Wednesday, 10 February 2016

# Short stories of Love

စွန်ကလေးရေ..ပျော်ပါစေ ~~ (၁)



၁။
“သူ ဒီနေ့ပြန်ရောက်လာမှာ”
သူငယ်ချင်းက ထူးထူးခြားခြား သတင်းတစ်ခုပေးတာမျိုးမဟုတ်ဘဲ သာမာန်ပြောဆိုနေကျ စကားတွေကြားထဲ အကြောင်းအရာတစ်ခုကို အမှတ်မထင်ပြောဆိုလာခဲ့ပါသည်။
“အော် ... ဟုတ်လား..။ သူ ဒီမှာ ပြန်နေဖို့ဖြစ်စေ၊ ခဏအလည်လာတာမျိုးပဲဖြစ်စေ ပြန်လာတာဖြစ် မှာပေါ့”
တုန်ခါမှုမဲ့တဲ့ အသံနှင့်အတူ တည်တည်ငြိမ်ငြိမ်ပဲ သူပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခဲ့ခြင်းက အတိတ်သည် အတိတ်သာဖြစ်ကြောင်း သက်သေပြခြင်းများလား၊ ကြိုးစားမေ့ဖျောက်နေရခြင်းကို ဟန်ဆောင်ခြင်းမျှသာ ဖြစ်နေလေမလား ဝေခွဲမရခဲ့။

၂။
လွန်ခဲ့တဲ့ လေးနှစ်ကာလ...။ အတိအကျပြောရလျှင် လွန်ခဲ့သော လေးနှစ်နှင့် တစ်လကျော်ကာလရဲ့ တနင်္ဂနွေနေ့တစ်ရက်..။ အဲဒီရက်ရဲ့ ညနေခင်းတစ်ခုမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ‘ပြည်ပထွက်ခွာ’ဆိုသည့် နေရာတစ်ခုတွင် သူမကို လူကိုယ်တိုင်နောက်ဆုံးတွေ့ခဲ့တာဆိုလျှင် ပိုမှန်ပါလိမ့်မည်။ Check In Counter ကိုမသွားခင် Security Check မှာ အိတ်၂လုံးကို မနိုင့်တနိုင်သယ်သွားပြီး စစ်ဆေးပြီးသည်နှင့် နောက်ကို တစ်ချက်မျှလှည့်မကြည့်ဘဲ ကောင်တာဆီသို့သာ သူမ တန်းလျှောက်သွားခဲ့ပါသည်။ ကောင်တာတွင် အိတ်များကို အလေးချိန် ချိန်တော့လည်း ဘေးနားမှာရှိနေသည့် အလုပ်သမားများ၏ အကူအညီကိုမယူဘဲ ကိုယ်တိုင် တင်ချပြုလုပ်နေသည့် သူမကို တော်တော်ပင် ကိုယ့်အားကိုယ်ကိုးချင်သည့် ပေကပ်ကပ်ကောင်မလေးတစ်ယောက်အဖြစ် အမြဲကြည့်နေကျအတိုင်း သူကြည့်နေခဲ့တာပဲဖြစ်ပါသည်။ ကျောပိုးအိတ်တစ်လုံး၊ လက်ဆွဲအိတ်တစ်လုံးနှင့် စက်လှေကားဆီ ခေါင်းမော့လျှောက်သွားသည့် သူမသည် လှေကားပေါ်ရောက်ကာမှ သူနှင့် သူမမိသားစုရှိရာဆီ တစ်ချက်လှည့်ကြည့်ကာ စက်ရုပ်တစ်ရုပ်လို ဘာခံစားချက်မှမရှိသောမျက်နှာနှင့် လက်ပြသွားခဲ့ခြင်းသာ ဖြစ်သည်..။ မြင်ကွင်းကနေ တဖြည်းဖြည်းကွယ်ပျောက်သွားသည့် သူမကိုကြည့်ရင်း ခွဲခွာရခြင်းဆိုသည့်အသိနှင့် ၀မ်းနည်းမှုများကို မျိုသိပ်နေခဲ့ရသည့် သူကိုယ်တိုင်မှာတော့ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်လို့သာ ကျန်နေရစ်ခဲ့ပါသည်။

