Showing posts with label Short stories of Love. Show all posts
Showing posts with label Short stories of Love. Show all posts

Friday, 12 February 2016

စွန်ကလေးရေ ... ပျော်ပါစေ ~~~ (၂)

February 12, 2016 2 Comments


၅။
၂ နှစ်ဆိုသည့်ကာလတွင်း နေ့စဉ်ရက်ဆက် အီးမေးလ်တွေ မပြတ်ပို့ခဲ့သော်လည်း စာတွေလေ့လာနေရလို့ဆိုသည့် အကြောင်းပြချက်ဖြင့် သူမဆီကတော့ ရံဖန်ရံခါသာ စာတွေပြန်ရရှိခဲ့ပါသည်။ Chat box ကနေ အပြန်အလှန်စာများရိုက်ကာ စကားတွေပြောဖို့ဆိုသည်ကလည်း သူ့မှာလည်း အလုပ်နှင့်၊ သူမမှာလည်း ကျောင်းတစ်ဖက်နှင့် ဖြစ်သည့်အခါ နှစ်ယောက်တူတူဆုံချိန်ဆိုသည်မှာ ရှားပါးလွန်းလှပါသည်.။ မျက်နှာမြင်လို့ရသည့် Video call များနှင့် စကားပြောရင်း သူမမျက်နှာလေးကို မြင်ခွင့်ရရန်ကလည်း အင်တာနက်လိုင်းများက သူ့ကို အခွင့်အရေးမပေးတတ်ပြန်ပေ.။ သည်လိုနှင့်ပင် တခါတရံသာ ဓါတ်ပုံတချို့တင်တတ်သည့် သူမ၏ Facebook မှ တစ်ဆင့်သာ သူမရဲ့လှုပ်ရှားသွားလာမှု တချို့တလေကို သူသိမြင်ခွင့်ရခဲ့ခြင်းပင် ဖြစ်ပါသည်.။ ထိုကာလများသည် သာမာန်ဖြတ်သန်းနေမိသည့်အချိန်များသာ ဖြစ်ခဲ့မည်ဆိုပါက ဘာသိဘာသာ တိုတောင်းနိုင်သော်လည်း မျှော်လင့်ချက်နှင့် စောင့်မျှော်နေရသည့် လူနှစ်ယောက်အတွက်တော့ ရှည်လျားလွန်းသည့် ကာလများ ဖြစ်နေတတ်သည်မှာ ထုံးစံတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား.။


“ငါ နောက်ထပ် ၂ နှစ်လောက် ဆက်နေဖြစ်လိမ့်မယ်..။ ငါဘွဲ့ရခဲ့တဲ့ ဌာနကနေ သုတေသနလက်ထောက် (Research Assistant) လုပ်ဖို့ တောင်းဆိုတယ်..။ ၂ နှစ်လောက် အလုပ်လုပ်ရင်းနဲ့ နောက်ထပ်တက်မယ့် ပါရဂူဘွဲ့အတွက် သုတေသနကို တခါတည်း လုပ်ဖြစ်မယ်ဆိုရင် နောက်တစ်ဘွဲ့ဆက်တက်ဖို့ ပိုလွယ်ကူသွားပြီ...။ ငါ့ကို ခွင့်ပြုရမယ်နော်”
နောက်ထပ် ၂ နှစ်...။ ကုန်ဆုံးခဲ့သည့် ၂ နှစ်ဆိုတာကိုတောင် အလွမ်းတွေကြားထဲ သေလုမျောပါး စောင့်မျှော်နေခဲ့ရာက သူတို့နှစ်ယောက်ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်က နီးစပ်လာချိန်မှာမှ နောက်ထပ်စောင့်ဆိုင်းရမည့်အချိန်ကို ထပ်ပိုင်ဆိုင်ရမှာတဲ့လား...။
“သာမာန်ထက် နည်းနည်းသာတဲ့ ဘွဲ့တစ်ခု၊ ရာထူးတစ်ခုကြောင့် နင့်အနားကို ပျားပိတုန်းတွေ ရစ်ဝဲနေမှာပဲ ..။ ရှောင်နိုင်အောင် ကြိုးစားပေါ့..။ တစ်ဖက်ကကြည့်တော့လည်း ဒါတွေက နင့်ရဲ့ သစ္စာတရားကို စစ်ဆေးတဲ့စာမေးပွဲတွေလိုပါပဲ..။ နင် စာမေးပွဲပေါင်းများစွာကို ကျော်ဖြတ်နိုင်ပါစေ” ဟု သူမက စိုးရိမ်ပူပန်သည့် လေသံနှင့်အတူ သတိပေးဖော်ရပါသေးသည်..။ တကယ်ဆိုလျှင် သူ့ရဲ့စိတ်ဝိဉာဉ်အားလုံး၊ ခံစားချက်အားလုံးက သူမဆီမှာ ရောက်နှင့်နေပြီးဖြစ်တာကြောင့် မြန်မာပြည်မှာ ကျန်နေခဲ့သည့် သူမစိတ်နှင့် သူ့ကိုယ်ကိုတော့ စိတ်ချတန်ကောင်းရဲ့ မဟုတ်ပါလား...။


၆။
လောကဓံဆိုသည်က ကိုယ်တိုင်ပြုပြင်ဖန်တီးတာမဟုတ်ဘဲ အကြောင်းတစ်စုံတရာကြောင့် သူ့အလိုလို ဖြစ်ပေါ်လာသည့် ကံအကြောင်းတရားဟုဆိုရလျှင် သူ့ဘဝရဲ့ အပြောင်းအလဲတချို့ကို ကံတရားပေါ်ကိုပဲ ပုံချမည်ဆိုပါက တရားပါ့မလား ဝေခွဲမရပါ ..။ သို့သော်လည်း အပြောင်းအလဲဆိုသည့်အရာတစ်ခုက ထင်မှတ်မထားသည့်အချိန်တွင် သူ့ဘဝထဲကို ရုတ်တရက်ဝင်ရောက်လာသောအခါ အမြဲတမ်းလွမ်းနေခဲ့ရဖူးသည့် သူမရဲ့သွင်ပြင်ကို လုံးဝမေ့ပစ်လိုက်ပြီလားဆိုသည့်မေးခွန်းကိုတော့ သူ မဖြေလိုတော့ပေ....။ သူမ တချိန်က သတိပေးခဲ့ဖူးသလို သူရဲ့သစ္စာမပျက်ယွင်းဘဲ တည်ကြည်လေးနက်မှုကို စမ်းသပ်သည့် အဖြစ်အပျက်ပေါင်းမြောက်မြားစွာကို သူကြုံတွေ့ခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်ဖြစ်ပါသည်...။ အကြိမ်တိုင်း၌ သူမကို လွမ်းသည့်စိတ်၊ ချစ်သည့်စိတ်၊ မြတ်နိုးသည့်စိတ်အရင်းခံတို့ကြောင့်ပင် သူ့ရဲ့သစ္စာတရားက ဖောက်လွဲဖောက်ပြန်ဖြစ်မသွားခဲ့ခြင်းကို သူမနှင့်သူတို့နှစ်ယောက်စလုံး၏ ပတ်ဝန်းကျင်က အသိအမှတ်ပြုခဲ့ကြသည်ပဲ မဟုတ်လား ....။

“အလွန်အကျွံသနားတတ်တဲ့စိတ်၊ လူတိုင်းကို ကိုယ့်စိတ်လိုမျိုးသဘောထားပြီး ယုံမှတ်ပေါင်းသင်းတတ်တဲ့စိတ်တွေကို နည်းနည်းလောက်လျှော့သင့်တယ်ကွာ” ဟု သူငယ်ချင်းများက သတိအတန်တန်ပေးခဲ့သော်လည်း စိတ်ရင်းစေတနာကောင်းခြင်းသည် သူ့ဘဝကို အကျိုးယုတ်စေလိမ့်မည်မဟုတ်ဟုသာ သူက ယုံကြည်နေခဲ့ခြင်းဖြစ်သည်။ လူတိုင်းကို ကိုယ့်လိုမတွေးနဲ့ ဟု သူငယ်ချင်းအပေါင်းအသင်းများ၊ မိဘ၊ မောင်နှမများက စိုးရိမ်ပူပန်စွာ ပြောဆိုတတ်ကြသော်လည်း ငယ်ငယ်ကတည်းက အမြစ်တွယ်လာခဲ့သော သနားငဲ့ညှာတတ်သည့်စိတ်သည် တချိန်ချိန်တွင် သူနှင့်သူမကို ဘဝတစ်ခုစီခြားစေခဲ့ပါလားဆိုသည့်အဖြစ်အပျက်ကို နောင်တနှင့်အတူ ရရှိလာခဲ့ချိန်တွင်မတော့ အရာရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်ပါသည်...။

