Showing posts with label Food. Show all posts
Showing posts with label Food. Show all posts

Saturday, 15 July 2017

All about coffee ~~

July 15, 2017 0 Comments
ဒီပို့စ်လေးရဲ့ ဖြစ်တည်ရာက reader's digest က ဆောင်းပါးတစ်ခုကနေ အစပြုတာပဲ ဖြစ်ပါတယ် ..။ ဒီနေ့ အဲဒီက ပို့စ်အသစ်တွေ ကြည့်ရင်းနဲ့ ကော်ဖီနဲ့ပတ်သက်တဲ့အကြောင်းလေးကို တွေ့မိတာပဲ ဖြစ်ပါတယ် ..။ ပြောရရင် reader's digest က ကျမအကြိုက်ဆုံး website တွေထဲက တစ်ခုပါ ..။ အဲဒီမှာ ရသအစုံ ဗဟုသုတအစုံကို ဖော်ပြပေးလေ့ရှိလို့ နေ့တိုင်းနီးပါးဖတ်ဖြစ်ပါတယ် ..။ စာရေးသူတွေကလည်း အများကြီးဆိုတော့ တစ်ရက်ကို ပို့စ် ၂၀ လောက်တောင် အသစ်တက်တယ်ထင်တယ် ..။ ငယ်ငယ်တုန်းကတော့ reader's digest စာအုပ်ကလေးတွေ ဖတ်ပြီး တတ်သလောက်မှတ်သလောက် ဘာသာပြန်ဖြစ်ခဲ့သေးတာပါ့ ..။ ဘေးနားမှာ Oxford Dictionary စာအုပ်အထူကြီးထားပြီး အလုပ်တွေ ရှုပ်နေခဲ့ဖူးတယ် ..။ အခုတော့ website မှာ ကိုယ်သိချင်တာလေးပဲ ရွေးဖတ်ဖြစ်တော့တယ် ..။ အကြိုက်ဆုံးက Health and Food posts တွေပါ ..။

ထားပါတော့။ ကော်ဖီဆောင်းပါးလေးအကြောင်း ပြန်ဆက်ရရင် ကော်ဖီခရေဇီတို့အတွက် သတင်းကောင်းတစ်ခုပါပဲ ..။ ကော်ဖီသောက်ခြင်းက လူအများသိပြီးဖြစ်တဲ့ မှတ်ညဏ်တိုးတက်စေပြီး ဦးနှောက်နဲ့ပတ်သက်တဲ့ မှတ်ညဏ်ချို့ယွင်းတာ၊ အတိတ်မေ့တာစတဲ့ရောဂါတွေကို ကာကွယ်ပေးရုံမက အသက်ကိုပါ ရှည်စေပါသတဲ့..။ ဆေးပညာနဲ့ပတ်သက်တဲ့ ဂျာနယ်တစ်ခုမှာ လောလောလတ်လတ် published လုပ်ထားတဲ့ လေ့လာမှု ၂ ခုကနေ အဲဒီအချက်ကို အတည်ပြုခဲ့တာပါတဲ့..။ ပထမတစ်ခုကတော့ ဥရောပ ၁၀ နိုင်ငံက လူပေါင်း ၅ သိန်း ၂ သောင်းကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါသတဲ့ ..။ အဲဒီ သုတေသနမှာတော့ ကော်ဖီသောက်တဲ့လူတွေအနေနဲ့ အသည်းရောဂါ၊ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး၊ ကင်ဆာ၊ အစာအိမ်နဲ့ အသက်ရှုလမ်းကြောင်း၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးတွေကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်လို့ တွေ့ရှိထားတယ်လို့ သိရပါတယ် ..။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူတစ်ဦးနဲ့တစ်ဦးကြားမှာ ကော်ဖီဖျော်တဲ့စနစ်၊ သောက်တဲ့ပုံစံတွေ ခြားနားပေမယ့်လည်း ကော်ဖီနဲ့ သေဆုံးနှုန်း/သေဆုံးနိုင်ခြေဆက်စပ်မှုကတော့ အပေါ်က ပြောခဲ့သလို အားလုံးဆင်တူပါပဲလို့ ဆိုပါတယ် ..။ ဒါပေမယ့် ဒီသုတေသနက ဥရောပနိုင်ငံတွေမှာပဲ လုပ်တာဖြစ်လို့ သူတို့ဆီက ကော်ဖီဖျော်တဲ့ပုံစံက သကြားထည့်လေ့မရှိဘူးဆိုတာလေးတော့ ရှိတာပေါ့နော် ..။ ကိုယ်တွေဆီက ကော်ဖီမစ်ထုပ်တွေလို ကော်ဖီမှုန့်ကနည်းနည်း၊ အခြားမသိတဲ့အမှုန့်တွေကများများ၊ သကြားတွေက အထုပ်တစ်ဝက်လောက်ရှိနေတာမျိုးတွေကတော့ များများသောက်လေ၊ များများရောဂါရလေမို့ သေဆုံးနိုင်ခြေများလေဆိုတဲ့ အဖြေပဲ ထွက်မှာဖြစ်ပါတယ်ရှင် 😂😂😂။

 နောက်ထပ်သုတေသနတစ်ခုမှာတော့ လူပေါင်း ၂ သိန်းလောက်ကို စစ်တမ်းကောက်ရာမှာ ကော်ဖီသောက်ခြင်းက အသက်ရှည်ခြင်းကို ၁၈% လောက်ထိ တိုးစေတယ်လို့ တွေ့ရပါတယ် ။ဒီသုတေသနမှာဆိုလည်း အထက်ကတစ်ခုလိုပါပဲ ။ စစ်တမ်းထဲမှာပါတဲ့လူတွေဟာ လူမျိုး၊ အသားအရောင်၊ လူနေမှုပုံစံ၊ စားသောက်မှုပုံစံတွေ ကွဲပြားပေမယ့်လည်း ကော်ဖီနဲ့ အသက်ရှည်နှုန်းဆက်စပ်မှုမှာတော့ ရလဒ်က တူတူပဲဖြစ်ကြောင်း တွေ့ရပါသတဲ့ .။

ဆိုတော့ ကိုယ့်ရဲ့သက်တမ်းကို ဆွဲဆန့်ဖို့အတွက် ကော်ဖီက ဘယ်နှစ်ခွက်လောက်ထိ သောက်ဖို့ လိုအပ်အပ်ပါမလဲ ..။  ဥရောပက လေ့လာမှုတစ်ခုမှာပဲ ဖော်ပြထားတာက တစ်နေ့ကို ကော်ဖီ ၃ ခွက်နဲ့အထက်သောက်သူတွေဟာ ကော်ဖီလုံးဝမသောက်သူတွေထက် အကြောင်းကြောင်းကြောင့် သေဆုံးနိုင်ခြေပိုနည်းတယ်လို့ ဆိုပါတယ် ..။ နောက်ထပ်သုတေသနတစ်ခုက ထပ်ဖြည့်စွက်ထားတာကတော့ တစ်ရက်ကို ကော်ဖီ ၂ ခွက်ကနေ ၄ ခွက်ထိ သောက်သူတွေဟာ အပေါ်က ပြောခဲ့တဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေကို ရရှိတတ်ကြပါတယ်တဲ့ ..။

