Friday, 26 July 2013

# My Own Feelings # အမှတ်တရ အချိန်များ

_/\_ ~ အမှတ်တရတွေနဲ့ ပုဂံမြေ ~ _/\_




ပုပ္ပားကနေ ပြန်လာခဲ့ပြီးတော့ … ဗျတပန်းဆက်လမ်းကနေ ပုဂံကို ဆက်ထွက်လာခဲ့ပါတယ်..။ သိပ်မဝေးဘူးထင်ထားတာ ပုပ္ပားနဲ့ ပုဂံက ဝေးတော့ဝေးတာပဲ …။ အဲဒါနဲ့ အရင်ဆုံး ညောင်ဦးကို ပထမနေ့နေ့လည်မှာပဲ ရောက်သွားတော့ နေ့လည်စာစားပြီးတာနဲ့ ဘုရားစဖူးပါတယ်..။ ပထမဆုံးသွားဖူးတဲ့ဘုရားက ဓမရံကြီးဂူဘုရားပါ..။ အရင်က အဲဒီဘုရားပေါ်ကနေကြည့်ရင် ပုဂံမြို့အလှကို အကောင်းဆုံးမြင်နိုင်တယ်လို့ ပြောကြပါတယ်..။ ပြီးတော့ အဲဒီဘုရားက ပုဂံဘုရားစေတီတွေအားလုံးမှာ ထုထည်အကြီးဆုံးလို့လဲ အရင်ကတည်းက သိဖူးခဲ့ပါတယ်.။ အခုသွားတော့ ဘုရားရဲ့ရေရှည်ခိုင်ခံ့မှုကို ဦးစားပေးတာရယ်.. ဘုရားဖူးတွေ အန္တရာယ်ကင်းဖို့ရယ် ဘုရားပေါ်ကို တက်ခွင့်မပြုတော့ပါဘူး...။ အခုဆိုရင် ပုဂံမှာ ဘုရားစောင်းတန်းတွေကနေ တက်ခွင့်ပြုတဲ့ဘုရားဆိုလို့ ရွှေဆံတော်ဘုရားရယ် မင်္ဂလာစေတီရယ်လောက်သာ ခွင့်ပြုတော့တာပါတဲ့..။

ဘုရားတွေတော်တော်စုံအောင်ဖူးခဲ့ပေမယ့် စွယ်တော်လေးဆူတော့ စုံအောင်မဖူးဖြစ်ခဲ့ပါဘူး။ တန့်ကြည်တောင်က မြစ်တစ်ဖက်ကမ်းမှာ စက်လှေနဲ့သွားရမှာဆိုတော့ အချိန်လည်းသိပ်မရတာနဲ့ မသွားဖြစ်ခဲ့ဘူး....။ 

ဧရာဝတီမြစ်ရဲ့အလှကတော့ မြင်ရတာ စိတ်ချမ်းသာစရာကောင်းတယ်..။ ဒီမြစ်ကြီးကိုမြင်ရင် မြန်မာနိုင်ငံသားအားလုံး ပျော်ကြရတာ သူက နိုင်ငံသူ နိုင်ငံသားတွေရဲ့ နှလုံးသားထဲ တော်တော်နေရာယူထားနိုင်တယ်နော်..။ ကျမကတော့ ဧရာဝတီကို သက်မဲ့မြစ်တစ်စင်းဆိုတာထက် သက်ရှိမိသားစုဝင်တစ်ဦးလို .... သူ့ကို ရေတွေနဲ့စီးဆင်းနေတာမြင်ရတိုင်း ပျော်ရွှင်မိသလို ... မြစ်ကျဉ်းသွားတဲ့နေရာတွေ... သောင်ထွန်းနေတဲ့နေရာတွေမြင်ရရင်တော့ စိတ်မကောင်းဖြစ်မိတယ်..။
 ကျမက မြန်မာနိုင်ငံပြန်ရောက်နေတဲ့အတွင်း ဆရာမခင်ခင်ထူးရဲ့ စာအုပ်တွေတော်တော်ဖတ်ဖြစ်ခဲ့တယ်..။ ဆရာမရေးတာ ရိုးရိုးလေးနဲ့  သူနေတဲ့ပတ်ဝန်းကျင်က စရိုက်သဘာဝလေးတွေကို ဖော်ကျူးတတ်တယ်..။ အဲဒီထဲမှာ ဗူးဘုရားက မြစ်ဆိပ်ကလည်း အမြဲပါတော့ ဗူးဘုရားရောက်တဲ့အခါ ဆရာမရဲ့ စာအုပ်တွေထဲက ဇာတ်ကွက်တွေတောင် ပြန်မြင်လာမိသလိုလို....။


 နောက် ကြိုးတန်းဆိုတဲ့ ဇာတ်လမ်းထဲက ဇာတ်အိမ်တည်တဲ့နေရာဖြစ်တဲ့ လောကနန္ဒာဘုရားဘေးက ဧရာဝတီမြစ်ကမ်း ... အခုထိလည်း သောင်ပြင်ဖွေးဖွေးနဲ့ လှပဆဲ ..။ ဘုရားမှာ နွားနို့စစ်စစ်တွေဆိုပြီးရောင်းတာရော.... ပုဇွန်ကြော်၊ ငါးကြော်သည်လေးတွေလည်း အရင်အတိုင်းရှိနေဆဲ ...။ ဘုရားသမိုင်းရှင်းပြမယ်ဆိုတဲ့ကလေးလေးတွေလည်း အရင်လိုရှိနေဆဲ ...။ 

