Thursday, 4 January 2018

ဖတ်မိသမျှ +++

January 04, 2018 0 Comments
အားလုံးပဲ မင်္ဂလာနှစ်သစ်ပါနော် ..။ ၂၀၁၈ ခုနှစ်ထဲကို ၄ ရက်တောင် ရောက်လာလို့ ဒီနေ့ဆိုရင် နှစ် (၇၀)မြောက် လွတ်လပ်ရေးနေ့တောင် ဖြစ်နေပြီလေ..။ နေရာအနှံ့မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲတွေ လုပ်တာ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ ..။


၂၀၁၈ မရောက်ခင်က နှစ်သစ်မှာတော့ စာဖတ်တာနဲ့ စာရေးတာကို တိုးတက်အောင် ကြိုးစားမယ်လို့ ရည်ရွယ်ထားခဲ့တယ် …။ ဒီနေ့ဆိုရင် မနက်ကတည်းက စာထိုင်ဖတ်လိုက်တာ အရင်ဖတ်လက်စ တစ်အုပ်ကို လက်စသတ်တာရယ်၊ အသစ် ၂ အုပ်ရယ် ၃ အုပ်ဖတ်ပြီးခဲ့တယ်…။ အရင်ရက်တွေတုန်းက ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ စွန့်ခွာရသည့်နွေညများ ဆိုတဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့တယ် ..။ အခုဖတ်ဖြစ်တာက ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ မှော်ရုံတောမှာ မောလှပြီရယ်၊ ဆရာမ ကြည်အေးရဲ့ စာအုပ် ၂ အုပ်ဖြစ်တဲ့ ကျွန်မပညာသည်၊ အပြင်ကလူ ဆိုတဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ် ..။ စာအုပ်အားလုံးမှာ တူတာက အဓိကဇာတ်ကောင်တွေက အနုပညာရှင်တွေ ဖြစ်နေတာပါပဲ ..။ ဂီတရယ်၊ ပန်းချီပညာရှင်တွေပေါ့ ..။


ဆရာ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကို ကြိုက်တဲ့အဓိကအချက်က သူ့ခေတ်ကိုထင်ဟပ်စေတာရယ်၊ အကြောင်းအရာကို မျက်လုံးထဲမှာ ပုံဖော်နိုင်အောင် အသေးစိတ်ရေးဖွဲ့တတ်တဲ့ အဖွဲ့အနွဲ့အရေးအသားတွေကိုပါ …။ ဆရာ့စာအုပ်ကိုဖတ်လိုက်ရင် ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကာကတစ်ခုထဲမှာ ကိုယ်တိုင်လိုက်ပါစီးမျောနေရသလို ခံစားမိတယ် …။ အခုဖတ်ဖြစ်တဲ့စာအုပ်ဆိုရင် အကြောင်းအရာတော်တော်များများက ဂီတနဲ့ပတ်သက်တာဆိုတော့ ကိုယ်မကျွမ်းဝင်တဲ့နယ်ပယ်အကြောင်းကို တစေ့တစောင်းတော့ ရင်းနှီးကျွမ်းဝင်သွားစေတယ် ..။ နောက်တစ်ခု ဒီစာအုပ်ကနေ သိလိုက်ရတဲ့ အကျိုးရှိတဲ့တစ်စုံတရာကတော့ စာအုပ်နဲ့ ရုပ်ရှင်ရဲ့ ကွာခြားချက်ကို ပြောပြထားတာပါ ..။ ဝတ္ထုမှာဆိုရင် ပုံပြောသူပါတာကို စာဖတ်တဲ့သူက မြင်ရပြီး ရုပ်ရှင်မှာတော့ ဒါရိုက်တာက ပုံပြောသူဖြစ်ပြီး ကြည့်ရှု့သူတွေက ပုံပြောသူရှိနေမှန်း လုံးဝမသိဘူးလို့ဆိုပါတယ် …။ ရုပ်ရှင်မှာက ဇာတ်လမ်းဇာတ်ကွက်၊ မျက်စိအမြင်နဲ့ပဲ ပရိသတ်ကို ချိတ်ဆက်ပြသွားတာမဟုတ်လား…။ ဝတ္ထုမှာတော့ ပုံပြောသူဆိုတာ အချို့စာအုပ်တွေမှာ အပြင်က စာရေးသူကိုယ်တိုင်ဖြစ်နေတတ်ပြီး အချို့စာအုပ်တွေမှာတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ခုခုဖြစ်နေတတ်တယ် …။ ကျမဖတ်မိသလောက် နေရာဒေသ၊ ပတ်ဝန်းကျင် စတာတွေကို သေသေချာချာကွက်ကွက်ကွင်းကွင်း ဖွဲ့နွဲ့ရေးတဲ့စာရေးဆရာတွေထဲမှာ ဆရာ့ကိုတော့ မီသူမရှိသေးဘူးထင်တယ် …။ ဒီနှစ်ထဲမှာတော့ မဖတ်ရသေးဘဲ ကျန်နေသေးတဲ့ ဆရာ့စာအုပ်တွေကို ရှာဖတ်မယ်လို့ စိတ်ကူးထားတယ် …။

