Showing posts with label Book Review. Show all posts
Showing posts with label Book Review. Show all posts

Saturday, 8 February 2020

ပါပီယွန်ပြောပြတဲ့ The Reader

February 08, 2020 1 Comments



ပါပီယွန်ဟာ စာရေးတဲ့နေရာမှာ ပါရမီအတော်ပါပုံရသလို ဖြတ်သန်းခဲ့တဲ့ ဘဝအစုံစုံ၊ လေ့လာသမျှ ဗဟုသုတအစုံအလင်ကြောင့် သူရေးသမျှတွေဟာ တမူထူးခြားလက်ရာမြောက်တာဖြစ်မယ်။ သူရေးတဲ့အကြောင်းအရာတွေထဲ သူဖတ်ခဲ့တဲ့ စာအုပ်အကြောင်း ပြန်ပြောတာ၊ သူကြည့်မိတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်း ပြောပြတာကို အင်မတန်သဘောတကျရှိမိတယ်။ သူရေးတာဖတ်ပြီးပြီးချင်း အဲဒီစာအုပ်၊ အဲဒီဇာတ်လမ်းကို အင်တာနက်မှာ ချက်ချင်းထရှာကြည့်မိတဲ့အထိ စိတ်ဝင်စားလာအောင် ရေးတတ်ပါပေတယ်။ 

ပယ်ရီပယ်ရီချစ်ကန်းဆိုတဲ့စာအုပ်ထဲက The Reader ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းရေးထားတာဖတ်ဖြစ်တယ်။ အဲဒီဇာတ်ကားကို သေချာမကြည့်ဖူးခဲ့ဘူး။ ချစ်ရည်လူးတဲ့ဇာတ်ဝင်ခန်းလိုမျိုးတွေလည်းပါတော့ စိတ်ဝင်စားစရာကောင်းမယ်မထင်ခဲ့တာလည်းပါတယ်။ ပါပီယွန်ရေးပြတဲ့ ဇာတ်လမ်းအကြောင်းဖတ်ပြီးတော့မှ ကိတ်ဝင်းစလက်သရုပ်ဆောင်ခဲ့တဲ့ ဟန်နာဆိုတဲ့အမျိုးသမီးအကြောင်းကို သေချာသိခဲ့တာ။ လူတွေဟာ ဘဝမှာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်မဟုတ်လား။ မြန်မာဇာတ်ကားတွေထဲမှာ သေခါနီးဆိုရင် သူတို့တွေ့ချင်တဲ့ တစ်ယောက်ယောက်ကို မတွေ့မချင်း မသေကြဘူးလေ။ အဲဒါဟာ ဘာလဲဆိုတော့ သူတို့မှာ ရှင်သန်ဖို့ မျှော်လင့်ချက်ရှိနေသေးလို့ပဲ။ ကျမတို့ငယ်ငယ်တုန်းက အင်္ဂလိပ်ဖတ်စာထဲမှာပါခဲ့တဲ့ The last leaf ဆိုတဲ့ ဝတ္ထုတိုလေးကပြောသလိုပေါ့။ သစ်ရွက်လေးကြွေကျရင် သူလည်းသေသွားမှာပဲလို့ ယုံကြည်ထားပြီး နောက်ဆုံးသစ်ရွက်လေးကို ကြွေမသွားစေချင်တဲ့ နမိုးနီးယားရောဂါသည်မိန်းကလေးအတွက် ပန်းချီဆရာဟာ မျှော်လင့်ချက်ကို ရှင်သန်စေခဲ့တာ။

