ဒီနေ့ ထိုအရပ်မှာရှိတဲ့
လူတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့တယ်..။ မတွေ့တာကြာနေတဲ့ ကာလအပိုင်းအခြား တစ်ခုကြားမှာ…
သူဘာတွေလုပ်နေခဲ့လဲ.. ဘယ်သွားနေခဲ့လဲ… ဘယ်သူတွေနဲ့ အတူရှိနေခဲ့သလဲ.. စသဖြင့်..စသဖြင့်..
မမေးစဖူးမေးခွန်းပေါင်းများစွာကို မေးရင်း… အမြဲတမ်းဖြောင့်နေတတ်တဲ့ စိတ်ကို ကောက်ဖြစ်ခဲ့တယ်….။
ဒါပေမယ့်..
သူ့ဆီက ကျမစိတ်မကောင်းဖြစ်စေမယ့် စကားတစ်ခွန်း ဖွင့်ပြောလာခဲ့တယ်…။ သူ့အဘွားဆုံးသွားတာ
မနေ့ကဆိုရင် ၈ ရက်ပြည့်ပြီးသွားခဲ့ပြီတဲ့..။ ကျမတစ်ကယ်ဝမ်းနည်းခဲ့ပါတယ်.. ဘာကြောင့်လဲဆိုရင်
အဘွားက ကျမရဲ့အဘွားအရင်းလိုပဲ ကျမကို သိပ်ချစ်ခဲ့တယ်…။ ကျမနဲ့အဘွားနဲ့စတွေ့ကြတာက လွန်ခဲ့တဲ့
၃ နှစ်ကျော်ကျော်လောက်က သူနဲ့မတွေ့ခင် တွေ့ခဲ့ကြတာ..။ အဲဒီတုန်းက သူမရဲ့အသက်က ၉၀ ကျော်ကာစရှိပြီး…
ကလေးစိတ်ပေါက်နေတဲ့ သူငယ်ပြန်ရောဂါရှိသူတစ်ယောက်ပါ..။
ကျမက ငယ်ငယ်ကတည်းက
အမေ့ရဲ့အမေဖြစ်တဲ့ ကျမအဘွားအရင်းရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ပြီး… အဲဒီအဘွားအရင်း
ဆုံးခဲ့တာက အခုဆိုရင် ၇ နှစ်လောက် ကြာ သွားခဲ့ပြီ..။ အဖေ့ဘက်က အဘွားကတော့ ကျမငယ်ငယ်ကတည်းက
ဆုံးသွားခဲ့တာ ဆိုတော့ သိပ်မမှတ်မိလိုက်ဘူး..။ ကျမအဘွားအရင်းဆုံးတဲ့ အချိန်တုန်းက အဘွားကို
အရမ်းချစ်ခဲ့ပေမယ့် မျက်ရည်မကျခဲ့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ အဘွားမသေခင် ကျမတို့မောင်နှမတွေ အားလုံးရော..
မိဘတွေရော အဒေါ်တွေရော အားရအောင် ပြုစု ခဲ့ကြရပြီး .. အဘွားက အေးအေးဆေးဆေး စိတ်ချမ်းချမ်းသာသာ
ဆုံးသွားခဲ့တယ်..။ အဲဒီအတွက် အားလုံးအဘွားအတွက် ကျေနပ်ခဲ့ကြပါတယ် … အဲဒီညတုန်းက အဘွားရဲ့ဘေးတစ်ဖက်မှာ
ကျမနဲ့အဖေက အိပ်နေခဲ့ကြပြီး တစ်ဖက်မှာက ကျမရဲ့မောင်လေးရယ် အဒေါ်ရယ်က အိပ်နေခဲ့ကြရာက
မနက်အစောကြီးမှာ.. အဒေါ်က အဘွားကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့တယ်..။ အဒေါ်က ၀မ်းနည်းနေတာကို
ငိုမချပဲနဲ့ တင်းခံပြီးတော့ အတွင်းထဲကနေ ကြိတ်ငိုနေတာကို ကျမက မသိခဲ့ပဲ အဘွားဆုံးနေတာကိုလည်း
မသိပဲ.. အိပ်နေတာကို ဘာလို့ထိုင်ကြည့်နေတာလဲဆိုပြီး စကားပြောလိုက်ရာက အဖေရော မောင်လေးရော
နိုးလာခဲ့ကြပြီး.. ကျမငယ်ငယ်ကတည်းက အရမ်းချစ်တဲ့ အဘွားကို အပြီးတိုင်ဆုံးရှုံးခဲ့ရတယ်..
.။ အဘွားဆုံးချိန်မှာ အသက်က ၈၄ နှစ်ရှိပြီး.. သတိလွတ်တာတွေ သူငယ်ပြန်တာတွေ ဘာမှမဖြစ်ခဲ့ဘူး…
။ မဆုံးခင် တစ်လလောက်အထိ ကျမကြိုက်တဲ့ ကန်ဇွန်းဥတွေပြုတ်ကျွေးခဲ့တုန်း.. ကောက်ညှင်းထုတ်လှလှလေးတွေ
လုပ်ကျွေးနေဆဲပါ..။ ဒီနေ့တော့ ချစ်သူရဲ့အဘွားဆုံးတယ်ဆိုတာကို သိလိုက်ရတော့ ၀မ်းနည်းတာရော..
