ဒါဟာ ကိုယ့်အသက်ကို ပြောတာ ပထမဆုံးပို့စ်ပဲဖြစ်မယ်ထင်ပါတယ်
..။ ဟုတ်ပါတယ်..။ ကျွန်မဟာ ပုံမှန်လူ့သက်တမ်းအားဖြင့်ဆိုရင် သက်တမ်းတစ်ဝက်ကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်
…။ ဒီကာလအတွင်းမှာ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေကို သေချာရေတွက်ကြည့်မယ်ဆိုရင် ထပ်တူညီကောင်းညီနိုင်သလို
ပျော်ရွှင်စရာကိစ္စတွေက ပိုကောင်းပိုနိုင်ပါတယ်..။ ဝမ်းနည်းစရာကိစ္စဆို ချက်ချင်းမေ့ပစ်ချင်တာကြောင့်လည်းဖြစ်ပါလိမ့်မယ်
….။ ငယ်ငယ်ကတည်းက အထူးသဖြင့် ၁၀ တန်းလောက်ကစပြီး ပညာလောဘကြီးတာကြောင့် ကျွန်မလိုချင်တဲ့
ပညာအရည်အချင်း၊ ဘွဲ့တွေအားလုံးကို အသက် ၃၅ နှစ်မှာ ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ် ..။ လိုချင်တဲ့မိသားစုဘဝကို
မတည်ဆောက်နိုင်သေးပေမယ့် ကျွန်မကို ချစ်တဲ့ ကျွန်မခံစားရသမျှကို ရင်ဖွင့်လို့ရတဲ့
နားလည်ပေးတဲ့ ကျွန်မချစ်သူ အိမ်ထောင်ဘက်လည်း ရှိပြီဖြစ်ပါတယ်….။ ပျော်မွေ့ဖွယ်အတိပြီးတဲ့
လုပ်ငန်းခွင်တစ်ခုမဟုတ်ပေမယ့် အလုပ်ထဲမှာ ပျော်အောင်ရှာပြီး နေတတ်အောင်ကြိုးစားရုန်းကန်နေလို့
မွေ့လျော်ဖွယ်အလုပ်တစ်ခု ရှိပြီလို့လည်း ဆိုနိုင်ပါလိမ့်မယ်…။
အသက်ရလာတာနဲ့အမျှ လောကဓံကို ရင်ဆိုင်နိုင်အောင်
ဘုရားတရားကို အမြဲနှလုံးသွင်းဖြစ်အောင် ကြိုးစားနေပါတယ် …။ ဘဝမှာ စိတ်အပူဆုံးက ကျန်းမာရေးပါပဲ
..။ ကျန်းမာနေရင် ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖြေရှင်းနိုင်တာကြောင့် အဲဒီတစ်ခုကလွဲရင် စိတ်ပူတာရယ်လို့မရှိပါဘူး..။
အသက် ၃၅ နှစ်အတွင်းမှာ ကျွန်မကို ချစ်သူတွေကြား ကလေးတစ်ယောက်လိုပဲ ဖြတ်သန်းနေဖြစ်ခဲ့တယ်..။
ဘဝဟာ ကံကောင်းတယ်ပြောရလောက်အောင် မိဘ၊ မောင်နှမ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုတွေအလယ်မှာ
အခက်အခဲဆိုတာ မယ်မယ်ရရမတွေ့ဖြစ်သေးပါဘူး..။ ခံစားမိတာက ကျွန်မက ယူတာတွေပဲများပြီး ပေးတာနည်းလို့
အခုကစပြီး ကိုယ်ချစ်တဲ့သူတွေအတွက် ပြန်ပေးဆပ်နိုင်အောင် ကြိုးစားချင်လို့ တတ်နိုင်သလောက်တော့
ကြိုးစားနေပါတယ် ….။ လူမှုဆက်ဆံရေးကတော့ စိတ်ထဲရှိတဲ့အတိုင်း နေတတ်ပြောတတ်လို့ ဟန်ဆောင်တတ်တဲ့ပညာတစ်ခုတော့
တတ်အောင် ကြိုးစားရပြန်ဦးမယ် ..။
မွေးနေ့နီးတိုင်းတွေးမိတာက ဒီမွေးနေ့ကျော်ရင်
ကံကောင်းပြီဆိုတဲ့ အကြောင်း ယုံကြည်နေတတ်တာပါပဲ ..။ ဒီတစ်နှစ်လည်း အဲလိုဖြစ်ပါစေလို့
တွေးမိသလို ၂၀၁၈ ရောက်ကတည်းက အလုပ်တွေရှုပ်လို့ ကိုယ်ပင်ပန်းပေမယ့် စိတ်ကတော့ ချမ်းသာရတယ်ဆိုတော့
ကံကောင်းတဲ့နှစ်တစ်နှစ်ပဲ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ် …။ အရင်ကတော့ အသက် ၃၅ နှစ်ပြည့်တဲ့အခါ
အမှတ်တရအနေနဲ့ စာတွေအများကြီး၊ အကြောင်းအရာအများကြီးရေးမယ်လို့ တွေးထားပေမယ့် တကယ့်မွေးနေ့မှာ
ရေးဖို့အချိန်မရှိလောက်အောင် အလုပ်ရှုပ်သွားတာကြောင့် အခုရေးဖြစ်တဲ့အခါ ဘာရေးရမယ်လို့
မယ်မယ်ရရ ခံစားချက်မရှိတော့ပြန်ပါဘူး…။ ဘယ်လိုပဲဖြစ်ဖြစ် ၃၅ နှစ်အတွက် အမှတ်တရပို့စ်တစ်ခု
ရေးဖြစ်တယ်ဆိုတာနဲ့တင် ကျေနပ်သင့်တယ်မဟုတ်လားနော် …။
2 comments:
Happy birthday par, sis.
Thanks alot <3 <3<3
Post a Comment