“ဒါတွေအားလုံးက မင်းမှားလို့ဖြစ်ရတာမဟုတ်ဘူး...။ မင်းကောင်မလေးက သွေးအေးလွန်းလို့၊ သူ့ဘဝတက်လမ်းကိုပဲ ကြည့်ပြီး မင်းတို့ကြားမှာရှိတဲ့အချစ်နဲ့ သံယောဇဉ်ကို ဦးစားမပေးလို့။ အဲဒါကြောင့် သူ့ထက်လှတဲ့ သူ့ထက်ယုယကြင်နာတတ်တဲ့၊ သဘောမနောကောင်း၊ အပြောကောင်းတဲ့ အမျိုးသမီးတစ်ယောက်က မင်းဘဝထဲ ဝင်လာတာ။ မင်းရှောင်တိမ်းချိန် မရလောက်အောင် အဖြစ်အပျက်တွေကလည်း မြန်ဆန်လွန်းတယ်၊ လှည့်ကွက်တွေလည်း များလှတယ်မဟုတ်လား။ အခုတော့ ဘဝက မင်းတို့နှစ်ယောက် ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သိလာကြပြီလား..။ တကယ်ဆို နှစ်ယောက်တစ်ဘဝဖြစ်ဖို့ အရင်ကြိုးစားပြီးမှ ကောင်မလေးက သူ့ပညာရေး၊ သူ့ဘဝတက်တမ်းအတွက် ဆက်ကြိုးစားးရင် ရရဲ့သားနဲ့ မင်းက အလျှော့ပေးလို့၊ သူကလည်း သတ္တိမရှိဘဲ တစ်ကိုယ်ကောင်းဆန်လို့ ... ဒီလိုအဖြစ်တွေ ကြုံလာရတာ” ဟုသာ သူငယ်ချင်းများက မချိတင်ကဲ ရေရွတ်ခဲ့နေကြပါသည်...။


" ငါနင့်ကို အရမ်းချစ်ခဲ့ပါတယ်...။ သူငယ်ချင်းလိုရော. အစ်ကိုလိုရော. ချစ်သူလိုရော အချစ်တွေအားလုံးပုံအောပြီး. ၆ နှစ်လုံးလုံး.ငါ့ဘ၀မှာ ချစ်ရမယ့်သူဟာ.. နင်တစ်ယောက်တည်းပဲလို့.. ယုံကြည်ခဲ့ပြီး. အချစ်ကြီးချစ်ခဲ့တယ်..။ ရည်မှန်းချက်တွေပြည့်ဝတဲ့တစ်နေ့မှာတော့.. ငါတို့ဘ၀နှစ်ခု ပေါင်းစပ်ကြမှာပဲလို့.. ရိုးရိုးလေးပဲ. ယုံကြည်ထားခဲ့တယ်...။
အခုလိုမျိုး.. . ငါတို့ဘ၀မှာ တတိယလူဝင်လာမယ်လို့.. ငါတစ်ခါမှ မတွေးခဲ့ဖူးသလို... နှစ်ယောက်စလုံးရဲ့ အသိုင်းအ၀ိုင်းတွေ.. သူငယ်ချင်းတွေအားလုံးလည်း... ဘယ်လိုမှ မျှော်လင့်မိခဲ့မှာမဟုတ်ပါဘူး..."  
သူမရဲ့စကားများကို.. သူတိတ်ဆိတ်စွာပဲ. နားထောင်နေခဲ့ပါသည်..။ အမှန်တကယ်တော့ သူ့မှာ ပြန်ပြောစရာ၊ သူမကို နှစ်သိမ့်စရာ စကားလုံးမရှိလောက်အောင်.. ဆို့နင့်ကြေကွဲနေခဲ့လို့သာ ဖြစ်ပါသည်.။ မှားခဲ့သည့်အမှားတစ်ခုအတွက်..ခွင့်လွှတ်ပေးပါဟု တောင်းပန်ရလောက်အောင် သူ့အသက်ထက်မြတ်နိုးခဲ့သည့် ဖြူစင်လွန်းသောချစ်သူကို.. သူ့ဘ၀အမည်းစက်တွေ.. အစွန်းထင်းမခံစေချင်ခဲ့တာကြောင့် ဆုံးရှုံးခြင်းဆိုသည့်အရာကိုသာ သူရွေးချယ်လိုက်တာမဟုတ်လား...။ 


၇။
“အခုတော့ မင်းကသာ လူရိုသေရှင်ရိုသေ ဘွဲ့တစ်ခုတောင် မပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဘဝကို ကုန်ဆုံးဖြတ်သန်းနေချိန်မှာ ကောင်မလေးကတော့ နိုင်ငံခြားက ဘွဲ့ဒီဂရီတွေ၊ မြန်မာနိုင်ငံမှာထက် ဆယ်ဆမကသာတဲ့ လစာဝင်ငွေတွေနဲ့ မင်းရဲ့အမြင့်မှာ မင်းနဲ့အဝေးကြီးမှာ ဖြတ်သန်းအောင်မြင်နေပြီ။ မင်းကြည့်လိုက်လေ...ဘဝနှစ်ခု ဘယ်လိုကွာခြားသွားပြီလဲဆိုတာ မင်းကြည့်လိုက်ဦး”
သူငယ်ချင်းများ၊ မိဘဆွေမျိုးများ၏ မခံမရပ်နိုင်ပြောကြသည့် စကားများအတွက် သူ့စိတ်ထဲ အဖြေစကားကတော့ တစ်ခွန်းတည်းသာ။
“ငါကတော့ မိသားစုဘဝတစ်ခုနဲ့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေချိန်မှာ ပညာတွေ၊ ဘွဲ့တွေ၊ ငွေကြေးတွေကြားထဲ သူတစ်ယောက်တည်း ပျော်ရွှင်နေလိမ့်မယ်ဆိုတာ သေချာပါ့မလား”
သို့သော် “အမြင့်ဆုံးထိရောက်အောင် ပျံသန်းမယ်”ဟု အမြဲတဖွဖွရွတ်တတ်သလို သူမရည်ရွယ်ထား သည့် အိပ်မက်တွေအားလုံးကို မဖြစ်မနေအကောင်အထည်ဖော်ဖို့ကြိုးစားတတ်သည့် ကောင်မလေး သည် အိပ်မက်တွေကို ထုဆစ်ရင်းက အချိန်တွေ၊ အတွေးတွေမအားမလပ်ဖြစ်နေဆဲဘဝဖြင့် သူ့ကို မေ့နေလောက်ပြီသာ ဖြစ်ပါသည်။။။




♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
စွန်ကလေး အမြင့်ကိုရောက်သွားတိုင်း ငယ်စဉ်ကလေးဘဝက (ဘာမှမသိတော့) ပျော်ခဲ့မိပါသည်။ (တကယ်တော့ သံယောဇဉ်ကြိုး နွမ်းနွမ်းလေးနှင့် လွှတ်တင်ထားသည့် စွန်လွှတ်သူရဲ့အဝေးကို   ရောက်မှန်းမသိရောက်သွားတာကို တဖြည်းဖြည်း သိလာရတော့ ... ) လွတ်လပ်စွာ.. ကောင်းကင်ကြီးတစ်နေရာတွင် ပျံဝဲနေမည့်စွန်လေး လွတ်လပ်ပျော်ရွှင်အောင်မြင်ဖို့အတွက် ဖြည်လျော့ခဲ့သည့်… သံယောဇဉ်ကြိုးရှည်ရှည်များကိုတော့ သူဘယ်သောအခါမှ .. နှမြောတသနောင်တရမိမည်မဟုတ်ပေ…။

~~~~~~~~~~~~~~~~~~~~~

Wednesday, 10 February 2016

စွန်ကလေးရေ..ပျော်ပါစေ ~~ (၁)

February 10, 2016 0 Comments


၁။
“သူ ဒီနေ့ပြန်ရောက်လာမှာ”
သူငယ်ချင်းက ထူးထူးခြားခြား သတင်းတစ်ခုပေးတာမျိုးမဟုတ်ဘဲ သာမာန်ပြောဆိုနေကျ စကားတွေကြားထဲ အကြောင်းအရာတစ်ခုကို အမှတ်မထင်ပြောဆိုလာခဲ့ပါသည်။
“အော် ... ဟုတ်လား..။ သူ ဒီမှာ ပြန်နေဖို့ဖြစ်စေ၊ ခဏအလည်လာတာမျိုးပဲဖြစ်စေ ပြန်လာတာဖြစ် မှာပေါ့”
တုန်ခါမှုမဲ့တဲ့ အသံနှင့်အတူ တည်တည်ငြိမ်ငြိမ်ပဲ သူပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခဲ့ခြင်းက အတိတ်သည် အတိတ်သာဖြစ်ကြောင်း သက်သေပြခြင်းများလား၊ ကြိုးစားမေ့ဖျောက်နေရခြင်းကို ဟန်ဆောင်ခြင်းမျှသာ ဖြစ်နေလေမလား ဝေခွဲမရခဲ့။

၂။
လွန်ခဲ့တဲ့ လေးနှစ်ကာလ...။ အတိအကျပြောရလျှင် လွန်ခဲ့သော လေးနှစ်နှင့် တစ်လကျော်ကာလရဲ့ တနင်္ဂနွေနေ့တစ်ရက်..။ အဲဒီရက်ရဲ့ ညနေခင်းတစ်ခုမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ‘ပြည်ပထွက်ခွာ’ဆိုသည့် နေရာတစ်ခုတွင် သူမကို လူကိုယ်တိုင်နောက်ဆုံးတွေ့ခဲ့တာဆိုလျှင် ပိုမှန်ပါလိမ့်မည်။ Check In Counter ကိုမသွားခင် Security Check မှာ အိတ်၂လုံးကို မနိုင့်တနိုင်သယ်သွားပြီး စစ်ဆေးပြီးသည်နှင့် နောက်ကို တစ်ချက်မျှလှည့်မကြည့်ဘဲ ကောင်တာဆီသို့သာ သူမ တန်းလျှောက်သွားခဲ့ပါသည်။ ကောင်တာတွင် အိတ်များကို အလေးချိန် ချိန်တော့လည်း ဘေးနားမှာရှိနေသည့် အလုပ်သမားများ၏ အကူအညီကိုမယူဘဲ ကိုယ်တိုင် တင်ချပြုလုပ်နေသည့် သူမကို တော်တော်ပင် ကိုယ့်အားကိုယ်ကိုးချင်သည့် ပေကပ်ကပ်ကောင်မလေးတစ်ယောက်အဖြစ် အမြဲကြည့်နေကျအတိုင်း သူကြည့်နေခဲ့တာပဲဖြစ်ပါသည်။ ကျောပိုးအိတ်တစ်လုံး၊ လက်ဆွဲအိတ်တစ်လုံးနှင့် စက်လှေကားဆီ ခေါင်းမော့လျှောက်သွားသည့် သူမသည် လှေကားပေါ်ရောက်ကာမှ သူနှင့် သူမမိသားစုရှိရာဆီ တစ်ချက်လှည့်ကြည့်ကာ စက်ရုပ်တစ်ရုပ်လို ဘာခံစားချက်မှမရှိသောမျက်နှာနှင့် လက်ပြသွားခဲ့ခြင်းသာ ဖြစ်သည်..။ မြင်ကွင်းကနေ တဖြည်းဖြည်းကွယ်ပျောက်သွားသည့် သူမကိုကြည့်ရင်း ခွဲခွာရခြင်းဆိုသည့်အသိနှင့် ၀မ်းနည်းမှုများကို မျိုသိပ်နေခဲ့ရသည့် သူကိုယ်တိုင်မှာတော့ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်လို့သာ ကျန်နေရစ်ခဲ့ပါသည်။

“ငါ့ကောင်မလေးသွားတော့ အထဲမ၀င်ခင် ငိုလိုက်တာကွာ..။ သူငိုတော့ ငါလဲ မျက်ရည်ကျမိတော့ တာပေါ့..။ သူက မိန်းကလေးဆိုတော့ ငါ့ထက်ပိုခံစားရရှာမှာ..။ သူ့ဘ၀ရှေ့ရေးအတွက် ကျောင်းတက်မှာမို့လို့သာ သွားခွင့်ပြုလိုက်တာ..။ သူသွားတာနဲ့ သူဝမ်းနည်းပြီး ငိုတာနဲ့တောင် မတန်ဘူး” ဟု သူ့ချစ်သူကောင်မလေးကလည်း ကျောင်းသွားတက်ဖို့ ခဏတာခွဲသွားခြင်းခံရသည့် ဘ၀တူသူငယ်ချင်းတစ်ယောက်က ပြောလာခဲ့ပါသည်..။ သွားခါနီး မျက်ရည်တစ်စက်မကျရုံမျှမက သူ့ဘက်ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့သည့် သူမကိုတော့ “ဘယ်လို နားလည်ရမှန်းတောင် မသိဘူး၊ မင်းကောင်မလေးက အသည်းနှလုံးရော ရှိရဲ့လားကွာ” ဟုပင် သူငယ်ချင်းက မချိတင်ကဲ ဆက်လက်ရေရွတ်နေခဲ့ပြန်ပါသေးသည်..။



၃။
သူငယ်ငယ်က ကစားနည်းတွေအများကြီးထဲတွင် စွန်လွှတ်သည့်ကစားနည်းကို အနှစ်သက်ဆုံးဖြစ်ခဲ့သည်။ ရစ်ဘီးတစ်လုံးကို ရစ်ငင်နေခဲ့ပြီး ကောင်းကင်ကြီး၏ အမြင့်တစ်နေရာတွင် ပျံသန်းနေသည့် စွန်ကလေးကို မြင်တွေ့ခွင့်ရတာကိုပင် သူက ကြည်နူးနေတတ်ခဲ့ခြင်း ဖြစ်ပါသည်။ စွန်ကလေးသွားရာနောက် ပြေးလိုက်ရင်း ချိုင့်ထဲမှာ လဲကျ၊ ခလုတ်တိုက်ရင်း ဒဏ်ရာအနာတရတွေ ရခဲ့သော်လည်း အမြှီးလေး တရမ်းရမ်းနှင့် လွင့်ဝဲနေသည့် စွန်ကလေးကိုမြင်ရရုံမျှဖြင့် သူခံစားရသမျှက ကွယ်ပျောက်သွားစမြဲပင်။ အဲဒီအချိန် ကလေးဘ၀တုန်းကတော့ သူနေခဲ့သည့် မြို့သေးသေးလေး၏ မြစ်ကမ်းဘေးနားမြေကွက်လပ်တွင် သူငယ်ချင်းများနှင့် ညနေတိုင်းစွန်လွှတ်ကစားလေ့ရှိခဲ့ကာ အိမ်ပြန်လာတိုင်း သူချစ်သည့်စွန်ကလေးကို ကောင်းကင်ကြီး၏တစ်နေရာတွင် စွန့်လွှတ်ပြီး ပြန်ခဲ့ရတာချည်းပင်ဖြစ်သည်။ သူ့စွန်ကလေးဆုံးရှုံးသွားမည်ကို စိုးရိမ်တတ်သည့် သူငယ်ချင်းတစ်ယောက်ကတော့ မြစ်ကမ်းဘေးတစ်လျှောက် စွန်ကို နိမ့်နိမ့်လေး ဆွဲသွားကာ ပျံသန်းစေလေ့ရှိခဲ့သည်မို့ နှစ်ယောက်အတူ ပြန်လာသည့်အချိန်တိုင်း၊ ကလေးလေးနှစ်ယောက်မှာ တစ်ယောက်က စွန်ကလေး ဆုံးရှုံးသွားသည့်အတွက် ငိုမဲ့မဲ့ဖြစ်နေတတ်သော်လည်း တစ်ယောက်ကတော့ ဘယ်တုန်းကမှ အမြင့်ကိုပျံသန်းခွင့်မပေးခဲ့၍ လက်ထဲမှာ မပျောက်မပျက်ရှိနေဆဲဖြစ်သည့် စွန်ကလေးကို ကိုင်ဆွဲလျက်သာ ။

