Thursday, 6 November 2014

Culture Shock @@@

November 06, 2014 2 Comments


ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကို ဂျာမနီတုန်းက ကျမရဲ့ Master thesis အတွက် supervise လုပ်ပေးတဲ့ ကျမရဲ့ Professor ရောက်လာတယ်..။ သူ့အလုပ်ကိစ္စအတွက် လာတာဆိုတော့ ဂါရ၀ပြုရင်း ဆရာ့ကို သူ့တပည့်ဖြစ်ဖူးတဲ့ အခြားမြန်မာ အစ်ကိုအစ်မတွေနဲ့အတူ ညစာကျွေးကြတယ်...။ အဲဒီမှာ ကျမရဲ့ အခု ကျောင်းလျှောက်ထားတဲ့အကြောင်း စကားစပ်မိတော့ ဆရာကပြောလာတယ်...။ ဘာကြောင့် ဂျာမနီမှာ ဆက်တက်ဖို့ မလုပ်ဘဲ ဂျပန်တက္ကသိုလ်ကို အရင်လျှောက်တာလဲပေါ့ ..။ ကျမက ထုံးစံအတိုင်းပြန်ပြောပါတယ်..။ တံခါးတွေအကုန်လိုက်ခေါက်ထားတော့ အရင်ဆုံးပွင့်တဲ့တံခါး အရင်ဝင်လို့ ရတာပေါ့လို့...။ ပြီးတော့ မတူညီတဲ့နိုင်ငံ ၂ နိုင်ငံမှာ ပညာသင်ရင်း ကွဲပြားတဲ့ အတွေ့အကြုံတွေကို လိုချင်မိတာလည်း ပါပါတယ်ပေါ့..။ ဆရာကတော့ စိုးရိမ်တဲ့ပုံစံနဲ့ Europe မှာ ကျောင်းတက်လာတဲ့သူက အာရှရဲ့ပုံစံနဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလားပေါ့..။ ဂျာမနီမှာဆိုရင် လုံးဝ Independent ပဲတဲ့..။ ကျောင်းသားက ကိုယ့်စာ၊ ကိုယ့်သုတေသနပဲ အာရုံစိုက်ပြီး ဆရာက support လုပ်ပေးရုံသက်သက်ပဲတဲ့..။ ဂျပန်မှာဆိုရင် အရမ်းရိုကျိုးနေရမယ်.. ဆရာမလာခင် ရုံးအရင်သွား၊ ဆရာပြန်မှ အိမ်ပြန်ရ၊ ဆရာ့အလုပ်တွေ ကူလုပ်ပေးရ ဘာညာတွေရှိတော့ ကျောင်းသားတွေအနေနဲ့ အလုပ်ပိုရှုပ်ပြီး လွတ်လွတ်လပ်လပ်မရှိဘူး၊ ဘာညာ နဲ့ ကျမရဲ့ Professor က ပြောနေလေရဲ့..။ အာရှမှာ တစ်သက်လုံးကြီးပြင်းလာတဲ့သူတစ်ယောက်က အာရှနိုင်ငံတစ်ခုမှာပဲ ကျောင်းသွားတက်မှာ ဘာမှ ထူးထူးထွေထွေ Culture shock ဖြစ်စရာ မရှိလောက်ပါဘူးလို့ ကျမ ပြန်ပြောခဲ့ပါတယ်..။

ဒီလိုနဲ့ပဲ ဒီနေရာကို အောက်တိုဘာလကုန်လောက်မှာ ရောက်လာခဲ့ပါတယ်...။ ရောက်ရောက်ချင်းမှာပဲ စာရွက်စာတမ်းပေါင်းများစွာ လက်ထဲရောက်လာတယ်..။ တော်တော်များများက ဂျပန်စာတွေနဲ့ပေါ့လေ..။ အချို့အနည်းငယ်လောက်သာ အင်္ဂလိပ်လို ပါပါတယ်....။ ဂျာမနီမှာတုန်းက Health Insurance တစ်ခုပဲ မဖြစ်မနေလုပ်ခဲ့ရတာ..၊ ဒီမှာတော့ မတူညီတဲ့ Insurance ပေါင်းစုံလို့..။ Health Insurance အပြင် ကျောင်းက Dormitory မှာ နေတော့ တစ်ခုခုပျက်စီး၊ ဖျက်ဆီးမှုများဖြစ်ခဲ့ရင် ဘာမှမလျော်ရအောင် Rental Insurance မဖြစ်မနေလုပ်ရတယ်...။ ပြီးတော့ ကိုယ်က မတော်တဆ စက်ဘီးစီးရင်း၊ ကားမောင်းရင်း အခြားတစ်ဦးဦးကို ထိခိုက်မိစေမယ်ဆိုရင် လျော်ပေးမယ့် Liability Insurance၊ ကျောင်းဝင်းထဲမှာ ထိခိုက်မှု၊ ဘာညာအတွက် Insurance စသဖြင့် အနည်းဆုံးတော့ ၃ ခု လောက် မဖြစ်မနေလုပ်ရပါတယ်..။

စတွေ့တာကတော့ နှုတ်ဆက်တဲ့အချိန်ပေါ့..။ ဂျပန်တွေအချင်းချင်းဆိုရင် ခါးကျိုးမတတ် ဦးညွတ်နှုတ်ဆက်လေ့ရှိကြပြီး အခြားနိုင်ငံသားတွေအနေနဲ့လည်း ဦးညွတ်နှုတ်ဆက်ကြတဲ့အချိန်မှာ တစ်ချိန်လုံး ခေါင်းမော့ ခါးမတ်နေလာတာနဲ့ အသားကျနေတဲ့ ကျမအနေနဲ့ တောင့်တောင့်ကြီး ဖြစ်နေဆဲပါပဲ ..။ Hai Hai ဆိုတဲ့နေရာမှာ ဂျာမာန်လို Ja Ja က အသားကျနေလို့ မနည်း ထိန်းပြောနေရတုန်း...။ ဆူမီမာစန်ဆိုတဲ့ စကားလုံးအစား Entschuldigung က ပါးစပ်ထဲ ရောက်ရောက်လာနေဆဲ ..။ 

