Showing posts with label ♥♥♥ မောင် ♥♥♥. Show all posts
Showing posts with label ♥♥♥ မောင် ♥♥♥. Show all posts

Sunday, 10 January 2016

လွမ်းတော်မူလို့ စာကိုစီ ^^

January 10, 2016 1 Comments


မနက်စောစောနေရောင်ဟာ အရင်နှစ်ဆောင်းနဲ့မတူစွာ တောက်ပလို့နေတယ် ....။ ဖြူလွလွနှင်းပွင့်တွေ မတွေ့ရတဲ့ ဆောင်းရာသီဟာ ကိုယ့်အတွက်တော့ ဆောင်းရယ်လို့ ပီပီပြင်ပြင် ခံစားလို့မရပါဘူး ....။ လေအဝေ့မှာ တိုက်ခတ်လာတဲ့လေညှင်းတွေကြားမှာတော့ အအေးဓါတ်က သိပ်သည်းလို့နေပြန်ပါတယ် ....။ 

ဂျပန်ကို ကိုယ်ပြန်တော့မယ်ဆိုတော့ အဲဒီနေ့က မောင်လိုက်ပို့ပါတယ် ....။ သတိရရင် လာခဲ့ပေါ့လို့ ကိုယ်ပြောခဲ့ပေမယ့် သူ့အလုပ်ကိုပဲတွယ်တာသံယောဇဉ်ကြီးတဲ့မောင်က လိုက်လာမယ်မဟုတ်မှန်း ကိုယ်သိနေခဲ့ပြီးသားလေ...။ စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာသားအရဆိုရင်တော့ မောင်အသက်ရှူခဲ့ဖူးတဲ့ လေထုထဲကို ကိုယ်တစ်ယောက်တည်း ပြန်သွားရတော့မယ်ဆိုတဲ့အခါ ကိုယ်လွမ်းဖို့ လုံလောက်တယ်မဟုတ်လား ....။
နှစ်ယောက်အတူတူ လမ်းလျှောက်ဖူးတဲ့ မြစ်ကမ်းနားတစ်ခုဟာ တစ်ယောက်တည်း ရောက်သွားတဲ့အခါ လွမ်းမောစရာနေရာတစ်ခု ဖြစ်လို့နေတယ် ....။ မနက်စောစော လမ်းလျှောက်၊ အပြေးလေ့ကျင့်နေတဲ့သူတွေကို မမြင်မိဘဲ အတိတ်ထဲမှာ စကားပြောရင်း ဖြည်းဖြည်းချင်းလျှောက်နေတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း သတိရစိတ်ဟာ ဝေ့တက်လာပြန်ပါတယ် ....။ သတိရချိန်တိုင်း ဖုန်းဆက်လိုက်နော်လို့ ခဏခဏသတိပေးတတ်တဲ့မောင့်ကြောင့် ဖုန်းခလုတ်ကိုနှိပ်ရင်း missed call ပေးလိုက်တိုင်း မောင်က အွန်လိုင်းပေါ်ရောက်လာတတ်ခဲ့တယ် ...။ အတူတူသွားဖူးတဲ့နေရာတစ်ခုမှာ မောင်က ဖုန်းတစ်ဖက်ကနေ မြင်ကွင်းတွေကို ပြန်ပုံဖော်ပြောပြရင်း ကိုယ်ကလည်း ရောက်နေတဲ့လမ်းလေးအကြောင်း ပြောပြရင်း ကိုယ့်ရဲ့နံနက်ခင်းလေ့ကျင့်ခန်းချိန်တွေကို အလွမ်းတွေလျော့ပါးသက်သာစေခဲ့ပါတယ်...။


အတူသွားခဲ့ဖူးတဲ့ကော်ဖီဆိုင်ကလေးကတော့ ပုံမှန်အတိုင်း လူစည်ကားနေဆဲ ...။ မြန်မာနိုင်ငံပြန်ရောက်တဲ့အထိ ကိုယ်ကြိုက်တဲ့ Cheese cake ကိုပဲ မှတ်မှတ်ရရဝယ်ကျွေးလေ့ရှိတဲ့မောင့်ကြောင့် ဒီကော်ဖီဆိုင်လေးပြန်ရောက်လာတော့လည်း အတူစားခဲ့ဖူးအချိန်တွေကို ပြန်မြင်ယောင်မိဆဲ .....။ 


အတူတူဈေးဝယ်သွားကြတဲ့ Shopping mall တွေရောက်တိုင်း၊ စက်ဘီးအတူတူစီးဖူးတဲ့ လမ်းမကြီးပေါ် တစ်ယောက်တည်း သွားနေရချိန်တိုင်း၊ အတူတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်တွေကို ပြန်ရောက်ဖြစ်တိုင်း၊ အတူတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်တွေကို ပြန်ရောက်ချိန်တိုင်း၊ အတူတူငေးခဲ့ဖူးတဲ့ မြစ်ကမ်းဘေးနားရောက်ချိန်တိုင်း အလွမ်းတွေဟာ ဆထက်တိုးလို့ လာနေပြန်တယ် ...။ ဒီအလွမ်းတွေကို ချေဖျက်ဖို့ အချိန် တစ်လ လိုမလား ၊ နှစ်လ လိုလေမလား၊ ကိုယ်လဲ သေချာတော့ မခန့်မှန်းတတ်ပေမယ့် တဖြည်းဖြည်းတော့ တစ်ယောက်တည်း နေသားကျသွားမယ်ထင်ပါတယ် ....။

Saturday, 2 January 2016

#TB #2015

January 02, 2016 0 Comments



၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဟာ နေရောင်တွေနဲ့ အတူသက်ဝင်လှုပ်ရှားလို့လာပါတယ်..။ အပူချိန် ၇ ဒီဂရီလောက်ရှိနေပေမယ့်လည်း နေရောင်ကြောင့် အအေးဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရဘဲ ရာသီဥတုက သာယာလို့နေပါတယ်...။ မြင်လေရာမှာတော့ အရွက်တွေအားလုံးနီးပါးကြွေနေပြီဖြစ်တဲ့အပင်တွေကြောင့် ဆောင်းရာသီဆိုတာကို မှတ်မှတ်ထင်ထင် ရှိနေစေတယ်...။
တကယ်တော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လလုံးနီးပါး အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ပြန်နေခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက် ၂၇ ရက်နေ့မှ ဒီမြို့လေးကို ပြန်ရောက်လာခဲ့တာပါ ...။ အလွမ်းတွေ တပွေ့တပိုက်နဲ့ ၂၀၁၅ ရဲ့ နောက်ဆုံးနေ့ရက်တချို့ကို ဖြတ်သန်းနေရပြီး ၂၀၁၆ တစ်နှစ်လုံးဟာလည်း အလွမ်းတွေနဲ့ပဲ အဖော်ပြုနေရမှာ သေချာနေပါတယ်..။