အချူပ်ဆိုရရင်တော့ ကော်ဖီက လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်..။ စာလုပ်ရသူတွေ၊ အလုပ်လုပ်သူတွေဆို ပိုသိသာပါတယ် ..။ ဦးနှောက်ပင်ပန်းလာတဲ့အချိန်မှာ ကော်ဖီလေးသောက်ပြီး refresh ပြန်လုပ်လိုက်ရင် ကဖင်းဓါတ်ကြောင့် ပြန်လန်းဆန်းလာတယ်မဟုတ်လား..။ အရေးကြီးဆုံးက ကော်ဖီစစ်ဖို့၊ သကြားနည်းနိုင်သမျှနည်းဖို့ ညနေစောင်းကစပြီး မသောက်ဖို့တော့ လိုပါတယ် ..။ ပြောရရင်တော့ ကော်ဖီတကယ်ကြိုက်တဲ့သူဆိုတာ ကော်ဖီထဲ သကြားအရသာရမိရုံနဲ့ ဆက်မသောက်ချင်သူများ ဖြစ်သွားကြပါတယ် ...။ သကြားက ကျန်းမာရေးနဲ့ မညီညွတ်ရုံမက ကော်ဖီရဲ့တကယ့်အရသာကို ဖျက်ဆီးပစ်တယ်လို့ ခံစားရတယ် ..။ အဲ ... ကော်ဖီထဲ သကြားထည့်သောက်မှဆိုရင်တော့ သင်ဟာ ကော်ဖီရဲ့တကယ့်အရသာကို မသိသေးတဲ့သူတစ်ယောက်၊ ကော်ဖီသောက်သူတစ်ယောက်သာဖြစ်ပြီး ကော်ဖီကြိုက်သူ/ကော်ဖီချစ်သူတစ်ယောက် လုံးဝမဟုတ်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ် ..။

ကော်ဖီဖျော်တဲ့အမျိုးအစားများစွာရှိရာမှာ ကျမကတော့ အားလုံးလိုလိုကို ကြိုက်ပါတယ် ..။ ဒါပေမယ့်လည်း အမျိုးအစားအားလုံးကိုတော့ သေချာတော့မသိဘူးပေါ့လေ..။ တစ်ရက်နဲ့တစ်ရက်ကလည်း အသစ်တွေက ထပ်ထပ်ထွက်နေတာကိုး..။ အဲလိုဆိုတော့ ဆိုင်တွေရောက်ရင် ကျမ အများအားဖြင့် ရွေးချယ်ဖြစ်တာက cappuccino ပါ ..။ အမြှုပ်လေးတွေပါတာကို သဘောကျတာ..။ တခါတလေ espresso လည်း သောက်ဖြစ်ပါတယ် ..။ ဒါပေမယ့် espresso ထက် နို့ပါတဲ့ latte ကိုလည်း ရွေးချယ်ဖြစ်တယ်။ တခါတခါ နို့ရဲ့ ဆိမ့်တဲ့အရသာရယ် ကော်ဖီရဲ့ ခါးတဲ့အရသာရယ် တွဲစပ်မှုကို သဘောကျလို့ပါ ..။ တစ်ရက်ကို ကော်ဖီ ၂ ခွက်ကတော့ ပုံမှန်သောက်ဖြစ်ပါတယ် ..။ မနက်စာစားချိန်မှာ နွားနို့တစ်ဝက် ရေတစ်ဝက်ကို တစ်ခွက်စာကျိုပြီး ကော်ဖီနဲ့ ဖျော်သောက်ဖြစ်ပါတယ် ..။ နွားနို့ကို ဒီအတိုင်းထည့်တာထက် ကျိုလိုက်တာက ပိုမွှေးပြီး ဆိမ့်တယ်လို့ ခံစားရတယ် ...။ နေ့လည်ပိုင်း ၂ နာရီလောက်မှာတော့ ဘာမှမပါတဲ့ ကော်ဖီစစ်စစ်တစ်ခွက် သောက်ဖြစ်ပါတယ် ..။

အောက်က ပုံတွေက ကော်ဖီသောက်ရင်း ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေပေါ့ .. ☕☕☕🍰🍞🍟














reference link>> http://www.rd.com/health/healthy-eating/coffee-health-benefits-longer-life/

Thanks for coming here today 💕💞💫

Tuesday, 13 June 2017

This and that @@

June 13, 2017 5 Comments
Hello 🙋

Back here again 😊😊😊

စိတ်အရှူပ်ရဆုံးကာလကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
မနေ့က Thesis ကို အပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါက ပြီးဆုံးသွားသေးတာတော့ မဟုတ်ပါဘူး။ ဒီကြားထဲ ၂ ပတ်လောက်မှာ Examination board က Defense လုပ်ဖို့ Eligible ဖြစ်မဖြစ် စစ်ကြမှာဆိုတော့ ကျမအနေနဲ့ ဒီနေ့နည်းနည်းအားနေတယ်ပေါ့နော်။ ဒီနေ့ကစပြီး Defense အတွက် powerpoint ပြင်သင့်တာဆိုပေမယ့် ကျမက အဲလောက်တော့ မကြိုးစားချင်ဘူးလေ။ တစ်ရက်လောက်တော့ အေးအေးဆေးဆေးနားချင်သေးတယ်..။ အဲဒါကြောင့် ဒီနေ့ ဟိုဟာဒီဟာလေးတွေ လျှောက်လုပ်တယ်ဆိုပါတော့။ သူငယ်ချင်းတွေနဲ့လည်း ဒီနေ့မှ အေးအေးဆေးဆေးတွေ့ဖြစ်ပြီး စကားတွေပြောဖြစ်တော့တယ်..။ ဒီလ ၂၆ ရက်နေ့ Defense ပြီးသွားရင်တော့ ဆရာတွေပေးလာမယ့် comment တွေနဲ့ပတ်သက်ပြီး လိုအပ်တာနည်းနည်းပါးပါးပြင်ပြီးသွားရင် စာအုပ်အပြီးသတ်အပ်ပြီးသွားတာနဲ့ နားလို့ရသွားပါပြီ...။