ကျောင်းဝင်းထဲမှာတင်မက လမ်းပေါ်မှာအများဆုံးတွေ့နေရတဲ့ Ginko ပင်တွေဆိုတာ ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂျာမနီမှာ Trip တစ်ခုသွားတော့ ပထဆုံးမြင်ဖူးတဲ့အပင်..။ အဲဒီတုန်းကတော့ လွန်ခဲ့တဲ့ ရှေးနှစ်သန်းပေါင်းများစွာ၊ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့အပင်မျိုးစိတ်ဆိုပြီး အထူးအဆန်းတွေ ဖြစ်ခဲ့တဲ့အပင်က အခုတော့လည်း နေရာတိုင်း တွေ့နေရပြန်တယ်..။ ဂျာမနီမှာရော မြန်မာမှာရော သွားရင် ညာဘက်က ဖြစ်ပေမယ့် ဒီမှာက ဆန့်ကျင်ဘက် ဘယ်ကပ်ဖြစ်နေတဲ့အခါ မမှားအောင် သတိထားသွားနေရပါတယ်..။ တူတာတစ်ခုက ဒီမြို့မှာလည်း ကျောင်းသားတွေရော၊ ဆရာတွေရော စက်ဘီးနဲ့ပဲ သွားလာကြတာပါ..။ တစ်နှစ်လောက် မြန်မာနိုင်ငံမှာနေခဲ့တုန်း ဆိုင်ကယ်၊ ဒါမှမဟုတ်ရင် ကားနဲ့ပဲ သွားလာနေခဲ့တာ အကျင့်ပါသွားခဲ့တော့ အခု စက်ဘီးစီးရတာ တော်တော်အသားမကျဘဲ ပင်ပန်းတယ်လို့ ထင်နေမိတယ်..။ အဓိကက စက်ဘီးက သေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်..။ ဂျပန်တွေက သွားရင်းလာရင်း လေ့ကျင့်ခန်းဖြစ်အောင် လုပ်တဲ့အနေနဲ့ စက်ဘီးသေးသေးလေးတွေကို ပိုစီးကြတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်..။ ကျမ Sensei ရဲ့ စက်ဘီးဆို ငယ်ငယ်က စီးဖူးခဲ့တဲ့ BMX စက်ဘီးလို သေးသေးလေး..။ စက်ဘီးကလည်း တကယ့်ကို လေ့ကျင့်ခန်းလုပ်သလိုပဲ..။ နင်းလိုက်ရတာ မောလွန်းလို့..။ မြို့ကလည်း မြေညီက နည်းပြီး အနိမ့်အမြင့်က လည်း တော်တော်ပေါပါတယ်..။

ရောက်စနေ့ကတည်းက ပေါင်မုန့်ဆိုင်ရှာတာ ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို တွေ့ပါပြီ..။ ဂျာမာန်ပေါင်မုန့်လိုမျိုးတွေရော လတ်လတ်ဆတ်ဆတ်ဖုတ်ရောင်းတဲ့ဆိုင်ကိုတွေ့လိုက်ရတာ ကွဲကွာသွားတဲ့ အမျိုးတွေ ပြန်တွေ့လိုက်ရသလို..။ နေရာတွေက သေချာမသိသေးတော့ Cheese slice ကလေးတွေကို မနည်းလိုက်ရှာဝယ်ရတယ်...။ ဒါတောင် အသားပြားက နောက်နေ့မှ လိုက်ရှာဝယ်ရဦးမယ်..။ သူငယ်ချင်းကတော့ပြောတယ်..။ ဂျပန်လာပြီး ဂျာမာန်စာတွေပဲ စားချင်နေသေးတုန်းပဲလားတဲ့ ..။ ဂျပန်ဆန်စီးစားတာ သိပ်အဆင်မပြေဘူး..။ နဂိုကတည်းက ကောက်ညှင်းစားရင် အစာမကြေဖြစ်တတ်တော့ အခုလည်း ထမင်းစားရင် အစာမကြေ ရင်ပြည့်ရင်ခံဖြစ်နေလို့ ပေါင်မုန့်နဲ့ Pasta ကို မဖြစ်မနေလိုက်ရှာဝယ်ရပြန်တယ်..။ တိုကျိုကနေတော့ ထိုင်းဆန်မှာထားတော့ ရောက်လာရင် ထမင်းစားဖို့ အဆင်ပြေလောက်ပါပြီ..။


နေရတဲ့ အဆောင်ကလည်း လုံးဝ Privacy မရှိဘူး..။ မီးဖို၊ အိမ်သာ၊ Basin တွေက အခန်းထဲမှာ မပါဘူး..။ Common သုံးရတယ်..။ ဒါပေမယ့် မိန်းကလေး၊ ယောက်ျားလေးတော့ ခွဲထားတယ်..။ ထူးထွေဆန်းပြားပုံက ရေချိုးရင် ယန်း ၁၀၀ coin ထည့်ရတယ်..။ ရေတခါချိုးတိုင်း ယန်း ၁၀၀ က ကုန်တော့ ရေချိုးတာတောင် အလကားမရပါဘူး..။ အ၀တ်လျှော်စက်သုံးရင်လည်း ယန်း ၁၀၀ coin ထည့်ရတယ်..။  အဲဒါထက် အခန်းထဲမှာ အိမ်သာ၊ ရေချိုးခန်း၊ ဘေစင်၊ မီးဖို တွဲရက် မပါတာကို စိတ်ညစ်တာ..။ ခဏခဏအပြင်ထွက်ပြီး ပစ္စည်းတွေ တပွေ့တပိုက်နဲ့ ချက်ပြုတ်ရတာကို အချိန်တွေ အရမ်းကုန်လို့ စိတ်ကုန်တာ...။ နောက်တော့ အဲလိုအကုန်ပါတဲ့ အခန်းပြောင်းဖို့ လိုက်ရှာနေတယ်..။

