Monday 19 February 2018

စံကားဖြူ ...

February 19, 2018 1 Comments
ညက မအိပ်ခင် စာအုပ်တစ်အုပ်ဖတ်မယ်စိတ်ကူးမိတာနဲ့ ဆရာမ #ဂျူး ရဲ့ #ချစ်သူလား_စကားတစ်ပွင့်_ပွင့်ခဲ့တယ် ကို ဖတ်ဖြစ်ခဲ့တယ်။ အတိအကျမပြောတတ်တော့ပေမယ့် ဒီစာအုပ်ကို ပထမဆုံးဖတ်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်ကြာက ဖြစ်ပါလိမ့်မယ်။ ဒုတိယအကြိမ်ကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပေါ့..။ ဒါပေမယ့်လည်း ဆရာမရဲ့ စာအုပ်တွေထဲ ကိုယ့်အကြိုက်ဆုံးထဲမှာ မပါခဲ့တော့ သိပ်မှတ်မှတ်ထင်ထင်မရှိခဲ့ဘူးရယ်..။ စံကားပန်းတွေကိုတော့ ဒီစာအုပ်ကလေးကနေ စတင်သိကျွမ်းလာခဲ့ပြီး ရင်းနှီးနေခဲ့ပေမယ့် အပြင်မှာတော့ သိပ်မတွေ့ဖူးခဲ့ပြန်ဘူး။
Magnolia champaca (အရင်ကတော့ Michelia champaca လို့ ခေါ်ပါတယ်) လို့ခေါ်တဲ့ စကားဝါပန်းကိုတော့ ငယ်ငယ်ကတည်းက ဈေးထဲမှာ တုတ်ချောင်းကလေးနဲ့ ထိုးပြီးရောင်းလေ့ရှိတာကနေ သိခဲ့တယ်။ အဲဒီနောက် ပုပ္ပားပြန်လက်ဆောင်ပုလင်းလေးတွေကနေတစ်ဆင့်၊ ကိုယ်တက်တဲ့ မူလတန်းကျောင်းကလေးကိုအသွား လမ်းတစ်နေရာကအိမ်မှာ အပင်အကြီးကြီးပေါ်ကနေ ပန်းဝါဝါလေးတွေပွင့်ပြီး အနံ့မွှေးလှတဲ့ ပန်းပင်ကြီးကို အိမ်မှာရှိစေချင်ခဲ့တယ်။ ဆိုတော့ ဘဝမှာ စံကားပန်းဆိုလို့ ကိုယ်ရင်းနှီးခဲ့ ချစ်ခဲ့ မြင်ခဲ့ဖူးတာဆိုလို့ စကားဝါပန်းတစ်မျိုးသာ တခုတ်တရရှိခဲ့ဖူးတယ်။ ကိုယ်မြင်ဖူးတဲ့ စကားဝါပန်းပင်ကလည်း ခွန်သာရဲ့ဥယျာဉ်ထဲက စံကားပင်တွေလို ပင်စည်ကြီးကြီး မြင့်မြင့်ပါပဲ။

အဖြူရောင်စံကားပွင့်ကြီးတွေ အရွယ်အစားက လက်ပံပွင့် ၂ ဆလောက်ကြီးတဲ့ ပန်းပွင့်တွေကိုတော့ မြန်မာမှာတွေ့ခဲ့တာမဟုတ်ဘဲ နွေဦးတစ်ခုမှာ ဂျပန်နိုင်ငံရဲ့ တနေရာမှာ ရင်းနှီးခဲ့မိတာ။ ပထမတော့ ကျောင်းကနေ ကိုယ်အမြဲသွားနေကျ shopping mall နားက လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့တော့ပန်းပွင့်ကြီးတွေကို တအံ့တသြနဲ့ ဓါတ်ပုံတွေရိုက်ရုံမက သေချာကို ကြည့်နေမိတယ်။ ပန်းးဆိုရင် အပင်ပေါ်မှာပဲ ကြည့်မြင်ချင်သူမို့ ခူးဖို့ စိတ်ကူးတော့ မရှိခဲ့ဘူးရယ်။ ကိုယ်ပထမဆုံးမြင်ခဲ့တဲ့ စကားဖြူပွင့်ကြီးက ပွင့်ဖတ် ၈ ခုရှိတယ်။ နွေဦးဖြစ်တဲ့ မတ်လထဲမှာ အရွက်တွေလုံးဝမတွေ့ရဘဲ ပင်လုံးကျွတ်ပွင့်နေတာပါပဲ ။ ဆရာမရဲ့ စကားပန်းတွေထဲကဆိုရင်တော့ #ယူလန်စံကားဖြူ လို့ခေါ်တဲ့ Magnolia denudata နဲ့ ဆင်တူတယ်။ ဒါပေမယ့် စာအုပ်ထဲက ယူလန်စံကားဖြူက ပွင့်ချပ် ၉ ခု ပါပါသတဲ့။ ဒါ့အပြင် အနံ့လည်း မွှေးတယ်လို့ ဆိုတယ်။ ကိုယ့်ရဲ့ စံကားဖြူကတော့ ပွင့်ချပ် ၈ ခုပဲပါပြီး အအေးပိုင်းက ပန်းတွေရဲ့ထုံးစံအတိုင်း အနံ့မရှိပါဘူး။ အပင်ကလည်း လုံးပတ်သိပ်မကြီးသလို သိပ်မမြင့်လှတဲ့ အကိုင်းအခက်များလှတဲ့ ပင်လတ်တစ်မျိုးပါပဲ။