၂၀၁၅ တစ်နှစ်လုံးဖြတ်သန်းပုံကို ပြန်ပြောင်းလှည့်ကြည့်မိတဲ့အခါ ကျမဘဝအတွက် အပြောင်းအလဲများစွာကို ဖြစ်စေခဲ့တဲ့နှစ်ဆိုတာ တွေ့ရပါတယ်...။ အပူအပင်မရှိတဲ့ဘဝကနေ စိုးရိမ်ပူပန်မှုတွေကြား အားလုံးကိုကျော်ဖြတ်နိုင်အောင်ကြိုးစားရင်း ရင့်ကျက်မှုတွေရခဲ့တဲ့နှစ်၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကနေ မိသားစုဘဝအတွက် စဉ်းစားပေးတတ်လာတဲ့နှစ်၊ မိဘလိုမျိုး ချစ်ခင်စောင့်ရှောက်ပေးတဲ့ ခင်ပွန်းနဲ့ သူ့မိဘတွေကို ပိုင်ဆိုင်လာတဲ့နှစ်၊ ဆယ်နှစ်ကျော်ကွဲကွာသွားကြတဲ့ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြလို့ အလုပ်နဲ့ ပညာကိုပဲ ဦးစားပေးရင်း အပေါင်းအသင်းသူငယ်ချင်းတွေကို မေ့နေခဲ့တာ ဆယ်နှစ်လောက်ရှိလာပါလားလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လာနိုင်တဲ့နှစ် စသဖြင့် အများကြီးပါပဲ ...။

၂၀၁၅ အစောပိုင်းကာလတွေဟာ မိသားစုအရေးကိစ္စအတွက် ပူပန်စရာတွေပြည့်နှက်လို့နေခဲ့ပါတယ်။ ပူပင်မှုတွေနဲ့ သိပ်မကြုံခဲ့ရတော့ တည်ငြိမ်အောင် တော်တော်ကြိုးစားခဲ့ရပြီး နောက်ပိုင်းတော့ သူ့အလိုလို ပြန်အဆင်ပြေသွားခဲ့ပါတယ်...။ တစ်နှစ်လုံးမှာ ဘေးနားကနေ တချိန်လုံး အားပေးတတ်တဲ့ ဖေးမတတ်တဲ့ချစ်သူကြောင့် စိတ်ညစ်စရာရှိရင်တောင် ခဏလေးနဲ့ ပြေပျောက်သွားခဲ့ရတယ်..။ သူ့ကြောင့် အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူရဲ့ လိုအပ်သမျှကို ဖြည့်ဆည်းပေးတတ်ခြင်းလည်း ဖြစ်တယ်ဆိုတာ သိလာရတယ်..။ စာရေးဆရာမတစ်ယောက်ရေးထားတာဖတ်ဖူးတယ်..”မောင်နဲ့ကျမနီးစပ်ဖို့ ခြေလှမ်း ၁၀၀ လိုတယ်ဆို မောင့်ဘက်က ခြေတစ်လှမ်းပဲ လှမ်းလာပါ။ ကျန်တဲ့ ၉၉ လှမ်းကို ကျမလှမ်းခဲ့ပါမယ်” တဲ့ ..။ တကယ်တော့ ကျမနဲ့မောင့်အတွက်နီးစပ်ဖို့ ခြေလှမ်း ၁၀၀ လိုအပ်တယ်ဆိုရင် မောင်က ကျမကို တစ်လှမ်းမှ မလှမ်းလာစေဘဲ ခြေလှမ်း ၁၀၀ လုံးကို သူက လျှောက်လာသူရယ်ပါ ...။ မင်္ဂလာဆောင်အတွက် ကျမဖြစ်စေချင်တဲ့အရာအားလုံးကို တစ်ချက်မှ နောက်မတွန့်ဘဲ မောင်က ဖန်တီးပေးခဲ့တယ် ..။ ကျမလိုအပ်သမျှကို ဖန်တီးဖြည့်ဆည်းပေးဖို့အတွက် အမြဲတမ်း အဆင်သင့်ရှိနေခဲ့တယ်..။ တကယ်တော့ မောင့်ကို ပိုင်ဆိုင်ရခြင်းက ကျမမိဘတွေအစား ကျမလိုအပ်သမျှကို ဖြည့်ဆည်းပေးမယ့် မိဘလိုလူမျိုးကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ ...။ အရာရာအားလုံးကို အလိုလိုက်ပြီး ဖြစ်အောင်ဖန်တီးပေးတတ်တဲ့မောင့်ကြောင့် အခုအချိန် တစ်ယောက်တစ်နေရာစီ ပြန်ဝေးသွားတဲ့အခါ ကျမရဲ့ မသိတတ်ခဲ့မှု၊ သူ့အပေါ်ဆိုးခဲ့မှုတွေအတွက် အရင်အချိန်တွေကို ပြန်တွေးမိပြီး သတိရဝမ်းနည်းမိသလို ဖြစ်နေတတ်တယ်..။ တူတူရှိနေကြစဉ်ကတော့ မောင့်အပေါ် အဲလောက်ထိ အနိုင်ယူခဲ့မိမှန်း မသိခဲ့ဘဲ ဝေးနေချိန်မှ ကျမဆိုးခဲ့တာတွေ ပြန်မြင်လာတော့ အားတုံ့အားနာလည်း ဖြစ်နေပြန်ပါသေးတယ်....။