လမ်းတွေကတော့ အခုမှ မနည်းမှတ်နေရတုန်း..။  နေရာသစ်တစ်ခုရောက်ရင် မျက်စိမလည်အောင် ကျမသွားတဲ့ပုံစံက မြေပုံတော့ လက်ထဲမှာအမြဲပါတယ်..။ စသွားတဲ့နေရာကို မှတ်ထားပြီး သွားလိုတဲ့နေရာကို သွားပြီး လမ်းလွဲတယ်လို့ထင်မိတယ်ဆိုရင် Initial point ကို ပြန်လာပြီး အဲဒီကနေ လမ်းတွေကို အစကနေပြန်သွားတယ်..။ အနည်းဆုံးတော့ ဘယ်နေရာရောက်မှန်းမသိပဲ မျက်စိမလည်တော့ဘဲ မူရင်းနေရာတော့ ပြန်ရောက်တာပေါ့..။ ဂျပန်စာက မြန်မာနိုင်ငံမှာ တစ်လုံးမှ သင်မလာတော့ တစ်လုံးမှ မပြောတတ်ဘူး..။ အခုတော့ Speaking class တက်နေပါတယ်..။ Daily conversation အတွက် အဆင်ပြေအောင်ပါ..။ မဟုတ်ရင် နေရာတိုင်း ဂျပန်လိုပဲပြောကြတာဆိုတော့ မျက်လုံးကလယ်ကလယ် ဖြစ်မနေအောင်ပါ..။ ကျောင်းကတော့ PhD အတန်းအတွက်က class သီးသန့်မရှိတော့ အတန်းတက်စရာမရှိဘဲ Seminar တွေပဲ တက်၊ ကိုယ့်သုတေသနအတွက် စာဖတ်၊ experiment လုပ်၊ paper ထွက်ဖို့ ကြိုးစားရမှာ..။

ကျောင်းကတော့ system တွေက ဂျာမနီတုန်းကနဲ့ တူတူပဲဆိုတော့ သိပ်တော့ စိတ်လှုပ်ရှားစရာ မကောင်းတော့ပါဘူး..။ စက်တွေနဲ့ပဲ လုပ်ရတာ အထူးအဆန်းမှ မဟုတ်တော့တာ..။ ဂျပန်စာ မဖတ်တတ်တာတော့ နည်းနည်းစိတ်ညစ်တာပေါ့..။ လမ်းသွားရင် ပလက်ဖောင်းကျဉ်းကျဉ်းလေးမှာ လမ်းလျှောက်သွားတဲ့သူတွေကို ကပ်သီးကပ်သပ်ရှောင်ရရှားရသေးတယ်..။ တွေ့မိတာက မရမကသာ ရှောင်ကြတာ ၊ ဟွန်းတော့ တီးလေ့မရှိပြန်ဘူး..။ လမ်းကွေ့ရင်လည်း ဂျာမနီမှာဆို လက်ပြလိုက်ရင် အလိုလိုသိပြီး ကွေ့သွားလို့ရပေမယ့် ဒီမှာတော့ အဲဒီလိုလက်မပြကြဘဲ ကိုယ့်ခေါင်းကိုယ်ပဲ ချာချာလည်အောင် ကြည့်ပြီး အန္တရာယ်ကင်းအောင် သွားလာရပြန်တယ်။

ရာသီဥတုက ဆောင်းဦးဆိုတော့ နည်းနည်းလေးအေးလာနေပါပြီ။ ကျမအတွက်တော့ အနေတော်ပဲဆိုတော့ အနွေးထည်ပါးပါးလောက်ဆို လုံလောက်ပေမယ့် အခြားသူတွေတော့ မာဖလာတွေ၊ ကုတ်အကျီင်္တွေနဲ့ စတိုင်ထုတ်လို့ ကောင်းတဲ့အချိန်ဖြစ်နေပါပြီ..။ ဆောင်းတွင်း အပူချိန်က အနည်းဆုံး ၀ လောက်ပဲ ကျတယ်လို့ပြောကြတော့ ကျမအတွက် ထူးထူးထွေထွေ ချမ်းနေမှာမဟုတ်ပါဘူး..။ နှင်းကလည်း သိပ်ကျလေ့မရှိဘူးလို့ ပြောပါတယ်..။ ကံကောင်းရင်တော့ ကျရင်ကျလာတတ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် စနိုးတွေတော့ မြင်ချင်သေးတယ်..။


Saturday, 1 November 2014

#We r One#

November 01, 2014 5 Comments


ဒီနေ့တော့ ကျောင်းပိတ်ရက်ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တယ်...။ အဓိကက ချက်ဖို့ပြုတ်ဖို့ အိုးခွက်ပန်းကန်၊ အနွေးထည်တွေ ၀ယ်ရင်း စနေနေ့ဆိုတော့ သူငယ်ချင်းက သွားတတ်အောင် ဈေးဝယ်လိုက်ပို့ပေးတာ .။
နောက်တစ်ခု အရေးကြီးဆုံး လုပ်ရမယ့်အရာက ဖုန်းဝယ်ဖို့ ..။ အရင်နေ့တွေက ကျောင်းကိစ္စတွေရှုပ်နေ တာနဲ့ ချက်ချင်းမ၀ယ်ဖြစ်ခဲ့ဘူး ...။ ဒီနေ့တော့ မဖြစ်မနေ၀ယ်မှ ရမယ်ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တာပေါ့ ...။

 ရောက်တဲ့နေ့၊ ရောက်တဲ့အချိန်ကတည်းကစပြီး မနားရသေးတာ ဒီနေ့အထိပါပဲ..။ ဒါပေမယ့်လည်း ဘယ်လောက်ပင်ပန်းပင်ပန်း အစားအသောက်က မပျက်ဘဲ ဒီရောက်မှ ပိုပြီးတောင် စားနိုင်နေပြန် ပါသေးတယ်..။ အဓိကက ကျမက ဆန်စီးကြိုက်တဲ့သူဆိုတော့ ဂျပန်ဆန်နဲ့  ကျမအကြိုက်ကွက်တိဖြစ်နေတော့ စားလို့ကို မရိုးနိုင်သေးပါဘူး...။ နောက်ဆိုရင်တော့ အစားကို သေချာဂရုစိုက်ပြီး လျှော့စားမှ ဖြစ်မယ်..။ ၀ိတ်တက်လို့ မဖြစ်ဘူး..။ ကျမက ၀လာရင် အသက်ရှုကျပ်တော့ ၀ိတ်မတက်အောင် မနည်းထိန်းနေရတာ T_T



