၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ဟာ ဂျပန်မှာတော့ ဆောင်းရာသီနဲ့ နွေဦးရာသီ တို့ ၂ ခု ရဲ့ ရာသီကူးပြောင်းတဲ့နေ့ဖြစ်ပါသတဲ့ ...။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်း (Temples) တွေမှာ မြန်မာလိုခေါ်ရင် ဘုရားပွဲလို့ ပြောရမလားပဲ..။ အဲဒီလိုပွဲမျိုးကို စည်စည်ကားကားကျင်းပကြပါတယ်..။ ရည်ရွယ်ချက်ကတော့ ဆောင်းရာသီကုန်လို့ နွေဦးရာသီကို ကူးပြောင်းတဲ့အတွက် နှစ်သစ်ကိုကြိုတဲ့အထိမ်းအမှတ်ရယ်၊ နှစ်သစ်မှာ မကောင်းတာတွေ ပါမလာအောင် မကောင်းတာတွေကို စွန့်ပစ်တဲ့အထိမ်းအမှတ်ရယ်အနေနဲ့ ကျင်းပကြခြင်းဖြစ်ပါတယ်တဲ့.။ မြန်မာပြည်က ဘုရားပွဲတွေလိုမျိုးပဲ ကလေးကစားတာတွေ၊ ရိုးရာမုန့်ဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ လူတွေကလည်း တိုးမပေါက်အောင် စည်ကားလှပါတယ်..။ အဲဒီနေ့မှာ ဂျပန်ရိုးရာ ပဲနီစေ့လှော်ကို ရွှေရောင်၊ ငွေရောင် စက္ကူတွေနဲ့ ထုပ်ထားပြီး ကျဲပက်ခြင်းအားဖြင့် မကောင်းတဲ့အရာတွေအားလုံးကို အဝေးရောက်အောင် သုတ်သင်ရှင်းလင်းပစ်လိုက်တယ်လို့ အယူရှိပါတယ်..။
အဲဒီ ၃ ရက်နေ့မတိုင်ခင်တစ်ရက်ကတည်းက ကျောင်းနဲ့ကပ်ရက်မှာရှိတဲ့ ဘုရားကျောင်းမှာ ပွဲတော်စလို့ ဈေးတန်းတွေ ရောင်းချနေကြပြီး လူတွေ စည်ကားနေကြပါပြီ..။ မြန်မာလိုဆိုရရင်တော့ ပွဲတော်အကြိုနေ့ပေါ့လေ..။ ဒါပေမယ့် ပွဲကြီးနေ့ ၃ ရက်နေ့ ညနေမှပဲ သူငယ်ချင်းတွေနဲ့ ဘုရားသွားရင်း ပွဲဈေးတန်းလျှောက်လည်ဖြစ်ခဲ့ပါတယ်..။ ဂျပန်ရိုးရာမုန့်တွေ၊ အသားကင်မျိုးစုံ၊ ကျမကြိုက်တဲ့ တူရကီအစားအစာတစ်မျိးဖြစ်တဲ့ Doner Kebab ဆိုင်တွေ စသဖြင့် မုန့်ဆိုင်တွေ အများကြီးရှိသလို ငါးသေးသေးလေးတွေ၊ လိပ်သေးသေးလေးတွေ ဖမ်းတာကအစ သေနတ်ပစ်ကစားတာ၊ အရုပ်ပစ်တာ စသဖြင့် ကလေးတွေကစားစရာ ဆိုင်တွေလည်း များပြားလှပါတယ်...။ အမှတ်တရပစ္စည်းဆိုင်တွေလည်း အများကြီးပါပဲ ...။
ဈေးတန်းထဲကို သွားသွားချင်း စားဖို့အတွက် ပထမဆုံးရှာတာက ဂျပန်ရိုးရာ Pancake ဖြစ်တဲ့ Okonomiyaki လို့ခေါ်တဲ့ သရေစာတစ်မျိုးပါ ...။ ဂျပန်တွေ အဲဒီအစားအစာကို တော်တော်ကြိုက်ကြလို့ ဆိုင်တွေဆိုတာလည်း အများကြီး တွေ့ခဲ့ရပါတယ်...။ ကိုယ့်ပုံစံနဲ့ ဆန်းသစ်ပြီး ပုံစံမျိုးစုံနဲ့ အဲဒီမုန့်ကို လုပ်ရောင်းကြတာ တွေ့ရပါတယ်...။ ဒါပေမယ့် အဓိကပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ရှောယုငံပြာရည်၊ mayonnaise တို့ကတော့ မပါမဖြစ်ပါရပြီး လုပ်တဲ့ပုံစံကတော့ တစ်ပုံစံတည်းပါပဲ..။ မတူတာတွေက အချို့က ခေါက်ဆွဲကြော်ကို အဆာအနေနဲ့ ထည့်တာရှိသလို၊ ဝက်သားပြားဖြစ်စေ၊ ရေဘဝဲဖြစ်စေ ထည့်ကြော်တဲ့ဆိုင်တွေလည်း တွေ့ရပါတယ်..။
မုန့်လုပ်နည်းမှာတော့ အဓိကအားဖြင့် Kansai စတိုင်လ်နဲ့ Hiroshima စတိုင်လ် ဆိုပြီး ၂ မျိုးရှိပါတယ်..။ လုပ်ပုံလုပ်နည်း အသေးစိတ်ကို သိချင်ရင်တော့ ဒီလင့်ခ် မှာ ကြည့်လို့ရပါတယ်..။ ကိုယ်တိုင်လုပ်ရင်တော့ ဘယ်လို အရသာရှိမလဲ မသိပေမယ့် စားရတာတော့ တော်တော်ကောင်းပါတယ်..။ ကျမက အသီးအရွက်ပိုကြိုက်တဲ့သူဖြစ်တာကြောင့်လည်း ဂေါ်ဖီသေးသေးနုပ်နုပ်ကလေးတွေထည့်ထားတဲ့မုန့်ကို ကြိုက်မိတာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်..။ အစားအသောက်ဝါသနာပါသူဆိုရင်တော့ စမ်းလုပ်စားကြည့်ပါ..။ တကယ်ကြိုက်သွားမယ်ထင်ပါတယ်...။
နောက်တော့ လျှောက်ကြည့်ရင်းနဲ့ ဟိုစပ်စပ်ဒီစပ်စပ် လျှောက်သွားလျှောက်စားကြပါတယ်.....။
ဒါကတော့ ကိုယ်တိုင်လုပ် Honey pancake ပါ..။ ဒီမှာလည်း ဒီလို Pancake မျိုးကို တော်တော် စားကြကြိုက်ကြတာကို တွေ့ရပါတယ်...။ လုပ်ရတာက သိပ်မခက်ခဲဘဲ အချိန်လည်း သိပ်မပေးရတော့ မနက်စာကို တခါတလေ ဒီလို လုပ်စားတာလည်း အပြောင်းအလဲ တစ်ခုပါပဲ ...။ ပြီးတော့ အာဟာရလည်း ပြည့်ဝတယ်လေ..။ ပါတာက ကြက်ဥရယ်၊ ဂျုံ ရယ်၊ နွားနို့၊ ပျားရည်ဆိုတော့လည်း ပြည့်ပြီပဲပေါ့နော့ ..။

1 comment:
ဒီက onkonomiyaki ကြိုက်မှ ကြိုက်ပဲ။ မြတ်ကြည် စားဖူးတာက အဝိုင်းတွေများတယ်။ ရေဘဝဲနဲ့။ Snow လုပ်တဲ့ honey pancake ကလည်း အရသာရှိမယ့်ပုံ။
Post a Comment