အခုတလော
သီချင်းတွေ နားမထောင်ဖြစ်တာကြာပြီ ...။ ဟိုအရင်ကတော့ အင်တာနက်ကွန်နက်ရှင် ကလည်းကောင်း
.. စာဖတ်နေရင်းနဲ့ တစ်ယောက်တည်း အပျင်းပြေ youtube က သီချင်းတွေ တစ်ချိန်လုံး ဖွင့်ထားတတ်ပြီး
နားထောင်နေတတ်တယ် ..။ ခုတော့ တစ်နေကုန်အလုပ်လုပ် .. အလုပ်ထဲမှာလည်း သီချင်းနားထောင်ချိန်မရှိလောက်အောင်
စက်ရုပ်တစ်ရုပ်လို လှုပ်ရှား ..။ အိမ်ပြန်ရောက်တော့ ပင်ပန်းတာနဲ့ စာတောင်မလုပ်ဖြစ်ပါဘူး ...။ ဒီလိုသာဆို ရည်မှန်းချက်တွေ
ပျောက်သွားမှာ စိုးမိတယ် ..။ ကျမက ကိုယ့်ကိုယ်ကို တော်တော်ညှာတယ်ထင်မိတယ် ..။ နည်းနည်းလေးစိတ်ပင်ပန်း
လူပင်ပန်းတာနဲ့ သနားပြီး အနားပေးမိတာပဲ ...။ တကယ်ဆို အဲလိုမဖြစ်သင့်ပါဘူး ..။ ကာယနဲ့အလုပ်လုပ်တာမှ
မဟုတ်တာနော် ..။ ခုတော့ ကိုယ်ပိုင်အချိန်လေး တွေကို စာကြည့်တာကနည်းနည်း .. နားတာကများများဖြစ်နေတယ်
...။ အများကြီးပြုပြင်ရဦးမယ် ... ကျမမှာ အဲလိုပျင်းတတ်တဲ့ ပင်ပန်းတတ်တဲ့ အလွန်အင်မတန်ဆိုးရွားတဲ့
အကျင့်ဆိုး တစ်ခုရှိတယ် ...။
လျှောက်မယ်လို့ရည်ရွယ်ထားတဲ့
phd scholarship တွေက ဧပြီလထဲမှာ deadline က ခပ်များများဖြစ်နေတယ် ..။ ထုံးစံအတိုင်း
deadline နီးမှ idea ထွက်တဲ့ ဦးနှောက်က အဲဒီအချိန်ရောက်မှပဲ အပူတပြင်းအသုံးပြုလို့
ရမယ်ထင်ပါတယ်..။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ညဏ်ကောင်းတဲ့သူတွေက ယေဘူယျအားဖြင့်
ပျင်းကြတယ်တဲ့ ..။ အဲဒါမှပဲ ကြိုးစားကြတဲ့ အခြားပုံမှန်လူတွေနဲ့ ရလဒ်က အတူတူဖြစ်သွားပြီး
လောကကြီးက မျှမျှတတဖြစ်သွားသတဲ့ ..။ အဲဒီလူ ၂ မျိုးမဟုတ်ဘဲ ညဏ်လည်းကောင်း၊ ကြိုးလည်းကြိုးစားတဲ့သူတွေ
ကတော့ အခြားသူတွေထက် အောင်မြင်သူတွေ ဖြစ်လာကြပါသတဲ့ ..။ သေချာတာက ကျမက ညဏ်ကောင်းတယ်လို့
ကိုယ့်ဘာသာသတ်မှတ်ပြီး အလွန်ပျင်းတဲ့သူမျိုး ..။ အထူးသဖြင့် စာလုပ်ရတဲ့ အခါမျိုးမှာပေါ့
..။ အဲဒါကြောင့်လည်း အများထက်ထူးကဲပြီး ထူးချွန်ထက်မြတ်မနေဘဲ .. အများနဲ့တန်းတူ သာမာန်သူလိုကိုယ်လိုပဲဖြစ်နေတာ
....။ ကြုံမိသမျှ သူငယ်ချင်း အပေါင်းအသင်းတွေ ကတော့ ကျမကို ကြိုးစားတဲ့သူဆိုပြီး အမြဲပြောဆိုသတ်မှတ်ကြတယ်
..။ ဘာကြောင့် အဲသလို ထင်လေတယ်တော့မသိ ..။ ကိုယ့်ကိုယ်ကိုတော့ ပျင်းလွန်းလို့ မကြိုးစားလွန်းလို့
အမြင်တွေ ကတ်လွန်းလို့ ..။
စိတ်ခံစားချက်၊
အတွေးအခေါ်တွေက နေရာဒေသကိုလိုက်ပြီးပဲ ပြောင်းတတ်သလား၊ အချိန်ကာလကို လိုက်ပြီးပဲ ပြောင်းတတ်သလား၊
အခြေအနေပေါ်မူတည်ပြီး ပြောင်းတတ်လေသလားမသိ ..။ ဒီပြန်ရောက်ကတည်းက သီချင်းတွေ သိပ်နားမထောင်ဖြစ်ခဲ့တော့
ဟိုအရင်ကလို သီချင်းခံစားမှုအက်ဆေးတွေ မရေးဖြစ်တာ တော်တော်ကြာပြီ ..။ ကဗျာဆိုရင် ပိုဆိုးတော့တာပေါ့