ရောက်တဲ့နေ့တစ်ရက်လုံး အဲဒီမှာ အရင်ကျောင်းတက်နေကြတဲ့ မြန်မာသူငယ်ချင်းတွေက ဆိုင်မှာ လိုက်ကျွေးတယ်..။ ခရီးသာပန်းတာ စားတာတော့ အများကြီးစားတာပဲ .။ နောက်တစ်ရက်တော့ ကျောင်းက Cafeteria မှာ နေ့လည်စာစားတယ်..။ ညစာကို Lab က newcomers တွေအတွက် welcome party လုပ်ပေးတာ အင်ဒီးယန်းဆိုင်မှာ လုပ်ကြတယ်..။ ကုလားစာမစားနိုင်ဘူးထင်တာလည်း ချသမျှအကုန်စားတာပဲ ..။ အင်းးးး အစားအသောက်ပျက်နေတာလေ -.- -.- -.-

ဖုန်းကိစ္စပြန်ဆက်ရရင် ဒီမှာက မြန်မာနိုင်ငံမှာလို Sim card သီးသန့်မရောင်းဘူးလေ...။ ဂျာမနီမှာဆိုရင်တော့ ဖုန်းမပါပဲ Sim card and Line ရောင်းတာရှိတယ်..။ ဒီမှာကျတော့ Handset မှာပဲ လိုင်းရော၊ အင်တာနက်ရော တခါတည်း ချိတ်ပြီး Contract နဲ့ ရောင်းတာဆိုတော့ Handset က မဖြစ်မနေ ၀ယ်ရတာပေါ့ ..။ ဈေးနည်းနည်းနဲ့ ကိုင်လို့ရတဲ့ Handset မျိုးလည်း ရှိပေမယ့် ၀ယ်မယ့်ဝယ်မှတော့ ကောင်းတာပဲ ၀ယ်ချင်တာကြောင့် Iphone 6 ပဲ ၀ယ်ဖြစ်ခဲ့တယ်..။ တစ်လျှောက်လုံး Samsung Android Phone သုံးလာခဲ့တဲ့သူက အခုတော့ Iphone ပြောင်းကိုင်ရပြန်ပါဦးမယ်...။ ဈေးတွေက Iphone 5s 16GB or Iphone 6 16 GB ဆိုရင် ဟန်းဆက်ဖိုးက မပေးရဘူး..။ ဒါပေမယ့် ၂ နှစ် Contract မှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းရောသုံးလို့ရပြီး တစ်လကို ယန်း ၇၀၀၀ လောက်ကျတယ်..။ မြန်မာငွေနဲ့ဆိုရင် ၇ သောင်းလောက်ပေါ့..။ တကယ်လို့ အဲဒီ ၂ နှစ်ကြားထဲမှာ Contract ကို Cancel လုပ်လိုက်မယ်ဆိုရင် Cancellation fees က ယန်းတစ်သောင်းပေးရမယ်တဲ့..။ ဖုန်းကတော့ unlock လုပ်မယ်ဆိုရင် နည်းနည်းတော့ ထပ်ပေးရလိမ့်မယ်ထင်တယ်..။

အခု ကျမ၀ယ်လိုက်တာက Iphone 6 128GB ၀ယ်လိုက်တာဆိုတော့ ဟန်းဆက်ဖိုးက အလကားမဟုတ်ပြန်ဘူး..။ တစ်လကို ယန်း ၉၉၀ ပေးရတယ်ဆိုတော့ လိုင်းဖိုးနဲ့ အင်တာနက်ဖိုးနဲ့ဆိုရင် တစ်လကို ယန်း ၈၀၀၀ ကျော် ပေးရတယ်...။ ဒါပေမယ့်လည်း Iphone တွေက External memory ထည့်မရတော့ ကောင်းကောင်းသုံးလို့ရအောင် 128 GB ပဲ တစ်ခါတည်း ၀ယ်လိုက်တာ..။ မဟုတ်ရင် 16 GB က App တွေ အများကြီးလည်း ထည့်လို့မရသလို photo တွေ အများကြီးလည်း မဆန့်ဘူးလေ..။ ဖုန်းပြောခက အချင်းချင်းဆိုရင် မနက် ၁ နာရီကနေ ည ၉ နာရီထိ Free။ အခြားဖုန်းတွေကိုဆိုရင်တော့ တစ်မိနစ်ကို ယန်း ၄၀ လောက်ပေးရတယ်။ ဒါပေမယ့် ဒီမှာ ကျောင်းတက်နေတဲ့ မြန်မာတွေအားလုံး ဖုန်းက ကုမ္ပဏီတစ်ခုတည်းက လုပ်ထားတာဆိုတော့ တနေကုန် Free call and free msg ဆိုတော့ အဆင်ပြေပါတယ်..။ အခြားဖုန်းကို အရေးတကြီးဆက်ချင်ရင် Lab မှာ လိုင်းဖုန်းတစ်လုံးရှိတော့ အဲဒါကိုသုံးလို့ရတယ်တဲ့..။ အင်တာနက်ကလည်း unlimited ပါ..။ 