ဇာတ်ကားကိုပြန်ဆက်ရရင် ဟန်နာဟာ နှစ်ရှည်ထောင်ကျသွားခဲ့တယ်။ ထောင်ထဲမှာ ၁၈ နှစ်လုံးလုံး ရှင်သန်ရပ်တည်ခဲ့ပေမယ့် ထောင်ကထွက်မယ့်နေ့မှာပဲ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ အကြောင်းရင်းက သူ့အတွက် မျှော်လင့်ချက်ဖြစ်တဲ့ မိုက်ကယ်ရဲ့စိတ်ထဲမှာ သူမအတွက် ဘာမှ မရှိတော့ဘူးဆိုတာသိသွားခဲ့လို့ပဲ။ ပြောရရင် သူမဘဝမှာ ရှေ့ဆက်ရှင်သန်ဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ဆိုတာ ပျောက်ဆုံးသွားလို့ဖြစ်တယ်။ ပါပီယွန်ရေးခဲ့သလိုလူတစ်ယောက်ဟာ မျှော်လင့်ချက်ရှိနေသ၍ အသက်ဆက်ရှင်သန်ချင်ပေမယ့်လို့ ဘဝမှာ ဘာမှမကျန်တော့ပါလားလို့ သိလိုက်ရတဲ့အချိန်မှာ လူ့လောကမှာ ဆက်လက်မရှင်သန်လိုကြောင်း နားလည်ခံစားလိုက်ရတယ်ဆိုသလိုပေါ့။ ဘဝမှာ ရှင်သန်ဖို့ မျှော်လင့်ချက်တစ်ခုတလေတောင် မရှိတော့တဲ့အခါ၊ ကိုယ်ဟာ ဘာတစ်ခုမှ အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့အခါ အချို့သူတွေဟာ ကိုယ့်ကိုယ်ကို လက်လွှတ်လိုက်ကြတယ်။

တကယ်တော့ ဘဝက ဘုရင်တစ်ပါးလို၊ သန်းကြွယ်သူဌေးလို ကြီးကျယ်ခမ်းနားနေမှ နေပျော်တာမဟုတ်ပါဘူး။ ကိုယ်စိုက်ထားတဲ့ အပင်လေးက ရွက်နုလေးတွေထွက်လာတာကို စောင့်ကြည့်ဖို့ စိတ်လှုပ်ရှားနေတာမျိုး၊ စမ်းချောင်းထဲက စမ်းရေစီးသံကို သီချင်းသံစဉ်လို နားထောင်ဖို့၊ ရှိစုမဲ့စုလစာလေးထဲက ဝယ်ထားတဲ့ စာအုပ်ကလေးကို ဖတ်ဖို့၊ ကိုယ့်ဝါသနာကို အကောင်အထည်ဖော်ဖို့၊ ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွေ့ဖက်ဆော့ကစားဖို့ စသဖြင့် သေးမွှားတယ်လို့ထင်ရပေမယ့် ရှင်သန်ဖို့ရာ အရေးပါတဲ့ မျှော်လင့်စရာတွေ အများကြီးရှိပါတယ်။ ဘဝမှာ မျှော်လင့်ထားခဲ့တဲ့ ကြီးမားတဲ့အိပ်မက်တွေ ပျောက်ဆုံးသွားတယ်ဆိုရင်တောင် ရှေ့ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေ များစွာကျန်နေပါသေးတယ်။ ဆုံးရှုံးသွားတဲ့အိပ်မက်တွေအတွက် ဝမ်းနည်းနေမယ်ဆိုရင် နောက်ထပ်ထားရှိရမယ့် မျှော်လင့်ချက်တွေ၊ အနာဂတ်တွေကို မတွေးတောမိဘဲ ဘဝဟာ မျှော်လင့်ချက်မဲ့သွားသလိုမျိုး အရှုံးပေးတာတွေ ဖြစ်သွားကြပါတယ်။ တကယ်တော့ လူ့ဘဝမှာ ရှင်သန်နေတယ်ဆိုတာကပဲ ဆုလာဘ်ဖြစ်နေပြီမဟုတ်ပါလား။

Monday, 24 June 2019

The secret of the seven seeds

June 24, 2019 0 Comments



ဒီနေ့ခေတ်ဟာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အပြိုင်အဆိုင်တွေများလာတယ်။ ရုန်းကန်ရတာတွေ၊ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြုံတွေ့လာရတာပါပဲ။ တစ်ခါတလေ ချောင်ပိတ်မိနေတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်တတ်တယ်။ အလုပ်ထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့၊ လူတွေကို နားလည်ပေးဖို့၊ ဦးစားပေးတတ်ဖို့ မတတ်နိုင်တဲ့ အခိုက်မျိုးတွေလည်း တွေ့လာတတ်ပါတယ်။ အဲဒီအခါ ဘာတွေလုပ်လို့ ရမလဲ။ 

