်တရက် နိမ့်ဆင်းသွားနိုင်ပါတယ်။ အဲဒီလို လောကဓံကြောင့် ကံကောင်းအကြောင်းလှလို့ ကိုယ်က မြင့်တဲ့နေရာမှာ ရောက်နေတဲ့အခိုက် ကိုယ့်ထက်နိမ့်ကျသူ၊ အားနည်းသူကို မနှိမ်ချသင့်၊ အထင်အမြင်မသေးသင့်ပါဘူး။ ကိုယ်က အမြင့်ကိုရောက်နေတဲ့အခါ ကိုယ့်အောက်မှာရှိနေတဲ့၊ ကျန်နေတဲ့သူတွေကို ကိုယ့်လောက်မတော်၊ မတတ်ဘူးဆိုတဲ့အတွေးမျိုးနဲ့ စိတ်ကြီးဝင်ပြီး အထင်သေးစကား၊ နှိမ်ချတဲ့စကားတွေနဲ့ အနိုင်ပိုင်းသူမျိုးတွေလည်း ရှိပါတယ်။ တကယ်တော့ လောကဓံအလှည့်အပြောင်းမှာ တချိန်ချိန်တော့ အဲဒီလူတွေဟာလည်း ကိုယ့်ထက်ပိုမြင့်မားတဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။ အဲဒီအခါ ကိုယ်အထင်သေး၊ ရှုံ့ချခဲ့တဲ့လုပ်ရပ်ဟာ မျက်နှာပူစရာ၊ ရှက်စရာကောင်းမှန်း နောင်မှ သိလာပါလိမ့်မယ်။

တခါတလေတွေ့ဖူးတာက ကိုယ့်လောက် ရာထူး၊ အာဏာ၊ ပါဝါမရှိတဲ့သူမျိုးဆိုရင် အချို့က အပေါင်းအသင်းတောင် မလုပ်ချင်ကြဘူး။ ဆိုလိုတာက လူတစ်ယောက်ဟာ သူတို့အတွက်၊ သူတို့အတ္တကို အရောင်မြှင့်ပေးမယ့်သူမျိုးမဟုတ်နိုင်ဘူးလို့ သေချာတဲ့အခါမျိုးမှာ အဲဒီလိုလူမျိုးကို လျစ်လျူရှုလိုက်ကြတယ်။ အထင်သေးလိုက်ကြတယ်။ တကယ်တော့ အပေါ်မှာဆိုခဲ့သလိုပဲ လောကဓံဆိုတဲ့အရာကို သူတို့မေ့နေကြလို့ပါ။ လူတိုင်းမှာ သူတို့ရဲ့တန်ဖိုး၊ ဂုဏ်သိက္ခာဆိုတာရှိပါတယ်။ လူတိုင်းကတော့ ဘာပဲဖြစ်နေနေ ကိုယ့်ကိုအသိအမှတ်ပြုတာ၊ ကိုယ့်ဖြစ်တည်မှုကို လေးစားတာ၊ အလေးထားတာ၊ အရေးတယူပြောဆိုဆက်ဆံတာကို လိုချင်ကြတာချည်းပါပဲ။ အဲဒီအတွက် ဘယ်သူ့ကိုမဆို၊ ဘယ်လိုအခြေအနေမျိုးကသူပဲဖြစ်ဖြစ် လေးလေးစားစားပြုမူဆက်ဆံသင့်ပါတယ်။

ဒါပေမယ့် အချို့ကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲရောက်နေတဲ့အခါ၊ လူတချို့က သူတို့ရဲ့အောက် နိမ့်ပါးနေတဲ့အခိုက်မှာ အာဏာပါဝါပြကြတယ်။ တစ်ဖက်က နိမ့်ကျတဲ့သူကို ဘာတန်ဖိုးမှမရှိသလို အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြတယ်။ တခါတလေ တစ်ဖက်သားရဲ့စိတ်ထဲမှာ ဒဏ်ရာအနာတရ ရသွားစေတဲ့အထိ မောက်မာရိုင်းပျစွာ ပြုမူတာတွေလည်း တွေ့ဖူးပါတယ်။ ကံကြမ္မာအလှည့်အပြောင်းကြောင့်ဖြစ်စေ၊ ကြိုးစားမှုကြောင့်ဖြစ်စေ သူတို့က ရိုင်းပျစွာ အထင်သေးခဲ့တဲ့သူတွေဟာ တချိန်ချိန်မှာ သူတို့ထက်မြင့်မားတဲ့အခြေအနေကို ရောက်သွားနိုင်တယ်ဆိုတာ မသိကျိုးကျွန်ပြုထားကြတယ်။ တကယ်တော့ အနာဂတ်ဆိုတာ မသေချာပါဘူး။ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာတောင် သေချာမှန်းဆဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ ကိုယ့်ဘက်က ကံကောင်းအောင် ဘယ်လောက်ပဲကြိုးစားပေမယ့် ကိုယ်ကြိုမမြင်နိုင်တဲ့ လောကဓံဆိုတဲ့ ကံကြမ္မာက ရှိသေးတယ်မဟုတ်လား။
 
အချုပ်အားဖြင့်ဆိုရရင်တော့ ကိုယ်က ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေ လူအားလုံးကို လေးလေးစားစားပြောဆိုဆက်ဆံသင့်ပါတယ်။ ဒါဟာ လူပီသတဲ့ လူသားဆန်မှုသာလျှင်ဖြစ်ပါတယ်။

Written by Phyu Phyu Lwin
16 March 2019

Saturday, 16 March 2019

#DareToChange

March 16, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ Vlog မှာတော့ Who moved my cheese ဆိုတဲ့ စာအုပ်ကလေးအကြောင်းပြောထားပါတယ်။
ဝတ်ထားတဲ့အရောင်က ၂၀၁၉ ရဲ့ Color ဖြစ်တဲ့ Coral ဖြစ်ပါသတဲ့။ အကျီင်္အရောင်တောက်တောက်ရယ်၊ နှုတ်ခမ်းနီအရောင်ရင့်ရယ်နဲ့ သိပ်မဝတ်ဖြစ်၊ မပြင်ဖြစ်တဲ့ပုံစံမို့ ကိုယ့်ဘာသာတော့ သိပ်ကြည့်မကောင်းပါဘူး။


နောက်ထပ် Vlog တွေမှာ ပြန်ဆုံကြမယ်နော် <3

With Love,

Phyu Phyu Lwin

Wednesday, 13 March 2019

အလွမ်းဆိုင်

March 13, 2019 0 Comments

ရသမြောက်တဲ့ ဝတုတွေဖန်တီးတဲ့ စာရေးဆရာမ စံပယ်ဖြူနုရဲ့ “အလွမ်းဆိုင်” ဆိုတဲ့ စာအုပ်ကလေးအကြောင်း ပြောဖြစ်တယ်။ နောက်လည်း စာအုပ်တွေအကြောင်း ပြောတဲ့ Vlog တွေ ထပ်ဖန်တီးဖြစ်အောင်ကြိုးစားမယ်။ ကိုယ်တိုင်လည်း စာဖတ်ဖြစ်သလို ဖတ်ပြီးသမျှတွေလည်း မေ့မသွားတော့ အဆင်ပြေတယ်။



With Love,

Phyu Phyu Lwin
31/3/2019

Sunday, 10 March 2019

How important EQ is!!