ညနေ ၄ နာရီလောက်ပြန်ရောက်ကတည်းက Apple ID လုပ်တာ Apk တွေသွင်းတာနဲ့ အလုပ်တွေကို ရှုပ်လို့.။ ညစာတောင် မချက်ဘဲ ခေါက်ဆွဲပြုတ်စားပြီး တစ်ချိန်လုံး ထိုင်ကလိ၊ သုံးသမျှ Account တွေကို အကုန်ပြန်ဝင်ရနဲ့ ရှုပ်နေတာပဲ ..။ အရောင်လေးက ရွှေရောင်လေး..။ ဖုန်းနံပါတ်က နောက်ဆုံးဂဏန်း ၄ လုံးကို ကိုယ်ကြိုက်တဲ့ ဂဏန်းရွေးချင်တယ်ဆိုရင် ယန်း ၃၀၀ ပေးရမယ်လို့ ဆိုင်ကပြောတယ်..။ အင် တော်ပါပြီလို့ .. ကိုယ့်ဂဏန်းက သူများတွေမှတ်ရတာ၊ ကိုယ်မှတ်ရမှာမှ မဟုတ်တာ..။ ပိုက်ဆံအကုန်ခံပြီး မရွေးတော့ဘူး၊ ကံအတိုင်းပဲ ကျတဲ့ ဂဏန်းပဲ ယူမယ်ဆိုပြီး ယူလိုက်တာ နောက်ဆုံးဂဏန်း ၄ လုံးစလုံးက 1111 ဖြစ်နေတယ်.. တိုက်တိုက်ဆိုင်ဆိုင် ၀ယ်တဲ့နေ့စွဲကလည်း ၁၁ လ ပိုင်း ၁ ရက် ..။ အခု ဒီပို့စ်ကို စရေးတဲ့အချိန်တောင်မှ ည ၁၁း၁၁ နာရီဖြစ်နေသေး..။ ဟီးးဟီးး ပျော်စရာကြီး..။ ဂဏန်း ၁ တွေချည်းပဲ ^_^

အရင် ၂ နှစ်ကျော်ကျော်လောက် သုံးလာတဲ့ Samsung Galaxy S2 လေးကို ဘေးဖယ်ပြီး ဖုန်းအသစ်လေး ပြောင်းကိုင်ရတော့မယ် .။ အဲဒီ S2 က ဂျာမနီမှာကတည်းက ၀ယ်သုံးတာ..။ သုံးရတာအဆင်ပြေလို့ မြန်မာနိုင်ငံပြန်ရောက်တော့လည်း အသစ်မ၀ယ်ဘဲ အဲဒါလေးပဲ သုံးနေတာ...။ အခုတော့ ခွဲရတော့မယ်လေ ..T_T
 My Pink Family

အသစ်ဝယ်လာတဲ့ဖုန်းနဲ့ စမ်းရိုက်ကြည့်ပြီး ကလိနေတာ..။ အဲဒီ B612 ဆိုတဲ့ Selfie apk လေးက တော်တော်မိုက်တယ်..။ ပေတီးပေစုပ်ရုပ်တောင်မှ လှလှလေးထွက်လာသတဲ့ ...။ Apple ကို Samsung နဲ့ရိုက်၊ Samsung ကို Apple နဲ့ရိုက်နဲ့ အားလုံးကို ရှုပ်နေတာပဲ >_<


+++++++++++

ဒီလောက်ပါပဲ ...။ ဖုန်းကလိရတာ မျက်လုံးတွေလည်း ညောင်း၊ ဇက်ကျောတွေလဲတက်၊ ည ၁၂ နာရီလည်းကျော်ပြီဆိုတော့ အိပ်လည်းအိပ်ချင်လာပြီ ....။ နောက်ရက်တွေလည်း ရောက်တတ်ရာရာတွေ ဆက်ရေးပါဦးမယ်...။ Internet Connection က ကိုယ့်ဘက်မှာ ရှိသွားပြီလေ :D :D

Friday, 31 October 2014

♥Challenged ♥October ♥Romance

October 31, 2014 3 Comments


အောက်တိုဘာ နောက်ဆုံးပတ်ထဲမှာ ခရီးသွားစရာ တစ်ခုရှိနေခဲ့တယ်..။ အချိန်တော်တော်ကြာမယ့် ခရီးဆိုပါတော့ ...။ အဲဒီအတွက် လိုအပ်တာတွေ ပြင်ဆင်နေရတာတွေနဲ့ တစ်လလုံး မနားခဲ့ရပါဘူး..။ ပင်ပန်းလွန်းပြီး ဖျားတောင် ဖျားခဲ့ပါသေးတယ်..။

သွားမှာက ရန်ကုန်ကနေ တဆင့်သွားမှာ ..။ တကယ်က မောင်က ရန်ကုန်မှာနေပြီး ကျမက နယ်မှာ နေတဲ့ သူ..။ မောင် ဆိုတာက ကျမချစ်သူကို ခေါ်တဲ့ နာမ်စားပေါ့ ♥♥ ကျမတို့  ၂ ယောက် ချစ်သူဖြစ်စကတော့ သူက “ကို” လို့ ခေါ်ဖို့ပြောတယ်..။ ဒါပေမယ့် ကျမက “မောင်” လို့ ခေါ်တာကို ပိုသဘောကျလို့ အမြဲတမ်း မောင်လို့ ခေါ်ဖြစ်ပါတယ်...။ နောက်တော့ မောင်လဲ ကျမနဲ့ စကားပြောရင် သူ့ကိုယ်သူ မောင်လို့ပဲ သုံးတော့တယ်..။ 

ကျမတို့လား....?? တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေပေါ့..။ ဒါပေမယ့် ကံတရားက အခုထိ နီးစပ်ခွင့်မပေးသေးဘဲ ဝေးနေကြဆဲပါပဲ ...။ တစ်ယောက်နဲ့တစ်ယောက် မိုင်ပေါင်းများစွာ အဝေးကြီးမှာ နေထိုင်ရပ်တည်ကြရင်း ကိုယ်စီဘဝတွေအတွက် ကြိုးစားရုန်းကန်နေကြဆဲ ..။ နားလည်မှုအပြည့်ပါတဲ့ အချစ်တစ်ခုကို ၂ နှစ်ကျော်ကျော်တည်ဆောက်အပြီးမှာတော့ ယုံကြည်မှုက တစ်ဆင့်တိုးလာတဲ့အခါ “မောင်” က ကျမချစ်သူပါလို့ တစ်လောကလုံးကို ကြေငြာဖို့ ကျမမှာ သတ္တိအပြည့်ရှိလာခဲ့ပါပြီ ...။ နောက်တိုက်ဆိုင်တာတစ်ခုက မောင်နဲ့ကျမနဲ့က မောင်နှမလို့ ထင်ရလောက်အောင် ရုပ်ချင်းအရမ်းဆင်ကြပါတယ်... ^)^ ^(^