 “မင်းက အမြင့်ကြီးကို ပျံခိုင်းတာကိုး ။ သူက အဝေးရောက်တော့ မင်းဆီကို ဘယ်ပြန်လာနိုင်တော့ မှာလဲ..။ နောက်တစ်ခါဆို.. ငါ့လိုမျိုး.. နိမ့်နိမ့်လေးပဲပျံခိုင်း.. ။ အဲဒါမှ စွန်လေးကို မင်းမဆုံးရှုံးမှာ..” ဟု သူငယ်ချင်းက အမြဲတမ်းပြောတတ်လေ့ ရှိခဲ့သော်လည်း စွန်ကလေးအမြင့်ကို ရောက်သွားတိုင်း၊ သစ်ပင်တွေ..ဓါတ်တိုင်တွေ..အခြားကလေးများ၏စွန်လေးတွေကို ကျော်ဖြတ်ပြီး မိုးကောင်းကင်မှာ လွတ်လပ်စွာပျံဝဲနေတာကိုတွေ့တိုင်း ပျော်တတ်ခဲ့သည့် သူက စွန်ကလေးပိုလွတ်လပ်ဖို့.. စွန်ကြိုးတွေကို.. အမြဲတမ်း ကိုယ်တိုင်သတိမထားမိဘဲ  ရစ်ငင်ပေးလေ့ရှိခဲ့သည်သာဖြစ်သည်.။ 
သူ့လိုပင် စွန်လွှတ်ခြင်းကို.. သဘောကျတတ်သည့်.သူမကတော့.. စွန်ကလေး မိုးကောင်းကင်ကြီးထဲတွင်. အနှောင့်အယှက် ကင်းကင်းနှင့်. ပျံဝဲနေအောင်.. စွန်ကြိုးတွေကို.. သူရစ်ငင်ပေးနေသည့်အချိန်တိုင်း.. ဘေးနားကနေ ကလေးတစ်ယောက်လို .. ပျော်ရွှင်မြူးထူးစွာ. ခုန်ပေါက်အားပေးလေ့ရှိခဲ့သည်.။ သို့သော်လည်း စွန်ကလေးကို ကောင်းကင်ကြီးထဲတွင် တစ်ကိုယ်တည်း စွန့်လွှတ်ခဲ့ရပြီး.. ကျန်ရစ်ပျံသန်းစေခဲ့သည့်အချိန်တွင်မတော့ သူ့လို ခံစားနှမျောမနေတတ်ဘဲ ကောင်းကင်ကြီးထဲ အနှောင်အဖွဲ့များ မရှိတော့ဘဲ… လွတ်လွတ်လပ်လပ်.. ပျံသန်းသွားနိုင်ပြီဆိုသည့်အတွေးဖြင့်… စွန်ကလေးအတွက်.. ကြံဖန်ဂုဏ်ယူနေတတ်ပြန်ပါသေးသည်.။

၎။
သူမရဲ့ ရည်မှန်းချက်အကြီးကြီးတွေကို ပြောပြတတ်သည့်အချိန်တိုင်း၊ သူမမျက်ဝန်း၏ အရောင်တွေ တလက်လက်နှင့် ယုံကြည်ချက်တွေကို.. တွေ့ရလေ့ရှိသည့်အခါတိုင်း… သူ့ရဲ့စွန်ကလေး အဝေးကို ရောက်သွားတော့မှာပါလားဆိုသည့် အတွေးမျိုး သူတွေးခဲ့ဖူးသည်.။

သူသတိမထားဖြစ်သော်လည်း အမှတ်တရနေ့ရက်တိုင်းတွင် ပေးခဲ့သည့်လက်ဆောင်အချို့သည် ကဗျာဆန်ဆန်ပန်းစည်းတွေ၊ သူမချစ်တတ်သည့်အရုပ်သေးသေးလေးတွေ၊ ချောကလက်တွေ ဖြစ်မနေတတ်ဘဲ သူမလေ့လာရန်အတွက် IELTS စာအုပ်တွေ.. စိတ်ခွန်အားဖြည့်ဘာသာပြန်စာအုပ်တွေ.. ဖြစ်နေတတ်သည်။
ကဗျာစာအုပ်လှလှလေးတွေနေရာတွင် သူမဖတ်ဖို့ နည်းပညာစာအုပ်ထူထူတွေ ဖြစ်နေတတ်ပြန်သည်။ နားထောင်ချင်စရာ အချစ်သီချင်းသံစဉ်ချိုချိုလေးတွေမဟုတ်ဘဲ သူမလေ့ကျင့်ဖို့ အင်္ဂလိပ်စကားပြော အခွေတွေပဲ ပေးဖြစ်ခဲ့သည်။ သူမပိုချစ်လာစေဖို့အတွက် စကားလုံးလှလှလေးတွေနှင့် ကြင်ကြင်နာနာ ပြောရမည့်အစား သူမရဲ့ကြိုးစားမှုများ အရာထင်အောင်မြင်စေဖို့ မချင့်မရဲ အားမနာတမ်းဝေဖန်မှုတွေ ဖြစ်နေတတ်ခဲ့သည်။
အခါတော်တော်များများ၌ သူမ၏ Email-Inbox တွင် ချစ်သည့်အကြောင်း.. လွမ်းသည့်အကြောင်းတွေ.. မဟုတ်ခဲ့ဘဲ…. သူပို့ပေးတတ်သည့် နိုင်ငံတော်တော်များများက.. Scholarship Information တွေ လေ့လာစရာ E-book တွေပဲ.. သူမတွေ့ရတတ်ပါလိမ့်မည်။ သူမ၏ Facebook Timeline တစ်ခုလုံးတွင် သူတင်ထားတတ်သည့် Scholarship Link တွေ၊ သူမလေ့လာနေတတ်သည့် ဘာသာရပ်နှင့် ဆိုင်သော website link များနှင့်သာ ပြည့်နေတတ်ခဲ့သည်။

“ငါ.. ဂျပန်မှာ မဟာဘွဲ့သွားတက်ဖို့ ADB (Asia Development Bank) လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ပညာသင်ဆုရတယ်..။ နောက်လထဲမှာ တိုကျိုကိုသွားရတော့မယ်..။ ဘာမှတော့ မကြာပါဘူး..။ ၂ နှစ်ပါပဲ..။ ၂ နှစ်အတွင်း သစ္စာရှိရှိ ငါ့ကိုစောင့်နေနော်”
သူမ၏ရည်မှန်းချက်တစ်စိတ်တစ်ဒေသ ပြည့်ဝသွားပြီဖြစ်သည့်အခိုက် ပျော်ရွှင်တက်ကြွစွာ ပြောနေသည့် သူမကို ငေးကြည့်ရင်း သူပြောချင်သောစကားလုံးများ ဆွံ့အသွားခဲ့ရသည့်အခိုက်အတန့်ပင်ဖြစ်ပါသည်.။ တကယ်ဆို ထိုနေ့က သူပြောချင်သည့်စကားမှာ “လက်ထပ်ပြီး ဘ၀တစ်ခုကို တူတူရင်ဆိုင်ကြရအောင်” ဆိုသည့် စကားစုအစား “မင်းအတွက် ဝမ်းသာလိုက်တာ..။ စိတ်ချလက်ချသာ ပညာသွားသင်ပါ..။ ငါ မင်းကို ဆက်ဆက်စောင့်နေမှာပါ” ဆိုသည့်စကားလုံးများဖြစ်လို့နေခဲ့ခြင်းက သူမအပေါ်ထားရှိသည့် သူ့ရဲ့ အတ္တကင်းမဲ့သော ဖြူစင်သည့် ချစ်ခြင်းတစ်စုံတရာကြောင့်သာ.ဖြစ်ပါသည်.။ ဒီပညာသင်ဆုကိုရရန် သူမ၏ ကြိုးစားအားထုတ်ခဲ့ရမှုများနှင့် သူ့ရဲ့ ဖေးမအားပေးမှုတွေများစွာ ရင်းနှီးခဲ့ရခြင်းပဲ မဟုတ်လား..။

To be continued ~~~