၂၀၁၅ ကို ပြန်ကြည့်လိုက်ရင် ၂၀၁၄ လောက် ကျမအပေါ်မကောင်းခဲ့ပါဘူး ...။ အသက်အရွယ်ကြောင့်လား၊ ဘဝပေးအခြေအနေကြောင့်လား၊ ကျမပဲ ကြိုးစားမှုလျော့နည်းခဲ့လို့ပေပဲလားတော့ မသိဘူး...။ အစောပိုင်းလတွေမှာ အဆင်မပြေမှု၊ ရှုံးနိမ့်မှုလိုမျိုးတွေ ကြုံခဲ့ရတယ်..။ လောကဓံကို ကိုယ်တွေ့ကြုံလာရတော့ အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ရတယ်...။ ဒါပေမယ့်လည်း နောက်ပိုင်း ၅ လလောက်ဟာ ထင်မှတ်မထားလောက်အောင် အကောင်းတွေချည်း ဆက်တိုက်ကြုံခဲ့ပါတယ်....။ အောင်မြင်မှုတချို့ကိုပြန်ရသလို ယုံကြည်မှုတွေလည်း ပိုတိုးလာခဲ့တယ်..။ လူမှုရေးမှာလည်း အကြာကြီးကွဲနေကြတဲ့သူငယ်ချင်းတွေနဲ့တောင် အရင်လိုပြန်အဆက်အသွယ်ရတဲ့အထိ ချစ်ခင်တဲ့သူတွေတိုးလာခဲ့တယ် ...။ အရာရာကိုပေးဆပ်ဖို့ အဆင်သင့်ရှိနေတတ်တဲ့ ကျမရဲ့ မိဘတွေအပြင် ကျမလိုသမျှ၊ ကျမဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးချင်နေတဲ့ မောင်နဲ့ မောင့်ရဲ့ မိဘတွေကို ပိုင်ဆိုင်လာခဲ့တယ် ...။

၂၀၁၆ အတွက် မျှော်လင့်မိတာကတော့ အရာရာကို အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းချင်တယ်...။ ၂၀၁၅ လိုမျိုး အဆိုးဆုံးတွေရော အကောင်းဆုံးတွေရော ရရှိသလိုမျိုး အနိမ့်အမြင့်အတက်အကျ ကြမ်းကြမ်းတွေ မကြုံချင်တော့ဘူး ....။ အကောင်းဆုံးတွေမရရင် နေပါစေ၊ အရာရာက အေးချမ်းပြီး ပျော်ရွှင်စရာရောင့်ရဲစရာကောင်းတယ်ဆိုရင် ကျေနပ်ပါပြီ ....။

** ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ရေးထားခဲ့တဲ့ စာတစ်ပုဒ်ဟာ အခုမှ အဆုံးသတ်ဖြစ်တဲ့အတွက် ဒီနေ့မှ post တင်ဖြစ်ခဲ့ပါတယ် ..။

Friday, 5 June 2015

5th JUNE >>2015

June 05, 2015 0 Comments
လွန်ခဲ့သော ၃ နှစ်မတိုင်ခင်အထိ ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ်သာ မှတ်မှတ်ထင်ထင်ရှိနေဖြစ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခါပြောင်းလဲ သတ်မှတ်သည့် WED ၏ Theme များသည် ကျမအတွက်တော့ စိတ်ဝင်စားဖွယ်ရာများ ဖြစ်နေတတ်ခဲ့သည်။ လက်ရှိကာလ ကမ္ဘာတစ်ဝှမ်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿ     နာများကို မီးမောင်းထိုးပြလေ့ရှိသည့် WED ၏ ဆောင်ပုဒ်များသည် တစ်နှစ်ပြီးတစ်နှစ် မတူညီသကဲ့သို့ ထိုတစ်နှစ်ကုန်ဆုံးသွားပါက အဆိုပါပြဿ     နာများအား ကမ္ဘာကြီးကို အများဆုံးခြယ်လှယ်စိုးမိုးထားသည့် လူ့အဖွဲ့အစည်းက အပြီးတိုင်ဖြေရှင်းနိုင်ခဲ့လေသလားဆိုတာတော့ မသေချာခဲ့ပေ...။ အနည်းဆုံးတော့ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပြဿ     နာများကို ဖြေရှင်းဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်မည်ဖြစ်သည်..။

ယခုနှစ်အတွက် WED theme မှာတော့ "Seven Billions Dreams. One Planet. Consume with Care." ဆိုလိုရင်းမှာတော့ သက်ရှိအားလုံးအနေဖြင့် ကမ္ဘာ့သယံဇာတများပေါ်တွင် မှီခိုရပ်တည်နေရခြင်းဖြစ်သဖြင့် နောင်အနာဂတ်ကာလအထိ ရေရှည်ရပ်တည် အသုံးပြုနိုင်ရန် သဘာဝသယံဇာတများကို စနစ်တကျ အသုံးချနိုင်ရန် သတိပေးလိုရင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေမှာ တစ်နေ့တခြားတိုးပွားလာနေသဖြင့် ယခု ၇ ဘီလီယံမှသည် ၂၀၅၀ ခုနှစ်တွင် ၉.၆ ဘီလီယံအထိ တိုးပွားလာနိုင်မည်ဖြစ်ရာ ယခုသုံးစွဲသည့်နှုန်းအတိုင်းသာ သယံဇာတများကို သုံးစွဲသွားပါက ထိုအချိန်ရောက်လျှင် ယခုကမ္ဘာမျိုး ၃ လုံးခန့်ရှိမှသာ အားလုံးသုံးစွဲဖို့ လုံလောက်မည်ဖြစ်ပေသည်။ သို့ဖြစ်ရာ ကျမတို့အတွက် ကမ္ဘာကြီးက တစ်လုံးတည်းသာရှိသဖြင့် သဘာဝသယံဇာတများကို ဂရုတစိုက် စနစ်တကျ သုံးစွဲသင့်ကြောင်း WED က ထပ်ဆင့်အသိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ဆုံတွေ့ခဲ့သည့် လူငယ်တစ်ဦးကြောင့် ထိုအချိန်မှစကာ ဇွန်လ ၅ ရက်နေ့သည် ကျမအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သာမက လူတစ်ဦး၏ မွေးနေ့အဖြစ်ပါ မှတ်မှတ်ရရ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့သည် မောင်နှင့် ကျမ အတွက် ဝမ်းနည်းစရာ ခွဲခွာချိန်တစ်ခုဖြစ်ခဲ့ဖူးသည်..။ ချစ်သူကို ထားရစ်ကာ နိုင်ငံရပ်ခြားသို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သောနေ့သည် မောင့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေခြင်းအတွက် ဝမ်းနည်းမှုက ပိုသာခဲ့သလေသလား မသိပေ..။ သို့သော် သေချာသည်က မောင့်ရှေ့တွင် ကျမ မျက်ရည်တစ်စက်မှ မကျခဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခွဲခွာနှုတ်ဆက်ခဲ့သည်သာဖြစ်သည်...။ ထိုနှစ်အတွက် မောင့်ကို ကျမပေးခဲ့သော လက်ဆောင်မှာ မောင် အင်မတန်သဘောကျ နှစ်သက်ကာ ယခုအချိန်အထိ အမြတ်တနိုး ဝတ်ဆင်ထားသည့် နာရီတစ်လုံးသာ ဖြစ်ခဲ့ပါသည်....။