ဆရာမြသန်းတင့်ဘာသာပြန်တဲ့ မှော်ရုံတောမှာမောလှပြီဆိုတဲ့စာအုပ်ကလည်း သူ့ခေတ်သူ့အခါကို ထင်ဟပ်ပြနေလေရဲ့။ တချိန်က ပြင်သစ်တွေ ကိုလိုနီနယ်ချဲ့ဖူးတဲ့ တဟီတီဆိုတဲ့ ကျွန်းလေးပေါ်မှာ ဇာတ်မြှုပ်သွားခဲ့တဲ့ ပြင်သစ်ပန်းချီဆရာတစ်ယောက်ရဲ့အကြောင်းကို ရေးဖွဲ့ထားတာပါ …။ အနုပညာရှင်တစ်ယောက်ရဲ့ စိတ်ဆိုတာက သာမာန်လူတွေရဲ့ တွေးခေါ်ပုံနဲ့ မတူတာကိုလည်း နှိုင်းယှဉ်ပြထားသလို အနုပညာသမားတစ်ယောက်အတွက် ကျော်ကြားမှု၊ ငွေကြေးကြွယ်ဝမှုထက် သူ့ရဲ့အနုပညာအပေါ်ရူးသွပ်မှုကသာ အရေးအကြီးဆုံးဆိုတာကိုလည်း မီးမောင်းထိုးပြထားပါတယ် ..။ နောက်တစ်ခုအရေးအကြီးဆုံးက တစ်ခုခုကို စိတ်နှစ်လုပ်ဆောင်ဖို့ဆိုရင် အာရုံသက်ဝင်မှု ဒါမှမဟုတ် ဈာန်ဝင်စားမှုလို့ ကျွန်မတို့ပြောလေ့ရှိကြတဲ့အရာပါ ..။ အဲဒီလို ဈာန်ဝင်စားမှုရှိမှပဲ ပြောင်မြောက်လှတဲ့အနုပညာလက်ရာတွေ ဖန်တီးဖို့ဖြစ်နိုင်မှာမဟုတ်လား …။ ဇာတ်ဆောင် ပန်းချီဆရာဂေါ်ဂင်ကတော့ သူ့အနုပညာတွေဖန်တီးဖို့ သူ့ကို ဈာန်ဝင်စားမှုပေးနိုင်တဲ့နေရာကို ရှာဖွေနေထိုင်ရင်း ကျွန်းနိုင်ငံလေးတစ်ခုပေါ်မှာ ဇာတ်မြှုပ်နေထိုင်သွားခဲ့ပါတယ် ..။ သူ့ရဲ့အတ္ထုပတ္တိကိုဖတ်ရင်း သူရေးခဲ့တဲ့ပန်းချီကားတွေကို ကြည့်ရင်း ပန်းချီတွေတောင် ဆွဲချင်စိတ်ပေါက်လာမိတယ် …။ ပန်းချီနဲ့ပတ်သက်ပြီး ရေးထားတဲ့အကြောင်းအရာလေးတစ်ခုကိုလည်း သဘောကျမိတယ် ..။ "ပန်းချီကားတွေဟာ အထီးကျန်ဘဝကို ဖြေသိမ့်ပေးသူဖြစ်တယ် ။ နောက်ကျိနေတဲ့စိတ်ကို ကြည်လင်အောင် လုပ်ပေးသူဖြစ်တယ် ။ အကျဉ်းကျနေတဲ့ အတွေးအခေါ်အတွက် ပြတင်းပေါက်တွေဖြစ်တယ်။ စာအုပ်တွေ၊ သမိုင်းတွေ၊ တရားစာတွေဖြစ်တယ်။ ပန်းချီကားတွေကိုဖတ်ရင် စာရွက်လှန်ရတဲ့ဒုက္ခတောင် ခံစရာမလိုဘူး။" 