Facebook ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက deactivate လုပ်ထားခဲ့ရာက ဒီနေ့ပြန်ဖွင့်ကြည့်မိတယ်..။ OMG😱😱😱 ခြောက်လလောက်အတွင်း မြန်မာဖွဘုတ်လောကမှာ အများကြီးထူးခြားမှုတွေဖြစ်နေခဲ့တာပဲ..။ အဓိက ပြောင်းလဲမှုတစ်ခုက Blogger ဆိုတဲ့စကားလုံးကို အဲမှာတော်တော်တွင်တွင်ကျယ်ကျယ်သုံးပြီးတော့ လူတော်တော်များများ Blogger တွေဖြစ်သွားကြတယ်..။ ကျမ ဖွဘုတ်ကိုသုံးတုန်းက ဖွဘုတ်ဆယ်လီဆိုပြီး ခေတ်စားပြီးတော့ တော်တော်များများက ဆယ်လီရူး ရူးကြတာ တွေ့မိသေးတယ်..။ အခုတွေ့မိတာက Blogger အမျိုးအစားတော့ သိပ်မများသေးဘူး .။Travel blogger and beauty blogger တွေ တော်တော်ရေပန်းစားနေတယ်..။ Fashion blogger, lifestyle blogger, food blogger ဘာဘာညာညာတော့ သိပ်မတွေ့မိသေးဘူး..။ အလှအပက လူတိုင်းစိတ်ဝင်စားသလို အလှအပကြိုက်တဲ့မိန်းကလေးတော်တော်များများ မိတ်ကပ်ကောင်းကောင်းပြင်တတ်ကြတာဆိုတော့ Beauty blogger တွေ တော်တော်ခေတ်စားကြတယ်..။ ပရိသတ်တွေကလည်း သူ့Blogger ကိုယ့် Blogger ဆိုပြီး အပြိုင်အဆိုင်တွေ အားပေးကြသတဲ့...။ နိုင်ငံခြားက Beauty blogger တွေလို Give away တွေလည်း ခဏခဏပေးကြတာတဲ့ ...။ 

တကယ်တော့လေ မြန်မာက တကယ်လုပ်နိုင်ခဲ့တဲ့ Social Influencer တွေကို ချီးကျူးပါတယ်...။ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘာကို ဘယ်လိုလုပ်ရမလဲဆိုတာ အချိန်အခါကောင်း အခွင့်အခါကောင်းကို အမိအရ ဖမ်းဆုပ်နိုင်တယ် ....။ သူ့နေရာဒေသနဲ့သင့်လျော်တဲ့နည်းလမ်းကို အသုံးပြုလိုက်တော့ အချိန်တိုအတွင်း လူသိတယ် ။ ကိုယ်ဝါသနာပါရာကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ကြတယ် ....။ နိုင်ငံတကာမှာတော့ Blogger တွေက Blog, Youtube, Instagram အဲ ၃ မျိုးကို အဓိက အားထားကြတယ် ..။ အချို့လဲ Twitter သုံးပေမယ့် အဲဒါက နေရာတော်တော်များများမှာ မတွင်ကျယ်ဘူးထင်တယ်...။Facebook ကိုတော့ မကြိုက်ကြဘူးလို့ Blogger တော်တော်များများရေးတာ ဖတ်ဖူးတယ် ...။ မြန်မာနိုင်ငံလိုနေရာမျိုးမှာ နိုင်ငံခြားက Blogger တွေလို အောင်မြင်ပေါက်မြောက်ချင်ရင်တော့ သူတို့နည်းလမ်းကို လိုက်လုပ်ဖို့ မဖြစ်နိုင်ပြန်ဘူး ...။ မြန်မာမှာ အနည်းစုတော့ လူတန်းစားသာလျှင် google, youtube ကို တွင်တွင်ကျယ်ကျယ်သုံးဖြစ်ကြတာ မဟုတ်လား..။ အဲဒါက တကယ့်ကိုယ်တွေ့ပါ..။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နိုဝင်ဘာ ၂ လ မြန်မာနိုင်ငံကို ဒေတာကောက်ပြန်တယ်..။ စာတမ်းတစ်ခုကရေးနေရင်း တန်းလန်းဆိုတော့ reference တွေ ရှာဖတ်ရတယ်..။ Youtube မှာ tutorial တွေ့ကြည့်ရတယ်..။ အဲမှာပြဿနာက အင်တာနက်ဖိုး တော်တော်ကုန်တာ...။ ကျမလည်း အခြေခံလူတန်းစားဖြစ်တဲ့အပြင် ဒေတာကောက်ဖို့ တောထဲရောက်နေတာဆိုတော့ ဖုန်းအင်တာနက်ပဲ အားကိုးရတာမဟုတ်လား..။ ကျမထင်ပါတယ်.. မြန်မာက ၉၀ ရာခိုင်နှုန်းလောက်သော လူဦးရေက ဖုန်းလိုင်းက အင်တာနက်ပဲ သုံးကြမယ်ထင်တယ်...။ ပြောချင်တာက မြန်မာက အော်ပရေတာတွေရဲ့ ရွှေညဏ်တော် စူးရောက်ပုံပါ..။ ဖွဘုတ်၊ viber လို social application တွေကို unlimited သုံးနိုင်တဲ့ Plan တွေမှ အများကြီးပဲ ..။ အဲတုန်းကတော့ data တွေ အများကြီးပေးတဲ့ Plan ရယ်လို့ မတွေ့မိဘူး.....။ ခုနပြောတဲ့ Facebook, Viber ကို အလကားလိုလိုကို သုံးလို့ရနေတာဆိုတော့ အားလုံးက ဒီလို application တွေပဲ သုံးကြပြီး ဖွဘုတ်မှာ လေ့လာစရာတွေ အများကြီးပါ၊ ဖွဘုတ်မှာ စာတွေဖတ်ပါတယ် လေ့လာပါတယ်တွေ ဖြစ်ကုန်ကြပါလေရော 😐😐
ထားလိုက်ပါတော့လေ..။ ပြောချင်တာက ဒီမိုး ဒီရေ ဒီလှေနဲ့ဆိုတော့ အားလုံးက ရေသည်ပြဇာတ်ထဲက စကားစုလို *တိုင်း၍ရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့်* ဆိုသလို ဖြစ်သွားကြတော့တာပေါ့ ..။

