Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Saturday, 12 June 2021

Their opinion ???

June 12, 2021 0 Comments

 


မြန်မာမှာ မတ်လနဲ့ ဧပြီလအတွင်း အင်တာနက်တွေအပိတ်ခံလိုက်ရတာ အားလုံး ကြားကြ/သိကြမယ်ထင်တယ်။ ကိုဗစ်ကာလမှာကတည်းက လူတွေဟာ အင်တာနက်ကိုပဲ အသုံးချပြီး အလုပ်လုပ်ကြ/ဆက်သွယ်ကြ/ပညာသင်ကြ/စီးပွားရှာကြရာက အရာအားလုံးဟာ မှောင်အတိကျသွားကြတယ်။ လုပ်သမျှအားလုံးကို တိကနဲရပ်ပစ်ရပြီး လမ်းတွေပျောက်ကာ ဘာတွေဖြစ်သွားမှာလဲဆိုတဲ့ မရေမရာအတွေးတွေနဲ့ ဘဝဟာ အဓိပ္ပာယ်မဲ့သွားသလို ဖြစ်သွားကြတယ်။ ပြေးနေတဲ့သူတစ်ယောက် ရုတ်တရက်ရပ်လိုက်တော့ အမော့ဆို့သွားသလိုမျိုး။

ရန်ကုန်လိုမြို့ကြီးတွေမှာတော့ FTTH service providers တွေ အများကြီး ရွေးချယ်စရာရှိတော့ အခက်အခဲဟာ နယ်တွေမှာ ပိုများနိုင်တယ်။ နယ်တွေမှာက FTTH ရတဲ့ နေရာဆိုတာ အကန့်အသတ်နဲ့ရှိနေသေးတာကိုး.။ ကျွန်မအလုပ်သစ်တစ်ခုကို ပြောင်းလိုက်တဲ့ ၂၀၂၀ ဒီဇင်ဘာလကတည်းက အိမ်မှာပဲ teleoworking လုပ်ဖြစ်တယ်။ ကျွန်မနေတဲ့နေရာမှာ FTTH network မရှိတော့ broadband wifi ကိုပဲ သုံးနေခဲ့တာ။ အလုပ်လုပ်ရင်း အလုပ်ကသင်တန်းတွေရော၊ edx ကသင်တန်းတွေရော တက်လက်စတွေရှိနေတယ်။ အင်တာနက်တွေပိတ်လိုက်တဲ့အခါ ကျွန်မမှာ အရေးကြီးတဲ့အစည်းအဝေးတွေကို လမ်းဘေးဝိုင်ဖိုင်ရတဲ့နေရာမှာ ရှာသုံးရတဲ့အထိ အခြေအနေဖြစ်သွားခဲ့ပါသေးတယ်။ 

အဲဒီလိုနဲ့ FTTH network ရှိတဲ့ နေရာက အိမ်ခန်းတစ်ခုမှာ အင်တာနက်တပ်ဖို့ ကုမ္ပဏီတစ်ခုကို စာရင်းပေးခဲ့တော့ တစ်လခွဲလောက်အကြာမှ တပ်ဖို့လာကြည့်ကြတယ်။ မျှော်လင့်ချက်တွေနဲ့ ကျွန်မမှာ ထပ်ပြီးမျှော်လင့်ချက်မဲ့ရပြန်တာပါပဲ.။ အင်တာနက်ကြိုးတွေက ကျွန်မအိမ်နားထိမရောက်သေးလို့ သူတို့ network ချဲ့ပြီးချိန်ထိ နောက်ထပ် ၂ လလောက် ထပ်စောင့်ရဦးမယ်ဆိုပဲ။ လူတိုင်းလိုလိုဟာ အင်တာနက်နဲ့ ချိတ်ဆက်အလုပ်လုပ်နေရတာဆိုတော့ အိမ်နားက လူတွေရော ဘာတွေများသုံးနေကြသလဲ သိရရင် ကျွန်မအတွက် နောက်ထပ်ရွေးချယ်စရာ အင်တာနက်လိုင်းရမှာပဲဆိုတဲ့အသိနဲ့ ဘေးအိမ်က လူတစ်ယောက်ကို မေးလိုက်မိတယ်။ သူဖြေတဲ့အဖြေကြားချိန်မှာ ကျွန်မဟာ မြန်မာကလူတွေအခြေအနေကို လုံးဝသဘောပေါက်သွားခဲ့ရပြီး ဆွံ့အသွားခဲ့ရတာ။ သူပြောတာက "mobile network တွေမှာ banking app တွေ ပြန်ဖွင့်ပေးနေပြီမို့ အဲဒါပဲ သုံးတော့တယ်။ ကျွန်တော်က facebook မကြည့်တော့ အင်တာနက်မလိုဘူးလေ" တဲ့။ 