နောက်ဖတ်ဖြစ်တဲ့ဆရာမကြီး ကြည်အေးရဲ့စာအုပ် ၂ အုပ်အကြောင်းတော့ မရေးတော့ပါဘူးနော် ..။ ကျွန်မအကြိုက်ဆုံးစာရေးဆရာမတွေထဲမှာ ထိပ်ဆုံးကပါတဲ့ဆရာမကြည်အေးရဲ့စာအုပ်တွေအားလုံးကိုလည်း ဖတ်ဖြစ်အောင် ဖတ်ရဦးမယ် ..။


Saturday, 16 December 2017

Words for me ~~

December 16, 2017 2 Comments
ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၇ ဆိုတဲ့ ခုနှစ်တစ်ခုဟာ ပျောက်ကွယ်သွားပြီး နှစ်သစ်ကိုရောက်တော့မယ်နော် …။ အရင်ကတော့ ဒီလိုအချိန်မျိုးဆိုရင် တစ်နှစ်အတွင်းဘာတွေရခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ review မျိုး ရေးလေ့ရှိတတ်ပြီး နှစ်သစ်အတွက် resolutions တွေ မှတ်တမ်းတင်ထားလေ့ရှိတတ်တယ် …။ ဒီနှစ်အတွက်တော့ အဲလိုသီးသန့်ပို့စ်မရေးဖြစ်တော့တာမို့ ရောက်တတ်ရာရာ အတွေးတချို့ပဲ စာစီကုံးဖြစ်ပါတော့မယ် …။