March 10, 2019 2 Comments

တစ်ရက်က အိမ်က TV ဖွင့်ထားရာကနေ ဇာတ်ကားတစ်ကား လွှင့်နေတာကို ကြားမိလိုက်တယ်။ မင်းသမီးက ဖွေးဖွေး၊ မင်းသားကတော့ ရဲတိုက်ထင်တာပဲ။ ကိုယ်လဲ စိတ်ဝင်တစားသွားမကြည့်ဖြစ်တော့ ဇာတ်ကားနာမည်၊ ဘယ် TV လိုင်းက၊ မင်းသားမင်းသမီး ဘယ်သူဆိုတာ မသိခဲ့ပါဘူး။ ဧည့်ခန်းက TV အသံဟာ ကိုယ့်အခန်းထဲထိ ကြားမိနေလို့သာ။ ဇာတ်ကားထဲမှာ မင်းသားဟာ အလွန်အတကြီးတယ်၊ ဒေါသကြီးတယ်၊ အချစ်ကြီးတယ်ပေါ့လေ။ သူရဲ့ အဲဒီ ဒေါသတွေ၊ အတတွေ၊ တဇွတ်ထိုးအပြုအမူတွေကြောင့် သူ့ချစ်သူ မင်းသမီးဟာ အမြဲလိုလို ဝမ်းနည်းစိတ်မကောင်းဖြစ်၊ အပေါင်းအသင်းမိဘကြားမှာလည်း မျက်နှာပျက် ဖြစ်ရတာပေါ့။ ဇာတ်ကားက ပြောချင်တာကတော့ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပေါ့။ အဲဒီလို ဇာတ်ကောင်ပါတဲ့ မြန်မာဇာတ်ကားတွေ ခဏခဏ မြင်မိ၊ ကြားမိတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအပြုအမူမျိုးဟာ ထမင်းစား၊ ရေသောက်သလို ဘာမှမထူးဆန်းတဲ့ လူ့စရိုက်လို့များ သတ်မှတ်သလား ထင်မိတယ်။  ကျွန်မကတော့ အဲဒီအပြုအမူဟာ စိတ်ဓါတ်အင်အားနည်းတဲ့သူတွေရဲ့ အပြုအမူမျိုး၊ ကိုယ့်စိတ်ခံစားချက်ကို ကောင်းကောင်းမထိန်းးချုပ်နိုင်တဲ့လူမျိုး အထူးသဖြင့် Emotional intelligence မရှိသူလို့ ဆိုချင်တယ်။ လူ့ပတ်ဝန်းကျင်မှာ အဲဒီလိုဇာတ်ကားတွေအကြည့်များပြီး ဇာတ်ကားထဲက ဇာတ်ကောင်တွေကို အားကျအတုယူနေတဲ့လူငယ်တွေဆိုတာရှိကြမှာပဲ ။ စိတ်ဓါတ်အင်အားနည်းသူတွေဟာ ကိုယ့်ရဲ့ခံစားချက်ကို ထိန်းချုပ်ဖို့မကြိုးစားဘူး။ တစ်ခုခုဆိုတာနဲ့ ဘာကိုမှမတွေးဘဲ စိတ်ထဲရှိရာ တုံ့ပြန်တတ်ကြတယ်။ အဲဒါကိုပဲ ဆတ်ဆတ်ထိမခံတို့၊ စွာတယ်တို့ဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်အပြုအမူတွေဟာ အမှန်လို့ ယူဆလက်ခံနေကြတယ်။ ရင့်ကျက်သူဆိုတာ တစ်ခုခုပေါ်မှာ စိတ်လိုက်မာန်ပါမတုံ့ပြန်ဘူး။ ပိုင်းခြားဝေဖန်ပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်တယ်။ သည်းခံစရာရှိရင် သည်းခံတယ်။ သဘောထားကြီးသင့်ရင် ကြီးတယ်။ အဲလိုနည်းအားဖြင့် စိတ်ဓါတ်အင်အားကြီးမားသူတွေဟာ လူ့အသိုင်းအဝိုင်းမှာ လူမုန်းမများဘဲ အားလုံးနဲ့ လိုက်လျောညီထွေနေနိုင်ကာ ပျော်ရွှင်၊ အဆင်ပြေ၊ အောင်မြင်သူတွေဖြစ်လာကြတယ်။ 

 
မြန်မာ့လူ့အဖွဲ့အစည်းဟာ (ကိုယ့်မိသားစု၊ အသိုင်းအဝိုင်းအပါအဝင်ပါပဲ) EQ ကို အစဉ်အဆက်လျစ်လျုရှုခဲ့ကြတယ်။ ကလေးဘဝ ပုံသွင်းလို့ကောင်းစဉ်ကာလကတည်းက စိတ်ဓါတ်မြင့်မားအောင်၊ အကောင်းမြင်တတ်အောင်၊ သဘောထားကြီးအောင်၊ ကိုယ့်စိတ်ခံစားချက်ကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်အောင်၊ ကြောင်းကျိုးဆက်စပ်သုံးသပ်တတ်အောင် လေ့ကျင့်ပေးဖို့ အနည်းနဲ့အများ ပျက်ကွက်ခဲ့ကြတယ်။ ဘဝတွေဟာ စားဝတ်နေရေးအတွက်ပဲ ကြိုးစားရုန်းကန်နေရတဲ့အတွက် ကလေးတွေကို စိတ်ဓါတ်အင်အားကောင်းအောင် သေချာပြုစုထိန်းကျောင်းဖို့ အချိန်၊ အသိနည်းခဲ့ကြသူတွေ အများစုဖြစ်ခဲ့ကြတယ်။ ကလေးတွေဟာ စာကြိုးစားဖို့၊ အဆင့်ကောင်းကောင်းရဖို့၊ ဂုဏ်ထူးတွေအများကြီးနဲ့အောင်ဖို့ဆိုတဲ့ စံသတ်မှတ်ချက်အောက်မှာ EQ ကောင်းအောင် ကောင်းကောင်းမလေ့ကျင့်ခဲ့ရဘူး။ အဲလိုနည်းအားဖြင့် လူငယ်တွေဟာ ကိုယ့်စိတ်၊ ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်ဖို့ မတတ်နိုင်တော့ဘဲ စိတ်လိုက်မာန်ပါပြုမူကြတယ်။ အလွယ်တကူ တုံ့ပြန်ကြတယ်၊ ရန်ဖြစ်ကြတယ်။ အရှုံးကို လက်မခံနိုင်၊ မနာလိုစိတ်၊ လောဘစိတ်တွေနဲ့ ပူလောင်သူတွေ ဖြစ်လာကြတယ်။ မှန်မှန်ကန်ကန်သုံးသပ်ပြီး နားလည်ပေးမှုမျိုးကို မသိသူတွေ ဖြစ်လာကြတယ်။ ဒါတွေဟာ ငယ်ငယ်က မိဘတွေ ဆုံးမပဲ့ပြင်တဲ့အပေါ် အများကြီး မူတည်ပါတယ်။ ဟိုအရင်ကတော့ စာသင်ကျောင်းတွေဟာ စိတ်ဓါတ်ထက် ပညာကိုပဲ ဦးစားပေးတာကြောင့် အရင်က လူငယ်တွေမှာ စိတ်ဓါတ်အင်အားကြီးမားသူနဲ့ အားနည်းသူဖြစ်လာတယ်ဆိုတာ မိဘရဲ့ ဆုံးမပဲ့ပြင်မှုက အခရာသာ ဖြစ်ပါတယ်။ အချို့တော့ မိဘက စနစ်တကျ ပြောပြသွန်သင်ပုံသွင်းတဲ့အတွက်ကြောင့် EQ ကောင်းသူတွေဖြစ်လာကြပြီး လူ့အသိုင်းအဝိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် နေတတ်ကြသူတွေဖြစ်လာတယ်။ အချို့တော့ မိဘကလည်း သေချာပုံမသွင်းခဲ့သလို စာသင်ကျောင်းတွေမှာလည်း မသင်ခဲ့ရတော့ EQ အားနည်းပြီး အများနဲ့ လိုက်လျောညီထွေမနေတတ်၊ သဘောထားမကြီး၊ နားလည်မပေးတတ်ဘဲ စိတ်လိုက်မာန်ပါ ပြုမူသူတွေ ဖြစ်သွားကြတယ်။