တကယ်တော့ လောကကြီးက အခက်အခဲ၊ ပြနာတွေပေးတဲ့အခါ ကိုယ်မဖြေရှင်းနိုင်လောက်တဲ့အထိ ပေးလေ့မရှိပါဘူး။ ဆိုလိုတာက ကိုယ်ဖြေရှင်းနိုင်တဲ့ ပမာဏလောက် ပြနာတွေသာ ကြုံတွေ့စေတာပါ။ ဒါဟာ လောကနိယာမပါပဲ ။ 

"သစ်စေ့ခုနှစ်စေ့ရဲ့ လျှို့ဝှက်ချက်" ဆိုတဲ့စာအုပ်ဟာ လတ်တလောမှာ ခေတ်စားလာတဲ့ mindfulness ကို ဦးစားပေးပြီး ကိုယ့်စိတ်ကိုယ်သိအောင်၊ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်အောင်၊ လုပ်ငန်းခွင်ရော မိသားစုဘဝမှာပါ ဟန်ချက်ညီအောင် နေထိုင်သွားနိုင်ဖို့ လမ်းပြပေးတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အများကြီး မညွှန်းတတ်ပေမယ့် ဖတ်ပြီးသွားတဲ့အခါ စာအုပ်ထဲက ဇာတ်ကောင်နဲ့ ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ကိုယ်ဆိုရင်ရော ဘယ်လိုဖြစ်နေလဲ၊ အဲဒါကို ဟန်ချက်ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတစ်ခုတော့ ရသွားမှာပါ။

*** ဒီထဲမှာ စိတ်တည်ငြိမ်ဖို့ တရားထိုင်တာကို ဦးစားပေးပြီး လမ်းညွှန်ထားပါတယ်။ ဒီစာအုပ်တင်သာမက Mindset, Mindfulness နဲ့ပတ်သက်ပြီး လမ်းပြနေကြသူအားလုံးက Meditation ဆိုတဲ့ တရားထိုင်တဲ့အကျင့်ကို 100% recommend လုပ်ကြပါတယ်။ ဒါဟာ ဘာသာရေးနဲ့မဆိုင်ဘဲ လူတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုမှာ တည်တည်ငြိမ်ငြိမ်နဲ့ အခက်အခဲ၊ ပြနာတွေကို ဖြေရှင်းနိုင်အောင်၊ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုကောင်းအောင်၊ အောင်မြင်လာအောင် ထောက်ပံ့ပေးနိုင်တဲ့ အကျင့်ကောင်းတစ်ခုအဖြစ် အားလုံးက ကျင့်ကြံရင်းလက်တွေ့သိလာတာမို့ လက်ခံလာကြတာပဲဖြစ်ပါတယ်။ 

*** ကျွန်မတို့မှာ အခြားနိုင်ငံကလူတွေထက် ကံကောင်းတာက တရားထိုင်ခြင်းကို နည်းစနစ်မှန်မှန်ကျင့်ဖို့အတွက် လေ့လာနိုင်စရာ တရားစခန်းတွေရှိတယ်။ အဲဒီကနေ တရားထိုင်တာကို ကောင်းကောင်းနားလည်နိုင်ပြီး ညမအိပ်ခင် ၁၅ မိနစ်လောက်တရားထိုင်တာမျိုး လုပ်ဖြစ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ဟာ တည်ငြိမ်တဲ့သူ၊ အာရုံစူးစိုက်မှုကောင်းသူ၊ အမှားအမှန်ကို ကောင်းကောင်း ဝေဖန်ပိုင်းခြားနိုင်ပြီးတော့ ဘဝမှာ ဟန်ချက်ညီညီ နေထိုင်သွားနိုင်ပါလိမ့်မယ်။ အဲဒီတော့ တရားထိုင်တာနဲ့ပတ်သက်ပြီး ဘဝမှာ ဘယ်လိုမျိုးအကျိုးရလဒ်တွေရလာနိုင်မလဲဆိုတာသိချင်ရင် ဒီစာအုပ်ကလေးသာ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Written by Phyu Phyu Lwin
20th June 2019