တစ်ရက်က မတွေ့တာကြာတဲ့ အစ်မတစ်ယောက်နဲ့တွေ့တော့ ကိုယ့်ကို စာတွေသေချာဆက်ရေးဖို့ အားပေးတယ် ..။ အဲလိုပဲ ကိုယ်စာရေးလေ့ရှိတာကို သိတဲ့ အနည်းငယ်သော မိတ်ဆွေ၊ သူငယ်ချင်းတွေကလည်း အလျဉ်းသင့်တိုင်း စာတွေရေးဖို့ တိုက်တွန်းလေ့ရှိတတ်ကြပြန်တယ် ..။ သီချင်းဆိုတာ ဝါသနာပါတဲ့ ညီမလေးတစ်ယောက် ပြောဖူးသလိုပဲ ..။ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာထက် အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့ သူ့ရဲ့အိပ်မက်ကို အခုထိ မက်နေဆဲပဲဆိုတာမျိုးပေါ့ ..။ စာရေးတာဝါသနာပါတဲ့ကိုယ့်မှာလည်း စာရေးဆရာ အထူးသဖြင့် ရသစာတွေရေးတဲ့ စာရေးဆရာမဘဝကို အခုထိ အိပ်မက်နေဆဲပါပဲ …။ အချိန်ကို သေချာစီမံခန့်ခွဲနိုင်စွမ်းမရှိတဲ့ကိုယ်ဟာ ဒေါက်တာဘွဲ့ရဖို့ (၃) နှစ်လုံးလုံး ကိုယ့်ရဲ့ဝါသနာတွေကို စွန့်လွှတ်ပြီး စာတွေကြားထဲ နစ်မြှုပ်နေခဲ့ရတယ် …။ လျှောက်မယ်လို့ ရည်ရွယ်ထားတဲ့လမ်းအတွက် အဆုံးထိဆက်လျှောက်နိုင်ဖို့ရာ ကိုယ့်မှာ စွန့်လွှတ်ရတာတွေ အများသားရယ် ..။ အဓိကက အချိန်၊ ငယ်ရွယ်မှု၊ ဝါသနာ၊ လူမှုရေး စသဖြင့်ပေါ့လေ…။ ဒီလိုနဲ့ပဲ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှစခဲ့တဲ့ ကိုယ့်ရဲ့ခရီးတစ်ခုဟာ ၂၀၁၇ စက်တင်ဘာလကုန်မှာ အဆုံးသတ်သွားခဲ့ပါတယ် …။ ၂၀၁၇ အောက်တိုဘာလဆန်းပိုင်းမှာ မြန်မာပြည်ကိုပြန်ရောက်တယ် …။ စည်းစနစ်ကျတဲ့ ကြိုးစားတဲ့ ဖွံ့ဖြိုးတဲ့တိုင်းပြည်တစ်ခုမှာ (၃) နှစ်ကြာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ကိုယ့်အတွက် ပြန်ရောက်ရောက်ချင်း အစောပိုင်းလတွေဟာ ထုံးစံအတိုင်း နေသားကျဖို့ ကြိုးစားနေရတဲ့ ကာလတွေပေါ့…။ အခုတော့ နည်းနည်းနေသားကျလာပြီဖြစ်လို့ ပုံမှန်ဘဝမှာ နေထိုင်ဖြတ်သန်းဖြစ်ပါတော့မယ် …။