၂၀၁၄ ဇွန်လ ၅ ရက်နေ့ကတော့ ၂၀၁၃ ခုနှစ်နှင့် ပြောင်းပြန်ဖြစ်ကာ မောင်က နိုင်ငံခြားရောက်နေ၍ ကျမက မြန်မာပြည်မှာ ရှိနေခဲ့ပါသည်...။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ ဘဝရည်မှန်းချက် စသည်ဖြင့် အရာအားလုံး မတူညီမှုများကြောင့် မောင်နှင့်ကျမ လမ်းခွဲဖို့ ကျမက ရည်ရွယ်ထားချိန်လည်း ဖြစ်သဖြင့် အဆက်အသွယ်မလုပ်တော့ချိန်လည်း ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ထိုနေ့တွင်တော့ မောင့်မွေးနေ့အဖြစ် မှတ်မှတ်ရရ သတိရနေခဲ့ရက်နှင့် နှစ်ဦးသား အဆက်အသွယ်လုံးဝပြတ်တောက်နေကြချိန် ဖြစ်ခဲ့သဖြင့် ထိုနေ့အတွက် မောင့်ကို ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ပါ ...။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးချိန်မှာတော့ ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်ဖြစ်သည့် မောင့်မွေးနေ့နှစ်ပတ်လည်နေ့ကို တစ်ခေါက်ပြန်လည် ရောက်ရှိလာပြီဖြစ်ပါသည်...။ နားလည်မှုများစွာ ကြိုးစားတည်ဆောက်ခဲ့ရသည့် ချစ်ခြင်းတစ်ခုအတွက် ဝေးကွာခြင်းသည်လည်း ချစ်သူနှစ်ဦးအား ကွဲကွာစေရန် မစွမ်းသာတော့အောင် သံယောဇဉ်တို့က ခိုင်မာနေခဲ့ပြီဖြစ်ပါသည်...။ ၂၀၁၅ ခုနှစ် မောင့်မွေးနေ့တွင်မတော့ ဟိုယခင် နှစ်များနှင့် မတူညီစွာ မောင်ရော ကျမရော နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြခြင်းဖြစ်ပါသည်...။ ကျမဆီမှာ မနက်ခင်းအချိန်သည် မောင့်ဆီမှာ ညဖြစ်နေအောင် အချိန်က ၁၂ နာရီကျော် ကွာခြားပါသည်။ ကျမ၏ မနက်ခင်းများသည် မောင့်အကြင်နာစကားသံများနှင့် လွှမ်းခြုံနေစေသကဲ့သို့ မောင့်ရဲ့ ညအိပ်ခါနီးအချိန်များသည်လည်း ကျမ၏ စကားလုံးများဖြင့် ကုန်ဆုံးဖြစ်ခဲ့ပါသည်....။ ညတိုင်းညဥ့်နက်မှ အိပ်ရာဝင်သော ကျမအတွက် မနက်ခင်းကျောင်းသွားခါနီးတိုင်း ပြာယီးပြာယာစကားတွေ တရစပ်ပြောနေတာကို ဖုန်းတစ်ဖက်မှ မောင်က ရယ်မောကာ နားထောင်နေကျဖြစ်ပါသည်။ ဖုန်းမှ စပီကာဖွင့်ကာ အခန်းထဲမှာ လူးလာခေါက်တုန့်ပြန်ရင်း ကျောင်းသွားဖို့ ပစ္စည်းတွေ ကျောပိုးအိတ်ထဲထည့်၊ နေ့လည်စာပြင်ဆင်၊ မနက်စာစားသောက်နေချိန်များတွင် မောင်က ကျမဘေးနားမှာ ရှိနေသကဲ့သို့ စကားတွေ ဝိုင်းဖွဲ့နေကျဖြစ်ပါသည်...။ ထို့နောက်တော့ ကျောင်းသွားရာလမ်းတစ်လျှောက် စက်ဘီးနင်းရင်း နားကြပ်တပ်ကာ မောင်က သွားရာလမ်းတစ်လျှောက်လုံး လိုက်ပါလာသကဲ့သို့ ခံစားရသဖြင့် ကျမ၏ မနက်ခင်းကျောင်းသွားချိန်များသည် တစ်ဦးတည်း အထီးကျန်ခြင်းကို စိုးစဉ်းမျှ မခံစားရပေ ...။
တစ်နေ့လုံးတွင်မှ ကျမ၏အချိန် မနက်ခင်း မောင့်ဆီတွင်တော့ ညအချိန်တွင် ၁ နာရီကျော်ကြာ စကားပြောဆိုမှုများသည် ကျမတို့နှစ်ယောက်အတွက် အဖိုးမဖြတ်နိုင်သော အချိန်အပိုင်းအခြားတစ်ခုဖြစ်ပါသည်...။

ဒီနေ့ ချစ်သူရဲ့မွေးနေ့ ...
မောင့်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် မောင်တောင်းဆိုသည့်အတိုင်း မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ နံ့သာ၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ကို ဆက်ကပ်ပေးဖြစ်ခဲ့ပါသည်..။ ကျမ၏ ဖြည့်ဆည်းမှုတစ်ခုအတွက် မောင်က ကြည်နူးနေသောအခါ ကျမလည်း ထပ်တူပျော်ရွှင်နေခဲ့တာဖြစ်သည်..။
နောက်ထပ် မွေးနေ့လက်ဆောင်တစ်ခုက မောင်ဖတ်သည်ဖြစ်စေ မဖတ်သည်ဖြစ်စေ မောင့်အတွက် ကျမ၏ ဝါသနာတစ်စိတ်တပိုင်းကို လက်ဆောင်ပေးချင်ခဲ့သောကြောင့် ဒီနေ့တော့ Blog တွင် ပို့စ်တစ်ပုဒ် မဖြစ်မနေရေးဖြစ်ခဲ့ပါသည်...။ တကယ်တမ်းတော့ လောလောဆယ်တွင် စာတွေနှင့် ပိနေသောကြောင့် Blog post တွေရေးဖို့ Mood မဝင်သော်လည်း အမှတ်တရအဖြစ် ရေးလိုက်သော ပို့စ်တစ်ခုသည် ချစ်သူ၏ မွေးနေ့အတွက် မှတ်မှတ်ရရဖြစ်သွားလိမ့်မည် ဖြစ်ပါသည်။
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf

Tuesday, 6 January 2015

ချစ်သော...နှင်း ***

January 06, 2015 4 Comments

မောင်ရေ .....
အချိန်က ၂၀၁၅ ထဲမှာ ဖြတ်သန်းနေပြီနော်...။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ၂၀၁၅ မှာ ရည်ရွယ်ထားတာ တချို့ကို ချရေးဖြစ်ခဲ့သေးတယ်လေ..။ အဲဒီနေ့က ကျောင်းပိတ်ပေမယ့် အိမ်မှာဆိုရင် စာမလုပ်ဖြစ်လို့ ကျောင်းကိုတော့ သွားဖြစ်ခဲ့တယ်...။ စာလုပ်ရတာ ပျင်းလာတဲ့အချိန်ရောက်တော့ စာရေးဖြစ်ခဲ့တယ်..။ စာရေးနေတုန်း နေ့လည် ၁ နာရီကျော်လောက်မှာ နှင်းတွေ တဖွဲဖွဲကျလာခဲ့တယ်..။ အစကတော့ ပထမဆုံးနှင်းကျတဲ့ရက်လိုပဲ သိပ်အများကြီး မကျလောက်ဘူး ထင်တာပေါ့..။ သူငယ်ချင်းတွေကလည်း ပြောတယ်လေ..။ ဒီမြို့က နှင်းအထူကြီး ကျလေ့မရှိသလို ဆောင်းတွင်းတစ်ခုလုံးမှာလည်း တစ်နှစ်လုံးမှာမှ ၃ ရက် ၄ ရက်လောက်သာ ကျတာတဲ့မောင်ရဲ့ ...။
အပြင်မှာ နှင်းတွေ တဖွဲဖွဲကျနေတုန်း ကျမလည်း အခန်းထဲမှာ စာရေးနေတာပေါ့..။ ခဏကြာတော့ နှင်းကျရင် အလိုလိုပျော်လာတဲ့စိတ်ကြောင့် အပြင်ထွက်ပြီး ခဏထွက်ကြည့်၊ ဓါတ်ပုံတွေ၊ Video တွေ ဘာတွေရိုက်ပေါ့လေ..။ Blog post က ရေးနေတုန်းတန်းလန်းဆိုတော့ အဲဒီမှာ နှင်းကျနေတဲ့ပုံတွေ ထည့်ချင်မိတာကိုး...။


မောင်သိတဲ့အတိုင်းပဲ ကျမက နှင်းတွေမြင်ရရင်ကို ပျော်နေတတ်တာ..။ အရင် ဂျာမနီမှာတုန်းကတော့ ပထဆုံးနှင်းကိုမြင်ဖူးတဲ့အချိန်တုန်းက ရင်တွေတောင် ခုန်လို့...။ အခြားစီနီယာတွေ သူငယ်ချင်းတွေက အဲဒီတုန်းကတော့ ပြောကြတာပေါ့....။ စမြင်ဖူးကာစအချိန်မှာသာ နှင်းတွေက ချစ်စရာကောင်းတာ..။ တဖြည်းဖြည်းကြာလာရင် ရေခဲတမျှအေးစက်နေတဲ့ နှင်းထုကြီးထဲ လမ်းလျှောက်ရလွန်းလို့ နှင်းတွေကို အမြင်ကတ်လာလိမ့်မယ်တဲ့..။ ဒါပေမယ့် အဲဒီသူတွေထဲမှာ ကျမ မပါခဲ့ဘူးမောင်..။ ဘယ်အချိန်မှာပဲ နှင်းတွေကျကျ၊ ဘယ်လောက်ပဲများများ နှင်းတွေကို ချစ်တဲ့စိတ်၊ နှင်းကျလာရင် ပျော်နေတဲ့စိတ်၊ အေးခဲနေတဲ့နှင်းမွမွတွေကြားမှာ ခြေလှမ်းနေရတဲ့ခံစားချက်ဟာ စိတ်ကို အလိုလိုကြည်နူးစေတတ်တယ်...။ နှင်းတွေကိုမြင်တိုင်း သူတို့အကြောင်း စာတွေ ရေးချင်မိတယ်..။

ခုနက နှင်းကျတဲ့ရက်ကို ပြန်ဆက်ရရင် အဲဒီနေ့က စာလည်းရေးပြီးရော... အပြင်ကို ကြည့်လိုက်တဲ့အခါ ခဏလေးအတွင်းမှာ နေရာတိုင်း နှင်းတွေဖုံးလွှမ်းနေရုံမက ကောင်းကင်ပေါ်ကနေလည်း နှင်းပွင့်တွေ အရှိန်ပြင်းပြင်းနဲ့ အဆက်မပြတ်ကျနေလေရဲ့လေ....။ အဲဒါနဲ့ပဲ ကျောင်းကိုလာကြတဲ့သူငယ်ချင်းတွေနဲ့အတူ အဆက်မပြတ် တဖွဲဖွဲကျနေတဲ့နှင်းတွေကြား လျှောက်သွားပြီး ဓါတ်ပုံတွေ ရိုက်ကြတာပေါ့ မောင်ရေ..။ လက်အိတ်ချွတ်လိုက်၊ ဓါတ်ပုံရိုက်လိုက်၊ နှင်းတွေကြား ပြေးလွှားသွားလိုက်နဲ့ အေးလို့အေးမှန်းတောင် မသိပါဘူး..။ ဒါပေမယ့်လည်း ဒီမြို့လေးရဲ့ နှင်းကျနေတဲ့အချိန်ရှိတဲ့ အပူချိန်က ၀ ဒီဂရီပဲရှိတယ်လေ..။ အဲဒီလိုဆိုတော့ အနှုတ် ၂၅ လောက်ထိ အေးတတ်တဲ့ ဂျာမနီဆောင်းကို ဖြတ်သန်းလာခဲ့တဲ့ကျမအတွက် ၀ ဒီဂရီဆဲလ်စီးယပ်စ်ဆိုတာ အပြင်မှာ သွားလို့လာလို့ အဆင်ပြေနေတဲ့အပူချိန်ပဲ ဖြစ်နေတာ မဆန်းပါဘူးနော်...။

သူငယ်ချင်းကိုတောင် ပြောဖြစ်သေးတယ်..။ ငါအရင်ဘဝက ဒီလို နှင်းတွေကျတဲ့နေရာမှာများ လူဖြစ်ခဲ့သလားပဲလို့..။ ဘာကြောင့်ဆိုရင် နှင်းတွေမြင်ရရင်ကို စိတ်က အလိုလို ပျော်လာလို့လေ ဆိုပြီးပေါ့..။



