Thursday, 14 February 2013

# My Own Feelings

ရိုးမြေကျအတွက် အမှတ်တရ ++



ဖေဖော်ဝါရီလရဲ့ အဲဒီနေ့လေးတစ်ရက်မှာပေါ့
မြူတွေဆိုင်းချင်လည်း ရစ်သိုင်းနေခဲ့မယ် ….
နှင်းငွေ့တွေ ဝေချင်လည်း ဝေနေခဲ့လိမ့်မယ်….
ဒါပေမယ့် အဲဒီမြို့လေးဘေးက
ချင်းတွင်းမြစ်ရေတော့ ကြည်လင်နေခဲ့တယ်……
ဆောင်းရာသီရဲ့ နှင်းမှုန်တွေကြားထဲ
ကောင်မလေးတစ်ယောက်ဖြစ်တည်လာခဲ့တဲ့နေ့……

သူမလေ ….
ကဗျာတွေလည်း ချစ်တတ်သလို
စာပေကိုလည်း မြတ်နိုးတယ် ….
လက်တွေ့မှာတော့ စာရင်းဇယားတွေထဲ … ပျော်မွေ့နေသူတစ်ယောက်…..။
ကွန်ပျူတာတစ်လုံးရှေ့မှာ
ကဗျာတွေအကြောင်း ချောကလက်တွေအကြောင်း စဉ်းစားရင်း
ကိန်းဂဏန်းတွေကြားထဲ … မျောပါနေတတ်သူတစ်ယောက် ……
*****************************

ရိုးသားတဲ့စိတ်အရင်းခံနဲ့
မြေလတ်မြို့တစ်မြို့က
ကျန်ာလို့ မဟုတ်ပဲ အနော်လို့ သုံးတတ်တဲ့ သူတစ်ယောက်
ပျော်ရွှင်မှုတွေ ပိုက်ထွေးရင်း
ရွှင်လန်းနေတဲ့ သူ့ပုံစံမှာ
ပါဝင်နေတတ်တဲ့ တစ်စုံတစ်ရာက နှလုံးသားက
စေခိုင်းလိုက်တိုင်း… အက်ဆေးလှလှလေးတွေ ရေးတတ်တဲ့ ကလောင်တစ်လက်နဲ့ ..။
***************************
သူမနဲ့ ကျမ …
ပန်းတွေအကြောင်းပြောဖူးသလို
အလွမ်းတွေအကြောင်းလဲ ပြောဖြစ်ကြတယ် ……
သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖူးသလို
ဆရာမ ဂျူးအကြောင်းလဲ ပြောဖြစ်ကြတယ် ...
စာတွေအကြောင်း ပြောဖူးသလို 
ကဗျာတွေအကြောင်းလဲ ပြောဖြစ်ကြတယ်…..
ဒီကဗျာလေးက သူမအတွက် ကျမရဲ့ အမှတ်တရ ကဗျာတစ်ပုဒ်ပဲဖြစ်ပါစေ…။ 

+++++++++++++++++++++++++++++++++++++++++++++
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရောက်မယ့် ညီမလေး ရိုးမြေကျရဲ့ မွေးနေ့အတွက် အမှတ်တရကဗျာ တစ်ပုဒ်ရေးဖွဲ့ကြည့်တာပါ ...။ မွေးနေ့လက်ဆောင်အဖြစ် တစ်ခြားသူတစ်ယောက်အတွက် ကဗျာရေးပေး တာ ဒါက ပထမဆုံးပါပဲ ...။ ဒါပေမယ့် ကျမခင်တဲ့သူအတွက် တစ်ကယ်စိတ်ထဲက ရေးချင်တဲ့စိတ် နဲ့ ရေးထားတာမို့ မွေးနေ့ရှင်လဲ ကျေနပ်မယ်ထင်ပါတယ်..။ 

ခုရက်ပိုင်းတွေတော့ စာတွေ သိပ်ရေးဖြစ်မှာ မဟုတ်တော့ဘူး ... ကျမစာမေးပွဲတစ်ချို့ရှိသလို ... ခရီးသွားဖို့လည်း ပြင်ဆင်နေတာကြောင့်ပါ..။ ဒါပေမယ့် .... ကဗျာအတိုအစလေးတွေတော့ တခါတလေ ထွက်လာဖြစ်မှာပါ.. စာကြည့်နေရင်း ကဗျာရေးဖို့ အာရုံရရင်ရလာတတ်တာလေ..။ စာမေးပွဲချိန်ဆို ကဗျာရေးဖို့ ဦးနှောက်က အလုပ်လုပ်တယ် .:D .. ဒါပေမယ့် ကျမရေးလေ့ရှိတဲ့ ဘာအနှစ်သာရမှမရှိတဲ့ ကဗျာတိုလေးတွေအတွက် တကူးတကလာဖတ်တဲ့သူအားလုံးကိုလည်း အားနာမိတယ်.. ။

++++++++++++++++++++++

အားလုံးပျော်ရွှင်အောင်မြင်ပါစေ ... :-*


8 comments:

ချစ်စံအိမ် said...