ဆိုလိုချင်တာက ကျမအနေနဲ့ ဘယ် Blogger ကိုမှ ရှုံ့ချအထင်သေးတာ မဟုတ်ရပါဘူးနော်...။ ကိုယ်လျှောက်ချင်တဲ့လမ်းကို ရောက်ဖို့ သင့်လျော်မှန်ကန်တဲ့နည်းလမ်းကို သုံးနိုင်ကြတယ်ဆိုတာ တကယ်ချီးကျူးချင်တာပါ ....။ အချို့ မျက်စေ့နားမပွင့်သေးတဲ့ နယ်က လူငယ်လေးတွေအတွက်တော့ အင်တာနက်ဆိုတဲ့အရာတစ်ခုမှာ Facebook ထက် အကျိုးရှိမယ့်အရာတွေ အများကြီးရှိတာကို လက်လှမ်းမီစေချင်မိရုံပါ ...။ ကျမကိုယ်တိုင်ကတော့ စာရေးတာဝါသနာပါတဲ့အတွက် အခွင့်ရရင်ရသလို ရေးဖြစ်မှာပါ ...။ အခုလောလောဆယ် ဒီ Blog ကို blogspot.com ကနေ .com ဖြစ်သွားအောင် Domain ဝယ်ချင်နေတယ်..။ မြန်မာပြန်ရောက်ရင်လည်း update လုပ်ရလွယ်တဲ့နေရာကနေ ဝယ်ချင်တာဆိုတော့ ဘယ်ကဝယ်ရမလဲဆိုတာ လိုက်ကြည့်နေပါတယ် ...။ ဒါပေမယ့် ဘယ်သူမှ လာမဖတ်မယ့်တူတူတော့ မြန်မာလို မရေးဘဲ အင်္ဂလိပ်လို ပြောင်းရေးရင်ကောင်းမလား စဉ်းစားနေမိတယ် ...။ အခုတလော နိုင်ငံခြားမှာ Blogging က အရမ်းကို ပြန်ခေတ်စားနေသလိုပဲ ..။ အဲဒီတော့ မြန်မာပြန်ရောက်ရင် မြန်မာက အစားအသောက်တွေ နေရာဒေသတွေအကြောင်းများ အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုအကျိုးရှိတယ်ထင်တယ်..။ ကိုယ်လည်း အင်္ဂလိပ်စာကို အဆက်မပြတ်တော့ဘူးပေါ့လေ..။ ဒါပေမယ့် ကျမရဲ့ အင်္ဂလိပ်အရေးအသားကလည်း below average ကိုဖြစ်လို့ 😷😬။ အဲဒီတော့ ဘာကိုမှ သေသေချာချာမစဉ်းစားဖြစ်သေးပါဘူး ...။

လောလောဆယ် Thesis ရေးနေတဲ့ကာလမှာ အားမပြတ်အောင်ဆိုပြီး အစားတွေနင်းကန်စားရုံမက အချိန်မရတော့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာနဲ့ လူက တော်တော်ဝလာလို့ ဝိတ်လျှော့ဖို့ ပြန်ကြိုးစားနေရတယ် ...။ အစားချည်းတစ်လိုင်းဆိုတော့ အဲလိုင်းနဲ့ Facebook blogger လောကကို ဝင်တိုးရင် ကောင်းမလားပဲ 😬😬😬။ လျှောက်ပြောနေတာပါ ..။ Defense ပြီးတဲ့နောက်မှာ အဓိကလုပ်မယ့်စာရင်းထဲ အစားအသောက်တွေ လိုက်မြည်းစမ်း ဓါတ်ပုံရိုက်ဖို့ ဦးစားပေးစာရင်းထဲမှာ ပါပါတယ် ..။ အရင်ကတော့ ဆိုင်တွေမှာစားရင် ဓါတ်ပုံရိုက်ရမှာ အားနာတာရော ရှက်တာရောကြောင့် သိပ်မရိုက်ဖြစ်ဘူး ..။ အခုတော့ Blog မှာ အစားအသောက်တစ်လိုင်းရေးချင်တော့ ရိုက်ဖို့ကြိုးစားနေပါတယ် ..။ အချို့ရိုက်ထားတာလေးတွေ အားပေးသွားပါဦးနော် ...။ နောက်မှ ပြန်လာခဲ့ပါဦးမယ်ရှင့်..။ စကားမစပ် မြန်မာလိုရိုက်တာ အဆင်ပြေသွားပါပြီ ..။ တက္ကသိုလ်လို စာလုံးဆင့်တွေလည်း ရိုက်တတ်သွားပါပြီ ...။ 










Sunday, 7 August 2016

Summer_Things_2016

August 07, 2016 2 Comments
Hello Dears,

Long time no post here :D :D

စာမရေးဖြစ်တာ တော်တော်ကြာနေခဲ့ပြီ ...။ ဘာမှတော့ မရေးဖြစ်ပေမယ့် ဒီနေရာလေးကိုတော့ အမြဲလိုလို လာကြည့်ဖြစ်ပါတယ် ...။ လာတိုင်းလည်း အမြဲလို လာကြည့်နေသူတွေ ရှိနေသေးတဲ့ ဒီနေရာလေးအတွက် အသစ်တွေ မဖန်တီးဖြစ်တိုင်း တာဝန်မကျေသလို ခံစားရတယ် ..။

ဂျပန်မှာ နေလာခဲ့တာ အခုဆိုရင် ၂ နှစ်ပြည့်တော့မယ် ...။ ၂၀၁၇ စက်တင်ဘာဆိုရင်တော့ ကျောင်းပြီးပြီမို့ မြန်မာပြည်ကို အပြီးပြန်ရတော့မယ် <3 <3 ဒီကြားထဲမှာတော့ သုတေသနအတွက် တစ်နှစ်တစ်ခါလောက်တော့ ပြန်ဖြစ်ပါတယ် ..။ အခု ဒီမှာ တကယ့်ကို နွေရာသီရဲ့ အပူဆုံးကာလ ရောက်နေပါပြီ။ တစ်နှစ်လုံးမှာ အပူဆုံးအချိန်ဖြစ်တဲ့ August လမှာတော့ အပူချိန်က ၃၇-၃၈ ဒီဂရီလောက်ထိ ပူပြင်းလေ့ရှိပါတယ် ...။ နွေအပူကို အံတုဖို့ ဦးထုပ်၊ နေကာမျက်မှန်၊ ထီး၊ sunscreen ၊ skincare၊ အစားအသောက် စသဖြင့် အားလုံးကိုတော့ သေချာပြင်ဆင်ထားရပါတယ် ...။

၂၀၁၆ ခုနှစ်ထဲမှာ ကျမရဲ့အကြိုက်တွေ ပြောင်းလဲလာရုံသာမက အတွေးအခေါ်တွေ၊ အနေအထိုင်တွေလည်း ပြောင်းလဲလာခဲ့သလို ခံစားရတယ် ..။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုလည်း ပါမယ်ထင်ပါတယ် ..။ ဂျပန်လူမျိုးတွေဟာ အများအားဖြင့် အသက်ရှည်ကျန်းမာကြတယ် ...။ အသက်ကြီးတဲ့အထိ ကျန်းမာနုပျိုနေအောင် ဂရုတစိုက်ထိန်းသိမ်းနေထိုင်ကြတယ် ..။ အစားအသောက်၊ အနေအထိုင်ကို အမြဲဂရုပြုပြီး ကျန်းမာကြံ့ခိုင်အောင် ထိန်းညှိနေထိုင်ကြတာကြောင့် အဆီမရှိတဲ့ ခန္ဓာကိုယ်နဲ့ သွက်လက်ချက်ချာနေကြတာများပါတယ် ..။ အနည်းစုကတော့ ချွင်းချက်ရှိတာပေါ့လေ..။ ဒါပေမယ့် အများအားဖြင့်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံသားတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုတစိုက်စောင့်ရှောက်သူများပါတယ် ..။