ဒီမြို့လေးမှာ အဲဒီ ၁ ရက်နေ့က ကျတဲ့နှင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၁ နှစ်အတွင်းမှာ အထူဆုံး အများဆုံးကျတဲ့နှင်းဖြစ်တယ်တဲ့ မောင်ရဲ့..။ စံချိန်တင်သွားတဲ့နှင်းပေါ့..။ စံချိန်တင်ဆိုရင် နှင်းအထူကလည်း ၁ ပေကျော်ခဲ့တယ်လေ...။ နောက် ၃ ရက် ၄ ရက်လောက်အထိ အဲဒီနှင်းတွေ ရှိနေတုန်း..။ ဒီမြို့မှာက ဂျာမနီမှာလို နှင်းတွေကို သန့်ရှင်းရေးမလုပ်တော့ နောက်ရက်တွေမှာ နှင်းတွေက သိပ်သွားပြီး ရေခဲပြင်လိုဖြစ်သွားတဲ့အခါ စက်ဘီးစီးလို့လဲ အဆင်မပြေသလို လမ်းလျှောက်လို့လဲ အဆင်မပြေတော့ဘူးလေ...။ အချို့တော့ ကိုယ့်အိမ်ရှေ့ ကိုယ့်ဆိုင်ရှေ့ တပိုင်တနိုင် နှင်းသန့်ရှင်းရေးလုပ်ကြတာလည်း ရှိပါတယ်...။ အများသွားတဲ့လမ်းတွေပေါ်တော့ သန့်ရှင်းရေးမလုပ်တာ တော်တော် အန္တရာယ်များလှတယ်..။ ကျမလည်း စက်ဘီးစီးဖို့အဆင်မပြေတော့ ဂရုတစိုက်နဲ့ လမ်းလျှောက်ပြီးပဲ ကျောင်းသွားရတော့တာပေါ့ ....။ ဘာပဲဖြစ်ဖြစ် ကျမကတော့ နောက်ထပ်ကျလာဦးမယ့် နှင်းတွေကိုလည်း ရင်ခုန်စွာနဲ့ စောင့်နေတုန်းပဲ မောင်ရဲ့......။ ကျမ နှင်းပွင့်တွေကို ချစ်တယ်လေ.....။

အဲဒီနေ့က ဘာရယ်မဟုတ် NewYear ညက အရှိန်မပျက်သေးတော့ မြန်မာသူငယ်ချင်းတွေ စုံပြီး စားဖြစ်ကြသေးတယ်....။

Saturday, 3 January 2015

Love Letter ~~~

January 03, 2015 1 Comments

နာမ်စားတစ်ခုရဲ့ဖြစ်တည်မှုဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ “မောင်” ဆိုတဲ့ စကားလုံးလေးတစ်လုံးက ညွှန်းဆိုဖော်ပြခဲ့လေတယ်....။
“ကိုယ် နာမ်စားတွေနဲ့ မရင်းနှီးဘူး။ ခေါ်လေ့ခေါ်ထလည်း မရှိဘူးလေ။ မင်းနာမည်ကလွဲရင် ဘယ်နာမ်စားကိုမှ ကိုယ်မခေါ်နိုင်ဘူး” ဆိုတော့ မောင်က သဘောတကျ ရယ်မောတယ်...။
“မင်း တစ်သက်လုံး မခေါ်ခဲ့ဖူးတဲ့ နာမ်စားတစ်လုံးကို အစမ်းသဘော ခေါ်ကြည့်ပါလား” တဲ့။
“ထင်သလောက်လွယ်မှာ မဟုတ်ဘူး..။ ကိုယ့်ချစ်သူအဖြစ် တရားဝင်ဖြစ်ခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက် ကိုတောင် ကိုကို ဆိုတဲ့ နာမ်စားတစ်ခု သုံးဖို့ မတတ်နိုင်ခဲ့တာ” လို့ ကိုယ် ပြန်ပြောခဲ့ပါတယ်...။

ဟုတ်ပါတယ်...။ တချိန်တုန်းက ချစ်ခဲ့ဖူးတဲ့ ချစ်သူဟောင်းကို ကိုကိုလို့ ခေါ်ဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ပေမယ့် သူနဲ့ကိုယ် ရေစက်ကုန်လို့ ချစ်သူတွေမဟုတ်တော့တဲ့အချိန်ထိ ချစ်သူဟောင်းနဲ့ ကိုယ့်အကြားမှာ နာမ်စားတွေ မရှိခဲ့ကြပါဘူး...။ နင်နဲ့ငါနဲ့ပဲပြောကြတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးက သူငယ်ချင်းတွေလို့သာ ထင်ခဲ့ကြတဲ့အထိ ကိုယ်တို့ နှစ်ယောက်က သူစိမ်းဆန်ခဲ့ကြပါတယ်....။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းဝေးကွာသွားခဲ့ကြတဲ့ ချစ်သူဟောင်းနဲ့ ကိုယ့်အတွက် အမှတ်တရဖြစ်စရာ နာမ်စားတစ်ခုတလေမှ မကျန်ရစ်ခြင်းက အသည်းကွဲဝေဒနာကို တစိတ်တပိုင်း သက်သာစေခဲ့သလိုပါပဲ ...။ 

ဒီလိုနဲ့ပဲ အချစ်မရှိတဲ့ဘဝမှာ ဝါသနာနဲ့ အလုပ်အကိုင်၊ အပေါင်းအသင်း သူငယ်ချင်းတွေအကြား ကိုယ့်ဘဝ က အေးချမ်းနေခဲ့ပါတယ်...။ ဘေးနားမှာ ဂရုတစိုက် စိုးရိမ်ပူပန်ပြောဆိုနေမယ့် ချစ်သူတစ်ယောက် မရှိခြင်းက ကိုယ့်အတွေးစိတ်ကူးတွေနဲ့အတူ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ကိုယ့်စရိုက်နဲ့ အံဝင်ခွင်ကျဖြစ်လို့နေခဲ့တယ်...။ အချစ်မရှိတဲ့ဘဝမှာ အေးချမ်းပျော်ရွှင်ဖွယ်၊ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်း လှတယ်လို့ တဖြည်းဖြည်းလက်ခံယုံကြည်လာမိတဲ့နောက်မှာ နောက်ထပ် အချစ်ဆိုတာ ကိုယ့်ဘဝမှာ မလိုအပ်တော့ဘူးလို့ ကိုယ်ယုံကြည်လာခဲ့တယ်...။

အဲဒီလိုနဲ့ ချစ်စရာမျက်နှာလေးနဲ့ မောင်က ကျမဘဝထဲ တဖြည်းဖြည်းနေရာယူလာခဲ့တယ် ...။ “မောင်” ဆိုတဲ့ နာမ်စားလေးတစ်လုံးကို ချစ်မြတ်နိုးစွာ ခေါ်တတ်လာခဲ့တယ် ...။