..။ ကဗျာလို့ သတ်မှတ်လို့ရမယ့် စကားလုံး တစ်လုံးစနှစ်လုံးစတောင် ခေါင်းထဲက ထွက်မလာတော့
...။ ဖြစ်နိုင်ရင် ကဗျာတွေ အများကြီး ရေးချင်မိတယ် ..။ ရေးနေကျပုံစံအတိုင်း ကာရံမဲ့ကဗျာတွေ
..။ နဘေကာရံကဗျာဆိုတာတော့ ဒီတစ်သက်ရေးတတ်ပါ့မလား ယုံကြည်မှုမရှိ ..။ ပါရမီမရှိတဲ့အထဲ
ကာရံတွေနောက်လိုက်ပြီး ရေးမိရင် အကြောင်းအရာက ဘယ်လိုမှ ဆက်စပ်တတ်မှာမဟုတ် ...။ ၀တ္ထုရှည်တစ်ပုဒ်လောက်တော့
ဒီနှစ်ထဲမှာ ရေးဖြစ်အောင် ရေးချင်တယ် ...။ ရေးရင်းနဲ့ အဆုံးမသတ်တတ်မှာလည်း စိုးမိသေးတယ်
..။ မြန်မာနိုင်ငံပြန်ရောက်ပြီးကတည်းက ရေးဖြစ်ခဲ့တာက ကိုယ်ပိုင်ခံစားချက် သံတူကြောင်းကွဲတွေက
ခပ်များများရယ် ...။ အချို့သူတွေပြောကြသလို ဘလော့ဂ်ဘက်မှာ ရေးတဲ့သူတွေရော ဖတ်တဲ့သူတွေရော
သိသိသာသာလျော့သွားပြီး ဖေ့ဘုတ်ဘက်ကို ရောက်သွားကြပေမယ့် ကျမကတော့ ခုထက်ထိ ဘလော့ဂ်ကို
ဖက်တွယ်ထားတုန်း ..။ ရေးချင်လာတဲ့အခါတိုင်း ရေးဖို့အချိန်ရလာတိုင်း ဒီနေရာလေးမှာပဲ
... ရေးချင်သမျှကို ရေးနေမိဆဲ ..။
စကားမစပ်
ဆရာမဂျူးရဲ့ လုံးချင်းစာအုပ်အသစ် “ဆုံနေရက်နဲ့ လွမ်းလေခြင်း” ကို ဖတ်ပြီးသွားပါပြီ
..။ ကြားထားခဲ့တဲ့အတိုင်း လာဗင်ဒါပန်းခရမ်းရောင်လေးတွေကလည်း ဇာတ်လိုက်အနေနဲ့ ပါတာပေါ့...။
ချစ်စရာ ပန်းခရမ်းရောင်လေးတွေလေ ..။ ဇာတ်လမ်းကိုတော့ မဝေဖန်တော့ပါဘူး ..။ ဆုံနိုင်ရက်နဲ့
ကွဲလေခြင်း ဆိုသလိုဖြစ်နေလို့ပါ ..။
သီချင်းတွေထဲမှာ
ခုတလော အမြဲနားထောင်ဖြစ်တဲ့သီချင်းက လေးဖြူရဲ့ “စိတ်ပူတယ်” ဆိုတဲ့သီချင်းပါပဲ ..။ သီချင်းစာသားရော
သံစဉ်ရောကြိုက်လွန်းလို့ ဖုန်း ringtone လုပ်ထားတော့ ဖုန်းမြည်တိုင်း အဲသီချင်းကို
နားထောင်ဖြစ်တယ်..။
♫
♪..မင်း
အဆင်ပြေပါ့မလား စိုးရိမ်တယ်..
မင်းးး
ဒီအချိန် တစ်ယောက်တည်းရှိနေချိန် ...
မင်းးးး
ချောင်မှာ တစ်ယောက်တည်း ကြိတ်ငိုနေဦးမလား ...... ..♫
♪
မင်းးး
လိုနေချိန်တိုင်း ရှိချင်တယ် ....
မင်းးးး
မလိုရင် ချန်ထားခဲ့နိုင်တယ် ....
မင်းးး အဆင်မပြေမှာပဲ .. စိတ်ပူနေမိတယ် ..♫
♪ -_- -_- -_-
3 comments:
ခံစားချက်လေးကို ရိုးရှင်းစွာ ရေးထားတာလေး ဖတ်သွားခဲ့တယ် တိမ်လွှာရေ ...
ဆရာကြီးမင်းသုဝဏ္ဏန်ရေးတဲ့ ကဗျာစပ်ချင်စာစပ်သဘင် ဆိုတဲ့ စာအုပ်လေးဖတ်ကြည့် ပါလား၊Facebook က မြန်မာစာအုပ် များဆိုတဲ့ စာအုပ်တွေကို PDF ဖိုင်နဲ့ရှဲလ်တဲ့ Like Page မှာ ရှိတယ် တိမ်လွှာ :)
“ဆုံနေရက်နဲ့ လွမ်းလေခြင်း” မဖတ်ရသေးလို့ဖတ်ချင်နေတာ ညီမလေးရေးထားတာလေးကိုဖတ်ပြီးမှ အဲဒီစာအုပ်ကို ပိုပြီးဖတ်ချင်လာတယ်....ကဗျာတွေရေးပါ အားပေးနေမယ်.....
ဒီပိုစ့်လေးကို ဖတ်ရတာလည်း ခံစားချက်တစ်မျိုးလေးရှိလှတယ်.. စနိုးရေ..
စာတွေကြိုးစားပြီးရေးပါ..
Post a Comment