အဲဒီကာလက တကယ််တမ်းတော့ သတင်းစီးဆင်းမှုတွေ ရပ်စေချင်လို့ မြန်မာကလူတွေဟာ facebook ကိုအဓိကထားသုံးပြီး သတင်းဖလှယ်ရာနေရာမို့ အင်တာနက်တွေကို တမင်အဖြတ်ခံထားရတာလေ။ ကျွန်မအမြင်ကတော့ ဒီလူရဲ့အတွေးမှာ ကျွန်မအင်တာနက်ကို အသည်းအသန်တပ်ချင်နေတာဟာ facebook ကြောင့်လို့ ထင်နေပုံရတယ်။ မြန်မာက နယ်တော်တော်များများမှာ အင်တာနက်ဆိုတာနဲ့ facebook ပဲ ပြေးမြင်ကြတာမဟုတ်လား။ သူပြောတဲ့စကားအသွားအလာဟာ အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီနေရာမှာတော့ ကျွန်မဘာမှ ထပ်မရေးလိုတော့ပါဘူး။ အားလုံးဆက်စပ်စဉ်းစားနိုင်မယ်ထင်တယ်။ သူ့ကို ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်လို့သာ ယဉ်ယဉ်ကျေးကျေးပြန်ပြောခဲ့ပြီး ဘာမှ ဆက်မရှင်းပြခဲ့တော့ပါဘူး။ တကယ်တမ်းတော့ အင်တာနက်ဆိုတာ ကျွန်မတို့ကို ကမ္ဘာကြီးနဲ့တင်မက စကြာဝဠာ/နေအဖွဲ့အစည်း/ဂြိုလ်တွေနဲ့ပါ ဆက်သွယ်ပေးထားတဲ့နေရာဖြစ်ကြောင်း၊ ဒီအင်တာနက်ကို အသုံးချအလုပ်လုပ်ပြီး ဝင်ငွေတွေ ဒေါ်လာများစွာ ရှာလို့ရကြောင်း၊ သင်ချင်တဲ့ပညာကို အိမ်ထဲကနေ လေ့လာရုံနဲ့ ကမ္ဘာ့အနှံ့က တက္ကသိုလ်/အဖွဲ့အစည်းတွေက လက်မှတ်တွေ/ဘွဲ့တွေကို ရနိုင်ကြောင်း စသဖြင့်သော အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ 

တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာ လက်ရှိနေနေသူတွေ၊ ယုတ်စွအဆုံး ရန်ကုန်မြို့ကြီးမှာ နေကြသူတွေ၊ ပညာနဲ့အသက်မွေးသူတွေကတော့ ဒီခေတ်ကြီးမှာ အဲလိုလူမျိုးတွေရှိသေးတာလားလို့ အံ့ဩကောင်း အံ့ဩကြလိမ့်မယ်။ နယ်တွေမှာ အင်တာနက်ဆိုတာနဲ့ Facebook ပဲ ပြေးမြင်ကြတဲ့/ဖတ်စရာလေ့လာစရာဟာ Facebook ပေါ်မှာ အားလုံးရနိုင်တယ်လို့ထင်တဲ့ လူတွေအများကြီးရှိတယ်။ ဒါတောင် သူတို့ဟာ အခြားသူတွေထက်စာရင် advanced ဖြစ်တယ်လို့ ဆိုနိုင်တယ်နော်။ ဘာမှ မဖတ်ရှု/မလေ့လာဘဲ ဦးနှောက်ကို ဒီအတိုင်းပစ်ထားတဲ့သူတွေဆိုတာ ပိုများတယ်။ ဦးနှောက်ကို ပိုကောင်းအောင်/ပိုတွေးတောဆင်ခြင်နိုင်အောင် လေ့ကျင့်မှုမလုပ်တဲ့အခါ ဘဝမှာ ကြုံတွေ့ဖြစ်ပျက်တာတွေကို အဲဒီဦးနှောက်/အဲဒီအသိတရားနဲ့ ဘယ်လိုများ သုံးသပ်ဆုံးဖြတ်ကြပါ့မလဲ၊ မှန်ကန်တဲ့ဖက်ကိုရောက်အောင် ဆုံးဖြတ်နိုင်ကြပါ့မလား ???