~~~~~~~~~~~~~~~~~~~~~~~~~~


Wednesday, 10 December 2014

ပြန်ဆုံတဲ့ တစ်နေ့ +++

December 10, 2014 2 Comments
(၁)
ကိုယ့်ကို လေဆိပ်မှာ လာကြိုမှာလား မ .” မောင်က မေးတော့ အားနာတဲ့လေသံတစ်ချို့တစ်ဝက်နဲ့ ကျမပြန်ပြောမိပါသည်..။ “မောင်ရောက်မယ့်ရက်မှာ ကျမ အားမှာမဟုတ်ဘူးမောင်ရဲ့ .. ခရီးသွားနေမှာ ..။ တကယ်လို့ မသွားဖြစ်ရင်တောင် ရန်ကုန်ထိ တစ်ယောက်တည်း လာကြိုဖို့ အိမ်က ခွင့်ပြုမှာ မဟုတ်ဘူး..။ တခြားအကြောင်းပြပြီး လာဖို့လည်း ကျမက ညာပြောတတ်တဲ့သူမဟုတ်မှန်း မောင်သိတယ်မလား..”

“မေးကြည့်တာပါကွာ.. မ မလာနိုင်ဘူးဆိုတာ ကိုယ်သိပြီးသားပါ” လို့ မောင်က စိတ်ထဲ ဘယ်လိုမှ မခံစားရသလို ပြန်ပြောခဲ့ပါသည်…။ “ဒါပေမယ့် ရောက်ရောက်ချင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်မြင်ချင်တဲ့သူက မ ပဲ သိလား” လို့ဆိုတော့ ကျမလဲ စိတ်မကောင်းပါ ..။ တကယ်လည်း ကျမ အလုပ်မအားသလို အားတယ်ဆိုရင်တောင်မှ နယ်ကနေ ရန်ကုန်ကို တကူးတကသွားဖို့ မိဘတွေဆီက ခွင့်ပြုချက်ရမှာ မဟုတ်ဘူးဆိုတာ ကျမ သိနေပြီးသားလေ..။ မိန်းကလေးတစ်ယောက် စောင့်ထိန်းရမယ့် သိက္ခာတရားတွေ အပြည့်အ၀ စောင့်ထိန်းဖို့ .. အိနြေ္ဒသိက္ခာရှိဖို့.. ဘာသာတရားကိုင်းရှိုင်းဖို့ စသဖြင့် ယခုအရွယ်ထိ သွန်သင်ဆုံးမနေဆဲဖြစ်တဲ့ မိဘနှစ်ပါးထံမှာ သူစိမ်းယောက်ျားလေးတစ်ယောက်ကို အဝေးကြီးထိ သွားတွေ့ဖို့ဆိုတာ ဘယ်လိုမှ တောင်းဆိုဖို့ မဖြစ်နိုင်ပါ..။ “ဘာမှ မထူးဆန်းတဲ့ ကိစ္စပဲလေ မရဲ့ .. ကိုယ်က နိုင်ငံရပ်ခြားအဝေးကြီးကနေ ပြန်လာတယ်..။ အဲဒါကို ချစ်သူတစ်ယောက်အနေနဲ့ မ က လေဆိပ်မှာ နေ့ခင်းကြောင်တောင် ကိုယ့်ကို ခဏလာကြိုတယ်..။ ပြီးတာနဲ့ မ က နယ်ကို ချက်ချင်းပြန်လို့ရတယ်..။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ထက်တောင်မှ ရိုးစင်းတဲ့ ကိစ္စပါ..။ ဒါပေမယ့် မ မိဘတွေအကြောင်း ကိုယ်သိနေပြီးသားဆိုတော့လည်း သူတို့ မြန်မာပီပီ ရှေးရိုးဆန်တယ်ဆိုတာလဲ ရှင်းနေတာပါပဲလေ.. ကိုယ်နားလည်ပေးရမှာပေါ့” လို့ မောင်က ဆိုပြန်တော့ ကျမကို အမြဲနားလည်ပေးတတ်တဲ့ မောင့်ကို အားတုံ့အားနာတော့ ဖြစ်မိပါသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၂)
မောင်နဲ့ ကျမက ချစ်သူဖြစ်ပြီးကတည်းက အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေး..။ မောင် နိုင်ငံခြားကို မထွက်သွားခင်က သူငယ်ချင်းအဆင့်သာ ခင်မင်ခဲ့ကြပြီး ဟိုရောက်ကတည်းက အဆက်အသွယ်မပြတ်ကြပဲ အမြဲလိုလို ဖုန်းဆက်တတ်ပါသည်..။ မောင်ရောက်ပြီး ၃ လ ခန့်ရှိကတည်းက ကျမကို ချစ်ခွင့်တောင်းခဲ့ပြီး မောင်မြန်မာနိုင်ငံကို ပြန်မလာမီ ၆ လခန့်က မောင့်အချစ်ကို လက်ခံကာ ကျမတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်..။ ကျမထက် တစ်နှစ်ခန့်ငယ်သော မောင့်ကို ကျမက ‘မောင်’ လို့ ခေါ်ပြီး ကိုယ့်ကိုယ်ကိုတော့ ‘မ’ လို့ မသုံးတတ်သဖြင့် အရင်သုံးနေကျအတိုင်း ‘ကျမ’ ဟုသာ ပြောမြဲပြောဖြစ်ခဲ့သည်..။ ကျမက မောင်ဟုခေါ်သော မောင်ကတော့ သူ့ကိုယ်သူ ‘ကိုယ်’ ဟုသာ သုံးနှုန်းပြီး ကျမကိုတော့ အရင်က နာမည်ခေါ်နေကျဖြစ်သော်လည်း ချစ်သူဖြစ်ပြီးကတည်းက ‘မ’ ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်..။ “အဲဒီလိုဆိုတော့ ကျမတို့နှစ်ယောက်ကြားမှာ နာမ်စားက လေးလုံးတောင်ရှိတယ်နော်” ဟု ကျမဆိုတော့ မောင်က သဘောတကျ ရယ်မောကာ “ဒီချစ်သူတစ်ယောက်ပဲရှိတာ သုံးချင်တဲ့ နာမ်စားတွေ ကြိုက်သလောက်သာ သုံးစမ်းပါကွာ” ဟု ပြန်ပြောတတ်သေးသည်…။

မောင်သွားခဲ့တဲ့ ၂ နှစ်ခွဲလောက်အတွင်း မောင့်ကို သေချာမမြင်ဖြစ်တော့ ..။ skype က ပြောဖို့လဲ မကောင်းတဲ့ connection နှင့် မအားလပ်သော ကျမတို့နှစ်ယောက်၏ ရှားပါးလှသော အချိန်များကြားမှာ ကျမဖုန်းကို မောင်အားတဲ့အချိန်ဆက်ခြင်းဖြင့်သာ ချစ်သူနှစ်ဦး အချစ်လမ်းကို အဆက်မပြတ် ဆက်လျှောက်နေဖြစ်ခဲ့ကြသည်..။

 ပြန်တွေ့ကြတော့မှာဆိုတဲ့ အသိနဲ့ ကျမ တော်တော်စိတ်လှုပ်ရှားနေမိသည်..။ မောင် ဘာတွေများ ပြောင်းလဲသွားပြီလဲ .. ၀ လာသလား ပိန်သွားသလား.. မောင်ပြောတော့ အသားတွေ ပိုဖြူလာသည်တဲ့ ..။ “နေရောင်ရှားပါးတဲ့အရပ်မှာ အကြာကြီးနေလာရတော့လည်း မောင် အသားတွေတော့ ပိုဖြူလာမှာပေါ့” လို့ ကျမဆိုတော့ “မ က တော့ နေပူထဲသွားလာလှုပ်ရှားနေရတာနဲ့ ကုလားမလေးလို မည်းမည်းသဲသဲလေးဖြစ်နေလောက်ပြီ” ဟု မောင်က စလျှင် ကျမက မခံချင်ပါ..။ “sun cream တွေ အမြဲတမ်းသုံးတယ် သိလား” ဟု ပြန်ပြောတော့ “အရင်က အလှအပစိတ်မ၀င်စားပဲနဲ့ ချစ်သူရှိမှ တော်တော်လှချင်လာတယ်ပေါ့” ဟု ကျမရှက်အောင် စနောက်နေတတ်သေးသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၃)
ဒီလိုနဲ့ပဲ ခုတော့ မောင် မြန်မာပြည်ကို ပြန်ရောက်လာတော့မည်..။ မောင်ရောက်တဲ့နေ့မှာ ကျမက လေဆိပ်မှာ သွားမကြိုနိုင်ရုံမက ဖုန်းဆက်နိုင်မည့်နေရာမျိုးမှာတောင် ရှိနေမှာမဟုတ်..။ အလုပ်ကိစ္စနဲ့ တောကျသည့် ရွာလေးတွေဘက် ကျမရောက်နေမှာ..။ လူမမြင်ရရင်တောင် အသံလေးတစ်ချက် ချက်ချင်းကြားစေအောင် မောင့်အတွက် ကျမ ဖန်တီးမပေးနိုင်သဖြင့် စိတ်တော့ မကောင်းလှပါ..။ ကျမကို မောင်နားလည်ပေးပေါင်းများပြီမှန်း ကျမ သေချာသိပါသည်..။ တစ်ယောက်နဲ့တစ်ယောက် ကမ္ဘာ့ကြီး၏ အရှေ့နှင့်အနောက်ဝေးနေစဉ်ကလဲ ဖုန်းဖြင့်သာ ဆက်သွယ်နေစဉ် မောင်ဖုန်းဆက်တိုင်း အေးအေးဆေးဆေးပြောဖြစ်သော အချိန်က နည်းသည်..။ ကျမ၏ အလုပ်တာဝန်တွေကြားမှာ တခါတလေ မောင်ဖုန်းဆက်နေတာကို မသိကျိုးကျွန်ပြုမိတာတွေရှိသလို အင်တာနက်ဆိုင်သွားပြီးလည်း vzo ဆိုတာတွေလည်း မပြောဖြစ်ခဲ့..။ အဲဒီလို အခြေအနေတွေကြားမှာ အဆက်အသွယ်မပြတ်စေပဲ အချစ်တွေ ရှင်သန်လာအောင် အမြဲကြိုးစားတတ်တဲ့ မောင့်ကို ကျေးဇူးတင်ကြောင်းတော့ ပြောချင်လှပါသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၄)
“ဒီရွာလေးမှာ ဖုန်းလိုင်းမိတဲ့ တနေရာရှိတယ် မမရဲ့ .. အဲဒီနေရာကိုသွားပြီးတော့ စိတ်ရှည်ရှည်သုံးရင် သုံးလို့ရတယ်” ဟု ဂျူနီယာမောင်လေးတစ်ယောက်ကပြောတော့လည်း တာဝန်က တစ်ဖက်ဖို့ ကျမ မကြိုးစားမိပြန်..။ ဒီလိုနဲ့ပဲ မောင် မြန်မာပြည်ကို ပြန်ရောက်နေတာ တစ်ပတ်ပြည့်ချိန်ထိ ကျမတို့နှစ်ယောက် ဖုန်းနဲ့တောင် စကားမပြောဖြစ်ကြသေး..။