ပထမဆုံးပြောခဲ့သလို မြန်မာဇာတ်ကားတွေတော်တော်များများမှာလည်း တဇွတ်တိုး၊ ဂျစ်ကန်ကန်စရိုက်တွေကို ရိုက်ပြပြီး ဒါတွေဟာ ပြင်ပမှာ ဖြစ်ရိုးဖြစ်စဉ်လိုမျိုး ဂျင်းထည့်တာတွေရှိတော့ အမှားဟာ အမှန်လို့ သတ်မှတ်လာကြမှာ စိတ်ပူမိတယ်။ အရင်က ဇာတ်ကားတွေမှာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာတွေ၊ အရက်သောက် မူးရူးရမ်းကားတာတွေစတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့ တစိတ်တပိုင်းကို အမြဲတမ်းလှစ်ဟပြပြီး ဒါတွေဟာ လူ့ဘဝသရုပ်ဖော်တွေလိုမျိုး သတ်မှတ်ကြတာ တွေ့ရတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာဇာတ်ကားတွေကို ပေါပေါပဲပဲမရိုက်အောင် ဖိအားတွေရှိလာသလို Social media တွေပေါ်မှာလည်း EQ ကောင်းဖို့အရေးကြီးတဲ့အကြောင်း campaign တွေ များလာတော့ ဒီနောက်ပိုင်း လူငယ်တွေဟာတော့ EQ  ပိုင်းမှာ အားသာလာပြီး ပိုပြီးတော့ တိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်။

Sunday, 3 March 2019

Lifestyle trends for 2019

March 03, 2019 1 Comments
၂၀၁၉ ခုနှစ်အတွင်းမှာ ဘယ်လိုမျိုး ဘဝနေထိုင်မှုပုံစံတွေ လွှမ်းမိုးလာမလဲဆိုတာကို ကြည့်လိုက်ကြရအောင် ။

******************************************
၁။ Plant-based skincare
အစိမ်းရောင်ကိုအခြေခံတဲ့၊ အပင်၊ organic ကို ဦးတည်တဲ့ skincare ပစ္စည်းတွေ ဒီတလောမှာ လူကြိုက်များ၊ ရေပန်းစားလာတယ်ဆိုတော့ ဒီ trend ဟာ ၂၀၁၉ မှာလည်း ဆက်ရှိနေမှာပါ။ အစိမ်းရောင်အပင်တွေ၊ အသီးတွေကနေထုတ်ထားတဲ့ moisturizer၊ Face wash၊ facial scrub စတဲ့ skincare ပစ္စည်းတွေဟာ စင်တွေပေါ်မှာ နေရာယူလာမှာပဲဖြစ်ပါတယ်။ လက်ရှိမှာ ခေတ်စားနေတဲ့ Chemicals တွေများလှတဲ့ skincare products တွေနေရာမှာ gentle ဖြစ်တဲ့ သဘာဝကို အခြေခံတဲ့ ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ နေရာယူလာပါပြီ။

၂။ Mindful exercise
အရင်လိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အားကြိုးမာန်တက်လုပ်တာထက် ဒီနှစ်မှာတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ကစားတဲ့လေ့ကျင့်ခန်းမျိုးတွေ ပိုပြီး ခေတ်စားလာပါလိမ့်မယ်။ ကျွန်မတို့ခန္ဓာကိုယ်က အဖိုးတန်တယ်၊ တန်ဖိုးထားရမယ်၊ စောင့်ရှောက်ရမယ်ဆိုတဲ့ mindset ရှိလာကြပြီး အရမ်းမပြင်းထန်တဲ့၊ ခန္ဓာကိုယ်ကို မထိခိုက်နိုင်တဲ့လေ့ကျင့်ခန်းမျိုးတွေကို လုပ်လာကြပါလိမ့်မယ်။ အဖွဲ့လိုက်အတူတူလုပ်တဲ့လေ့ကျင့်ခန်းမျိုးတွေ၊ အကလေ့ကျင့်ခန်းတွေလိုမျိုး community ကို ဖွံ့ဖြိုးစေမယ့် လေ့ကျင့်ခန်းမျိုးတွေ ခေတ်စားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