Monday, 15 April 2019

မနက်ဖြန်မှ ပြုံးတော့မယ်

April 15, 2019 0 Comments


သင်္ကြန်အားလပ်ရက်အတွင်း စာတွေဖတ်ဖြစ်အောင် စာအုပ်တွေဝယ်ထားခဲ့တယ်။ အဲဒီစာအုပ်တွေထဲက ပထမဆုံးဖတ်ပြီးသွားတဲ့ ရသစာအုပ်လေးတစ်အုပ်အကြောင်း ပြောပြချင်တယ်။ စာအုပ်ရဲ့အမည်က “မနက်ဖြန်မှ ပြုံးတော့မယ်” တဲ့။ ရေးသူက စာရေးဆရာမ “သော်တာအေးလဲ့” ဖြစ်ပါတယ်။ ဒီစာအုပ်က ဆရာမရဲ့ ဒုတိယလုံးချင်းဝတုဖြစ်ပါတယ်။ ပထမစာအုပ်ဖြစ်တဲ့ “လရိပ်ပိုးမျှင်” ဆိုတဲ့စာအုပ်က ၂၀၁၇ လောက်မှ ထွက်ခဲ့တာဖြစ်ပြီး မဖတ်ဖြစ်ခဲ့ပါဘူး။ ဒီစာအုပ်ကတော့ ၂၀၁၈ ခုနှစ်ဂုတ်လက ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၂ ရက်နေ့က ဈေးဝယ်ရင်း သင်္ကြန်အတွက်စာအုပ်တွေဝယ်ဖို့သတိရသွားရာက Ocean shopping center ရဲ့ စာအုပ်စင်ပေါ်က တစ်နေရာမှာ ဒီစာအုပ်ကလေးကို တွေ့လိုက်မိတာ ကံကောင်းတယ်ဆိုရမယ်။ အဲဒါကြောင့်သာ ရသစာပေစစ်စစ်တွေရှားပါးလှတဲ့အခိုက်မှာ တကယ့်ရသမြောက်တဲ့စာတစ်အုပ်ကို ဖတ်ခွင့်ရခဲ့တာမဟုတ်လား။

အချိန်တွေလည်း ရှားပါးလာသလို ဖျော်ဖြေမှုပစည်းတွေများပြားလာတဲ့ခေတ်မှာ လူတော်တော်များများဟာ ရသစာပေကို အချိန်ပေးဖတ်တာ အားနည်းလာကြတယ်။ အဲဒါအပြင်ခေတ်ကာလဟာ အပြိုင်အဆိုင်တွေကြားထဲ စိတ်ဖိစီးမှုတွေ၊ ရှုံးနိမ့်မှုတွေလည်း မကြာခဏကြုံလာရတော့ စိတ်အားတက်ကြွစေတဲ့ တက်ကျမ်းတွေဟာ ရသစာပေကို လွှမ်းမိုးလာကြတယ်။ ဒီမှာကိုပဲ Best seller စာအုပ်တွေကိုကြည့်လိုက်ရင် စိတ်ခွန်အားဖြည့်စာပေတွေ၊ ဘာသာပြန်မှတ်စုတွေက အများစုဖြစ်နေကြတာပဲ မဟုတ်လား။ ပြိုင်ဆိုင်မှုတွေများတဲ့ခေတ်ကြီးထဲမှာ ရသမျှအချိန်လေးကြောင့် နက်နက်နဲနဲတွေးရတဲ့၊ တစိမ့်စိမ့်ခံစားရတဲ့ ရသစာပေကို အားမသန်ကြတော့ဘဲ ပြောချင်ရာကို တိုက်ရိုက်မီးမောင်းထိုးပြတတ်တဲ့၊ ချက်ချင်းလက်ငင်းအသုံးချလို့ရတဲ့ သုတစာပေတွေဖက်ကို ပိုအားသန်လာကြပြန်တယ်။