~~ မောင် ~~
ဟုတ်တယ်..။ ကျမ မောင့်ကို ချစ်မြတ်နိုးတယ် ..။ ယောက်ျားတစ်ယောက်အနေနဲ့ အားကိုးတွယ်တာတယ် ဆိုတာထက် ပိုလေးနက်တဲ့ ရယူလိုမှုတစ်စုံတရာမပါတဲ့ မေတ္တာသက်သက်နဲ့ မြတ်မြတ်နိုးနိုးချစ်တယ် ...။
ကျမအနားမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ... မောင် ဆိုတဲ့ စကားလုံးလေးတစ်လုံးကို စိတ်ထဲက ရေရွတ်မိရုံနဲ့တင် ကြည်နူးနေတတ်ခဲ့တယ် ...။

မောင် ဆိုတဲ့ စကားလုံးသာ မရှိခဲ့ရင် .. ကျမ မောင့်ကို ဒီလောက်ထိ ချစ်မြတ်နိုးလိမ့်မလား သေချာ မခွဲခြား တတ်ခဲ့ ..။ စကားလုံးတစ်လုံးရဲ့ အရေးပါပုံက မောင်နဲ့ ကျမတို့နှစ်ယောက် ချစ်ခြင်းကို ခိုင်မြဲတည်တံ့စေဖို့ အထောက်အပံ့ဖြစ်စေတယ်..။

မောင်က ကျမအတွက် ဂီတတေးသွားတစ်ခုလည်း ဖြစ်ပြန်ပါသေးတယ် ..။ မောင် ဆိုတဲ့ စကားလုံးပါတဲ့ သီချင်းတွေ ဆိုညည်းမိတိုင်း ပျော်ရွှင်ကြည်နူးတတ်သူလည်း ဖြစ်ပါတယ်..။

မောင်က ကျမအတွက် ၀တ္ထုတစ်အုပ်လည်း ဖြစ်ပါတယ်..။ မောင် လို့ ချစ်ရသူကို ချစ်စနိုးခေါ်တဲ့ ဇာတ်လိုက် မိန်းကလေးရဲ့ စကားလုံးလေးတွေကို ဖတ်ရတိုင်း မောင့်ကို တမ်းတမ်းတတ သတိတရရှိ တတ်သူလည်း ဖြစ်ပါတယ် ....။

မောင်က ကျမအတွက် ကဗျာတစ်ပုဒ်လည်း ဖြစ်ပြန်သတဲ့ ..။ တခါတလေရေးတတ်တဲ့ ကျမရဲ့ ကဗျာတွေထဲ မှာ မောင်ဆိုတဲ့ နာမ်စားတစ်ခု သုံးနှုန်းမိလိုက်ရင် ကဗျာတစ်ပုဒ်ကို အထပ်ထပ်အခါခါ ပြန်ဖတ်တတ်သူ လည်း ဖြစ်ပါတယ်..။

မောင်က ကျမအတွက် အနာဂတ်တစ်ခုလည်း ဖြစ်ပါတယ်.....။ ရှေ့ဆက်လျှောက်မယ့်လမ်းတိုင်း မှာ မောင်နဲ့အတူ လက်တွဲလျှောက်လှမ်းဖို့ အိပ်မက်တွေတစ်ခုမက မက်နေမိသူလည်း ဖြစ်ပါတယ်...။

Sunday, 28 December 2014

မောင် ~~~

December 28, 2014 3 Comments



အချစ်ဆိုတဲ့အရာတစ်ခု ရေရှည်တည်တံ့ဖို့အတွက် နားလည်မှုက ရာခိုင်နှုန်းတော်တော်များများ နေရာယူ ထားကြောင်း ကျမက ယုံကြည်မိသည့်အခါ မောင်နှင့်ကျမအကြား တစ်ဦးနှင့်တစ်ဦး နားလည်ဖို့ အချိန်တော်တော်ကြာ ကြိုးစားတည်ဆောက်ခဲ့ရပါသည် ...။ စကားတွေ တွတ်တီးတွတ်တာ ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်သော၊ ခံစားချက်ကို ပီပီပြင်ပြင်ထုတ်ဖော်ပြောလေ့မရှိသော ကျမကိုနားလည် ဖို့ မောင့်အတွက် ရက်ပေါင်း၊ လပေါင်းများစွာမှသည် နှစ်ကာလများကြာမြင့်သည်အထိ အချိန်ယူခဲ့ရပါသည်။ ကျမထက် အသက်အနည်းငယ် ငယ်ရွယ်သော မောင့်ကိုတော့ မောင့်စိတ်ထဲ တွေးနေတတ်တာများကအစ ကျမက ခန့်မှန်းသိရှိတတ်ပြန်ပါသည်..။ ထိုအခါ မောင်က “ကိုယ်က ဘာမှဟန်ဆောင်တာမရှိဘဲ ပကတိအတိုင်း၊ စိတ်ရင်းအတိုင်းနေလို့ မင်း ခန့်မှန်းရလွယ်တာပါ” ဟု ပြောတတ်ပြန်သေးသည်..။ သို့သော် "ကျမက မောင့်ထက် လူကဲခတ်ပိုတော်လို့လေ" ဆိုသည့် စကားတော့ ပြန်မပြောဖြစ်ခဲ့ပါ..။ 

တကယ်တော့ မောင်နှင့်ကျမသည် ဘယ်လိုမှ ဆုံဆည်းလိမ့်မည်ဟု ထင်မှတ်မထားသည့် နယ်ပယ်၊ နေရာ အသီးသီးမှ သူစိမ်းနှစ်ဦးသာ ဖြစ်ကြသလို ကျမတို့နှစ်ယောက်တွင် တူညီသော သူငယ်ချင်း၊ အပေါင်းအသင်းများလည်း ရှိကြသည်မဟုတ်ပေ..။ မောင့်သူငယ်ချင်းများနှင့် ကျမ မသိသလို ကျမ၏ သူငယ်ချင်းအပေါင်းအသင်းများနှင့်လည်း မောင်က ရင်းနှီးသူမဟုတ်ပါ...။ နှစ်ယောက်တည်း တည်ဆောက် ထားသော ကမ္ဘာတစ်ခုသည် နှစ်ဦးတည်းဖြင့်သာ ဘာသိဘာသာ ဖြတ်သန်းတည်ဆောက်နေခဲ့ တာဖြစ်ပါသည်..။ 