အရင်တကည်းက လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိပေမယ့် မနက်အိပ်ရာနိုးကာစ အကြောလျှော့လေ့ကျင့်ခန်း ၇ မိနစ်လောက်သာ လုပ်တတ်တာပါ ..။ ဒါကလည်း ကိုယ်လက်လှုပ်ရှားမှုလည်းမရှိဘူးလို့ ကိုယ့်ကိုယ်ကို မထင်မိအောင် ကိုယ့်စိတ်ကိုယ် နှစ်သိမ့်မိတဲ့သဘောလဲ ဖြစ်မယ်ထင်ပါတယ် ...။ ၂၀၁၆ နှစ်စကတည်းက ကျောင်းစာတွေလုပ်ရင်း စဉ်းစားရတာတွေများလာတဲ့အခါ ဘာမှသိပ်မတွေးတော့ဘဲ အစားအသောက်ကို သိပ်ဂရုမစိုက်ဘဲ စားဖြစ်ခဲ့တယ် ...။ လေ့ကျင့်ခန်းကလည်း ထုံးစံအတိုင်း မနက်ခင်း ခဏလေးဘဲလုပ်တာကြောင့် အချိန်နဲ့အမျှ စားလာတာတွေက အစွမ်းပြပြီး ကိုယ်အလေးချိန်တွေ တက်လာတာပါပဲ ..။ ဘယ်လောက်အထိလည်းဆိုရင် ၅ ကီလိုလောက် တိုးလာခဲ့တယ် ...။ အဲဒါကြောင့် အခုတော့ တစ်ရက်ကို ၃၀ မိနစ်လောက်အထိ heavy workouts လုပ်နေရတယ် ...။ Gym ကိုတော့ မသွားဖြစ်ပေမယ့် တကယ်က အဲဒီမှာ သေချာကစားမှ အဆီတွေကျပြီး ကြွက်သားတွေ တင်းရင်းလာမှာဆိုတာ သိပေမယ့်လည်း youtube က Tutorial တွေပဲ ကြည့်ပြီး အိမ်မှာပဲ ဖြည်းဖြည်းချင်းပြန်ကျလာအောင် ကြိုးစားနေတာ အခုတော့ ၁ ကီလိုလောက်ကျသွားပါပြီ ....။ တကယ်က အရိုးတွေပဲမြင်ရပြီး ကောက်ကြောင်းတွေမရှိတဲ့ပိန်တာမျိုးကိုမကြိုက်ဘဲ အဆီမရှိဘဲ ကျစ်လျစ်နေတဲ့ သူ့နေရာနဲ့သူ ကြွက်သားတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်မျိုး (ခေတ်အခေါ်ဆိုရင်တော့ ကိတ်တာပေါ့လေ :D) ကို လိုချင်တာဆိုတော့ ကိုယ့်ရဲ့ mission က ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ဖို့...။ အခုကစားဖြစ်နေတဲ့ workout က အောက်က full body workout ပါ


အဲဒါအပြင် အစားအသောက်ကိုလည်း items တွေပြောင်းပစ်လိုက်ပြီး healthy food တွေကိုပဲ ရွေးစားဖြစ်ပါတယ် ...။ ကျမက အဲဒီလိုစားတော့ အခြားသူတွေက diet လုပ်တယ်လို့ ထင်ကြပြီး ဘယ်လိုဘယ်ညာဆိုတာမျိုး လာပြောတတ်ကြတဲ့အခါ I'm not on diet, I just changed my eating style from having unhealthy to healthy meals လို့ အထပ်အထပ်အခါခါ ပြန်ပြောနေရပါတယ် ..။ ပိန်စေဖို့ အစားလျှော့စားတာက နည်းလမ်းကောင်းတစ်ခုမှ မဟုတ်တာ။ ကိုယ့် နေ့စဉ်သွားလာလုပ်ကိုင်ဖို့ ကျန်းမာကြံ့ခိုင်ဖို့အတွက် အစားအသောက်ကလည်း အဓိက အရေးကြီးဆုံးပဲ မဟုတ်လား..။

အရင်က ready made ထမင်းဗူးတွေလည်း အမြဲလိုလိုစားဖြစ်သလို ဆိုင်တွေမှာလည်း ခဏတိုင်းသွားစားဖြစ်တယ် ...။ အာလူးကြော်၊ ကိတ်၊ cheese လိုမျိုး အဆီတက်မယ့် အစားအသောက်တွေလည်း ခဏတိုင်းစားတာပဲ ...။ ငယ်ရွယ်တုန်းတော့ အဝမမြန်တတ်ပေမယ့် အသက်ရလာရင် ဝလွယ်လာတယ်ဆိုတာ မေ့ပြီးစားမိတော့ အသက်က စကားပြောလာတဲ့အခါ မထင်မှတ်ဘဲ ဝလာတာပါပဲ ...။

အခုတော့ အစားအသောက်ကို ကိုယ့်ဘာသာ အချိန်ယူပြင်ဆင်ဖြစ်တယ် ...။ တစ်ရက်ကို အရင်ကတော့ ၃ နပ်လောက်ပဲ စားရာကနေ အခုတော့ နည်းနည်းနဲ့ ၆ ခါလောက် စားဖြစ်ပါတယ် ..။ မနက်ဖြန်အတွက် ဒီနေ့ညကတည်းက နေ့လည်စာနဲ့ ညစာကို ချက်ပြုတ်ပြင်ဆင်ထားတယ် ...။ မနက်ခင်းနိုးပြီးဆိုရင် ရေသောက် ကိုယ်လက်သန့်စင်ပြီးတာနဲ့ လေ့ကျင့်ခန်းလုပ်တယ် .။ ပြီးရင် မနက်စာကို oatmeal (no added sugar) နဲ့ နွားနို့ (low fat milk) ကိုပြင်ဆင်ပြီး စားတတ်သလို whole wheat bread ကို ကြက်ဥရယ် ထောပတ်သီးရယ်ကို mayonnaise အဖြစ်သုံးပြီး ဆလတ်ရွက်ညှပ်ပြီးလုပ်တဲ့ sandwich နဲ့ နွားနို့တစ်ခွက်သောက်တဲ့ မနက်စာလည်း စားလေ့ရှိပါတယ် ..။ အရင်ကတော့ တွေ့ကရာ ပေါင်မုန့်ဖြူတစ်မျိုးမျိုး၊ ကိတ်တစ်မျိုးမျိုးနဲ့ ကော်ဖီတစ်ခွက်ကမန်းကတမ်းသောက်စားတဲ့ မနက်စာကနေ အခုတော့ သေချာပြင်ဆင်ပြီး fiber တွေလည်း အများကြီးပါအောင် အာဟာရတန်ဖိုးလည်း တက်အောင် အစားအသောက်ပုံစံကို ပြောင်းစားဖြစ်တာပါ။

