Law of
Attraction ဆိုတဲ့ စကားစုကို Motivational Youtuber တွေ တော်တော်များများပြောကြပြီး
နည်းပေးလမ်းပြတာကို တွေ့တာကို ကြာနေခဲ့ပြီ။
Law of
Attraction ဆိုတာကတော့ ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ကိုယ်လိုချင်တာမှန်သမျှကို
ဘယ်လိုရအောင် ယူမလဲဆိုတဲ့ အတွေးအခေါ်ပါပဲ။ ဆိုလိုတာက ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့
အဓိပ္ပာယ်မျိုးပါ။ ကိုယ်အားထုတ်လိုက်တာနဲ့ညီမျှတဲ့ အကျိုးရလဒ်ကို
ကိုယ့်ဆီကို ပြန်ပြီး ဆွဲယူလိုက်တဲ့ နိယာမတစ်ခုလို့ ဆိုလိုပါတယ်။ ဥပမာ ကိုယ်က
ကောင်းတဲ့စကားပဲပြောမယ်၊ ကောင်းတဲ့အရာပဲလုပ်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို
ကိုယ်လည်း ကြုံတွေ့နိုင်မယ်။ ကိုယ်က အခြားသူတွေအပေါ်
ကြင်ကြင်နာနာပြောဆိုဆက်ဆံမယ်ဆိုရင် ကိုယ့်အပေါ်ကိုလည်း လေးလေးစားစား ကြင်ကြင်နာနာ
ပြောဆိုဆက်ဆံကြပါလိမ့်မယ်။
ဆိုတော့ ကိုယ်လုပ်သမျှဟာ တူညီတဲ့ရလဒ်အတိုင်း
ကိုယ့်ဆီကို ပြန်လာနိုင်တာမို့ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်နေတဲ့အရာတွေကိုဖြစ်လာအောင်
ကိုယ်တိုင်ပုံဖော်နိုင်မယ်ဆိုတာ သေချာပါတယ်။ အဲဒီအတွက် ပြောင်းလဲမှုတိုင်းဟာ
ကိုယ့်ရဲ့ စိတ်ကူး၊ အတွေးတွေ၊ ယုံကြည်မှုတွေကနေ စတင်ပါတယ်။ အဲဒီကနေစပြီးတော့
ကိုယ့်ဘဝမှာ အမှန်တကယ်ဖြစ်ချင်တဲ့အရာတွေကို ဖြစ်လာအောင် စွဲဆောင်နိုင်မှာပဲ
ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုခုကို တွေးရုံလေးနဲ့
တကယ်အကောင်အထည်ဖြစ်လာလိမ့်မယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ ဘဝက
အဲလောက်မလွယ်ကူဘူးမဟုတ်လား။ အဲလိုဆိုလို့ ဘာမှစမတွေးတော့ဘူးလို့လည်း
မသတ်မှတ်လိုက်ပါနဲ့ဦး။ ဘာကြောင့်လည်းဆိုရင် လက်တွေ့မှာ အမှန်တကယ်ဖြစ်တဲ့အရာတွေဟာ
စိတ်ကူး၊ အတွေးတွေကနေ စတင်တာပဲဖြစ်ပါတယ်။
တစ်ခုခုဖြစ်မလာခင်မှာ အဲဒီအရာကို
ရချင်လိုက်တာလို့ ကျွန်မတို့ ပထမဆုံးတွေးခဲ့၊ စိတ်ကူးယဉ်ခဲ့ကြတာပဲ မဟုတ်ပါလား။
ပြီးရင် အဲဒီအရာကို ရအောင် အားထုတ်ကြိုးပမ်းကြတယ်။ ဒီလိုနဲ့ပဲ အိပ်မက်တွေဟာ
အမှန်တကယ်ဖြစ်လာတဲ့ အဖြစ်တွေ ရှိကြပါတယ်။ အဲဒါကြောင့် ဘယ်အရာမဆို ကိုယ့်ရဲ့
အတွေးစိတ်ကူးကနေ စတင်ပါတယ်။ စိတ်ကူးတွေကနေ စကားလုံးတွေအဖြစ် ပုံဖော်တယ်။
ဘယ်လိုပုံဖော်လဲဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ကို စာအုပ်ထဲချရေးတာ၊ အခြားသူတွေကို
ပြောပြတာမျိုးတွေပေါ့။ စကားလုံးတွေကနေ လုပ်ဆောင်ချက်တွေလိုက်တာတယ်။
လုပ်ဆောင်ချက်တွေကနေ အမှန်တကယ်ရလဒ်တွေ ရလာပါတယ်။ အဲဒီအတွက် ဘယ်အရာမဆို ကိုယ့်ရဲ့