၃။ Declutter
ဒီစကားလုံးဟာ YouTuber တွေကြားထဲ ခေတ်စားလာခဲ့ပြီး တော်တော်များများလုပ်ပြကြတဲ့ vlog တစ်ခုအဖြစ် ၂၀၁၈ အတွင်းမှာလည်း ခေတ်စားလာခဲ့ပါတယ်။ အရင်ကတော့ ပစ္စည်းတွေအများကြီး ပြည့်စုံကျပ်ညှပ်နေအောင် ရှိနေဖို့ ဝယ်ကြတယ်။ ဖြည့်ဆည်းကြတယ်။ အဲဒီအခါ သန့်ရှင်းရေးလုပ်ရတာမလွယ်သလို မလိုအပ်တဲ့ပစ္စည်းတွေဟာ အခန်းထဲ စုပြုံနေကာ စိတ်ရှုပ်စေပါတယ်။ ၂၀၁၈ အတွင်းမှာတော့ minimalism ဆိုတာ ခေတ်ထလာခဲ့ပြီး ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံကို သဘောကျလာကြကာ stress ကို လျော့ကျစေတဲ့နည်းလမ်းတစ်ခုအဖြစ် ပြုမူလာကြပါတယ်။ ကိုယ့်အိမ်မှာ လိုသလောက်ပစ္စည်း၊ ပရိဘောဂတွေပဲရှိစေကာ ရှင်းလင်းသပ်ရပ်စေတာ၊ ကိုယ့်အဝတ်ဗီဒိုထဲမှာလည်း တကယ်ဝတ်မယ့် အဝတ်အစား၊ အသုံးအဆောင်တွေပဲ ထားတာမျိုး၊ အလုပ်စားပွဲပေါ်မှာ မလိုအပ်တာတွေမထားတာ၊ ယုတ်စွအဆုံး ကိုယ့် electronic devices တွေထဲမှာတောင် files တွေ ရှင်းလင်းသပ်ရပ်နေတာမျိုးတွေပေါ့။

၎။ Green Travel
ဒီနှစ်ထဲမှာတော့ စွမ်းအင်ကို ချွေတာတဲ့၊ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ အစိမ်းရောင်ခရီးသွားမှုတွေကို ပိုလုပ်လာကြမယ်လို့ ခန့်မှန်းကြပါတယ်။ ကားစီးမယ့်အစား စက်ဘီးစီးတာ၊ လမ်းလျှောက်တာမျိုးကစလို့ တောရွာက ဒေသခံတွေ၊ သဘာဝအလှအပတွေကို ဦးစားပေးပြီးသွားတဲ့ ခရီးမျိုးတွေကို ပိုဦးစားပေးလာကြပါလိမ့်မယ်။ လူတွေလုပ်ထားတဲ့ အလှတရားတွေထက် သဘာဝအလှတွေရှိရာကို ပိုသွားကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လိုက်လျောညီထွေဖြစ်မယ့် နေထိုင်သွားလာမှုပုံစံတွေကို အလေးပေးလာမယ်လို့ မျှော်လင့်ရပါတယ်။

References >> https://agirlinprogress.com/2018/10/01/these-8-lifestyle-trends-are-set-to-be-huge-in-2019/
https://www.finglobal.com/2018/12/31/trend-forecast-2019/

Photo by me (Phyu Phyu Lwin)
Location > Inle Lake, Southern Shan State

Tuesday, 25 December 2018

movies for 2018

December 25, 2018 0 Comments
၂၀၁၈ ဟာ ကျွန်မအတွက် ရုပ်ရှင်ရုံဖက် ပြန်ရောက်တဲ့ ထူးထူးခြားခြားနှစ်လို့ ဆိုရမယ်။ ရုပ်ရှင်ရုံဆိုတာ ခြေဦးမလှည့်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဒီနှစ်မှာတော့ အားလုံးသိထားကြသလို ခီမောင်နှံကြောင့် ရုပ်ရှင်ရုံကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။


ခီမောင်နှံရဲ့ ဇာတ်ကား ၂ ကားစလုံး Deception & Mudra's calling ကြည့်ဖြစ်တယ် ..။ နောက်ထပ် ထွက်လာမယ့်ကားတွေလည်း မျှော်နေရင်း ကြည့်ချင်နေမိပြီ။ 

နောက်ထပ် ကြည့်ဖြစ်တဲ့ ဇာတ်ကားက ဒါရိုက်တာ အာကာရိုက်တဲ့ The Mystery of Burma ဆိုတဲ့ ဇာတ်ကားလေး။ ဖန်တီးမှုတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ ။

ပြီးတော့ ငယ်ငယ်လေးကတည်းက ကြည့်ပြီးမေ့နေပြီဖြစ်တဲ့ Harry potter ဇာတ်ကားလည်း ပြန်ကြည့်ဖြစ်တယ်။ 

အခုနောက်ဆုံးကြည့်ဖြစ်တဲ့ ရုပ်ရှင်ကတော့ ဆရာမကြည်အေးရဲ့ မီ ပါပဲ။ 

အခု ကြည့်ဖြစ်သလို ဇာတ်ကားမျိုးတွေ များများရှိလာရင်တော့ နောက်နှစ်တွေမှာလည်း ရုပ်ရှင်ရုံကို မကြာခဏ ရောက်ဖြစ်ပါလိမ့်မယ်..။ 

Sunday, 16 December 2018

Books I have read in 2018

December 16, 2018 0 Comments
အားလုံးပဲ မင်္ဂလာပါရှင့်။

၂၀၁၈ အတွင်းမှာ ကျောင်းလဲတက်စရာမလိုတော့သလို မြန်မာမှာပဲ ရှိနေတာမို့ အရင်နှစ်တွေကထက်တော့ စာတွေ ပိုဖတ်ဖြစ်ခဲ့တယ်။ ဖတ်ဖြစ်သမျှတော့ မေ့သွားမှာစိုးတာနဲ့ မှတ်ထားဖြစ်ခဲ့တာ။ တခါတလေလည်း အချိန်ရတဲ့အခါ ဖတ်ခဲ့တဲ့စာအုပ်တွေကို book review ရေးဖြစ်ခဲ့ပေမယ့် အားလုံးကိုတော့ မရေးဖြစ်ခဲ့ပါဘူး..။

မှတ်မှတ်ရရ ကြိုးစားပြီး ဖတ်ပြီးခဲ့တာကတော့" လေရူးသုန်သုန်" ပါပဲ ။ အဲဒီစာအုပ်ကို ဟိုးအရင်နှစ်တွေကတည်းက ဖတ်ဖြစ်ဖို့ ကြိုးစားနေပေမယ့် အချိန်မရတာကြောင့်ရော၊ စာအုပ်က များလွန်းတာကြောင့်ရော ဖတ်လို့မပြီးခဲ့ရာက ၂၀၁၈ နှစ်စပိုင်းမှာတော့ လေရူးသုန်သုန်ကို အပြီးဖတ်ခဲ့တယ်။ ကိုယ်က အစကတည်းက Scarlett ohara တို့ခေတ်က စတိုင်လ်မျိုးတွေကို သဘောတကျ ရှိခဲ့တယ်။ ဦးထုပ်နဲ့ ဂါဝန်ကားကားနဲ့ တော်ဝန်ဆန်တဲ့ ဒီဇိုင်းမျိုးတွေကို ကြိုက်တတ်တာ။