ဟိုးးးအရင်အချိန်ကာလတွေတုန်းကတော့ ကျမဆိုတာ ချစ်သူမရှိဘဲ တစ်ယောက်တည်းသီးသန့်နေတယ်လို့ လူတိုင်းထင်ရလောက်အောင် ကျမက ချစ်သူကို လူတွေရှေ့ဘယ်တော့မှ ချမပြခဲ့ပါဘူး....။ လူကိုယုံကြည်လို့ ရပေမယ့် ကိုယ်စီမံဖို့မဖြစ်နိုင်တဲ့ လောကဓံတရားကို ကျမကြောက်တယ်လေ...။ မတော်တဆ မောင်နဲ့ ဝေးသွားခဲ့ရင် ပြောဆိုဝေဖန်လာမယ့် ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကို ရင်မဆိုင်ချင်တဲ့အခါ လူတွေရှေ့မှာ မောင့်အကြောင်း တစ်လုံးမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေ လာခဲ့ပါတယ်...။ အဲဒီအချိန်တွေကြားထဲမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ မတူညီတာတွေကို ညှိနှိုင်းအဆင်ပြေဖို့ ကြိုးစားလိုက်နဲ့ပဲ မောင်နဲ့အတူတူ တစ်ဘ၀လုံးလက်တွဲသွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်..။ ဘာကြောင့်လဲဆိုရင် ကျမကို သိတဲ့သူတချို့သိပြီးဖြစ်တဲ့အတိုင်း ကျမရဲ့ ပညာရေးက အဆုံးမသတ်သေးဘဲ ဆက်ကြိုးစားနေဦးမှာ ဆိုတော့ မောင့်ဘက်က မိသားစုတစ်ခုကို အမြန်အကောင်အထည်ဖော်ချင်ပြီဖြစ်တဲ့အခါ သဘောထား ကွဲလွဲတာတွေ ဖြစ်ခဲ့ကြပါသေးတယ်...။ ခုတော့လည်း အဲဒီလို သဘောထားမတူညီတာတွေ ပြီးဆုံးသွားလို့ အချိန်ကာလတစ်ခုကို သတ်မှတ်နိုင်ခဲ့ပါပြီ ...။ အဲဒီအချိန်ကာလအတွင်း ဖြစ်ပျက်မယ့်အရာတွေကတော့ ကျမတို့ လိုက်မမီနိုင်တဲ့ ကံတရားကလွဲရင် နှစ်ယောက်စလုံးမှာ သစ္စာတရားကို လက်ကိုင်ထားလို့ ကိုယ်စီရပ်တည်မှုကို အခြေကျဖို့ တည်တည်ငြိမ်ငြိမ်ကြိုးစားနေရုံပါပဲ ...။ 

ခရီးသွားဖို့ ယူသွားဖို့ ပစ္စည်းတွေက သွားခါနီး တစ်ပတ်လောက်အထိ ဘာမှမပြင်ဆင်ခဲ့ရသေးပါဘူး...။ အဖေရယ် အမေရယ်နဲ့ အတူ တစ်ရက်တော့ သယ်သွားမယ့် အစားအသောက်တွေ အတွက် ဈေးဝယ်ထွက်ဖြစ်ခဲ့တာကလွဲလို့ပေါ့..။ အဲဒါကြောင့် ကျမလိုအပ်တာတွေ ပြင်ဆင်ပေးဖို့အတွက် သွားခါနီး ၃ ရက်လောက်အလိုမှာ မောင်ရောက်လာခဲ့ပါတယ်...။ သယ်သွားမယ့် Luggage တွေထဲမှာ အ၀တ်အစားတွေကို ကျမဘာသာထည့်ပြီး အစားအသောက်တွေကိုတော့ မောင်က သေချာထည့်ပေး ပါတယ်...။ ထပ်ပြီး လိုမယ့်ပစ္စည်းတွေ သူကိုယ်တိုင်လိုက်ဝယ်တယ်..။ ပစ္စည်းတွေကို သေချာထုပ်ပိုးပြီး သူကိုယ်တိုင်ထည့်ပေးတယ်...။ သေချာတာက မောင်က ကျမထက် စနစ်တကျရှိတယ်..။ ကျမဆိုရင် ဖြစ်သလိုထုပ်ပိုးပြီး ထည့်ချင်သလိုထည့်မှာဖြစ်ပေမယ့် မောင်က သေချာ အစီအစဉ်တကျ ပြင်ဆင်ပေးခဲ့တယ်...။ ကျမကတော့ ဘေးနားကနေပဲ မောင် ပြင်ဆင်ပေးတာကို နည်းနည်းပါးပါးကူပေးပြီး အေးအေးသက်သာပဲ နေနေခဲ့တယ်..။ ခရီးဝေးသွားမှာဆိုတော့ ကျမ ပင်ပန်းလို့ မဖြစ်ဘူးလေ..။