ခိုင်မာတဲ့ ယုံကြည်မှု၊ စိတ်ကူးအိပ်မက်ကနေ စတင်တာမို့ အိပ်မက်ကို ကြီးကြီးမက်ပါ။
လက်တွေ့အကောင်အထည်ဖော်နိုင်အောင်ကြိုးစားပါ။ ကိုယ့်စိတ်ထဲက ပြင်းပြတဲ့စိတ်နဲ့
တကယ်လုပ်ဆောင်တဲ့အခါမှာ ကံတရားကလည်း သိလာပြီး ကိုယ်လိုချင်တဲ့အရာကိုရအောင်
ခေါ်လာမှာပဲဖြစ်ပါတယ်။ ဒါဟာ Law of Attraction ရဲ့ သဘောတရားပါပဲ။
ဒါဆို ကိုယ်လိုချင်တဲ့အရာတွေ ရဖို့ Law of Attraction ကို ဘယ်လိုအသုံးချမလဲဆိုတဲ့
tips လေးတွေ ပေးချင်ပါတယ်။
၁။ ကိုယ့်စိတ်ထဲ ပြင်းပြင်းပြပြ ယုံကြည်နေတဲ့အရာကို သိအောင်လုပ်ပါ။
ဥပမာ မင်းသမီးဖြစ်ချင်တာ၊ အိမ်တစ်လုံးလိုချင်တာ၊ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို
ပိုင်ဆိုင်ချင်တာ စသဖြင့် ကိုယ်ဘာလိုချင်တာလဲ သိအောင်လုပ်ပါ။
၂။ ကျေးဇူးတင်ဖို့ သတိရပါ။ ကိုယ့်ဆီမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့
၊ အကောင်းမြင်တတ်ဖို့ အရေးကြီးပါတယ်။
၃။ ကိုယ့်ကိုယ်ကို ပိုပြီးကောင်းတဲ့ဖက်ကနေ တွေးပါ။ ဆိုလိုတာက
စိတ်ဓါတ်ကျတာ၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာတွေမဖြစ်ဘဲ ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်တယ်လို့
တွေးတာမျိုးပေါ့။
၎။ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်နေတဲ့ အတွေးစိတ်ကူးတွေကို စကားလုံးတွေအဖြစ်
အသွင်ပြောင်းပြီး ချရေးကြည့်ပါ။ အဲဒါမှသာ ကိုယ့်ရဲ့ Goal ကိုအမြဲမပြတ်သတိထားမိပြီး
action တွေ လိုက်လာပါလိမ့်မယ်။
၅။ ပြီးရင် ပုံဖော်ကြည့်ပါ။ Youtuber တွေသုံးတာတော့ vision
board ကို အသုံးများကြပါတယ်။ အိမ်တစ်လုံးလိုချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့အိမ်ပုံစံလေးတွေ
အလှဆင်ထားတာမျိုးပေါ့။
၆။ ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပြောင်းလဲကြည့်ပါ။ ဆိုလိုတာက
ကိုယ်ဖြစ်ချင်နေတဲ့ စိတ်ကူးထဲကအရာက လုပ်မယ့်အပြုအမူတွေကို လုပ်တာမျိုးပေါ့။ ကျန်းမာတဲ့
ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့
အလေ့အကျင့်မျိုး လုပ်မှာပဲမဟုတ်လား။
၇။ အမှန်တကယ် လုပ်ဆောင်ပါ။ ကိုယ်က တကယ်ကို လေးလေးနက်နက်လုပ်လာပြီဆိုရင်
ကံတရားကလည်း မနေသာပါဘူး။ သူကပါ action ယူပြီး ကိုယ်လိုချင်တဲ့အိပ်မက်ကို ရဖို့ ပူးပေါင်းပါလိမ့်မယ်။
အချုပ်ဆိုရရင်တော့ ညဏ်နဲ့ ဝီရိယက အားပြင်းလာတဲ့အခါ ကံကလည်း သူ့အလိုလိုကောင်းလာပြီး
ဘဝမှာလိုချင်တဲ့အရာကို ရလာမှာပါ။
Written by Phyu Phyu Lwin
19th June 2019
No comments:
Post a Comment