၂၀၁၇ ကို ပြန်ကြည့်ရင် ကိုယ့်အတွက် ကောင်းတာတွေများတယ်လို့ ပြောလို့ရပါတယ် …။ ကျောင်းပြီးလို့ မြန်မာပြည်ပြန်လာတယ် …။ ၂၀၁၈ မှာ ကိုယ်ရည်ရွယ်ထားတာတွေဖြစ်လာဖို့ စိတ်ရော လူရော ပြင်ဆင်ဖို့ ကြိုးစားနေတယ် …။ ဖြစ်နိုင်ရင်တော့ ၂၀၁၈ ထဲမှာ ကိုယ့်အတွက် မိသားစုဘဝဆိုတာကို ပိုင်ဆိုင်လာမယ်လို့ မျှော်လင့်မိတယ် ….။ ဘယ်သူမှ မတိုက်တွန်းကြခင်ကတည်းက စာတွေ သေချာရေးဖို့ စိတ်ကူးရှိခဲ့တယ် ….။ စာတွေအများကြီးဖတ်ဖြစ်ဖို့လည်း ကိုယ်ရည်ရွယ်ထားတယ် …။ စာကောင်းကောင်းရေးတတ်ဖို့ဆိုရင် စု၊ တု၊ ပြု ဆိုတဲ့အဆင့် (၃) ဆင့် ရှိတယ်လို့ ပြောကြရာမှာ ငယ်ငယ်က စာဖတ်မနာခဲ့တဲ့ကိုယ့်အတွက် စု နဲ့ တု မှာပဲ တဝဲလည်လည်ဖြစ်နေပြီး ပြုတဲ့အဆင့်ကို မရောက်နိုင်သေးဘူးဖြစ်နေတယ် ...။ ဆရာမင်းလူစာအုပ်တွေအဖတ်များတဲ့အခိုက်တွေမှာ ဆရာ့ရဲ့ရေးဟန်တွေနဲ့ ပြောနေလေ့ရှိသလို ဆရာမခင်နှင်းယုစာအုပ်တွေ ဖတ်နေဆဲကာလမှာတော့ ဆရာမရဲ့ စကားလုံးမျိုးတွေ သုံးဖြစ်နေတယ် ..။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန်မှာ ပြုနိုင်တဲ့အဆင့် ရောက်နိုင်ကောင်းရဲ့မဟုတ်လား...။ ပညာရပ်နဲ့ဆိုင်တဲ့ စာတမ်းတွေလည်း အများကြီးထပ်ထွက်ချင်သေးတယ် ….။ update မလုပ်တာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ English skills ကိုလည်း တိုးတက်အောင်ကြိုးစားချင်တယ် …။ ဟိုးရှေးရှေးကစာတွေပဲ သင်ခဲ့ဖူးတဲ့ကိုယ်က ဒီခေတ် English စာတွေနဲ့ပတ်သက်ရင် သိပ်လိုက်မမီတော့ဘူး…။ သူများတွေ လှလှပပ ဖွဲ့နွဲ့ရေးတတ်တာကို ကိုယ့်မယ် သဘောတကျ ကြည့်နေမိရုံ အားကျနေမိရုံပဲ ဖြစ်နေတော့ တကယ်ကို ကြိုးစားချင်ပါတယ် …။ သူများတွေ အချိန်ကို အကျိုးရှိရှိ စနစ်တကျ စီမံခန့်ခွဲအသုံးချတာကိုကြည့်ပြီးလဲ ကိုယ့်မှာ အားကျမဆုံးဖြစ်နေတာပါပဲ …။ သေချာတာက ကိုယ် အများကြီးကြိုးစားဖို့ လိုသေးတယ် …။ တကယ်တော့ လိုအပ်တာတွေက အများကြီးပါပဲ …။ ပေါင်းသင်းဆက်ဆံရေးမှာဆိုလည်း ဒီထက်ပိုအားထုတ်ဖို့ ကြိုးစားရဦးမယ် …။ ဆိုတော့ အနှစ်ချုပ်ရရင် ၂၀၁၈ မှာ အဖက်ဖက်က ကြိုးစားရမယ်ဆိုတဲ့ အသိရယ် တကယ်ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုရယ် ရှိပါတယ်ဆိုတဲ့ အကြောင်းပါ ….။

Sunday, 19 November 2017

ငှက်ကလေး ~~~

November 19, 2017 1 Comments

အခုတလော စာတွေ ပြန်ဖတ်ဖြစ်နေရာက ဆရာမင်းလူရဲ့ စာအုပ်တွေ အားလုံးဖတ်ဖြစ်အောင် ကြိုးစားနေပါတယ် ..။ ဆရာ့စာအုပ်တွေက ဟိုးအရင်ကတည်းက ဖတ်ဖြစ်ခဲ့တာတွေရှိသလို မဖတ်ဖြစ်ဘဲ ကျန်နေတဲ့စာအုပ်တွေလည်း အများကြီး ရှိနေသေးတာ တွေ့မိတယ် ..။ တစ်ရက်ကတော့ တစ်ခါမှ မဖတ်ဖြစ်သေးတဲ့ စာအုပ်ကလေး တစ်အုပ်ကိုဖတ်မိတယ် ..။ ကိုယ်ကသာ မဖတ်ဖြစ်ပေမယ့် စာအုပ်က ၂၀၁၁ မှာ စတုတ္ထအကြိမ် ပြန်ထုတ်ပြီးနေပြီ..။ စာအုပ်အမည်က ငှက်ကလေး တဲ့…။ အဲဒီလုံးချင်းဝတ္ထုလေးကို ဆရာက ပထမဆုံးအကြိမ်အဖြစ် ၁၉၈၁ ခုနှစ်မှာ ထုတ်ခဲ့တာဆိုတော့ ကိုယ်တွေတောင် မမွေးသေးတဲ့ ကာလက စာအုပ်ကလေးပေါ့..။