“ငါ့ကောင်မလေးသွားတော့ အထဲမ၀င်ခင် ငိုလိုက်တာကွာ..။ သူငိုတော့ ငါလဲ မျက်ရည်ကျမိတော့ တာပေါ့..။ သူက မိန်းကလေးဆိုတော့ ငါ့ထက်ပိုခံစားရရှာမှာ..။ သူ့ဘ၀ရှေ့ရေးအတွက် ကျောင်းတက်မှာမို့လို့သာ သွားခွင့်ပြုလိုက်တာ..။ သူသွားတာနဲ့ သူဝမ်းနည်းပြီး ငိုတာနဲ့တောင် မတန်ဘူး” ဟု သူ့ချစ်သူကောင်မလေးကလည်း ကျောင်းသွားတက်ဖို့ ခဏတာခွဲသွားခြင်းခံရသည့် ဘ၀တူသူငယ်ချင်းတစ်ယောက်က ပြောလာခဲ့ပါသည်..။ သွားခါနီး မျက်ရည်တစ်စက်မကျရုံမျှမက သူ့ဘက်ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့သည့် သူမကိုတော့ “ဘယ်လို နားလည်ရမှန်းတောင် မသိဘူး၊ မင်းကောင်မလေးက အသည်းနှလုံးရော ရှိရဲ့လားကွာ” ဟုပင် သူငယ်ချင်းက မချိတင်ကဲ ဆက်လက်ရေရွတ်နေခဲ့ပြန်ပါသေးသည်..။



၃။
သူငယ်ငယ်က ကစားနည်းတွေအများကြီးထဲတွင် စွန်လွှတ်သည့်ကစားနည်းကို အနှစ်သက်ဆုံးဖြစ်ခဲ့သည်။ ရစ်ဘီးတစ်လုံးကို ရစ်ငင်နေခဲ့ပြီး ကောင်းကင်ကြီး၏ အမြင့်တစ်နေရာတွင် ပျံသန်းနေသည့် စွန်ကလေးကို မြင်တွေ့ခွင့်ရတာကိုပင် သူက ကြည်နူးနေတတ်ခဲ့ခြင်း ဖြစ်ပါသည်။ စွန်ကလေးသွားရာနောက် ပြေးလိုက်ရင်း ချိုင့်ထဲမှာ လဲကျ၊ ခလုတ်တိုက်ရင်း ဒဏ်ရာအနာတရတွေ ရခဲ့သော်လည်း အမြှီးလေး တရမ်းရမ်းနှင့် လွင့်ဝဲနေသည့် စွန်ကလေးကိုမြင်ရရုံမျှဖြင့် သူခံစားရသမျှက ကွယ်ပျောက်သွားစမြဲပင်။ အဲဒီအချိန် ကလေးဘ၀တုန်းကတော့ သူနေခဲ့သည့် မြို့သေးသေးလေး၏ မြစ်ကမ်းဘေးနားမြေကွက်လပ်တွင် သူငယ်ချင်းများနှင့် ညနေတိုင်းစွန်လွှတ်ကစားလေ့ရှိခဲ့ကာ အိမ်ပြန်လာတိုင်း သူချစ်သည့်စွန်ကလေးကို ကောင်းကင်ကြီး၏တစ်နေရာတွင် စွန့်လွှတ်ပြီး ပြန်ခဲ့ရတာချည်းပင်ဖြစ်သည်။ သူ့စွန်ကလေးဆုံးရှုံးသွားမည်ကို စိုးရိမ်တတ်သည့် သူငယ်ချင်းတစ်ယောက်ကတော့ မြစ်ကမ်းဘေးတစ်လျှောက် စွန်ကို နိမ့်နိမ့်လေး ဆွဲသွားကာ ပျံသန်းစေလေ့ရှိခဲ့သည်မို့ နှစ်ယောက်အတူ ပြန်လာသည့်အချိန်တိုင်း၊ ကလေးလေးနှစ်ယောက်မှာ တစ်ယောက်က စွန်ကလေး ဆုံးရှုံးသွားသည့်အတွက် ငိုမဲ့မဲ့ဖြစ်နေတတ်သော်လည်း တစ်ယောက်ကတော့ ဘယ်တုန်းကမှ အမြင့်ကိုပျံသန်းခွင့်မပေးခဲ့၍ လက်ထဲမှာ မပျောက်မပျက်ရှိနေဆဲဖြစ်သည့် စွန်ကလေးကို ကိုင်ဆွဲလျက်သာ ။