တစ်ရက်တော့ ရေအမြန်ချိုးကာ ထမင်းမစားသေးပဲ ဖုန်းလိုင်းမိသည်ဆိုသည့် ထိုနေရာလေးသို့ မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်ဖြင့် ကျမသွားဖြစ်ခဲ့သည်..။ ကြက်ခြေခတ်ပုံပြလိုက် .. ဖုန်းလိုင်းသေးသေးလေး မိလာလိုက် စသည့် connection ကြားမှာ ၅ ခါလောက်ခေါ်တော့ ကံကောင်းထောက်မစွာဖြင့် မောင့်ဖုန်းကို ခေါ်လို့ရသွားပါသည်…။ “ကိုယ်ဝမ်းသာလိုက်တာကွာ.. ခုတော့ မ နဲ့ဆက်သွယ်လို့ရပြီ..။ ရောက်ကတည်းက မ ဖုန်းကို နေ့တိုင်းခေါ်တယ် .. ဖုန်းပိတ်ထားတယ်ချည်းပဲ ပြောနေတာ..။ ထင်တောင်မထင်မိဘူး.. မ ဖုန်းဆက်လာလိမ့်မယ်ဆိုတာကို” လို့ မောင်ပြောတော့ ကျမ ၀မ်းနည်းမိပါသည်..။ "ကျမက ဘာကြောင့် ဒီလို အလုပ်တာဝန်တွေ.. လေ့လာစရာတွေနဲ့ အမြဲ မအားမလပ်ဖြစ်နေရတာလဲ .. အလှအပဆိုတာကို စိတ်ကူးထဲမထည့်မိအောင် မိန်းကလေးတန်မဲ့ ကိုယ့်ကိုယ်ကို လှအောင်ပြင်ဆင်ဖို့ အချိန်မပေးချင်တတ်တဲ့သူတစ်ယောက်ဖြစ်နေရတာလဲ..။ ချစ်သူအပေါ်ကို အချိန်ပေးပြီး ခရာတာတာတွေပြောဖို့ .. ကြင်ကြင်နာနာစကားတွေပြောဖို့ အချိန်တွေရှားပါးနေရတာလဲ" လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတော့ ရိုးရိုးရှင်းရှင်းပဲ ပြောရလျှင် ဒါကို လောဘဟုခေါင်းစဉ်တပ်နိုင်ပါလိမ့်မည်..။ "ဟုတ်တယ်.. အောင်မြင်ချင်တဲ့ လောဘ.. အစိုးမရတဲ့ လောကကြီးထဲမှာ ကိုယ်တိုင်ရပ်တည်ချင်တဲ့လောဘ.. မိဘတွေဂုဏ်ယူနိုင်အောင် အရာရှိတစ်ယောက် ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်တဲ့ လောဘတွေပဲလေ"..။ ကံကောင်းစွာဖြင့် ဒီလောဘတွေကို နားလည်ပေးနိုင်သည့် ချစ်သူတစ်ယောက်ကို ခုချိန်ထိ ပိုင်ဆိုင်ထားတဲ့အတွက် ကံတရားမျက်နှာသာပေးမှုကိုတော့ ကျေးဇူးတင်မိပါသည်..။

အဲဒီနေရာကို ကိုယ် လိုက်လာမယ်ကွာ.. ဘယ်လိုလာရမယ်ဆိုတာသာပြောတော့.. ။ ကိုယ် မ ကို အရမ်းတွေ့ချင်နေပြီကွ” လို့မောင်ပြောတော့.. “အရမ်းခေါင်တယ် မောင်ရဲ့. ဒီကိုလာဖို့ ကားလည်း မရှိဘူး.. ကျမတို့တောင်မှပဲ လမ်းကြမ်းကြီးကို ဆိုင်ကယ်တွေနဲ့ လာရတာ.. ။ မောင် မလာနေနဲ့နော်.. ကျမ အိမ်ပြန်ရောက်မှ ကျမမြို့ကိုသာ မောင် လာခဲ့သိလား. ကျမ ပြန်တော့မှာပါ” လို့ နှစ်သိမ့်စကားဆိုတော့ မောင်က တွေ့ချင်စိတ်ကို မျိုသိပ်ထားရတဲ့ ခံစားချက်နဲ့ စိတ်မကောင်းသလို သက်ပြင်းတစ်ချက်ချပြန်သည်..။ "ဖွင့်မပြောဖြစ်လို့ပါမောင်.. ကျမကလည်း မောင့်ကို အရမ်းတွေ့ချင်ပြီး မျက်နှာချင်းဆိုင်လို့ စကားတွေ အများကြီး ပြောချင်နေမိသူပါ.. ပျက်ကွက်တဲ့သူတစ်ယောက်အနေနဲ့ ကျမက ပိုခံစားရသူပါ..။ ချစ်တယ်ဆိုတဲ့ စကားလုံးကို အမြဲတမ်းမပြောဖြစ်ပေမယ့် … ကျမရင်ထဲမှာ တစ်ယောက်တည်းသော လေးလေးနက်နက်ချစ်မိသူဟာ မောင်ပါ" ..။ တနေ့တော့ မောင့်ကို ကျမ ဘယ်လောက်ထိချစ်ကြောင်း ပြောပြဖို့ သတ္တိတွေ အပြည့်ရှိလာပါလိမ့်မည်ဟု ကျမဘာသာ နှစ်သိမ့်နေမိပြန်သည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၅)
ကိုယ်ရောက်မယ့် ကားဂိတ်မှာ ကြိုစောင့်နေနော်.. တခါမှမရောက်ဖူးတော့ ကိုယ်တစ်ယောက်တည်း သွားတတ်မှာမဟုတ်ဘူး” လို့ ရန်ကုန်ကနေ ကားစထွက်တော့ မောင်က ဖုန်းဆက်လာသည်..။ ဒီမြို့သေးသေးလေးကို မောင်အလည်လာမည်ဆိုတော့ ကြည်နူးမှုနှင့်အတူ စိတ်လှုပ်ရှားရင်ခုန်နေပြန်ပါသည်..။ ချစ်သူဖြစ်ပြီးသည့်နောက် ပထမဆုံးတွေ့ကြ စကားတွေပြောကြမည့်အချိန်မှာ ကျမ တော်တော်ရှက်နေလေမလား.. စကားတောင် ပြောရဲပါ့မလား စသဖြင့်လည်း စိုးရိမ်နေမိပြန်သည်…။ စာအုပ်တွေအများကြီးမထည့်ချင်တာနဲ့ပဲ ကိုင်နေကျ Tablet ထဲမှာ E-book တွေပြောင်းထည့်ရင်း မောင့်ကိုစောင့်နေချိန် အကျိုးရှိအောင် ဖတ်ဖို့စာတွေ စီစဉ်နေမိသည်..။ အ၀တ်အစားကို ဘယ်လိုလှလှလေးဝတ်သွားရမလဲ စဉ်းစားမိတော့ မဖြစ်စဖူး ဒီတစ်ကြိမ်တော့ မိန်းကလေးပီပီလှချင်လာတာ အချစ်ကြောင့်ပဲဖြစ်နေလေမလား။ မိန်းကလေးဆန်ဆန်လှလှပပ အ၀တ်အစားမျိုးတွေမရှိသဖြင့် ညီမလေးဆီမှ ယူဝတ်ကြည့်သော်လည်း ၀တ်နေကျမဟုတ်သဖြင့် မနေတတ်ပြန်..။ ဒါနဲ့ပဲ နောက်ဆုံးတော့ အမြဲဝတ်နေကျပုံစံအတိုင်း ဂျင်းဘောင်းဘီအပြာဖျောဖျော့ တစ်ထည်နှင့် ရှေ့ဘက်မှာ ကာတွန်းရုပ်လေးများပါသော အစိမ်းရောင် တီရှပ်တစ်ထည်သာ..။ ဘေးလွယ်အိတ်သေးသေးတစ်လုံးထဲမှာ tablet တစ်ခု ပိုက်ဆံအိတ်တစ်လုံး နားကြပ်တစ်ခု ထည့်ကာ ဆိုင်ကယ်တစ်စီးဖြင့် မောင်ရောက်လာမည့် ကားဂိတ်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်…။