Tuesday, 1 October 2019

Tips how to be the best version of YOU!

October 01, 2019 0 Comments

How to be the BEST version of YOU!!

======================


ကြားဖူးသလောက် လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေဟာ သူ့အနီးမှာရှိတဲ့ လူ (၅) ဦးရဲ့ ပျမ်းမျှစရိုက်တွေကို ရောမွှေထားတာပါတဲ့။ အဲဒီအတွက် ကိုယ်ဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ကိုယ်နဲ့အမြဲထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်ဟာ လူကောင်းတွေနဲ့ ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားဟာ အလကားဖြစ်တည်လာတာမဟုတ်ဘူးဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့လာရပါလိမ့်မယ်။ 

တခါတရံမှာ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်လိုချင်တဲ့စရိုက်လက္ခဏာမျိုးတွေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်တာ၊ အဲဒီပတ်ဝန်းကျင်ကိုလည်း ချက်ချင်းစွန့်ခွာဖို့ မဖြစ်နိုင်သေးတာ၊ တချိန်ချိန်မှာ ကိုယ်ရော မိုးခါးရေသောက်မိသွားမလား စိုးရိမ်နေရတဲ့အခြေအနေမျိုးတွေ ကြုံတွေ့ကြမှာပါ။ အဲဒီအခါ မိုးခါးရေ မသောက်မိအောင် အဲဒီလိုပတ်ဝန်းကျင်ထဲမှာ ဘယ်လိုကြံ့ကြံ့ခံ ရပ်တည်ကြမလဲ။ ဥပမာ ကိုယ်က ကြိုးစားချင်တယ်၊ ထူးချွန်ချင်တယ်၊ အောင်မြင်ချင်တယ်၊ အိပ်မက်အကြီးကြီးတွေကို အကောင်အထည်ဖော်ချင်တယ်ဆိုပါတော့။ ကိုယ့်ပတ်ဝန်းကျင်က ရေလိုက်ငါးလိုက်နေတဲ့ လူတွေ၊ ပကတိအရည်အချင်းကို မကြည့်ဘဲ အပေါ်ယံသကာဖုံးတဲ့အရာတွေကို အရည်အချင်းအစစ်ထင်မှတ်နေသူတွေ၊ ကြိုးစားမှုမရှိဘဲ သက်သာရာကိုရှာကာ ခိုကပ်နေသူတွေ၊ ရှေးရိုးစွဲသမားတွေ များနေမယ်ဆိုရင် သင့်အနေနဲ့ ဘယ်လို နေထိုင်ရပ်တည်သွားမလဲ။ ဒီနေ့ခေတ်ကြီးထဲမှာ ဒီအရာအတွက် အဖြေတွေအများကြီးရှိနေပါပြီ။




ပထမဆုံး အရေးကြီးတဲ့အချက်က ကိုယ့်စိတ်ကိုယ် ပိုင်နိုင်အောင် ထိန်းချုပ်နိုင်ရပါမယ်။ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ကိုယ်သွားချင်တဲ့လမ်းကနေ လုံးဝသွေဖယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ သံမဏိစိတ်ဓါတ်ရှိဖို့ လိုအပ်ပါတယ်။
 


ü  ကိုယ်က ကြိုးစားချင်တဲ့သူဆိုရင် Internet websites တွေ၊ YouTube၊ Facebook စတဲ့နေရာတွေမှာ motivation အတွက် ပြောတာတွေ အများကြီးရှိပါတယ်။ ဘဝနေနည်းထိုင်နည်းတွေ၊ ပြောင်းလဲဖို့ လုပ်ရမယ့်လမ်းစဉ်တွေ၊ စိတ်ထားတတ်ဖို့၊ ကြိုးစားဖို့၊ အောင်မြင်ဖို့ စသဖြင့် ကိုယ်သဘောကျတဲ့ Speakers, YouTubers တွေ ပြောတာကို အမြဲမပြတ်နားထောင်နေလို့လဲ ရပါတယ်။