 “မင်းက အမြင့်ကြီးကို ပျံခိုင်းတာကိုး ။ သူက အဝေးရောက်တော့ မင်းဆီကို ဘယ်ပြန်လာနိုင်တော့ မှာလဲ..။ နောက်တစ်ခါဆို.. ငါ့လိုမျိုး.. နိမ့်နိမ့်လေးပဲပျံခိုင်း.. ။ အဲဒါမှ စွန်လေးကို မင်းမဆုံးရှုံးမှာ..” ဟု သူငယ်ချင်းက အမြဲတမ်းပြောတတ်လေ့ ရှိခဲ့သော်လည်း စွန်ကလေးအမြင့်ကို ရောက်သွားတိုင်း၊ သစ်ပင်တွေ..ဓါတ်တိုင်တွေ..အခြားကလေးများ၏စွန်လေးတွေကို ကျော်ဖြတ်ပြီး မိုးကောင်းကင်မှာ လွတ်လပ်စွာပျံဝဲနေတာကိုတွေ့တိုင်း ပျော်တတ်ခဲ့သည့် သူက စွန်ကလေးပိုလွတ်လပ်ဖို့.. စွန်ကြိုးတွေကို.. အမြဲတမ်း ကိုယ်တိုင်သတိမထားမိဘဲ  ရစ်ငင်ပေးလေ့ရှိခဲ့သည်သာဖြစ်သည်.။ 
သူ့လိုပင် စွန်လွှတ်ခြင်းကို.. သဘောကျတတ်သည့်.သူမကတော့.. စွန်ကလေး မိုးကောင်းကင်ကြီးထဲတွင်. အနှောင့်အယှက် ကင်းကင်းနှင့်. ပျံဝဲနေအောင်.. စွန်ကြိုးတွေကို.. သူရစ်ငင်ပေးနေသည့်အချိန်တိုင်း.. ဘေးနားကနေ ကလေးတစ်ယောက်လို .. ပျော်ရွှင်မြူးထူးစွာ. ခုန်ပေါက်အားပေးလေ့ရှိခဲ့သည်.။ သို့သော်လည်း စွန်ကလေးကို ကောင်းကင်ကြီးထဲတွင် တစ်ကိုယ်တည်း စွန့်လွှတ်ခဲ့ရပြီး.. ကျန်ရစ်ပျံသန်းစေခဲ့သည့်အချိန်တွင်မတော့ သူ့လို ခံစားနှမျောမနေတတ်ဘဲ ကောင်းကင်ကြီးထဲ အနှောင်အဖွဲ့များ မရှိတော့ဘဲ… လွတ်လွတ်လပ်လပ်.. ပျံသန်းသွားနိုင်ပြီဆိုသည့်အတွေးဖြင့်… စွန်ကလေးအတွက်.. ကြံဖန်ဂုဏ်ယူနေတတ်ပြန်ပါသေးသည်.။

၎။
သူမရဲ့ ရည်မှန်းချက်အကြီးကြီးတွေကို ပြောပြတတ်သည့်အချိန်တိုင်း၊ သူမမျက်ဝန်း၏ အရောင်တွေ တလက်လက်နှင့် ယုံကြည်ချက်တွေကို.. တွေ့ရလေ့ရှိသည့်အခါတိုင်း… သူ့ရဲ့စွန်ကလေး အဝေးကို ရောက်သွားတော့မှာပါလားဆိုသည့် အတွေးမျိုး သူတွေးခဲ့ဖူးသည်.။