ကားဂိတ်မှာ အသိတစ်ယောက်နှင့်တွေ့တော့ ချစ်သူကို လာကြိုတာဖြစ်သဖြင့် ဘာမှမမေးပဲနှင့် ကျမ အနည်းငယ်ရှက်ရွံ့နေမိပြန်သည်…။ ဘ၀မှာ ဒါပထမဆုံးအတွေ့အကြုံပဲ ….။ သူစိမ်းယောက်ျားလေး တစ်ယောက်ကို ချစ်သည်ဟု အဖြေပေးကာ ဘ၀ထဲကို ၀င်လာဖို့ ခွင့်ပြုခဲ့သလို အဲဒီနေ့ကစလို့ ကျမဘ၀ရဲ့ နေ့ရက်တွေတိုင်းမှာ မောင် ပါဝင်လာခဲ့တာပဲ….။ ကျမရဲ့အလုပ်တွေကို မောင့်ကို တခါတလေ ဖွင့်ဟပြောဆိုမိတိုင်း ပိုကောင်းဖို့အကြံညဏ်တွေပေးတတ်တာ.. သတ္တိတွေပိုရှိလာစေဖို့ စိတ်ဓါတ်မကျဖို့ စကားလုံးတွေနဲ့ ခွန်အားတွေပေးဖြစ်ခဲ့ပေမယ့် ကျမကတော့ မောင့်ကို သိပ်ဂရုမစိုက်ဖြစ်ခဲ့…။ မောင်နဲ့တွေ့မှ မောင့်မျက်လုံးတွေထဲက အချစ်တွေကို ဖတ်ကြည့်ရဦးမည်ဟု တွေးရင်း ရသည့်အချိန်လေးအတွင်းမှာ ကားဂိတ်ထဲ စာဖတ်နေခဲ့တာ ကျမပဲလေ..။ ဘေးပတ်ဝန်းကျင်မှ သွားလာလှုပ်ရှားနေတဲ့အသံတွေ ဈေးသည်လေးတွေရဲ့ တစာစာအော်ရောင်းနေသံတွေကို ဂရုမပြုမိပဲ စာထဲပဲ အာရုံရောက်နေဆဲ ကျမခေါင်းပေါ်သို့ လက်တစ်ဖက်ရောက်လာခဲ့သည်…။ မောင်ရောက်လာလို့ မောင့်ကိုမြင်တာနဲ့ ချက်ချင်းပြေးသွားကာ အပြုံးတွေနဲ့ မောင့်လက်တစ်ဖက်ကို ဆွဲကိုင်လို့ ဆီးကြိုမည်ဟု တွေးထားမိသမျှ စာထဲ စိတ်ရောက်နေသဖြင့် မောင်ရောက်နေတာ သတိမထားမိလိုက်…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၆)
ဒီပုံစံဟာ မ ပဲလေ.  အမြဲလိုလို စာဖတ်နေတတ်တယ်.. ကိုယ်လုပ်နေတဲ့အလုပ်မှာပဲ အာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုမသိ .. တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလို ထင်နေတတ်တာ ကိုယ့်ချစ်သူပဲပေါ့ ..” လို့ မောင်က ကျမခေါင်းကို ခပ်ဖွဖွထုရင်း ပြောလာတော့ အသားတွေပိုဖြူလာပြီး အရင်ထက် ပိုချောလာတဲ့မောင့်ကို တအံ့တသြငေးကြည့်နေမိပြန်သည်..။ “လာ.. သွားမယ်” ဆိုပြီး မောင်က ခေါ်လိုက်မှ လက်ရှိအချိန်ထဲ အသိပြန်ဝင်လာ ကျမ မောင့်ကို ကြည့်ရင်း “ပျော်လိုက်တာ” လို့ ပြောမိပါသည်…။

ဟုတ်တယ်… တကယ်ပါ.. အကြာကြီးဝေးနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့တစ်နေ့ဆိုတာ ချစ်သက်တမ်းတစ်လျှောက်မှာတော့ ဘယ်လိုမှ မေ့မရတဲ့ နေ့စွဲတစ်ခုပဲပေါ့….။ အကွာအဝေးကို လျစ်လျူရှုပြီး ဝေးနေချိန်တွေမှာ အချစ်တွေကို ရှင်သန်နေအောင် အမြဲဖန်တီးပေးတတ်တဲ့ မောင့်လို ချစ်သူတစ်ယောက်ကို မျက်နှာချင်းဆိုင်လို့ “အရမ်းချစ်တယ်” ဆိုတဲ့ စကားကို ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောဖို့ ကျမ နှုတ်က ဆွံ့အမနေသင့်ဘူးလေ…။ 

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
 Believe it or not!!! That's true story :) :) :)

Written and posted HERE on 09-04-2013

Friday, 4 July 2014

အပြုံးနဲ့ ဆုံးတဲ့နိဂုံး ~~

July 04, 2014 3 Comments


 ကိုယ့်ရည်မှန်းချက်တွေ မင်းကိုပြောပြမယ်” လို့ဆိုလေတော့ သူပြန်ပေးတဲ့အဖြေတစ်ခုဟာ သူမရဲ့ သူ့အပေါ်အထင်တကြီးရှိမှုကို ဖျက်ဆီးပစ်ခဲ့တယ် ..။ “ဘယ်လိုပဲ ဖြစ်ဖြစ် .. မင်းဘ၀ကို လှပအောင် ဖန်တီးပေးမယ့် ကိုတစ်ယောက်လုံးရှိနေမှတော့ မင်းရည်မှန်းချက်တွေ အကောင်အထည်ဖော်စရာ လိုသေးလို့လား” တဲ့ ...။
ကို စားဖို့အတွက် ချက်ကျွေးနိုင်အောင် .. ထမင်း ဟင်း ကောင်းကောင်း ချက်တတ်တယ်မဟုတ်လား” ဆိုတဲ့ သူ့ရဲ့ ရှေးရိုးစွဲမေးခွန်းတွေအတွက် သူမရဲ့အဖြေကတော့ “ကိုယ် ထမင်းဟင်းချက်ရင် မင်းက အိုးခွက် ပန်းကန်တွေ ဆေးပေးရမယ်နော်” ဆိုတဲ့ သာတူညီမျှရှိစေတဲ့ စကားတစ်ခွန်းမျှသာ ..။

မီးဖိုချောင်မှာ ထမင်းဟင်းချက်တယ်၊ အိုးခွက်ပန်းကန်တွေ ဆေးကြောတယ်၊ အိမ်သန့်ရှင်းရေးလုပ်တယ် စတဲ့ အိမ်မှုကိစ္စအလုံးစုံဟာ အိမ်ထောင်တစ်ခုမှာ မိန်းမတွေရဲ့ အလုပ်လို့ ဘယ်ရှေးပညာရှိကများ သတ်မှတ်ခဲ့လို့ပါလိမ့်” လို့ မချိတင်ကဲ သူမက ရေရွတ်မိတော့ ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခုလို သူ့ခမျာ အံ့သြတကြီး ဖြစ်လို့ ..။