နေ့လည်စာနဲ့ ညစာမှာတော့ ထမင်းကို လုံးဝရှောင်လိုက်ပါတယ် ..။ ဒီက ဆန်တွေက ဆန်စီးတွေဆိုတော့ အဆီတက်ပြီး ဝစေတဲ့အဓိက အစားအစာမို့လို့ ထမင်းကို ရှောင်စားတာဖြစ်ပါတယ် ..။ စားဖြစ်တာတွေက ဆီနည်းနည်း အငန်နည်းနည်းနဲ့ ချက်၊ ပြုတ်၊ သုပ် စားဖြစ်တဲ့ ငါး၊ ကြက်သားနဲ့ အသီးအရွက်၊ ပဲပြား၊ တို့ဖူး၊ ကင်မ်ချီ၊ ခေါက်ဆွဲ၊ ကြာဇံတို့ပဲ ဖြစ်ပါတယ် ....။ အဓိကက အဆီလျှော့ချရမယ်၊ အသီးအရွက်များများပါရမယ်၊ အာဟာရပြည့်ဝရမယ်ပါပဲ။ နေ့လည်ပိုင်း Snacks အနေနဲ့က almond စေ့လိုမျိုး အစေ့အဆန်တွေစားဖြစ်ပါတယ် ..။ ညရောက်ရင်တော့ အသီးနဲ့ ဒိန်ချဉ်စားဖြစ်ပါတယ် ...။ ဒီညအတွက်တော့ ဒီမှာစာရေးနေလို့ ဟင်းမချက်ရသေးပါဘူး...။
ဒါကတော့ အခုည စာရေးရင်း စားနေတဲ့ ဒိန်ချဉ်နဲ့ ဖရဲသီး..။ မနက်ဖြန်အတွက်က salmon ငါးကို ကြော်မယ်။ အရွက်နဲ့ ပဲပြားရယ် ခေါက်ဆွဲရယ်ကြော်ပါမယ် ..။ ရေခဲသေတ္တာထဲမှာတော့ အားလုံးရှိနေပြီးသားဆိုတော့ ခဏနေမှ ခေါက်ဆွဲကြော်မယ် ။ ငါးကိုတော့ ပဲငံပြာရည်ရယ်၊ ရှာလကာရည်နည်းနည်းရယ်၊ ငရုတ်ကောင်းမှုန့်ရယ်ဖြူးထားနှပ်ထားပြီး မနက်မှ ဒယ်အိုးထဲ သံလွင်ဆီနည်းနည်းထည့် ငါးထည့်ပြီး နည်းနည်းလေးအပူပေးရုံနဲ့ ကျက်ပါတယ် ...။



လေ့ကျင့်ခန်း၊ အစားအစာပြီးတော့ ရေသောက်တာနဲ့ လှုပ်ရှားသွားလာတဲ့ကိစ္စပါ ..။ ကျောင်းနဲ့ အိမ်နဲ့က စက်ဘီးနဲ့ဆိုရင် ၁၀ မိနစ်လောက်ပဲသွားရပေမယ့် လမ်းလျှောက်ရင်တော့ ၂၅ မိနစ်လောက်ကြာပါတယ် ...။ မနက်အစောထပြီး လမ်းမလျှောက်နိုင်တာကြောင့် အခုဆိုရင် ကျောင်းကို လမ်းလျှောက်သွားပါတယ်..။ ကျမရဲ့အခန်းက ၄ ထပ်မှာဆိုတော့ အရင်ကဆိုရင် ဓါတ်လှေကားနဲ့တက်နေကျပေမယ့် အခုတော့ ရိုးရိုးလှေကားကနေပဲ တက်ပါတယ် ...။ ရေက တစ်နေ့ကို အနည်းဆုံး ၃ လီတာလောက် သောက်ဖြစ်ပါတယ် .။ အရင်ကတော့ ကျောင်းရောက်ရင် အခန်းထဲစာလုပ်နေရင်းနဲ့ ရေလဲသိပ်မသောက်ဖြစ်တော့ စားပွဲမှာပဲ အကြာကြီးထိုင်သလိုဖြစ်လို့ ဗိုက်အဆီစုတာ ပိုများတာဖြစ်ပါတယ် ..။ အခုတော့ ရေခဏခဏသောက်တော့ toilet ခဏခဏသွားရလို့ ခါးနာတာ အညောင်းမိတာလဲ သက်သာသွားပါတယ် ..။

ဒါတွေကတော့ လောလောဆယ် ကျမဘာတွေလုပ်နေသလဲဆိုတဲ့အကြောင်း စကားစမြည်ပြောရင်းနဲ့ ဘလော့ဂ်လေးကို ပြန်လှုပ်နှိုးဖြစ်တာပါ ...။ စာရေးလက်စရှိရင် ရေးဖြစ်တာကြောင့် နောက်နေ့တွေတော့ စားဖြစ် ပြင်ဆင်ဖြစ်တဲ့ healthy food တွေကို ဓါတ်ပုံရိုက်ထားပြီး ဝေမျှချင်ပါသေးတယ် ..။ ဒီနေ့က မရည်ရွယ်ဘဲ စာရေးဖြစ်သွားတာကြောင့် ဘာမှ ပြင်ဆင်မှုမရှိခဲ့လို့ပါ ...။

Thank you so much for coming here <3 <3 <3

Friday, 6 February 2015

#Setsubun #Okonomiyaki #Pancake

February 06, 2015 1 Comments
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ဟာ ဂျပန်မှာတော့ ဆောင်းရာသီနဲ့ နွေဦးရာသီ တို့ ၂ ခု ရဲ့ ရာသီကူးပြောင်းတဲ့နေ့ဖြစ်ပါသတဲ့ ...။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်း (Temples) တွေမှာ မြန်မာလိုခေါ်ရင် ဘုရားပွဲလို့ ပြောရမလားပဲ..။ အဲဒီလိုပွဲမျိုးကို စည်စည်ကားကားကျင်းပကြပါတယ်..။ ရည်ရွယ်ချက်ကတော့ ဆောင်းရာသီကုန်လို့ နွေဦးရာသီကို ကူးပြောင်းတဲ့အတွက် နှစ်သစ်ကိုကြိုတဲ့အထိမ်းအမှတ်ရယ်၊ နှစ်သစ်မှာ မကောင်းတာတွေ ပါမလာအောင် မကောင်းတာတွေကို စွန့်ပစ်တဲ့အထိမ်းအမှတ်ရယ်အနေနဲ့ ကျင်းပကြခြင်းဖြစ်ပါတယ်တဲ့.။  မြန်မာပြည်က ဘုရားပွဲတွေလိုမျိုးပဲ ကလေးကစားတာတွေ၊ ရိုးရာမုန့်ဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ လူတွေကလည်း တိုးမပေါက်အောင် စည်ကားလှပါတယ်..။ အဲဒီနေ့မှာ ဂျပန်ရိုးရာ ပဲနီစေ့လှော်ကို ရွှေရောင်၊ ငွေရောင် စက္ကူတွေနဲ့ ထုပ်ထားပြီး ကျဲပက်ခြင်းအားဖြင့် မကောင်းတဲ့အရာတွေအားလုံးကို အဝေးရောက်အောင် သုတ်သင်ရှင်းလင်းပစ်လိုက်တယ်လို့ အယူရှိပါတယ်..။