နောက်ထပ် စံကားဖြူပွင့်တွေကိုတော့ ကိုယ်ကျောင်းတက်ခဲ့တဲ့ ဂျပန်နိုင်ငံက မြို့လေးရဲ့ Botanical garden ထဲမှာ မတ်လထဲမှာပဲ တွေ့ခဲ့တယ်။ အဲဒီအပွင့်တွေက shopping mall နားကအပွင့်တွေထက် နည်းနည်းသေးပြီး ပွင့်ဖတ် ၇ ခုပဲ ပါပါတယ်။ အဲဒီအပင်ကိုတော့ တစ်နှစ်သာတွေ့ခဲ့ရပြီး နောက်ပိုင်းနှစ်တွေမှာတော့ မတ်လထဲ ဥယျာဉ်ကို မရောက်ဖြစ်တော့ မတွေ့ဖြစ်တော့ဘူး။



စာတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်တိုင်း ကိုယ်သွားတတ်တဲ့ အနီးဆုံး ဈေးဝယ်စရာနေရာဖြစ်တာကြောင့် shopping mall နားက စံကားဖြူပင်တွေကိုတော့ ၃ နှစ်လုံးလုံး တွေ့ခဲ့ရတယ်။ ဒီစာအုပ်ကို ပြန်မဖတ်ဖြစ်တာကြောင့် အဲဒီပန်းတွေဟာ  ဆရာမရဲ့ စံကားပန်းတွေမှန်းတောင် မသိခဲ့ဘူးရယ်။ သူ့ရဲ့ မျိုးရင်းကိုပဲ အစွဲပြုပြီး Magnolia ပန်းတွေလို့ ကိုယ့်ဘာသာ ခေါ်ဖြစ်ခဲ့တာ။ အခုမှ သိရတာက တကယ်တမ်း မြန်မာမှာဆိုရင် ဒီပန်းတွေကို တတိုင်းမွှေးလို့ ခေါ်ပါသတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အသက် ၃၀ ကျော်မှ တွေ့ခဲ့ဖူးတဲ့ ပန်းပွင့်အကြီးကြီးတွေကို အမြတ်တနိုးဖြစ်မိတာပါပဲ ..။

စာအုပ်ကို ပထမဆုံးဖတ်ဖြစ်တော့ စံကားပန်းတွေကို မြင်ဖူးချင်ရုံမက အိမ်မှာပါ စိုက်ချင်ခဲ့တာ ။ အဲလိုနဲ့ တဖြည်းဖြည်း မေ့သွားခဲ့ပြီး စံကားဖြူပွင့်တွေကိုတွေ့တော့ စံကားပန်းမှန်းတောင် သေချာမသိဘဲ ကြည့်ရုံနဲ့တင် ကြည်နူးနေမိပြန်ရော ။ ညက စာအုပ်ကိုပြန်ဖတ်မိတော့မှ အဲဒီထဲက ဓါတ်ပုံတွေကြည့်ရင်း ဆယ်ကျော်သက်အရွယ်တုန်းက ရင်ခုန်ခဲ့တဲ့ မြင်ဖူးချင်ခဲ့တဲ့ စံကားဖြူပွင့်တွေကို ကိုယ်တိုင်တွေ့ခဲ့ရပြီးပါလားလို့ ကြည်နူးပီတိဖြစ်ရင်း ဒီစာကို ရေးဖြစ်တာဆိုပါတော့။ အိပ်ခါနီးဖတ်တာမို့ နည်းနည်းတော့ လန့်သလိုလိုဖြစ်မိတာ ဝန်ခံရပြန်ဦးမယ် 😳😁😁
ဒါပေမယ့် ကိုယ့်စိတ်ထဲမှာသိနေသလို ဆရာမဂျူးရဲ့ အပြောအရ ခွန်သာဟာ သရဲမဟုတ်ဘူးဆိုတာပါပဲ 😊😊💚💚💚