နောက်ထပ် အမှတ်တရဖြစ်ခဲ့တာက ဆရာမဂျူးရဲ့ စာအုပ်သစ် "သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ" ဆိုတဲ့ စာအုပ်ကလေး။ အဲစာအုပ်မဖတ်ခင်ကတည်းက ချည်ထည်တွေကို သဘောကျနေခဲ့တာ။ စာအုပ်ဖတ်ပြီး ချည်ထည်စောင်ကို ဝယ်ခြုံချင်စိတ်က ဘယ်လိုမှ ထိန်းမရတော့.။ မှတ်မှတ်ရရ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ချင်းပြည်နယ်ဖက်သွားဖြစ်တော့ ကိုယ့်ကိုလက်ဆောင်ပေးခဲ့တာ ဆရာမစာအုပ်အဖုံးမှာ ပါတဲ့ခြုံထည်လေးနဲ့ အဆင်တူတဲ့ ချင်းချည်ထည်ခြုံလွှာလေး ဖြစ်နေတယ်။ ကိုယ်လည်း မတောင်းဆိုခဲ့ပါဘဲ ရခဲ့တဲ့လက်ဆောင်လေးက ကိုယ်လိုချင်တာနဲ့ ထပ်တူဖြစ်နေခဲ့တာ မှတ်မှတ်ရရပါပဲ ။

၂၀၁၈ အတွင်းဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ အများကြီးပါပဲ ။ ရသစာအုပ်ရော သုတစာအုပ်တွေရော တက်ကျမ်းတွေရော ဖတ်ဖြစ်ခဲ့တယ်။ အဲဒီစာအုပ်တွေက -


၁။ စွန့်ခွာရသည့် နွေညများ (တကသိုလ်ဘုန်းနိုင်)
၂။ မှော်ရုံတောမှာ မောလှပြီ (မြသန်းတင့်)
၃။ ကျွန်မ ပညာသည် (ကြည်အေး)
၎။ အပြင်ကလူ (ကြည်အေး)
၅။ လေရူးသုန်သုန် ၁+၂ (မြသန်းတင့်)
၆။ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် (ဂျူး)
၇။ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ (ဂျူး)
၈။ ဝတုတိုများ (ဂျူး)
၉။ လူငယ်နှင့် အနာဂတ် (ကလောင်စုံ)
၁၀။ The seven effective characteristics of Teens
၁၁။ တောင်တန်းတွေရဲ့အလွန် (ပုညခင်)
၁၂။ မာယာဘုံ (မြသန်းတင့်)
၁၃။ Before you quit your job (မြတ်ငြိမ်း)
၁၄။ နွေနှောင်းလက်ကျန် (ခင်နှင်းယု)
၁၅။ Time for me (ကောင်းသာ)
၁၆။ အလေ့အထရဲ့ တန်ခိုးစွမ်းအား (ကောင်းသာ)
၁၇။ ခေါက်ထီးလေးမလုံ့တလုံ (စန်းစန်းနွဲ့၊ သာယာဝတီ)
၁၈။ ညီမလေးရယ် စိုးရိမ်မိတယ် (တကသိုလ်ဘုန်းနိုင်)
၁၉။ ငမဲ (ဟိန်းလတ်)
၂၀။ ပျားရည်အိုင် (ခင်နှင်းယု)
၂၁။ သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ (ဂျူး)
၂၂။ ပါရီနွေဦး (နေဝင်းမြင့်)
၂၃။ အလွမ်းဆိုင် (စပယ်ဖြူနု)
၂၄။ ပန်းမာန် (လင်္ကာရည်ကျော်)
၂၅။ လက်ရွေးစင်ဝတုတိုများ (ချစ်ဦးညို)
၂၆။ ဂရုမစိုက်ခြင်း အနုပညာ (ချမ်းမြေ့ဝင်း)


များတယ်ထင်ပေမယ့် တကယ်တမ်း စာရင်းပြုစုလိုက်တော့ ၂၆ အုပ်ပဲရယ် :D ဆရာမ ဂျူးရဲ့ စာအုပ်ဟောင်းတွေက အရင်က ဖတ်ပြီးသားပေမယ့် ကြာနေပြီမို့ ပြန်ဖတ်ဖြစ်တာ။ ဆရာမ ခင်နှင်းယုရဲ့ ပျားရည်အိုင်ကတော့ အခု ဇာတ်လမ်းတွဲ လာနေတာမို့ လူတော်တော်များများ သိပြီးကြပြီထင်ပါတယ်။




ဆိုတော့ တစ်လမှာ ၂ အုပ်နှုန်ျးေကျာ်ျေကျာ် ဖတ်ဖြစ်တယ်ဆိုတာလေး မဆိုးသေးဘူးပြောရမှာပဲ ။ ကျွန်မက အလုပ်နဲ့ပတ်သက်တဲ့စာတမ်းတွေလည်း တစ်ပတ်မှာ တစ်စောင်လောက် အနည်းဆုံးဖတ်ရသလို အခုနောက်ပိုင်းမှာဆိုရင် လုပ်စရာအလုပ်တွေ များလွန်းလို့ စာဖတ်ဖို့တောင် မနည်းအချိန်လုနေရပြန်တယ်။ ဒီကြားထဲ ရာသီအကူးအပြောင်းမှာ ကျန်းမာရေးကလည်း မကောင်းလှပြန်ဘူး ..။ ပြီးတော့ ၂၀၁၈ အတွင်းမှာ အလုပ်အတွက်ရော၊ အပန်းဖြေတာရော စတဲ့အကြောင်းပြချက်တွေနဲ့ ပြည်တွင်းရော ပြည်ပရော ခရီးတွေ အများကြီးထွက်ဖြစ်တယ်.။ ခရီးထွက်တိုင်း စာလည်း မဖတ်ဖြစ်ပြန်ပါဘူး..။

ဖတ်မိသမျှ စာအုပ်တွေက အချို့ တက်ကျမ်းလိုမျိုးတွေ၊ သုတစာအုပ်တွေက ကျွန်မ အမျိုးသားနဲ့ မောင်လေးတို့က ဝယ်လာလို့သာ ဘာရယ်မဟုတ် ဖတ်ဖြစ်တာ။ ကျွန်မရဲ့ အကြိုက်က ရသစာအုပ်တွေပါပဲ ။ ၂၀၁၉ မှာတော့ အခုဖတ်ခဲ့တဲ့အရေအတွက်ထက် များအောင် ဖတ်ဖို့ စိတ်ကူးထားတယ်။ 