သူသတိမထားဖြစ်သော်လည်း အမှတ်တရနေ့ရက်တိုင်းတွင် ပေးခဲ့သည့်လက်ဆောင်အချို့သည် ကဗျာဆန်ဆန်ပန်းစည်းတွေ၊ သူမချစ်တတ်သည့်အရုပ်သေးသေးလေးတွေ၊ ချောကလက်တွေ ဖြစ်မနေတတ်ဘဲ သူမလေ့လာရန်အတွက် IELTS စာအုပ်တွေ.. စိတ်ခွန်အားဖြည့်ဘာသာပြန်စာအုပ်တွေ.. ဖြစ်နေတတ်သည်။
ကဗျာစာအုပ်လှလှလေးတွေနေရာတွင် သူမဖတ်ဖို့ နည်းပညာစာအုပ်ထူထူတွေ ဖြစ်နေတတ်ပြန်သည်။ နားထောင်ချင်စရာ အချစ်သီချင်းသံစဉ်ချိုချိုလေးတွေမဟုတ်ဘဲ သူမလေ့ကျင့်ဖို့ အင်္ဂလိပ်စကားပြော အခွေတွေပဲ ပေးဖြစ်ခဲ့သည်။ သူမပိုချစ်လာစေဖို့အတွက် စကားလုံးလှလှလေးတွေနှင့် ကြင်ကြင်နာနာ ပြောရမည့်အစား သူမရဲ့ကြိုးစားမှုများ အရာထင်အောင်မြင်စေဖို့ မချင့်မရဲ အားမနာတမ်းဝေဖန်မှုတွေ ဖြစ်နေတတ်ခဲ့သည်။
အခါတော်တော်များများ၌ သူမ၏ Email-Inbox တွင် ချစ်သည့်အကြောင်း.. လွမ်းသည့်အကြောင်းတွေ.. မဟုတ်ခဲ့ဘဲ…. သူပို့ပေးတတ်သည့် နိုင်ငံတော်တော်များများက.. Scholarship Information တွေ လေ့လာစရာ E-book တွေပဲ.. သူမတွေ့ရတတ်ပါလိမ့်မည်။ သူမ၏ Facebook Timeline တစ်ခုလုံးတွင် သူတင်ထားတတ်သည့် Scholarship Link တွေ၊ သူမလေ့လာနေတတ်သည့် ဘာသာရပ်နှင့် ဆိုင်သော website link များနှင့်သာ ပြည့်နေတတ်ခဲ့သည်။

“ငါ.. ဂျပန်မှာ မဟာဘွဲ့သွားတက်ဖို့ ADB (Asia Development Bank) လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ပညာသင်ဆုရတယ်..။ နောက်လထဲမှာ တိုကျိုကိုသွားရတော့မယ်..။ ဘာမှတော့ မကြာပါဘူး..။ ၂ နှစ်ပါပဲ..။ ၂ နှစ်အတွင်း သစ္စာရှိရှိ ငါ့ကိုစောင့်နေနော်”
သူမ၏ရည်မှန်းချက်တစ်စိတ်တစ်ဒေသ ပြည့်ဝသွားပြီဖြစ်သည့်အခိုက် ပျော်ရွှင်တက်ကြွစွာ ပြောနေသည့် သူမကို ငေးကြည့်ရင်း သူပြောချင်သောစကားလုံးများ ဆွံ့အသွားခဲ့ရသည့်အခိုက်အတန့်ပင်ဖြစ်ပါသည်.။ တကယ်ဆို ထိုနေ့က သူပြောချင်သည့်စကားမှာ “လက်ထပ်ပြီး ဘ၀တစ်ခုကို တူတူရင်ဆိုင်ကြရအောင်” ဆိုသည့် စကားစုအစား “မင်းအတွက် ဝမ်းသာလိုက်တာ..။ စိတ်ချလက်ချသာ ပညာသွားသင်ပါ..။ ငါ မင်းကို ဆက်ဆက်စောင့်နေမှာပါ” ဆိုသည့်စကားလုံးများဖြစ်လို့နေခဲ့ခြင်းက သူမအပေါ်ထားရှိသည့် သူ့ရဲ့ အတ္တကင်းမဲ့သော ဖြူစင်သည့် ချစ်ခြင်းတစ်စုံတရာကြောင့်သာ.ဖြစ်ပါသည်.။ ဒီပညာသင်ဆုကိုရရန် သူမ၏ ကြိုးစားအားထုတ်ခဲ့ရမှုများနှင့် သူ့ရဲ့ ဖေးမအားပေးမှုတွေများစွာ ရင်းနှီးခဲ့ရခြင်းပဲ မဟုတ်လား..။

To be continued ~~~

~~~~~~~~~~~~~~~~~~~~~~~~~~


No comments:

Follow Us @soratemplates