မွေးနေ့ရှင်လည်းကျေနပ်ကောင်းပါတယ် ရေးတဲ့သူလည်းတော်တယ်..

Yoemyaykya said...

မမရေ ကဗျာလေးကို နှလုံးသားကနေ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ အရမ်းကြိုက်တာပဲ မမရယ်။ ဖတ်ပြီးတော့ အရမ်းပျော်သွားတယ်

Thu said...

ရေးတတ်သူတွေများကျတော့လဲ ဖတ်လို့ကောင်းလိုက်တာ
အားကျတယ်..အသူလဲရိုးမြေကျအတွက်..ကြိုးစားပြီးရေးကြည့်အုန်းမယ်နော်..:)

မိုးညချမ်း said...

မမရေ ... မွေးနေ့ရှင် မမရိုးမြေကျအတွက် မွေးနေ့ကဗျာလေးက လှလိုက်တာ ... ညလေးလည်း တစ်ပုဒ်လောက်ရေးကြည့်အုံးမှပါ ...

စံပယ်ချို said...

နွေးထွေးမှုအပြည့်အ၀ရှိတဲ့မွေးနေ့ဆုတောင်းကဗျာလေးကို
ရင်ဘတ်ကြီးနဲ့ဖတ်ခဲ့တယ် ကဗျာရေးတဲ့သူရော
မွေးနေ့ရျင်ပါ ပျော်ရွှင်ပါစေလို့

လရိပ်အိမ် said...

မွေးနေ့ရှင်ကတော့ အကျေနပ်ကြီးကျေနပ်နေမှာပါ။ ကဗျာဖတ်တာနဲ့တင် ကဗျာရေးသူရဲ့မွေးနေ့ရှင်အပေါ် ခင်မင်မှုတွေအများကြီးဆိုတာ မှန်းဆလို့ရပါတယ်။ နှစ်ယောက်လုံးပျော်ရွှင်ပါစေ။

မိုးနတ်ကြယ်စင် said...

မှန်လိုက်လေနော်...မမလရိပ်ပြောတာ အားကြီးမှန်
တယ်....ကဗျာလေးတွေကိုဖတ်ပြီး ကြည်နူးမိရသ
လောက် မွေးနေ့ရှင်နဲ့ ကဗျာရေးသူရဲ့ခင်မင်မှုကိုပါ
မှန်းဆလို့ ရနိုင်တယ်....မိုးနတ်လဲ မမရိုးမြေအတွက်
ရေးပေးချင်ပါတယ်....နှလုံးသားနဲ့ခံစားပြီး
ရင်ဘတ်ကို အလုပ်ပေးလိုက်အုံးမယ်...
ဦးနှောက်အကြောင်းထဲ့မပြောဘူးနော်...သိပ်ပြီး
ခံစားချက်မပါမှာစိုးလို့.....:)
မွေးနေ့ရှင် ကဗျာထုဆစ်ပေးတဲ့ ကလောင်ရှင်ပါ
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ :)
ချစ်တဲ့....မိုးနတ်

အလွမ်းမြို့ said...

ညီမလေးစနိုးရေ

မကြီးလွမ်း ကဗျာလေးလာအားပေးသွားတယ်နော်။
စာရေးတဲ့ လက်စွမ်းရှိသူမို့ ဘယ်လိုလေးဘဲရေးရေး
ဖတ်ရသူအဖို့အားရ ကျေနပ်မိပါတယ်။
မွေးနေ့ရှင်လေးလည်း လာမဲ့မွေးနေ့ရက်လေးမှစ
လိုရာဆန္ဒပြည့်ဝပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်
နိုင်ပါစေကွယ်။ ချစ်ညီမလေးလည်း စာမေးပွဲကို
အောင်မြင်စွာဖြေဆိုနိုင်ပါစေ။


ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

Follow Us @soratemplates