အဲဒီ ၃ ရက်နေ့မတိုင်ခင်တစ်ရက်ကတည်းက ကျောင်းနဲ့ကပ်ရက်မှာရှိတဲ့ ဘုရားကျောင်းမှာ ပွဲတော်စလို့ ဈေးတန်းတွေ ရောင်းချနေကြပြီး လူတွေ စည်ကားနေကြပါပြီ..။ မြန်မာလိုဆိုရရင်တော့ ပွဲတော်အကြိုနေ့ပေါ့လေ..။ ဒါပေမယ့် ပွဲကြီးနေ့ ၃ ရက်နေ့ ညနေမှပဲ သူငယ်ချင်းတွေနဲ့ ဘုရားသွားရင်း ပွဲဈေးတန်းလျှောက်လည်ဖြစ်ခဲ့ပါတယ်..။ ဂျပန်ရိုးရာမုန့်တွေ၊ အသားကင်မျိုးစုံ၊ ကျမကြိုက်တဲ့ တူရကီအစားအစာတစ်မျိးဖြစ်တဲ့ Doner Kebab ဆိုင်တွေ စသဖြင့် မုန့်ဆိုင်တွေ အများကြီးရှိသလို ငါးသေးသေးလေးတွေ၊ လိပ်သေးသေးလေးတွေ ဖမ်းတာကအစ သေနတ်ပစ်ကစားတာ၊ အရုပ်ပစ်တာ စသဖြင့် ကလေးတွေကစားစရာ ဆိုင်တွေလည်း များပြားလှပါတယ်...။ အမှတ်တရပစ္စည်းဆိုင်တွေလည်း အများကြီးပါပဲ ...။





ဈေးတန်းထဲကို သွားသွားချင်း စားဖို့အတွက် ပထမဆုံးရှာတာက ဂျပန်ရိုးရာ Pancake ဖြစ်တဲ့ Okonomiyaki လို့ခေါ်တဲ့ သရေစာတစ်မျိုးပါ ...။ ဂျပန်တွေ အဲဒီအစားအစာကို တော်တော်ကြိုက်ကြလို့ ဆိုင်တွေဆိုတာလည်း အများကြီး တွေ့ခဲ့ရပါတယ်...။ ကိုယ့်ပုံစံနဲ့ ဆန်းသစ်ပြီး ပုံစံမျိုးစုံနဲ့ အဲဒီမုန့်ကို လုပ်ရောင်းကြတာ တွေ့ရပါတယ်...။ ဒါပေမယ့် အဓိကပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ရှောယုငံပြာရည်၊ mayonnaise တို့ကတော့ မပါမဖြစ်ပါရပြီး လုပ်တဲ့ပုံစံကတော့ တစ်ပုံစံတည်းပါပဲ..။ မတူတာတွေက အချို့က ခေါက်ဆွဲကြော်ကို အဆာအနေနဲ့ ထည့်တာရှိသလို၊ ဝက်သားပြားဖြစ်စေ၊ ရေဘဝဲဖြစ်စေ ထည့်ကြော်တဲ့ဆိုင်တွေလည်း တွေ့ရပါတယ်..။



မုန့်လုပ်နည်းမှာတော့ အဓိကအားဖြင့် Kansai စတိုင်လ်နဲ့ Hiroshima စတိုင်လ် ဆိုပြီး ၂ မျိုးရှိပါတယ်..။ လုပ်ပုံလုပ်နည်း အသေးစိတ်ကို သိချင်ရင်တော့ ဒီလင့်ခ် မှာ ကြည့်လို့ရပါတယ်..။ ကိုယ်တိုင်လုပ်ရင်တော့ ဘယ်လို အရသာရှိမလဲ မသိပေမယ့် စားရတာတော့ တော်တော်ကောင်းပါတယ်..။ ကျမက အသီးအရွက်ပိုကြိုက်တဲ့သူဖြစ်တာကြောင့်လည်း ဂေါ်ဖီသေးသေးနုပ်နုပ်ကလေးတွေထည့်ထားတဲ့မုန့်ကို ကြိုက်မိတာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်..။ အစားအသောက်ဝါသနာပါသူဆိုရင်တော့ စမ်းလုပ်စားကြည့်ပါ..။ တကယ်ကြိုက်သွားမယ်ထင်ပါတယ်...။

နောက်တော့ လျှောက်ကြည့်ရင်းနဲ့ ဟိုစပ်စပ်ဒီစပ်စပ် လျှောက်သွားလျှောက်စားကြပါတယ်.....။

ဒါကတော့ ကိုယ်တိုင်လုပ် Honey pancake ပါ..။ ဒီမှာလည်း ဒီလို Pancake မျိုးကို တော်တော် စားကြကြိုက်ကြတာကို တွေ့ရပါတယ်...။ လုပ်ရတာက သိပ်မခက်ခဲဘဲ အချိန်လည်း သိပ်မပေးရတော့ မနက်စာကို တခါတလေ ဒီလို လုပ်စားတာလည်း အပြောင်းအလဲ တစ်ခုပါပဲ ...။ ပြီးတော့ အာဟာရလည်း ပြည့်ဝတယ်လေ..။ ပါတာက ကြက်ဥရယ်၊ ဂျုံ ရယ်၊ နွားနို့၊ ပျားရည်ဆိုတော့လည်း ပြည့်ပြီပဲပေါ့နော့ ..။


Tuesday, 3 February 2015

31st January 2015 ~~

February 03, 2015 3 Comments

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်..........