အချိန်တွေသာ ကြာသွားခဲ့ပေမယ့် ပုဂံက ဟိုးတုန်းကသွားဖူးခဲ့သလို ဘာမှမပြောင်းမလဲရှိနေဆဲ ..။ တက္ကသိုလ်တက်တုန်းက ကျောင်းက လေ့လာရေးခရီးလိုက်ပို့ဖူးတယ်...။ အမြန်အမြန်နဲ့ ဘုရားတစ်ဆူကို ၁၀ မိနစ်လောက်အချိန်ပဲပေးပြီး.... သူငယ်ချင်းတွေ ၀ရုန်းသုန်းကားပြေးလွှားခဲ့ကြဖူးတယ်....။ ငယ်သေးတဲ့အရွယ်ဆိုတော့ အကြောက်အလန့်မရှိ .. ဘုရားအပေါ်ဆုံးထိ အလုအယက်တက်ကြဖူးတယ်....။ ဗူးဘုရားလှေဆိပ်ကနေ တစ်ဖက်ကမ်းကို သီချင်းတွေ အော်ဟစ်ဆိုကြပြီး စက်လှေနဲ့ တပျော်တပါးသွားခဲ့ဖူးတယ်...။ အင်္ကျီတွေရောင်စုံဆင်တူတွေဝယ်ကြပြီး ခရီးစဉ်တစ်ခုလုံး အဲဒီအင်္ကျီတွေပဲဝတ်ပြီး ... ပျော်ရွှင်ရယ်မောခဲ့ကြဖူးတယ်.....။ 
 ဒီဘုရားကတော့ သိပ်လူသိမများတဲ့ဘုရားစေတီတစ်ဆူပါ..။ ကျမလဲ အမည်မမှတ်မိတော့ဘူး..။ သွားခဲ့တာကများတော့ အကုန်မမှတ်မိတော့ဘူး...။
အာနန္ဒာဘုရား




 ဒုတိယရက်မနက်မှာတော့ ရွှေစည်းခုံဘုရားကနေ စပြီး ဘုရားဖူးပါတယ်...။ အဲဒီဘုရားမှာ လေ့လာစရာတွေ အများကြီးရှိပါတယ်...။ သမိုင်းစိတ်ဝင်စားသူဆိုရင် စာတမ်းရေးဖို့ အင်မတန်ကောင်းမှာပါ...။
 

ထီးလိုမင်းလိုဘုရား





ပုဂံက ဘယ်နှစ်ခါပဲရောက်ရောက် အမြဲသွားချင်နေတဲ့နေရာပါ..။ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ကြီးကျယ်တဲ့ နယ်မြေ၊ ဘုရားတွေလက်ညှိုးထိုးမလွဲအောင်တည်ရှိတဲ့ဒေသ၊ ပထမမြန်မာနိုင်ငံတော်ဖြစ်တည်လာ တဲ့အရပ်၊ မြန်မာတွေအတွက် ဂုဏ်ယူရတဲ့ သမိုင်းအမွေအနှစ်တွေ ရှိတဲ့မြို့.. နိုင်ငံခြားသားတွေနဲ့စကားပြောဖြစ်ပြီဆို ပုဂံကိုသိတယ် သွားချင်တယ်လို့ပြောလေ့ရှိတဲ့နေရာ..။

 အခုတခါက ၃ ခါမြောက်ရောက်ဖူးခြင်းပါ..။ ကျောင်းတုန်းက တခါ.. ကျောင်းပြီးတော့ သုတေသနအတွက် တခါရောက်ဖူးတယ်... အခုတခေါက်ကတော့ မိသားစုနဲ့အလည်သက်သက်...။ ခြုံပြောရရင် ကျမ အရမ်းပျော်ခဲ့ပါတယ်..။ အဖေနဲ့အမေကို ဒီတစ်ခေါက်ပြန်ရောက်ရင် ထပ်သွားကြရအောင်ဆိုပြီး ပြောထားခဲ့သေးတာ...။ ဘုရားပုံတွေအများကြီးတော့ရှိသေးတယ်..။ အရမ်းရှည်သွားမှာစိုးတာနဲ့ ဒီလောက်နဲ့ပဲ ရပ်လိုက်တာပါ..။ ပြီးတော့ ကင်မရာကလည်း သိပ်မကောင်းတော့့ ပုံတွေက အပြင်မှာလောက် သိပ်မပီပြင်ဘူး...။ သမိုင်းတွေမရေးတာက သေချာမသိတော့ အမှားတွေပါသွားမှာ စိုးရိမ်မိတာကြောင့်ပါ..။ 

အားလုံးကို ကျေးဇူးတင်ပါသည်ရှင် :) 


4 comments:

blackroze said...

ပုဂံကိုမြင်တော့
မြန်မာ ပြည်ကို အရမ်းလွမ်းမိတယ်..

စံပယ်ချို said...

ပြောပြလို့မတတ်အောင်လွမ်းခဲ့ရပါပြီညလေးရေ

Yoemyaykya said...

ပုဂံရောက်တိုင်းရောက်တိုင်း တန့်ကြည်တောင် မရောက်ဖြစ်ဘူးမမ။ စေတီလေးဆူတစ်နေ့တည်းအပြီးဖူးနိုင်ရင် ဆုတောင်းပြည့်တယ်ဆိုတာ တကယ်လားမသိဘူးနော်

Phyu Lwin said...

အနော်ရထာမင်းကြီးရဲ့ အဓိဌာန်လို့ စာတွေထဲမှာ ဖတ်ဖူးတာပဲ ညီမလေး..။ ဆုတောင်းပြည့်မပြည့်ဆိုတာကတော့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတာပဲလေ..။ ဆုမတောင်းပေမယ့်လဲ ကောင်းတာလုပ်ရင် အနည်းနဲ့အများတော့ ကောင်းကျိုးတော့ ခံစားရတာပေါ့ ..။

Follow Us @soratemplates