Friday 26 July 2019

*** Sympathies ***

July 26, 2019 0 Comments


Sympathies ဆိုတာကတော့ အနီးစပ်ဆုံးဆိုရမယ်ဆိုရင် ထပ်တူခံစားနားလည်ပေးတာ၊ ကိုယ်ချင်းစာတာလို့ ဆိုရမယ်ထင်ပါတယ်။ ဒါဟာ ကျွန်မတို့တွေ အမြဲတမ်းလိုလို ကြားနေကျစကားတစ်ခုပါပဲ။ အဖြစ်အပျက်တစ်ခု၊ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်တိုင်မတွေ့ကြုံဖူးပဲနဲ့တော့ ကိုယ်တိုင်ကြုံနေရတဲ့သူလိုမျိုး ထပ်တူခံစားပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်းပဲ လူတွေကြားထဲမှာတော့ ထပ်တူခံစားရပါတယ်ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးနေကြတာပဲမဟုတ်လား။ 

အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာ ရှိကြပါတယ်။ ကိုယ်မသိတဲ့နောက်ကွယ်က အကြောင်းတရားတွေကို သေချာမသိဘဲ မျက်မြင်တွေ့ရတဲ့အကျိုးအပြစ်ပေါ်မှာ မူတည်ပြီးတော့ အဖြစ်အပျက်တစ်ခုကို ကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် ငယ်ငယ်ကစိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာတဲ့သူတစ်ယောက်ဟာ ကြီးလာတဲ့အခါမှာ ခံစားချက်ပြင်းထန်မယ်၊ တစ်ခုခုဆို ဝမ်းနည်းစိတ်ဓါတ်ကျလွယ်မယ်၊ အလွန်အမင်းခံစားတတ်ပါလိမ့်မယ်။ အဲလိုဆိုတဲ့အခါ သာမာန်ကြီးပြင်းလာပြီး စိတ်အင်အားကြီးမားတဲ့သူမျိုးအနေနဲ့ ပထမလူရဲ့ စိတ်ဓါတ်ပျော့ညံ့မှုအပေါ်မှာ “အားငယ်တတ်ရန်ကော၊ ခံစားတတ်ရန်ကော၊ ငါဆိုရင် ဘာမှဖြစ်မှာမဟုတ်ပါဘူး”ဆိုတဲ့ ဝေဖန်မှုမျိုးလုပ်ဖို့မသင့်ပါဘူး။ သူဟာ ကိုယ်မှမဟုတ်တာ၊ အဲဒီအတွက် သူကြုံတွေ့ခဲ့ရသလိုမျိုး ကိုယ်မကြုံဖူးတဲ့အတွက် ကိုယ်ဟာ စိတ်ဓါတ်ကြံ့ခိုင်သူဖြစ်နေတာမို့ ကွဲပြားမှုကို နားလည်ရပါမယ်။ ကိုယ့်အတွက်က လွယ်ကူပေမယ့် သူ့အတွက်က ခက်ခဲကောင်း ခက်ခဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။ 

တစ်ယောက်ယောက်က တစ်ခုခုဖြစ်တဲ့အခါ အတော်များများက ကိုယ့်စိတ်နဲ့ နှိုင်းတတ်ကြပါတယ်။ ဒါဟာ အလွန်အင်မတန်မှားယွင်းတဲ့ အကျင့်တစ်ခုလို့ မြင်မိတယ်။ လူချင်းမတူတဲ့အတွက် ဖြတ်သန်းခဲ့ရတဲ့ဘဝ၊ အတွေ့အကြုံ၊ ခံစားချက် စတာတွေမတူတဲ့အခါ ကိုယ်မြင်သလိုမျိုး သူ့ဘက်က ခံစားချင်မှ ခံစားတတ်လိမ့်မယ်။ အဲလိုဆိုတဲ့အခါ အပေါ်က ဆိုခဲ့သလို ထပ်တူခံစားရပါတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ ထပ်တူခံစားပေးလို့မရဘူးဆိုရင် တစ်စုံတစ်ယောက်က တစ်ခုခု ခံစားကြုံတွေ့ရတဲ့အခါ ကျွန်မတို့တွေ ဘာလုပ်ပေးလို့ရပါသလဲ။ ဝေဖန်တာမျိုး၊ ပြစ်တင်ရှုံ့ချတာမျိုးလည်းမလုပ်ဘဲ နားလည်ပေးလို့ ရပါတယ်။ အမှားတစ်ခုကျူးလွန်တယ်ဆိုရင်တောင် အဲဒီအမှားကိုကျူးလွန်ရတဲ့အကြောင်းရင်းရှိပါလိမ့်မယ်။ ငယ်ငယ်က မိဘ၊ ဆရာသမားက သွန်သင်ဆုံးမမှုမရှိလို့ အမှန်အမှားကို ခွဲခြားနိုင်တဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးတာမျိုးလား စသဖြင့်ပေါ့။ 

အချုပ်ဆိုရရင်တော့ အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာရှိတာမို့ နောက်ကွယ်ကအကြောင်းတရားတွေကို သေချာမသိမမြင်ဘဲ ဝေဖန်တာမျိုး၊ ပြစ်တင်တာမျိုး၊ ရှုံ့ချတာမျိုး လုပ်ဖို့ မသင့်ဘူးဆိုတာပါပဲ။ သူ့မှာ ကိုယ်မမြင်နိုင်တဲ့အကြောင်းရင်းတွေရှိနိုင်တာမို့ ပြစ်တင်ဝေဖန်တာမျိုး၊ ထပ်တူခံစားပေးဖို့ ကြိုးစားတာမျိုးထက် နားလည်ပေးဖို့က အရေးကြီးဆုံးပဲ မဟုတ်ပါလား။ ဒါဆိုရင် လူတွေကြားမှာ ဝေဖန်တာ၊ အပြစ်ဖို့ကဲ့ရဲ့တာ၊ ခွဲခြားဆက်ဆံတာတွေမရှိဘဲ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ပြီး လောကကြီးက ပိုလှလာမှာအသေအချာပါပဲ။

Written by Phyu Phyu Lwin
on 24th July 2019

Follow Us @soratemplates