တကယ်တမ်းတော့ ရသစာပေဆိုတာ လူတွေရဲ့စိတ်ကို ပြုပြင်ပေးတဲ့၊ လူတွေရဲ့အတွေးအခေါ်၊ အယူအဆကို ထိန်းကျောင်းပေးတဲ့ တန်ဖိုးရှိတဲ့စာပေအမျိုးအစားတစ်ခုပါ။ သုတစာပေလို ဆိုလိုချင်တဲ့အကြောင်းအရာကို တိုက်ရိုက်မရေးဘဲ လူတွေ သူ့အလိုလို နားလည်လက်ခံလာအောင် ရသအမျိုးမျိုးခံစားစေရင်းမှ သွယ်ဝိုက်ပြုပြင်ပေးတဲ့ စာပေမျိုးလို့လည်း ဆိုချင်တယ်။ ကလေးတစ်ယောက်ကို ဆုံးမတဲ့အခါ တိုက်ရိုက်ပြောလို့ သူလက်ခံချင်မှလက်ခံမှာဖြစ်ပေမယ့် ဥပမာလေးတွေပေးတာ တဖြည်းဖြည်းချင်း သူ့အလိုလို လိုက်နာနားလည်စေသလိုမျိုးပေါ့လေ။
အဲဒီအတွက်ကြောင့် ရသစာပေကို လူတွေပြန်ဦးလှည့်စေဖို့ရာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တာမို့ ကိုယ်သဘောကျမိတဲ့ ရသစာအုပ်လေးတွေဆိုရင် ဒီမှာ လာပြောပြဖြစ်တာပါ။

“မနက်ဖြန်မှ ပြုံးတော့မယ်” စာအုပ်အကြောင်း ပြန်ပြောရရင် ငယ်စဉ်က ပုံမှန်မဟုတ်တဲ့ဘဝမျိုးမှာ ကြီးပြင်းခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို သရုပ်ဖော်ထားခဲ့တာပါ။ စာတစ်ကြောင်းချင်းစီတိုင်းရဲ့ အရေးအသား၊ အဖွဲ့အနွဲ့တွေကြောင့် စာရေးဆရာမလေးဟာ လူသာငယ်ပေမယ့် ပညာကမသေးကြောင်း မီးမောင်းထိုးပြနေသလိုပါပဲ။ အစကနေအဆုံးတိုင် အချိတ်အဆက်မိမိနဲ့ တစ်နေရာမှ လစ်ဟာမှုမရှိဘဲ သရုပ်ဖော်ရေးဖွဲ့ထားကာ စာကြောင်းတိုင်းဟာ ရသမြောက်လှပါတယ်။ အဲဒီလိုဆိုပေမယ့်လည်း သာမာန်လူတွေနားမလည်လောက်တဲ့ အရေးအသားမျိုးမဟုတ်ဘဲ ဖတ်သူတိုင်းလည်း နားလည်လွယ်တဲ့ အရေးအဖွဲ့ပါ။ စာကြောင်းတိုင်းကို ရသမြောက်အောင် ရေးနိုင်တာကတော့ စာရေးသူရဲ့ ပညာဝမ်းစာပြည့်ဝမှုနဲ့ ပါရမီထက်သန်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ၂၀၁၈၊ ၈ လပိုင်းကတည်းက ထွက်ထားခဲ့တဲ့စာအုပ်ဟာ ၂၀၁၉ ဧပြီလအထိ စာအုပ်ဆိုင်မှာရှိနေတာ ကိုယ့်အတွက် တော်တော်ကံကောင်းပါတယ်။ အဲဒါကြောင့်သာ တခါတရံမှသာ ရှားရှားပါးပါးထွက်ပေါ်လာတဲ့ ရသစာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ကို အပြည့်အဝခံစားခဲ့ရတာမဟုတ်လား။ ဆရာမဟာ လူငယ်တစ်ယောက်သာရှိသေးတာမို့ လူငယ်ထဲက ရသစစ်စစ်စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်နိုင်တာ ပိုပြီး ဝမ်းသာဂုဏ်ယူရပါတယ်။ 

 


Follow Us @soratemplates