Tuesday 6 February 2018

အမှတ်တရ ၃၅

February 06, 2018 2 Comments




ကိုယ့်ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ဟာ အလုပ်တွေကြားမှာ တိတ်ဆိတ်စွာ ဖြတ်သန်းဖြစ်ခဲ့တယ် ..။ အရင်ကတော့ အဲဒီရက်မှာ ကိုယ့်ခံစားချက်ကို စာတစ်ပုဒ်လောက်ဖွဲ့ဖြစ်ဖို့ ကြိုးစားမယ်လို့ ရည်မှန်းထားပေမယ့် အလွန်တာဝန်ကြီးတဲ့အလုပ်တစ်ခုကြောင့် ပျက်ကွက်ခဲ့ရတယ်…။ အခြားနိုင်ငံကရော မြန်မာနိုင်ငံကရော လူပေါင်း ၆၀ လောက် တက်ဖြစ်တဲ့ conference တစ်ခုကို မြန်မာဘက်ကတာဝန်ရှိသူအနေနဲ့ ကိုယ်က တာဝန်ယူခဲ့ရတယ်..။ အဲဒီနေ့က မီဒီယာတွေကို မဖိတ်ခေါ်ထားပေမယ့်လည်း ရောက်လာကြတာကြောင့် အစီအစဉ်မကျတဲ့အင်တာဗျူးတစ်ခုကို Skynet ရယ် MITV ရယ် MNTV ရယ် အခြား မီဒီယာ ၂ ခုလောက်လည်း ပါမယ်ထင်တယ် ဖြေဖြစ်ခဲ့တယ်..။ အလုပ်ရှုပ်တာကြောင့် ကိုယ့်ပါမယ့်အစီအစဉ်ကို မမေးထားဖြစ်သလို မကြည့်လဲမကြည့်ဖြစ်ခဲ့ပါဘူး…။ ကြည့်ဖြစ်သူတချို့ကတော့ တီဗွီမှာတွေ့လိုက်တယ်လို့ ပြောကြတယ် ..။ ဒီတစ်ခါနဲ့ဆို တီဗွီမှာ အင်တာဗျူးဖြေဖူးတာ ၂ ခါ ရှိသွားပြီ။ ပထမတစ်ခါက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက။ အဲဒီတုန်းကလည်း ကြည့်ုဖြစ်သူတွေက တွေ့တယ်ပြောပေမယ့် ကိုယ်တိုင်တော့ တီဗွီမကြည့်လိုက်ရပြန်ဘူးရယ်….။ ဆိုတော့ ကိုယ့်မွေးနေ့ဟာ ချစ်သူခင်သူတွေ၊ မိသားစုဝင်တွေနဲ့ခဏဝေးရာ လုပ်ငန်းခွင်ထဲမှာ ဖြစ်လို့နေခဲ့ပါတယ်…။

ဒါဟာ ကိုယ့်အသက်ကို ပြောတာ ပထမဆုံးပို့စ်ပဲဖြစ်မယ်ထင်ပါတယ် ..။ ဟုတ်ပါတယ်..။ ကျွန်မဟာ ပုံမှန်လူ့သက်တမ်းအားဖြင့်ဆိုရင် သက်တမ်းတစ်ဝက်ကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ် …။ ဒီကာလအတွင်းမှာ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေကို သေချာရေတွက်ကြည့်မယ်ဆိုရင် ထပ်တူညီကောင်းညီနိုင်သလို ပျော်ရွှင်စရာကိစ္စတွေက ပိုကောင်းပိုနိုင်ပါတယ်..။ ဝမ်းနည်းစရာကိစ္စဆို ချက်ချင်းမေ့ပစ်ချင်တာကြောင့်လည်းဖြစ်ပါလိမ့်မယ် ….။ ငယ်ငယ်ကတည်းက အထူးသဖြင့် ၁၀ တန်းလောက်ကစပြီး ပညာလောဘကြီးတာကြောင့် ကျွန်မလိုချင်တဲ့ ပညာအရည်အချင်း၊ ဘွဲ့တွေအားလုံးကို အသက် ၃၅ နှစ်မှာ ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ် ..။ လိုချင်တဲ့မိသားစုဘဝကို မတည်ဆောက်နိုင်သေးပေမယ့် ကျွန်မကို ချစ်တဲ့ ကျွန်မခံစားရသမျှကို ရင်ဖွင့်လို့ရတဲ့ နားလည်ပေးတဲ့ ကျွန်မချစ်သူ အိမ်ထောင်ဘက်လည်း ရှိပြီဖြစ်ပါတယ်….။ ပျော်မွေ့ဖွယ်အတိပြီးတဲ့ လုပ်ငန်းခွင်တစ်ခုမဟုတ်ပေမယ့် အလုပ်ထဲမှာ ပျော်အောင်ရှာပြီး နေတတ်အောင်ကြိုးစားရုန်းကန်နေလို့ မွေ့လျော်ဖွယ်အလုပ်တစ်ခု ရှိပြီလို့လည်း ဆိုနိုင်ပါလိမ့်မယ်…။