Wednesday, 21 November 2018

Morning Journal ***

November 21, 2018 2 Comments
ဂျပန်မှာကတည်းက အဲဒီက လူတော်တော်များများ daily planner သုံးပြီး တစ်ရက်ပြီးတစ်ရက် လုပ်ရမယ့် List to do တွေနဲ့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တာကို သဘောကျပြီး planner ကို သုံးဖြစ်ခဲ့တာ။ ဒီတစ်ပတ် ဒီရက် ဘာလုပ်မယ်ဆိုတာ plan လေးတွေ ချရေး။ အတတ်နိုင်ဆုံးတော့ ပြီးအောင်လုပ်၊ မလုပ်နိုင်ရင် စိတ်ဓာတ်ကျနဲ့ လုံးလည်ချာလည် လိုက်နေပေမယ့် နေ့တိုင်းလိုလို မပျက်မကွက် အကျင့်တစ်ခုလို ရေးဖြစ်တယ်။ အဲဒီမှာတော့ Planner တွေက ဈေးကြီးသလို quality လည်း ကောင်းလှတယ်။ ၂၀၁၈ အတွက် planner က နာမည်ကြီးတဲ့ Moleskine ဆိုတဲ့တံဆိပ်ကို ဝယ်ဖြစ်ခဲ့တယ်။ ဂျပန်မှာတုန်းက ဝယ်တာဆိုတော့ အမေဇုန်ကနေ မှာလိုက်ရုံပဲမို့ ချက်ချင်းရတာပေါ့လေ။ အဲဒီ Planner လေးက ရိုးရိုးရှင်းရှင်းလေးပဲ။ တစ်ဖက်မှာ Daily planner ကို တစ်ပတ်စာပါတယ်။ အခြားတစ်ဖက်မှာတော့ note အတွက် ထားတာပေါ့။ ကျမတော့ အဲဒီအခြားတစ်ဖက်ကို weekly planner သဘောမျိုး တစ်ပတ်လုံးလုပ်ရမယ့်ဟာတွေကို ချရေးဖြစ်တယ်။ တစ်ခါတလေလည်း တစ်ပတ်အတွင်း ကိုယ်ဖတ်နေတဲ့စာအုပ်နာမည်တွေလည်း ရေးတယ်။ အဲဒါမှ ကိုယ် ဘာစာအုပ်တွေဖတ်ပြီးပြီလဲဆိုတာ မှတ်မိအောင်လို့ပါ။ ရှုပ်ယှက်ခပ်နေတာတွေမကြိုက်တတ်တဲ့ ကိုယ့်အတွက် အဲဒီ ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးက တကယ်အဆင်ပြေပါတယ်.။


၂၀၁၈ ကုန်ခါနီးပြီဆိုတော့ အသစ်ဝယ်ဖို့ စဉ်းစားနေချိန် ဟိုတလောကသွားတက်ခဲ့တဲ့ forum က planner လက်ဆောင်ပေးတယ်။ ဒါပေမယ့် planner အတွက် အကွက်ကလေးတွေကသေးပြီး နောက်ပိုင်း ဒိုင်ယာရီလိုစာမျက်နှာတွေကများလို့ သိပ်မကြိုက်လှဘူး။ အဲတော့ ကိုယ်အမြဲတမ်းကြည့်ဖြစ်တဲ့ youtuber တစ်ယောက်ဖြစ်တဲ့ Lavendaire ရဲ့ artist of life workbook ရယ် daily planner ရယ်ကို နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဝယ်ဖို့ နေ့တိုင်း စိတ်ကူးယဉ်၊ သူ့ရဲ့ website ထဲ ခဏတိုင်းဝင်ကြည့်နဲ့ ကိုယ့်မယ် အလုပ်တွေဖြစ်လို့။ သူ့ရဲ့slogan ဖြစ်တဲ့ Create today ဆိုတာလေးကို သဘောကျတာ။ သူ့ရဲ့ vlog တွေမှာလည်း အမြဲတမ်းပြောလေ့ရှိတယ်။ တစ်နေ့ကိုတစ်ခုခုတော့ ဖန်တီးပါတဲ့။ စာတစ်ပုဒ်ပဲဖြစ်ဖြစ်၊ vlog ပဲဖြစ်ပါစေ ကိုယ့်ဝါသနာကို အရင်းတည်တဲ့ creation တစ်ခုခုပေါ့။ သူ့ရဲ့ inspire ဖြစ်စေတဲ့ vlog တွေကြောင့် ကိုယ့်ရဲ့ blogging ကို ပြန်အသက်သွင်းဖြစ်သလို နောက်ပိုင်းဆိုရင် YouTube မှာ vlog လေးတွေရိုက်ဖြစ်အောင်လည်း ကြိုးစားချင်တယ်။ အခုနောက်ပိုင်းက blog မှာ စာရေးတာကိုဖတ်တာထက် vlog မှာ အမူအရာ၊ စကားနဲ့ တင်ဆက်တာကို ပိုကြိုက်လာကြတယ်။ Trend ပြောင်းသွားတယ်ပဲဆိုပါတော့။
Photo credit: Lavendaire Facebook page


Daily planner အပြင် ဒီနှစ်တွေအတွင်း တစိုက်မတ်မတ် ကိုယ်လုပ်ဖြစ်နေတာက Journaling ပါပဲ။ Journal က Diary နဲ့ ဆင်တူသလို ရှိပေမယ့် သိပ်တော့လည်း မတူပြန်ပါဘူး။ 
📒Diary က နေ့စဉ်မှတ်တမ်းလိုမျိုး ကိုယ့်ရဲ့တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေကို မှတ်တမ်းတင်တာ များပါတယ်။ 
📖 Journal ကတော့ ဒိုင်ယာရီလိုနေ့စဉ်မှတ်တမ်းဆိုတာထက် ပိုပါတယ်။ အဲဒါက ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအမြင်တွေကို မှတ်တမ်းတင်တာမျိုးဖြစ်ပါတယ်။ တခါတလေ အချို့စိတ်ကူးတွေက ရုတ်တရက်ပေါ်လာတတ်ပြီး မကြာခင်ပြန်ပျောက်သွားတတ်ပေမယ့် တကယ့်စိတ်ကူးကောင်းတွေ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ စာအုပ်ထဲချရေးပြီး မှတ်တမ်းတင်ထားနိုင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ဒီစိတ်ကူးတွေက ပျောက်ပျက်သွားတော့မှာမဟုတ်ပါဘူး။ ပြီးတော့ ကိုယ်ခံစားရသမျှ ချရေးဖြစ်တဲ့အခါ အခြားသူတွေကို ရင်ဖွင့်စရာမလိုဘဲ ကိုယ့်ဘာသာရင်ဖွင့်သလိုဖြစ်ကာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါလိမ့်မယ်။
Journaling လုပ်တဲ့အခါ ညအချိန်ထက် မနက်မှာရေးတာက စိတ်ကူးအတွေးတွေ ပိုဆန်းသစ်စေသလို မနက်နိုးစမို့ အကောင်းမြင်စိတ်လဲ ပိုများကာ အရင်နေ့က ခံစားခဲ့သမျှတွေအတွက် ပိုပြီး ဖြေသာစေပါလိမ့်မယ်။ အဲဒါကြောင့်လည်morning journal လို့ ခေါ်ကြတာများပါတယ်။ 