မနက်ခင်းဟာ သာသာယာယာနဲ့ ရောက်ရှိလာခဲ့တယ်..။ အအေးပိုင်းနိုင်ငံတစ်ခုရဲ့ ဆောင်းတွင်းအလယ်ပိုင်းကာလ ရက်တစ်ရက်ဖြစ်နေပေမယ့်လည်း နေရောင်တချို့က ပြတင်းတံခါးကနေဖြတ်ပြီး အခန်းထဲထိတိုင် ဝင်ရောက်လာခဲ့ပါတယ်...။ အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ကစားကွင်းကနေ Tennis ရိုက်လို့ ဆူညံသံတွေ ကြားလိုက်ရကတည်းက ဒီနေ့ဟာ နေသာတဲ့နေ့တစ်နေ့ပါလားဆိုတာ သိလိုက်ပါတယ်...။
နံနက်မှာ ဘုရားရှိခိုး ပြင်ဆင်စားသောက်ပြီး အိမ်နဲ့ ဖုန်းပြောပါတယ်..။ အဲဒီနေ့က ကျောင်းမှာ reading class က မနက် ၁၀ နာရီစမှာဆိုတော့ ပြေးပြေးလွှားလွှားပြောဆိုပြီး ကျောင်းကို အမြန်သုတ်ခြေတင်ပြေးရပါတယ်...။ မနက်ပိုင်းတစ်ခုလုံးလိုလို  စာဖတ်ဝိုင်းနဲ့တင် ပြီးသွားခဲ့ပါတယ်...။ နောက်တော့ ဈေးဝယ်၊ အိမ်ခဏပြန်ပြီး ညနေပိုင်းမှာ သူငယ်ချင်းတွေနဲ့ Gathering လုပ်ပါတယ်...။ 

အဓိက ချက်တာက အုန်းထမင်း၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ချဉ်စော်ခါးသီးချဉ်ရည်ဟင်းကို တစ်ယောက်တစ်မျိုး ဝိုင်းဝန်းချက်ကြပါတယ်...။ ကြားထဲမှာတော့ အသီးမျိုးစုံထည့်တဲ့ Cocktail လုပ်တယ်.။ ဖက်ထုပ်ကင်၊ Nuts၊ အာလူးကြော် ဘာညာသာရကာတွေလည်း စားရင်းသောက်ရင်း၊ ပြောရင်းဆိုရင်း ရယ်ရင်းမောရင်းနဲ့ပေါ့...။


ဒီလိုနဲ့ပဲ ၂၀၁၅ ခုနှစ်အတွက် ကျမရဲ့ မွေးနေ့ဟာ မိသားစုနဲ့ အဝေးမှာရောက်နေပေမယ့်လည်းပဲ သူငယ်ချင်းတွေ မောင်နှမတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်ခဲ့ပါတယ်..။ သူတို့စီစဉ်ပေးတဲ့ ချောကလက်မွေးနေ့ကိတ်ဟာ ကျမအတွက်တော့ ပျော်စရာအမှတ်တရတစ်ခုပါပဲ ..။ ချိုအီနေတာတွေ မကြိုက်တဲ့ကျမအတွက် ခါးသက်သက်အရသာပါတဲ့ ချောကလက်ကိတ်ဟာ အကြိုက်တွေ့စေတဲ့ မွေးနေ့ကိတ်ဆိုတော့ သူငယ်ချင်းတွေစီစဉ်ပေးတာနဲ့ ကျမအကြိုက် ကွက်တိဖြစ်စေခဲ့ခြင်းဟာ ကြည်နူးစရာပါ ...။


မှတ်မှတ်ရရ ဒီနှစ်ဟာ ကျမအတွက် မွေးနေ့ကိတ်ကို ၂ ကြိမ်တိုင်တိုင် လှီးခဲ့ရတဲ့ အမှတ်တစ်ရနှစ်တစ်နှစ်ပါ ..။ ကျမရဲ့ ဆရာ မွေးနေ့ကလည်း ကျမနဲ့ တစ်ရက်တည်း ၃၁ ရက်နေ့ပဲဖြစ်ကြောင်း မှတ်မှတ်ရရသိခဲ့ရပါတယ်..။ ၃၁ ရက်နေ့က စနေနေ့ဖြစ်နေတာကြောင့် ၃၀ ရက်နေ့ သောကြာနေ့မှာ ဆရာ့အတွက် အမှတ်တရမွေးနေ့ကိတ်ကို Lab. တစ်ခုလုံးက ကျောင်းသားတွေ စုပြီး ပြင်ဆင်ကျင်းပခဲ့ပါတယ်..။ အဲဒီမှာ ကျမရဲ့မွေးနေ့ကလည်း အတူတူဖြစ်တာကြောင့် ကိတ်ကို ကျမကိုလည်း ဆရာက လှီးစေခဲ့တာပါ..။ အဲဒီမှာ တွေ့ရတာက ကျမတို့ဆီမှာလို မွေးနေ့ကိတ်ကို မွေးနေ့ရှင်က အခြားသူတွေကို ခွံ့မကျွေးပါဘူး..။ အဲဒါလည်း ကောင်းတာာပါပဲ ..။ မဟုတ်ရင် လူတိုင်းရဲ့ ပါးစပ်ထဲ ဇွန်းတစ်ချောင်းထဲထည့်တာ ကောင်းတဲ့ဓလေ့တော့ မဟုတ်တော့ ကျမက အမြဲလိုလို စားဖို့ ရွံ့နေတတ်တာနဲ့ အကိုက်ဖြစ်နေတော့တာပေါ့ ..။ အိမ်မှာဆိုရင်တော့ တစ်ပန်းကန်စီထည့်ပေးပြီးမှ တစ်ယောက်ချင်းရဲ့ ဇွန်းကိုယ်စီနဲ့ပဲ ခွံ့ကျွေးတဲ့ဓလေ့ကို ကျင့်သုံးပါတယ်..။ 

 
 ဒါက ဆရာ့အတွက် မွေးနေ့ကိတ်


ကျမရဲ့မွေးနေ့ဟာ ပျော်ရွှင်မှုတွေ၊ ရယ်မောသံတွေနဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်..။ သာယာတဲ့ရာသီဥတုမှာ နှင်းပွင့်လေးတွေ ခပ်ပါးပါးကျနေခြင်းက နှင်းကိုချစ်တဲ့ကျမအတွက် ပျော်စရာအမှတ်တရတစ်ခုဖြစ်နေခဲ့ပါတယ်..။ ကျမရဲ့ အဝေးကြီးမှာ ရောက်နေပေမယ့်လည်း နေ့ရက်တွေ အချိန်တွေ လွဲနေပေမယ့်လည်း မှတ်မှတ်ရရ Birthday wish ကို အချိန်ကိုက်ပြောပေးတတ်တဲ့ ချစ်သူကလည်း အမှတ်တရတွေထဲက အရေးကြီးတဲ့ အမှတ်တရတစ်ခုပါ..။ အခြားသူတွေကို ဝန်မပိစေချင်လို့ Facebook မှာ မွေးနေ့ကို ဝှက်ထားပေမယ့်လည်း တစ်ယောက်ကနေတစ်ယောက် သိရှိသွားတာနဲ့ Birthday wish လုပ်ကြတဲ့ သူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေးတွေရဲ့ စာသားတွေကလည်း ကျမရဲ့ ပျော်ရွှင်မှုကို ပိုပြည့်စုံစေခဲ့ပါတယ်...။
 ပန်းရောင်ချစ်တဲ့ ကျမအတွက် ပန်းနုရောင် လက်ဆောင်..။




Follow Us @soratemplates