ကျမတို့နှစ်ယောက် စကားလက်ဆုံကျနိုင်သည့် နေ့ရက်အချို့တွင်တော့ ကျမ၏ အလုပ်အကြောင်း၊ မောင့်ဝါ သနာ၊ အလုပ်အကိုင်အကြောင်းများ ပြောတတ်ကြပါသည်..။ တခါတလေတွင် သီချင်းတစ်ပုဒ် ကို နှစ်ယောက်အတူတူ ဆိုညည်းတတ်သည့် အချိန်များရှိတတ်သလို တခါတရံတွင် အင်္ဂလိပ်လို အပြန်အလှန်လေ့ကျင့်ပြောဆိုတတ်သည့် နေ့ရက်များလည်း ရှိတတ်ပြန်ပါသည်...။ ရံဖန်ရံခါတွင်မတော့ ကျမ မတောက်တခေါက်တတ်သည့် ဂျာမာန်စကားပြောတချို့အား မောင့်ကို ပြောပြတတ်သလို ကျမနှင့် နီးရက်နဲ့အလှမ်းဝေးနေဆဲ ဂျပန်စကားလုံးများ၊ ဝါကျများအား မောင်က ရေရွတ်ပြတတ်သည့် အချိန်များ လည်း ရှိတတ်ပါသည်။ ကလေးတစ်ယောက်ကို စိတ်ပူသလို ပြောဆိုနေတတ်သည့်အခါ "အဲဒါအပိုတွေ"ဟု ကျမက ထင်မှတ်ထားပေမယ့် "လိုအပ်လို့ကိုပြောရတာ" ဟု မောင်က ပြောတတ်ပြန်ပါသည်...။ ကျမကတော့ “အရက်မသောက်နဲ့၊ မိန်းကလေးတွေနဲ့ အီစီကလီမလုပ်နဲ့” ဆိုသည့် စကားများနှင့်တောင်မှ မောင့်ကို ဆုံးမတတ်သူမဟုတ်ပေ ...။ မောင့်အကြည့်၊ မောင့်မျက်လုံးများ၏ တည်ငြိမ်မှု၊ မောင့်နှုတ်ခမ်းနှင့်မောင့်ပြော စကားများ ၏ လေးနက်ပြတ်သားမှုကို ကျမယုံကြည်နားလည်ထားသောကြောင့်လည်း ဖြစ်ပါသည်...။ 

တခါတရံတွင် ကျမတို့နှစ်ယောက်၏ စကားဝိုင်းသည် ကျမ၏ အလုပ်အကိုင်၊ ဝါသနာ၊ သူငယ်ချင်းများမှ တစ်ဆင့် ကျမ၏ Old Flame အကြောင်း ပြောဖြစ်သည်များလည်းရှိသည်...။ သူငယ်ချင်းမှတစ်ဆင့် ချစ်သူများဖြစ်သွားသဖြင့် ချစ်သူမဟုတ်တော့သောအခါ သူငယ်ချင်းဟု ကျမက ပြန်လည်သတ်မှတ် သုံးနှုန်းနိုင်ခဲ့သည့် ကျမ၏ ချစ်သူဟောင်းအား မောင်က မုန်းတီးရန်လိုစိတ်မရှိသလို ကျမကလည်း နာကျည်းအပြစ်တင်လိုစိတ်မရှိပေ..။ တခါတလေတော့ ချစ်သူတွေအဖြစ်မရောက်ရှိခဲ့ဘဲ မောင့်ကို ကလူအိ သို့ မြှူအိသို့အဆင့်ဖြင့် ထားသွားခဲ့ကာ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုသို့ အလုပ်လုပ်ဖို့ ထွက်ခွာ သွားသော မောင့်အချစ်ဦးအကြောင်းကို ပြန်လည်ပြောဆိုနေသည့်အချိန်များလည်း ရှိတတ်ပါသည်..။ သို့သော် ထိုသို့ ရောက်တတ်ရာရာ ပြောဆိုကြတိုင်း မောင်ရော၊ ကျမရော နှစ်ဦးစလုံး၏ စိတ်ထဲတွင် ထိုသူစိမ်းလူနှစ်ယောက်အား ချစ်ခင်စိတ်သော်လည်းကောင်း၊ မုန်းတီးစိတ်သော်လည်းကောင်း၊ သဝန်တိုမနာလိုစိတ်သော်လည်းကောင်း စိုးစဉ်းမှ မဖြစ်ပေါ်မိပေ..။ ဘဝတကွေ့တွင် ကျမနှင့်မောင် မတွေ့ဆုံမီက အကြောင်းအရာများအား ပြန်လည်သတိရပြောဆိုနေခဲ့ကြခြင်းသာ ဖြစ်ပါသည်။

တကယ်တော့ မောင်နှင့်ကျမသည် အရာရာတွင် ဆန့်ကျင်ဘက်ဖြစ်ကြသည်က များပါသည်..။ အထင်ရှား ဆုံးကွဲလွဲချက်မှာ ကျမက ပညာရေးကို ရေဆုံးမြေဆုံးလိုက်စားပြီး စီးပွားရေးလုပ်ငန်းများကို ဝါသနာမပါဘဲ ပညာဖြင့်သာ ငွေရှာဖို့ စိတ်ဝင်စားသလောက် မောင်က ပညာရေးကို ဘွဲ့ ၁ ခု သာသာလောက်ရဖို့သာ အားထုတ်ခဲ့သူဖြစ်သည်..။ သူဝါသနာပါသည်က ငွေရှာခြင်းပင် ဖြစ်ရာ စွန့်စွန့်စားစား ဝင်ငွေရှာဖို့ကိုသာ အားသန်သူတစ်ယောက်ဖြစ်လေသည်..။ ထိုအခါ ဘဝကို စိတ်အေးလက်အေးနှင့် စာအုပ်ပုံတွေကြားထဲ နစ်မြုပ်ဖြတ်သန်းချင်သည့် ကျမနှင့် ရွက်ကုန်လွှင့်ကာ စွန့်စားချင်စိတ်ပြင်းထန်သည့် မောင်နှင့် ဆန့်ကျင်ဘက်များသာ ဖြစ်ခဲ့လေသည်..။ အရာရာတိုင်း မတူညီမှုတွေနှင့် ဆန့်ကျင်ဘက်အရာ များကြောင့် မောင်နှင့်ကျမ ဝေးကွာကြစေရန် ဘယ်လောက်ပင် ကြိုးစားခဲ့သော်လည်း ရှေးရေစက်ဆိုသည့် ကံတရားက ကျမတို့နှစ်ယောက်၏ ဝေးခွင့်ကို လက်မခံခဲ့ခြင်းက အချစ်စစ်များဖြစ်နေမလားဟု မောင်ရော ကျမရော ယုံကြည်လက်ခံခဲ့ရပါသည်...။

Follow Us @soratemplates