အရင်ကတော့ ကွန်ပျူတာထဲမှာ ရိုက်တယ်။ အခုနောက်ပိုင်းတော့ တစ်နှစ်မှာ စာအုပ်တစ်အုပ်အဖြစ်ရှိနေဖို့ရယ်၊ လက်နဲ့ရေးလေ့မရှိတော့လို့ စာမရေးတတ်တော့ဘဲ ပဲပင်ပေါက်လိုဖြစ်နေတဲ့ လက်ရေးကို ပိုလှလာအောင် ပြန်ကျင့်ဖို့ရယ် စာအုပ်နဲ့ ရေးဖြစ်တယ်။ ဘာအကြောင်းအရာပဲဖြစ်နေပါစေ တစ်ရက်ကို တစ်မျက်နှာအပြည့် ရေးနိုင်အောင် ကြိုးစားတယ်။ အိမ်မှာရှိတဲ့ရက်တိုင်းတော့ မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်နဲ့ Journal ရေးတဲ့အချိန်ဟာ တကယ်စိတ်ချမ်းသာရတယ်။ စာရေးတာက ကိုယ့်ရဲ့ဝါသနာဖြစ်တာကြောင့်လည်း ပါပါလိမ့်မယ်။ ကိုယ်က အနုအရွသိပ်မခံစားတတ်၊ မမွမ်းမံတတ်တော့ Journal ကို sticker အနည်းငယ်ကလွဲရင် သိပ်တော့ အလှမဆင်တတ်ဘူး။ အချို့ အလှအပခံစားတတ်တဲ့သူမျိုးဆိုရင်တော့ စိတ်ကူးထဲပေါ်သမျှ အလှဆင်ရင်းနဲ့ သူ့ရဲ့ Journal လေးဟာ မျက်စိပသာဒဖြစ်ပြီး သူ့ဘာသာ စိတ်ချမ်းသာနေလိမ့်မယ်ထင်တယ် 📖🖊📝

နောက်ရက်တွေမှာတော့ journaling နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ထပ်ဝေမျှပါဦးမယ် 📝📖📕

Friday, 9 November 2018

မနက်ခင်းမှာ အလုပ်တွေ ပြီးမြောက်စေဖို့ +++

November 09, 2018 0 Comments
မနက်အလုပ်ကိုရောက်တာနဲ့ ကော်ဖီခွက်ကလေးကိုင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောပြီး email တွေ စစ်ပြီးတဲ့နောက်မှာတော့ အလုပ်ထဲကတစ်နေ့တာရဲ့ ပထမနာရီဟာ ကုန်ဆုံးသွားမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် ပိုပြီးတော့ အလုပ်ပြီးမြောက်နိုင်မယ့် မနက်ခင်းတွေဖြစ်ဖို့ နည်းလမ်းတွေက ဘာတွေပါလဲ ..။
 ============================

၁။ အလုပ်မသွားခင် မနက်စာစားပါ။
ကိုယ့်ရဲ့မနက်စာကို ရုံးခန်းထဲရောက်မှ စားဖို့ မစောင့်ပါနဲ့။ ကွန်ပျူတာရှေ့မှာ စားစရာနဲ့ကော်ဖီခွက်နဲ့အတူ ထိုင်မိရင် အရေးကြီးတဲ့အလုပ်တွေကို ချက်ချင်းလုပ်မယ့်အစား Blog တွေဖတ်တာ၊ Facebook လိုမျိုး ဆိုရှယ်မီဒီယာတွေကြည့်တာမျိုး အချိန်ဖြုန်းမယ့်အလုပ်တွေကို လုပ်မိစေပါလိမ့်မယ်။ လက်ထဲမှာ ဇွန်းတစ်ချောင်းရှိနေရင် အလုပ်ကိုသေချာမလုပ်ဖြစ်ဘဲ အခြားအရာတွေပဲ လုပ်ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် လက်နှစ်ဖက်စလုံး ကွန်ပျူတာကီးဘုတ်ပေါ်မှာ ရှိနေစေခြင်းက ပိုပြီးအလုပ်ဖြစ်စေမယ်မဟုတ်လား။

၂။ အမှန်တကယ်လုပ်မယ့်အရာတွေကို စာရင်းပြုစုပါ။
လူအတော်များများက လွယ်လွယ်ကူကူလုပ်လို့ရတဲ့အလုပ်တွေကို စာရင်းရဲ့အပေါ်ဆုံးမှာ ထားတတ်ကြတယ်။ အဲဒါမှသာ အဲဒီအလုပ်တွေပြီးသွားခဲ့ရင် စိတ်ထဲနေလို့ပိုကောင်းကြတာမျိုး ခံစားတတ်ကြတာကိုး။ အဲဒါမျိုးက ကိုယ့်ကိုယ်ကိုလေးစားမှု၊ အထင်ကြီးမှုတိုးစေဖို့ ကူညီရုံသက်သက်ပဲမို့ အလုပ်တွေပြီးမြောက်စေတာမျိုး မဟုတ်ပါဘူး။ အဲဒီအစား ကိုယ့်ရဲ့ လုပ်ရမယ့်စာရင်းမှာ ရေရှည်ရည်မှန်းချက်အတွက် အရေးကြီးဆုံးလုပ်ရမယ့်အရာတွေကို ထိပ်မှာထားပြီး နေ့စဉ်ရည်မှန်းချက်တွေအတွက်ကတော့ အဲဒီအရေးကြီးတဲ့အရာတွေကို ဘယ်လိုပြီးအောင်လုပ်မလဲဆိုတာမျိုး စီစဉ်ထားသင့်ပါတယ်။ နေ့စဉ်အလုပ်တွေဆိုတာက တိကျရမယ်၊ တိုင်းတာလို့ရရမယ်၊ ရောက်အောင်သွားနိုင်တာမျိုးဖြစ်ရမယ်၊ အမှန်တကယ်လုပ်နိုင်တာမျိုးဖြစ်ရမယ်၊ ပြီးတော့ အချိန်ဇယားလည်းရှိဖို့ လိုပါလိမ့်မယ်။ ကိုယ့်မှာရှိတဲ့အချိန်ကို အမှန်တကယ်သိဖို့လိုသလို အလုပ်တစ်ခုက ဘယ်လောက်ကြာမလဲဆိုတာကိုမှန်းနိုင်ခြင်းက ကိုယ်ရည်ရွယ်ထားတဲ့ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ပိုသေချာစေပါလိမ့်မယ်။