အသက်ရလာတာနဲ့အမျှ လောကဓံကို ရင်ဆိုင်နိုင်အောင် ဘုရားတရားကို အမြဲနှလုံးသွင်းဖြစ်အောင် ကြိုးစားနေပါတယ် …။ ဘဝမှာ စိတ်အပူဆုံးက ကျန်းမာရေးပါပဲ ..။ ကျန်းမာနေရင် ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖြေရှင်းနိုင်တာကြောင့် အဲဒီတစ်ခုကလွဲရင် စိတ်ပူတာရယ်လို့မရှိပါဘူး..။ အသက် ၃၅ နှစ်အတွင်းမှာ ကျွန်မကို ချစ်သူတွေကြား ကလေးတစ်ယောက်လိုပဲ ဖြတ်သန်းနေဖြစ်ခဲ့တယ်..။ ဘဝဟာ ကံကောင်းတယ်ပြောရလောက်အောင် မိဘ၊ မောင်နှမ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုတွေအလယ်မှာ အခက်အခဲဆိုတာ မယ်မယ်ရရမတွေ့ဖြစ်သေးပါဘူး..။ ခံစားမိတာက ကျွန်မက ယူတာတွေပဲများပြီး ပေးတာနည်းလို့ အခုကစပြီး ကိုယ်ချစ်တဲ့သူတွေအတွက် ပြန်ပေးဆပ်နိုင်အောင် ကြိုးစားချင်လို့ တတ်နိုင်သလောက်တော့ ကြိုးစားနေပါတယ် ….။ လူမှုဆက်ဆံရေးကတော့ စိတ်ထဲရှိတဲ့အတိုင်း နေတတ်ပြောတတ်လို့ ဟန်ဆောင်တတ်တဲ့ပညာတစ်ခုတော့ တတ်အောင် ကြိုးစားရပြန်ဦးမယ် ..။
မွေးနေ့နီးတိုင်းတွေးမိတာက ဒီမွေးနေ့ကျော်ရင် ကံကောင်းပြီဆိုတဲ့ အကြောင်း ယုံကြည်နေတတ်တာပါပဲ ..။ ဒီတစ်နှစ်လည်း အဲလိုဖြစ်ပါစေလို့ တွေးမိသလို ၂၀၁၈ ရောက်ကတည်းက အလုပ်တွေရှုပ်လို့ ကိုယ်ပင်ပန်းပေမယ့် စိတ်ကတော့ ချမ်းသာရတယ်ဆိုတော့ ကံကောင်းတဲ့နှစ်တစ်နှစ်ပဲ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ် …။ အရင်ကတော့ အသက် ၃၅ နှစ်ပြည့်တဲ့အခါ အမှတ်တရအနေနဲ့ စာတွေအများကြီး၊ အကြောင်းအရာအများကြီးရေးမယ်လို့ တွေးထားပေမယ့် တကယ့်မွေးနေ့မှာ ရေးဖို့အချိန်မရှိလောက်အောင် အလုပ်ရှုပ်သွားတာကြောင့် အခုရေးဖြစ်တဲ့အခါ ဘာရေးရမယ်လို့ မယ်မယ်ရရ ခံစားချက်မရှိတော့ပြန်ပါဘူး…။ ဘယ်လိုပဲဖြစ်ဖြစ် ၃၅ နှစ်အတွက် အမှတ်တရပို့စ်တစ်ခု ရေးဖြစ်တယ်ဆိုတာနဲ့တင် ကျေနပ်သင့်တယ်မဟုတ်လားနော် …။

Follow Us @soratemplates