ü  စာအုပ်တွေ (သုတရော၊ ရသရော၊ စိတ်ခွန်အားဖြည့်စာပေတွေရော) ကနေလည်း ကိုယ့်စိတ်ကို ကြံ့ကြံ့ခံနိုင်ဖို့၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့၊ စိတ်ကို ထားတတ်ဖို့ လမ်းကြောင်းပေးတာမို့ စာတွေလည်း မပြတ်ဖတ်ဖို့လည်း လိုပါသေးတယ်။





ü  ရုပ်ရှင်တွေကနေလည်း motivation ရတာရှိတော့ ရုပ်ရှင်ကြည့်တာမျိုးလည်း မမေ့ပါနဲ့။



ü  အရေးအကြီးဆုံးက Action ပါပဲ။ ကိုယ်လိုချင်တာကို ရဖို့၊ ကိုယ်ဖြစ်ချင်တာဖြစ်လာဖို့ဆိုရင် motivation Speeches တွေ နားထောင်နေရုံနဲ့တင်မရပ်ဘဲ ကိုယ်တိုင်လည်း ကြိုးစား၊ အကောင်အထည်ဖော်ရပါမယ်။ ဒါမှသာ Action ကနေ Results တွေရလာပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။




ü  ကိုယ့်ပတ်ဝန်းကျင်မှာ မကြိုးစားတဲ့သူတွေ အရည်အချင်းအစစ်အမှန်မရှိသူတွေ နေရာရတာ၊ အခွင့်အရေးရတာမျိုးတွေအတွက် စိတ်ထဲမှာ ဘယ်လိုမှ မခံစားဘဲ ခံနိုင်ရည်ရှိဖို့လည်း အရေးကြီးပါတယ်။ ဒါတွေကိုသာ အားကျသွားရင် ကိုယ်လဲ “ဒီပုတ်ထဲက ဒီပဲ” ပဲ ဖြစ်သွားမှာမဟုတ်လား။ ဒါဟာ သူတို့နဲ့ ကိုက်ညီတဲ့နေရာ၊ သူတို့ရဲ့ niche ဖြစ်လို့ သူတို့ နေရာရတာဖြစ်တာမို့ ကိုယ်နဲ့မကိုက်ညီတဲ့နေရာတစ်ခုအတွက် ဝမ်းနည်း အားငယ်နေဖို့ မလိုအပ်ပါဘူး။




ü  ဖြည်းဖြည်းလမ်းလျှောက်ပြီးသာ သွားတတ်တဲ့လူတွေကြားထဲ အပြေးတစ်ပိုင်းသွားတတ်သူကို လူထူးလူဆန်းတစ်ယောက်လို ထင်တတ်ကြပါတယ်။ ဆိုလိုတာက ကိုယ်ဟာ average လူအများထဲမှာ တမူထူးခြားနေလို့ အများက ဝိုင်းဝန်းတင်းဆို ကဲ့ရဲ့ကြလည်း ကိုယ့်ရဲ့ ခံယူချက်ကို မတိမ်းချော်သွားအောင် စိတ်ဓါတ်ပြင်ဆင်ထားဖို့လည်း အရေးကြီးလှပါတယ်။


🖋🖋

အချုပ်ဆိုရရင်တော့ ကိုယ်မဖြစ်ချင်တဲ့စရိုက်လက္ခဏာတွေအပြည့်ရှိတဲ့ ပတ်ဝန်းကျင်ထဲ မလွှဲသာမရှောင်သာ ရောက်နေတဲ့အခါ ကိုယ်လိုချင်တဲ့ စရိုက်တွေရှိတဲ့ Virtual World မျိုး ဖန်တီးဝန်းရံစေပြီး စိတ်ဓါတ်မယိမ်းမယိုင်ဘဲ ကြိုးစားဖို့လိုပါတယ်။ ဒီလိုမှသာ တချိန်မှာ ကိုယ်လိုချင်တဲ့ စရိုက်မျိုးရှိတဲ့ မိမိကိုယ်ကို ဖန်တီးနိုင်မှာဖြစ်ပြီး ကိုယ့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။

Written by Phyu Phyu Lwin
27 September 2019

Follow Us @soratemplates