နောက်တော့ အဖေရယ်အမေရယ် အဒေါ်ရယ်နဲ့ အတူ မောင်ရယ် ကျမရယ် ရန်ကုန်ကို ထွက်လာဖြစ်တယ်...။ မသွားခင် တစ်ရက်မှာ မောင်က ကျမစားချင်တဲ့ မြန်မာအစားအစာတွေ အကုန်လိုက်ဝယ်ကျွေးတယ်..။ ရန်ကုန်မြို့ထဲမှာ နေရာအနှံ့လျှောက်သွားရင်း စားချင်တာတွေ လျှောက်စား တယ်..။ အိမ်ပြန်ခါနီးမှ ညစာစားဖို့ ဆိုင်ထဲအ၀င် ကျမ ခြေခေါက်လဲပါလေရော..။ အရင်က တစ်ခါလဲဖူးတုန်းက ၂ ရက်လောက် လမ်းမလျှောက်နိုင်ပဲ ဖြစ်ခဲ့ဖူးတော့ ၂ ယောက်လုံး တော်တော်စိတ်ပူ သွားတယ်..။ မောင်က ချက်ချင်းဆေးဝယ်ပြီး ဆိုင်ထဲမှာ ကျမခြေထောက်ကို ဆေးလိမ်းပေးတော့ ပူထူနေတာနဲ့ ၂ ယောက်လုံး ပတ်ဝန်းကျင်ကို သတိမထားမိဘူး..။ ပြီးမှ ဘေးကိုကြည့်လိုက်တော့ ကျမခြေထောက်ကိုကိုင်ပြီး ဆေးလိမ်းပေးနေတဲ့ မောင့်ကို ဆိုင်ထဲက တခြားသူတွေက ထူးဆန်းသလို ကြည့်နေကြတယ်လေ...။ ထားပါတော့ ... ဒါက ဖျတ်ကနဲ ကြော်ငြာဝင်တာ :D

ညအိပ်တော့ အမေက ဆေးလိမ်းပေးပြီး ခြေထောက်ကို ကျပ်စည်းပေးတယ်...။ အဖေရော အမေရော အဒေါ်ရောက နောက်တစ်ရက် ခရီးသွားရင် ကျမခြေထောက် ထောက်နိုင်ပါ့မလားလို့ စိုးရိမ်တကြီးနဲ့ပေါ့ ..။ မောင်ကလည်း စိုးရိမ်ပြီး သက်သာရဲ့လားလို့ ခဏခဏဖုန်းဆက်မေးတယ်..။ ကံကောင်းစွာနဲ့ပဲ မနက်ရောက်တော့ ကျမ ခြေထောက်တော်တော်သက်သာသွားခဲ့တယ်..။ အမေနဲ့ မောင့်ရဲ့ ဂရုတစိုက်ဆေးလိမ်းပေးမှုကြောင့် ဖြစ်မှာပေါ့ ^^

သွားမယ့်နေကျတော့ လေဆိပ်မှာ မိသားစုတွေရော၊ မောင်ရော လိုက်ပို့တယ်..။ မောင်က Visitor card ၀ယ်ပြီး အတွင်းထဲထိ အိတ်တွေလိုက်သယ်ပေးတယ်...။ Boarding pass ထုတ်ပြီး အပေါ်ထပ်ထိလည်း မောင်လိုက်လို့ရတယ်လေ...။ Immigration ကိုဖြတ်ပြီး Gate ထိ မောင်လိုက်ပို့ တယ်...။ Gate မှာ Security check အတွက် ကျမ တန်းစီနေတဲ့အခါ အတွင်းထဲ ၀င်ခါနီးထိ မောင်က ဘေးနားမှာ နေပေးခဲ့ပြီး အောက်ကို ပြန်ဆင်းသွားတယ်...။ တဖြည်းဖြည်းဝေးသွားတဲ့ မောင့်ကျောပြင်ကိုကြည့်ရင်း အလွမ်းတွေက ချက်ချင်း အသက်ဝင်လာကာ အဲဒီအလွမ်းတွေနဲ့ နှစ်တော်တော်ကြာ အဖော်ပြုရဦးမှာပါလားလို့ တွေးမိရင်း မျက်ရည်တော့ မကျမိခဲ့ပါဘူး..။ ခွဲခွာခြင်းက အကြိမ်ရေများလာတဲ့အခါ မျက်ရည်ဆိုတာ ကျမအတွက် မလိုအပ်တော့တာ ကြာခဲ့ပြီလေ...။ ဆက်သွယ်ရတာ လွယ်ကူနေတဲ့ ခေတ်ကြီးထဲမှာ အနေဝေးရင်သွေးအေးသွားလိမ့်မယ် ဆိုတဲ့ ဆိုရိုးစကားက ဟိုးရှေးရှေးမှာ ကျန်ခဲ့ပြီကိုးးး...။
+++++++++++

အခုလားးးး.....
ကျမချစ်တဲ့ မိသားစုရယ်၊ မောင်ရယ်နဲ့ အဝေးကြီးက နိုင်ငံတစ်ခုရဲ့ မြို့တစ်မြို့မှာ luggage ထဲက မောင်ကိုယ်တိုင်ထည့်ပေးလိုက်တဲ့ အစားအသောက်တွေကို နေရာချထားနေရင်း အလွမ်းတွေကို စာစီမိတယ်ဆိုပါတော့ ...။



ချယ်ရီတွေ မပွင့်သေးပေမယ့် အရောင်တွေစုံလာတော့မယ့် ဆောင်းဦးကာလရဲ့ ကြည်နူးစရာမြင်ကွင်းတွေအကြား ... ကျမကတော့ ဘယ်နေရာရောက်ရောက် ပျော်နေတာပါပဲလေ...။ သေချာတာက နောက်သုံးနှစ်အကြာမှာ ကျမလွမ်းနေရဦးမယ့် သက်မဲ့အရာတွေထဲ မြို့ကလေးတစ်မြို့ ထပ်တိုးလာဦးမယ်ဆိုပါတော့ ...။



Actually, this post is personally dedicated to my beloved fiancé <3

++++++++++++
မြတ်ကြည်ရဲ့ Challenge post တစ်ခုဖြစ်တဲ့ October favorites ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျမရဲ့ အနှစ်သက်ဆုံးက ဘာလဲဆိုတာ ခန့်မှန်းမိလောက်ပါရဲ့ ....။