အိမ်ထောင်တစ်ခုမှာ ယောက်ျားအလုပ်၊ မိန်းမအလုပ်ခွဲခြားခြင်းမရှိဘဲ လက်တွဲညီညီ လုပ်ကိုင်ခဲ့ကြလို့ မိဘနှစ်ပါးစလုံး အလုပ်ကိုယ်စီလုပ်ကိုင်နိုင်ကြပြီး မတောင့်မတ နေရတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ သူမ၊ မီးဖိုချောင်အတွက် ဈေးဝယ်ထွက်လိုက်တိုင်း ကလေးသေးသေးလေးတွေကို ချီလို့တစ်မျိုး လက်ကဆွဲလို့တစ်ဖုံ ဈေးဝယ်လေ့ရှိတဲ့ အိမ်ထောင်ရှင်ယောက်ျားတွေကို တွေ့ရများလေ့ရှိတဲ့ ဒေသမှာ ကျင်လည်လာခဲ့တဲ့သူမ၊.. အိမ်ထောင်ရှိပေမယ့်လည်း လှလှပပကျော့ကျော့မော့မော့နေမြဲဖြစ်ပြီး အလုပ်လုပ်နေကြတဲ့ အိမ်ထောင်ရှင်မိန်းမတွေနဲ့ မိသားစုဘ၀ကို အသက်တမျှ တန်ဖိုးထားပြီး ကိုယ့်အိမ်ထောင်ဖက် ကလွဲရင် အခြားတပါး ယောက်ျား/မိန်းမ များကို လူအဖြစ်သာ သတ်မှတ်ပြီး ပုံမှန်ပြောဆို ဆက်ဆံတဲ့ ပတ်ဝန်းကျင်မှာ အနေကြာလာခဲ့တဲ့ သူမက သူ့ရဲ့ ရှေးရိုးစွဲ အမြင်တွေနဲ့ အံဝင်ခွင်ကျ မဖြစ်တာပဲ ဖြစ်ပါလိမ့်မယ် ...။

ကိုယ် တကယ်ရည်မှန်းချက်ကြီးတယ် ..။ ဒါပေမယ့်လည်း တချိန်တည်းမှာပဲ မိသားစုဘ၀ကို လှပအောင် တည်ဆောက်ချင်သေးတယ် ..။ ဒါက လောဘကြီးတယ်လို့ မင်းမြင်နိုင်ပေမယ့် မဖြစ်နိုင်ဘူးလို့တော့ မင်းငြင်းလို့မရဘူးလေ” ဆိုတော့ သူမကို ငွေကြေး၊ ဂုဏ်ဒြပ်တွေကို မက်မောသူအဖြစ် သူက စွပ်စွဲတတ်ပြန်ပါသေးတယ် ..။
တကယ်ဆို ကိုယ့်ရည်မှန်းချက်တွေက အဝေးကြီးမှာလည်း မဟုတ်ဘူး ..။ လက်လှမ်းမမီနိုင်တဲ့ အနေအထားလည်း မဟုတ်ဘူး ..။ အခြေအနေပေးခိုက်မှာ ကိုယ်ကြိုးစားကြည့်ချင်သေးတယ် ..။ ကိုယ် ငယ်ငယ်ကလေးတည်းက ရူးသွပ်လာတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်က ကိုယ့်လက်ထဲမှာ ရှိနေပြီ” လို့ တိုင်ပင်သလို သူမက ပြောပေမယ့် သူ့ရဲ့ စိတ်ကူးတွေ ပြောင်းလဲမသွားခဲ့ ..။

သူဖြစ်စေချင်တဲ့ မိသားစုဘ၀က သူမကို အေးအေးချမ်းချမ်းနေစေလိုပြီး ... သူတစ်ယောက်တည်း သာ ငွေကြေးအတွက် လောကကြီးကို ရင်ဆိုင်ချင်ပါသတဲ့ ..။ သူဦးဆောင်ရာနောက်မှာ အလိုက်သင့်နေထိုင်ရပ်တည်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘ၀ကို တည်ဆောက်ရာမှာ သူမက သက်သောင့်သက်သာ ပါရမီဖြည့်ဖက်အဖြစ်သာ နေစေလိုပါသတဲ့ ..။ သူ့ရဲ့ ဝေယျာဝစ္စတွေ၊ တစ်အိမ်လုံးရဲ့ အိမ်မှုကိစ္စတွေ၊ မိသားစုဖြစ်လာလို့ သားသမီးတွေရလာရင် သားသမီးတွေရဲ့ အရေးကိစ္စတွေအားလုံးကို သူမကသာ ဦးဆောင်လုပ်ကိုင်ပေးစေလိုပါသတဲ့ ..။ သူကတော့ မိသားစု မတောင့်မတ နေရအောင် ၀င်ငွေရှာပေးတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ် ရည်ရွယ်ထားပါသတဲ့ ..။ ဒါတွေက သူမနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေဖြစ်တယ် လို့ လေပြေသွေးရင်း သူပြောလေ့ရှိပါတယ် ..။

ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပါရမီဖြည့်ဖက်အဖြစ် နည်းနည်းစဉ်းစားပေးလို့ မရဘူးလား” လို့ ညှိနှိုင်းသလို မေးလိုက်တိုင်းမှာ မိသားစုဘ၀ထက် သူမရဲ့ ရည်မှန်းချက်၊ ကျော်ကြားမှုကိုသာ အလေးထားသူအဖြစ် သူ့ရဲ့ ငြိုငြင်မှုကို ခံရမြဲ ..။ 

သူမရဲ့ ကြိုးစားမှုကြောင့် ရလာတဲ့ အသီးအပွင့်တွေအကြောင်း ပျော်ရွှင်တက်ကြွမှုအပြည့်နဲ့ ပြောပြတိုင်း “ကိုက မင်းရဲ့ အဲဒီ ဂုဏ်ပုဒ်တွေကို အထင်ကြီးတာမဟုတ်ဘူးနော် ..။ မင်းမှာ အဲဒီအရာတွေ မပိုင်ဆိုင်လည်း ကိုက ချစ်မှာပဲ” ဆိုတဲ့ စကားတစ်ခွန်းဟာ ချစ်သူရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်မိတဲ့သူမအတွက် အလစ်မှာ ချောင်းရိုက်ခံလိုက်ရသလို စိတ်မှာ ဒဏ်ရာအနာတရတွေ ဖြစ်ခဲ့ပေါင်းများပြီလေ..။ 

ခံယူချက်ချင်းမတူတဲ့ လူနှစ်ယောက်ဟာ ချစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ တစ်သက်လုံးလက်တွဲသွားနိုင်ဖို့ အာမခံချက်မရှိနိုင်ဘူး ...။ အချစ်တစ်ခု တည်မြဲဖို့ဆိုတာ နားလည်မှုက ရာခိုင်နှုန်းတော်တော်များများ နေရာယူထားတယ် ..။ စာနာနားလည်မှုမရှိတဲ့ အချစ်သက်သက်ဟာ ရေရှည်တည်မြဲဖို့ ခက်ခဲပါတယ်” လို့ သူမ,ဆိုလေတော့ “ကိုတို့ နှစ်ယောက် အယူအဆချင်းမှ မတူတာ” လို့ သူက ၀န်ခံစကားဆိုပါတယ် ..။

@@@@@@@@@@@@@@@@
တကယ်ဆို ရည်မှန်းချက်ပန်းတိုင်ချင်းတူပေမယ့် လျှောက်မယ့်လမ်းချင်းမတူညီတဲ့အခါ .. တချို့အချစ်တွေက အမုန်းတွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ် ..။ အချစ်နဲ့ အမုန်းကြားမှာ ကန့်လန့်ကာပါးပါးလေးသာ ခြားထားပါသတဲ့ ..။ အဲဒါကြောင့် အချစ်တစ်ခုက ပြိုပျက်သွားပြီဆိုတာနဲ့ အမုန်းဆိုတဲ့ ဆန့်ကျင်ဘက်အရာက ပေါ်လာပါတယ် ..။ သေချာတာက သူ့အတွက် သူမရဲ့ ခံစားချက်ထဲမှာ အမုန်းဆိုတဲ့အရာ စိုးစဉ်းမှ မတွေ့ရတာပါပဲ ..။ သူလိုချင်တဲ့ လက်တွဲဖော်မိန်းကလေးပုံစံအဖြစ် သူမက အံဝင်ခွင်ကျ မဖြစ်နိုင်ခဲ့သလို .. သူမ,ဖြစ်စေချင်တဲ့ ဆိုးတူကောင်းဖက် ရဲဘော်ရဲဖက်စိတ်ထားမျိုး သူ့မှာ မရှိခဲ့ခြင်းကသာ ဇာတ်လမ်းတစ်ခုရဲ့ အဆုံးသတ်ဖြစ်သွားခဲ့ပါတယ် ...။

နိဂုံးရဲ့အဆုံးသတ်မှာ အချစ်လည်းမရှိ .. အမုန်းလည်းမရှိဘဲ ပကတိလွတ်လပ်စိတ်နဲ့ ရိုးစင်းမှုသာ တွေ့မြင်ရခြင်းက ဒီလမ်းခွဲမှာ မျက်ရည်ကို မတွေ့မမြင်ရခြင်းရဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါလိမ့်မယ် ..။

Follow Us @soratemplates