၃။ Timer ထားပါ။
ကိုယ့်ကိုယ်ကို အဆက်မပြတ်လုပ်ရမယ့်အလုပ်တစ်ခုရဲ့ အစိတ်အပိုင်းတွေအတွင်းမှာရောက်နေအောင် တွန်းအားပေးပါ။ မိနစ် ၅၀ စာလောက် timer ပေးထားခြင်းက ကိုယ့်ကိုယ်ကို အဲလိုမျိုးဖြစ်နေအောင် လုံလောက်တဲ့အချိန်တစ်ခုပါပဲ ။ ပြီးမှသာ နောက်ထပ်အလုပ်ဆက်မလုပ်ခင် ၁၀ မိနစ်လောက်နားပေါ့။ အခုခေတ်ဖုန်းတွေမှာ stopwatches လိုမျိုး အချိန်မှတ်နိုင်တဲ့ application တွေပါတယ်ဆိုပေမယ့် ပညာရှင်တွေကတော့ မီးဖိုချောင်ထဲမှာသုံးတဲ့ timer လိုမျိုး၊ ရိုးရိုးနာရီလိုမျိုးကိုသာ သုံးဖို့အကြံပြုထားကြပါတယ်။ မဟုတ်ရင် အချိန်ကြည့်ဖို့ ဖုန်းကိုင်မိလိုက်တာနဲ့ အခြား application တွေပါသွားကြည့်မိရင် ကိုယ့်အချိန်တွေ ပဲ့ပါသွားနိုင်တယ်မလား။

၎။ အရေးကြီးတယ်လို့ ထင်တဲ့အလုပ်ကနေစလုပ်ပါ။
Email စစ်တာ၊ social media သုံးတာမျိုးကို စလုပ်မယ့်အစား ဘာလုပ်ဖို့အရေးကြီးဆုံးလဲဆိုတာ အရင်ဆန်းစစ်ပါ။ အရေးကြီးတယ်လို့ယူဆတဲ့အလုပ်ကို အရင်ဆုံးဖြေရှင်းပါ။ တကယ်တော့ အဲဒီအလုပ်က ကိုယ့်ကို စိတ်ရှုပ်စေမယ့်အလုပ်မျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါကိုသာ ပြီးအောင်လုပ်လိုက်နိုင်ရင် စိတ်ပူပန်မှု၊ ဖိစီးမှုတွေလျော့ကျသွားပြီး တစ်နေ့တာလုံးကို သက်တောင့်သက်သာဖြစ်စေပါလိမ့်မယ်။

၅။ notifications တွေကို ပိတ်ထားလိုက်ပါ။
ဆိုရှယ်မီဒီယာတွေကိုစစ်နေမယ်ဆိုရင် ဦးနှောက်က ဒိုဖာမင်လို့ခေါ်တဲ့ဓါတ်တစ်ခုထွက်စေပြီး notification တွေက စိတ်ဝင်စားစရာမပါဘူးဆိုရင်တောင်မှပဲ ဆက်သုံးချင်စိတ်တွေ ဖြစ်နေစေပါလိမ့်မယ်။ အဲဒီလို အနှောင့်အယှက်ဖြစ်ဖွယ်စိတ်ကိုရှောင်နိုင်ဖို့ဆိုရင်တော့ ဖုန်းကို silent mood ထားရုံသာမဟုတ်ဘဲ notifications တွေကို ပိတ်ထားလိုက်ပါ။


၆။ ကော်ဖီမသောက်ပါနဲ့။
ကဖင်းဓါတ်က အရေးကြီးတဲ့အလုပ်တွေလုပ်ဖို့ စွမ်းအင်တွေ တိုးစေတယ်၊ လန်းဆန်းစေနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့်လည်း လန်းလန်းဆန်းဆန်းရှိနေဆဲ မနက်ခင်းမှာ ကော်ဖီသောက်တာထက် လိုအပ်တဲ့အချိန်မှသောက်တာက အချိန်ကို ဖြုန်းတီးရာမကျဘူးမဟုတ်လား။

၇။ ငြိမ့်ညောင်းတဲ့သံစဉ်တွေ နားဆင်ပါ။

နားကြပ်တပ်ထားမယ်ဆိုရင် အပြင်ဘက်က အနှောင့်အယှက်သံတွေ မကြားရတော့ဘူးပေါ့။ ဒါပေမယ့် လက်ရှိရေပန်းစားနေတဲ့ သီချင်းတွေ၊ ကိုယ့်အကြိုက်သံစဉ်တွေတော့ မဖွင့်မိပါစေနဲ့။ သီချင်းထဲမျောပါသွားပြီး အလုပ်မတွင်ဖြစ်သွားပါလိမ့်မယ်။ အဲဒီအစား spa မှာ ကြားရတတ်တဲ့ သံစဉ်မျိုးလေးတွေ၊ အဖြူရောင်အသံလေးတွေဟာ ဦးနှောက်ရဲ့ ကြည်လင်ငြိမ်းချမ်းစေပါလိမ့်မယ်။

၈။ ကိုယ့်ကိုယ်ကို ကြီးကျယ်ခမ်းနားတယ်လို့ မှတ်ယူထားပါ။
တစ်နေ့တာရဲ့ စည်းချက်ထဲမမျောခင် ပျင်းစရာကောင်းတဲ့ assignments. တွေကို စတင်လုပ်ကိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်အားမြှင့်တင်ပါ။ ဒါကြောင့် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတဲ့ အလုပ်ကနေ စတင်လုပ်ကိုင်ပါ။ အချို့လူတွေ  ဘာကြောင့်အလုပ်တွေအများကြီးပြီးမြောက်ကြသလဲဆိုတဲ့အကြောင်းက သူတို့ဘာတွေလုပ်နေတယ်၊ ဘာကြောင့်လုပ်နေတယ်ဆိုတာကို လေးလေးနက်နက်တွေးဖို့ သူတို့ကိုယ်သူတို့ တွန်းအားပေးလို့ပဲ ဖြစ်ပါတယ်။ အဲလိုသာတွေးလိုက်မယ်ဆိုရင် အလုပ်တွေအလွယ်တကူလုပ်ဖို့ စိတ်ခွန်အားတွေ ရလာမှာပဲ ဖြစ်ပါတယ်။

၉။ တစ်ခုခုကို ဖန်တီးပါ။
မနက်ခင်းတွေမှာ သင့်ဦးနှောက်ရဲ့ ကျိုးကြောင်းဆီလျော်မှုရှိရှိတွေးတောနိုင်တဲ့အစိတ်အပိုင်းက ပိုပြီးအလုပ်လုပ်နိုင်ပါတယ်။ အဲဒါကြောင့် အခြားသူတွေက သင့်ရဲ့စိတ်ကူးကို ဘယ်လိုထင်မလဲဆိုတာမျိုး ဂရုစိုက်မှာမဟုတ်တဲ့အတွက် ဆန်းသစ်တဲ့စိတ်ကူးတွေကို ပိုပြီး လုပ်ချင်စိတ်များနေပါလိမ့်မယ်။ သင့်မှာ စွမ်းအင်တွေ ပုံမှန်ထက် နည်းနေတယ်ဆိုရင်တောင်မှပဲ မနက်ခင်းတွေမှာတော့ အကောင်းဆုံးဖန်တီးမှုတွေကို လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။


Follow Us @soratemplates