စာအုပ်ကလေးက စဖတ်ကတည်းက လက်ထဲက မချချင်ဘဲ တစ်ထိုင်တည်းပြီးအောင် ဖတ်ချင်လောက်အောင်ကို ကိုယ့်စိတ်ကို စွဲဆောင်ထားနိုင်ခဲ့တယ် ..။ ဒါပေမယ့်လည်း အလုပ်ကတစ်ဖက်၊ အိမ်အလုပ်တွေကတစ်ဖက်နဲ့မို့ ဖတ်လိုက် ရပ်လိုက်နဲ့ပဲ ဖတ်နေရာက အခုတော့ ပြီးသွားပါပြီ ..။ မြန်မာစာနဲ့ အလှမ်းဝေးနေတာကြာတော့ ရသအမည်တွေကို သေချာမပြောတတ်တော့ပေမယ့် ဒီစာအုပ်ကလေးက ရသတွေ အများကြီးပေးနိုင်တယ်..။ အထူးသဖြင့် ကြည်နူးတဲ့ရသ၊ သနားဂရုဏာသက်တဲ့ရသတွေ ခံစားရတယ်ရယ် …။ စာအုပ်ကလေးကို မဖတ်ဖြစ်သေးတဲ့သူတွေ ဒီ review ကို ဖတ်မိရင် ကြိုပြီး တောင်းပန်ပါတယ်နော်..။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပါအောင် ပြောမိမှာမလို့ပါ..။

ဇာတ်လမ်းက အိမ်ထောင်ရေးပညာပေးဇာတ်လမ်းလေးလို့ ပြောလို့ရမယ်ထင်တယ် ..။ ဒါပေမယ့် တမူထူးခြားတာက အိမ်ထောင်တစ်ခုက သားလေးဖြစ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ထားတော့ အခြားဇာတ်လမ်းတွေနဲ့ မတူဘဲ ထူးခြားနေခဲ့တယ် …။ ချစ်စရာကောင်းတာက ကောင်လေးက သူ့ဦးလေးတစ်ယောက်ရဲ့ အကျင့်ကို တုပြီးတော့ သူ့ကိုယ်သူ ကိုယ်လို့ သုံးနှုန်းတာလေးက ကလေးသဘာဝမှာ ထူးခြားပြီး ချစ်စရာကောင်းနေတယ် ..။ ဇာတ်လမ်းကို ပြီးတဲ့အထိ ဖတ်ချင်အောင် စွဲဆောင်ထားနိုင်တဲ့အချက်က အဲဒီအိမ်ထောင်ရေးရဲ့ အဆင်မပြေတဲ့အကြောင်းကို ဇာတ်လမ်းနောက်ဆုံးမှ သိရတာမလို့ပါ ..။ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုပေမယ့် သမားရိုးကျဇာတ်လမ်းတွေလို တစ်ယောက်ယောက်က ဖောက်ပြန်တာမျိုးမဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ပါတယ် …။ အဆင်မပြေတဲ့အိမ်ထောင်ရေးတွေရဲ့ ထုံးစံအတိုင်း မြေစာပင်ဖြစ်ရရှာတဲ့ သားသမီးတွေရဲ့ ခံစားချက်ကိုတော့ အပီအပြင် ရေးဖွဲ့ထားပါတယ် …။ ပျော်ရွှင်တဲ့မိသားစုဘဝမှာ စိတ်ရောကိုယ်ရော ကျန်းမာပျော်ရွှင်နေတဲ့ ကလေးလေးတွေဖြစ်တတ်ပေမယ့် ကိုယ်တွေမသိတဲ့ဘဝတွေမှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် စိတ်သောက ခံစားနေရတဲ့ မြေစာပင်ကလေးတွေလည်း ရှိနေကြောင်း မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးလဲ ဖြစ်ပါတယ် ….။


အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါမှာ ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေချင်း ကွာခြားရင် ညှိဖို့ခက်ခဲတဲ့အကြောင်းကို ပြတဲ့ ဇာတ်လမ်းလဲ ဖြစ်ပါတယ် ..။ မတူညီတဲ့ သူစိမ်းနှစ်ယောက် အိမ်ထောင်တစ်ခုအဖြစ် ပေါင်းစည်းကြတဲ့အခါ နောက်ခံအခြေအနေချင်း တူညီနေခဲ့ရင် နားလည်မှုရဖို့ လွယ်ကူကောင်းလွယ်ကူပေမယ့် မတူညီတဲ့ဘဝနှစ်ခုက လူနှစ်ယောက် ပေါင်းစည်းမိရင်တော့ နားလည်မှုဆိုတာ တည်ဆောက်ဖို့ အင်မတန်ခက်ခဲတယ်ဆိုတာ သေချာပါတယ် …။ တစ်ဖက်က ဘာမှအရေးမကြီးဘူးလို့ ထင်တဲ့ကိစ္စတစ်ခုကို အခြားတစ်ဖက်က အသက်တမျှအရေးကြီးတယ်လို့ ထင်တတ်ကြတဲ့ အခိုက်အတန့်တွေကို အဲလို မတူညီတဲ့သူတွေ ကြုံကြရပါတယ် …။ အထူးသဖြင့် ချမ်းသာပြည့်စုံတဲ့ဘဝမှာ နေလာတဲ့သူက ငွေကို နှမြောစရာရယ်၊ တပ်မက်စရာရယ်လို့ မထင်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့ဘဝက လာသူအနေနဲ့ဆိုရင် ငွေဆိုတာ ရှားပါးတဲ့အရာ၊ တန်ဖိုးထားစရာ လို့ ထင်မှတ်ကောင်းထင်မှတ်နေတာမျိုးလည်း ဖြစ်တတ်ကြမှာပါ ..။ အခြားဥပမာတွေလည်း လောကမှာ အများကြီးရှိတတ်ပါသေးတယ် …။ အဲဒါကြောင့် အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆိုရင် ကိုယ်နဲ့ တန်ရာတန်ရာကိုပဲ ယူကြဖို့ ရှေးစကားတွေက ဆိုတတ်ကြတယ်မဟုတ်လား…။ တန်ရာတန်ရာဆိုတာက ကိုယ်နဲ့ ဘဝအခြေအနေ၊ အဆင့်အတန်း၊ ပညာချင်း ပနံသင့်တဲ့သူမျိုးကိုသာ ရွေးချယ်သင့်တဲ့အကြောင်း ပြောတတ်ကြတာပါ …။ အဲလိုဆိုမှသာ တစ်ဘဝတာခရီးကို လက်တွဲသွားကြမယ့် သူစိမ်းနှစ်ယောက်အနေနဲ့ တစ်ဦးကိုတစ်ဦးနားလည်မှုကို လွယ်ကူစွာ ရနိုင်မှာပါ …။ ဒီစာအုပ်ကလေးက ပေးချင်တဲ့ အဓိက message ကတော့ အဲဒါပါပဲ ...။ ဆရာ့ရဲ့ ရသမြောက်အောင် သရုပ်ဖော်ရေးသားနိုင်မှုကြောင့် ဖတ်ပြီးသွားတဲ့အထိ သတိတရရှိနေတဲ့ စာအုပ်ကောင်းလေးတစ်အုပ်မလို့ အားလုံးကို ပြန်မျှဝေဖြစ်တာပါရှင့် 😊😊

Follow Us @soratemplates