Saturday, 18 October 2014

#Saturday #Something #Small

October 18, 2014 3 Comments


ရေးနေဆဲ ပို့စ်တွေ ၄ ခုလောက်ရှိနေပေမယ့် ဘာတစ်ခုမှ အဆုံးမသတ်ဖြစ်သေးပါဘူး..။ အဲဒီထဲမှာ ရေးပြီးလုဆဲဆဲ ပို့စ်တစ်ခုက စာရေးဆရာတစ်ယောက်ကို ဝေဖန်ရေးဖြစ်နေတယ်..။ စာမျက်နှာ ၃ မျက်နှာလောက်ရိုက်ပြီး ရေးပြီးမှ သူများအကြောင်းရေးထားတဲ့ ပို့စ်ကို Blog မှာ မတင်ချင်တော့လို့ ဒီအတိုင်းပဲ ထားလိုက်တော့တယ်..။ ကိုယ်တိုင်ကလဲ အမှားကင်းတဲ့ ပြီးပြည့်စုံတဲ့သူမှ မဟုတ်တာလေနော်...။ အမြည်းပြောပြရရင်တော့ ထိပ်ဆုံးမှာတွေ့ကြမယ့် စာရေးဆရာကြီးရဲ့ စာပေဟောပြောပွဲတစ်ခုမှာ တွေ့မိတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းအမှားတချို့ကို ရေးထားမိတာ...။ အထူးသဖြင့် Noun နဲ့ verb မှားသုံးတာ၊ amazed vs Amazing လိုမျိုး အသုံးတွေကို လွဲသုံးတာ၊ တချို့ မရှိတဲ့စကားလုံးတွေကို ရေရွတ်တတ်တာ (ဥပမာ Complaint လို့ပြောချင်တာကို Complainment လို့ ရွတ်နေတာမျိုး) စသဖြင့် အတော်များများပါပဲ...။ ဒီလောက်နဲ့ တော်ပါပြီ..။
 Saturday Items #Latte #Sandwich #Pizza

ဒီနေ့စနေနေ့ဆိုတော့ ပို့စ်တစ်ခုမဟုတ်တစ်ခု တင်ဖို့ ဆုံးဖြတ်ထားပါတယ်..။ တကယ်က ပြီးခဲ့တဲ့ရက်တွေကတည်းက ရေးနေခဲ့ပေမယ့် ပြောခဲ့သလို ဘာတစ်ခုမှ အဆုံးမသတ်နိုင်လောက်အောင် အလုပ်တွေ ပိနေလို့လေ..။ ဒီနေ့တော့ ရေးနေဆဲ ပို့စ်တွေနဲ့ မဆိုင်တဲ့ ရောက်တတ်ရာရာ ရေးတာပါပဲ ..။ ကျမက သူများဆီက လက်ဆောင်ပေးပါ ဘာညာ တောင်းတတ်တဲ့သူမျိုးမဟုတ်ပါဘူး.။ ဒါပေမယ့် သူငယ်ချင်းတွေ နိုင်ငံခြားက ပြန်ရောက်လာရင် ပစ္စည်းသေးသေးလေးတွေ တစ်ခုမဟုတ်တစ်ခု အမြဲ လက်ဆောင်ပေးလေ့ရှိတယ်...။ တန်ဖိုးကြီးတဲ့ ပစ္စည်းကြီးကြီးမားမားတွေ လက်ဆောင်ယူဖို့ မကြိုက်တတ်တဲ့ ကျမအတွက် Handicraft  သေးသေးလေးတွေက ကျမမြတ်နိုးရတဲ့ လက်ဆောင်လေးတွေပေါ့...။ တခါတလေ နိုင်ငံခြားသားသူငယ်ချင်းတွေ သူတို့နိုင်ငံရဲ့ အမှတ်အသားလက်ဆောင်သေးသေးလေးတွေ ပေးလေ့ရှိတယ်...။


တိုက်ဆိုင်တာတစ်ခုက ကျမ ဘယ်နေရာပဲသွားသွား ကူညီမယ့်သူတွေ၊ လက်ဆောင်ပေးမယ့်သူတွေ ရှိနေတတ်တာ အတိတ်ကံကြောင့်လို့ပဲ ဆိုရမလားပဲ ...။ ဘယ်နေရာပဲရောက်ပါစေ ကူညီမယ့်သူတွေ အဆင်သင့်ရှိနေတတ်သလို အမှတ်တရလက်ဆောင်လေးတွေ ပေးချင်ကြတာလည်း ကျမရဲ့ ဖော်ရွေတဲ့ စိတ်ရင်းကြောင့် ဖြစ်မယ်ထင်ပါတယ်..(မရင်းနှီးရင်သာ ကျမကို မာနကြီးတယ်၊ မျက်နှာထားတင်းတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းရင်းနှီးသွားကြပြီးရင် ခင်စရာကောင်းတယ်လို့ မှတ်ချက်ချတာ မျိုးတွေ ပြန်ကြားရတတ်ပါတယ်..။ ချွင်းချက်- ကျမကို ကြည့်မရသူတချို့လည်း ရှိရင်ရှိမှာပေါ့ :D)။ ဒါပေမယ့် တစ်ခါရေးခဲ့ဖူးသလို I don’t have time to hate people who hate me back because I am quite busy to love those who love and care me ပေါ့နော့...။

အရင်ကတော့ Blog မှာ post တွေတင်ရင် ရိုက်ပြီးသားဓါတ်ပုံတွေတွေထဲကပဲ သင့်လျော်ရာရွေးထည့် တတ်ပေမယ့် အခုတလောမှာ ပို့စ်တစ်ခုတင်မယ်ဆိုရင် တကူးတက ဓါတ်ပုံရိုက်ပြီး တင်ချင်တာ စိတ်ပါနေတယ်..။ ဒီနေ့လည်း အခန်းရှင်းရင်း ပစ္စည်းသေးသေးလေးတွေကို ပြန်တွေ့နေမိတာ နဲ့ တွေ့တဲ့ပစ္စည်းတချို့ကို ခင်းကျင်းပြီး ရိုက်နေမိပြန်တယ်....။ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ပါပွာနယူးဂူနီ၊ ကချင်၊ ဘရာဇီးလ်၊ မြန်မာ အစရှိတဲ့နေရာတွေကနေ လာတဲ့ လက်ဆောင်တချို့...။
 small items from Brazil, China, Myanmar, Thailand, Japan, Papua New Guinea

got it from Kachin <3

some packages from Korea

<3 My Beloved Puppy <3

♥♥ Well!!! See you later ♥♥

Follow Us @soratemplates