ကျမရဲ့အဘွား ကို ပြန်သတိရ တာရော ပေါင်းပြီး မျက်ရည်ကျခဲ့မိတယ်..။
ချစ်သူကလည်း…
သူ့အဘွားရဲ့အချစ်ဆုံးမြေးအငယ်ဆုံးပါ..။ အဘွားက သူငယ်ပြန်နေလို့ တစ်ခြားမြေးတွေကို မမှတ်မိပေမယ့်
သူ့ကိုတော့ လူရော နာမည်ရော အသေအချာမှတ်မိတယ်..။ သူပြောတာကတော့ အဘိုးနဲ့ အရမ်းတူတဲ့သူ့ကို
အဘွားက ငယ်ငယ်ကတည်းက သိပ်ချစ်ခဲ့တာတဲ့.. အဲဒါကြောင့် တခြားသားသမီးတွေနဲ့ အတူမနေပဲ သူ့မိဘတွေ
ဘယ်ပြောင်းပြောင်း သူတို့နဲ့ပဲ လိုက်နေခဲ့တာ…။ တခါတလေ ကလေးတစ်ယောက် လို လျှောက်သွားတတ်တဲ့အဘွားကို
သူ့သားက အမြဲစောင့်ကြည့်နေရတယ်…။ တခြားသူတွေနဲ့ ဆိုရင်.. ကလေးတစ်ယောက်လို ရန်လိုနေတတ်တဲ့အဘွားက
ကျမကိုတော့ အရမ်းချစ်တယ်..။ သူ့မြေးကို ကပ်စေးနည်းတဲ့အဘွားက ကျမကခေါ်သွားမယ်လို့ စရင်
မခေါ်သွားနဲ့တဲ့. သမီးပဲ ဒီအိမ်ကိုလိုက်နေဆိုပြီး ပြန်ပြောလေ့ရှိလို့ .. အဘွားကသိပ်တော့
မသိရှာဘူးနော်လို့တောင် သူ့ကို စနောက်မိသေးတယ်..။ သူကတော့ကျမကိုပြောပါတယ်.. ဘယ်သူ့ကိုမှ
မယုံတဲ့အဘွားကို ဘာတွေကျွေးပြီးပေါင်းထားသလဲတဲ့ မြေးအရင်းထက်တောင် ကျမကိုပိုချစ်ပြနေတယ်ဆိုပြီး
ပြောလေ့ရှိတယ်..။
အဲဒီကတည်းက သူကအဝေးမှာ။..ကျမရယ်..ကျမမိသားစုရယ်.. သူ့မိသားစုရယ်ကတစ်မြို့တည်းမှာ….။
တခါတလေ အလုပ်ကိစ္စနဲ့တစ်ရက်လောက်ကမန်းကတန်းရောက်လာတတ်ပြီး… ဘယ်မှလည်း မသွားဖြစ်..ဘာမှလည်း
မပြောဖြစ်ပဲ အဘွားနဲ့ပဲ အချိန်တွေကုန်ပြီး သူပြန်ပြန်သွားခဲ့ရတယ်..။ ပြီးရင်တော့ ဖုန်းထဲကနေပဲ
..အဲတုန်းက ဘယ်ကိုသွားချင်တာ..ဘာညာသာရကာလျှောက်ပြောတတ်တယ်..။ ဒီနေ့ သူ့ကိုကြည့်ရတာ
ဝမ်းနည်းနေဆဲပဲ ရှိနေသေးတယ်…။ အဘွားဆုံးတာကို သူမသွားလိုက်ရဘူးတဲ့.. တာဝန်တွေက သူ့ပခုံးပေါ်မှာ
ရှိနေခဲ့တယ်လေ..။ ကျမကို မုန့်လေးတွေ လာလာပေးတတ်တဲ့.. ပြီးတော့ တရားခွေတွေကို တစ်မျိုးပြီးတစ်မျိုးဖွင့်ပြခိုင်းတတ်တဲ့
အဘွားက ကျမအဝေးရောက်နေတဲ့အချိန်မှာ ဆုံးသွားခဲ့တော့ ကျမလည်း သူနဲ့ထပ်တူဝမ်းနည်းခဲ့တယ်..။
မြေးနဲ့ အဘိုးအဘွားတွေကြားမှာရှိတဲ့ မေတ္တာသံယောဇဉ်ကို ကျမကကောင်းကောင်းသိနေခဲ့သူပဲလေ..။ မိဘတွေကတော့ သားသမီးတွေကို အမြင့်ကိုရောက်စေချင်လွန်းလို့ စာကြည့်ဖို့ အပေါင်းအသင်းမမှားဖို့.. စသဖြင့် ဂရုဏာဒေါသတွေနဲ့... ပြောဆိုနေတတ်ကြပေမယ့်... အဘိုးအဘွားတွေက မြေးတွေမျက်နှာညိုးမှာ... မပျော်မရွှင်ဖြစ်မှာကို ပူပန်နေတတ်သူများပါ..။ ငယ်ငယ်တုန်းက အဘိုးအဘွားတွေရဲ့ရင်ခွင်ထဲကြီးပြင်းခဲ့ကြပြီး သူတို့စေတနာမေတ္တာအပြည့်နဲ့ လုပ်ကျွေးတဲ့ ဗမာမုန့်တွေကိုစား..အိပ်ရာဝင်ပုံပြင်တွေကို နားထောင်နေခဲ့ကြ တဲ့ မြေးတွေက ကြီးပြင်းလာကြတော့ ပညာရေးတွေ ဘ၀ရှေ့ရေးတွေကိုပဲ ဦးစားပေးပြီး အဘိုးအဘွားတွေကို လျစ်လျူရှုသလိုဖြစ်တတ်ကြပါတယ်..။ မရှိတော့တဲ့အချိန်အခါရောက်ရင်.. တခြားအဘိုးအဘွားတွေကိုတွေ့ရင် ကိုယ့်ရဲ့အဘိုးအဘွားတွေကို ပြန်ပြောင်းသတိရပြီး ၀မ်းနည်းတတ်ကြတယ်..။ ကျမနဲ့ ကျမမောင်လေး ကတော့ ကျောင်းကနေပြန်ရောက်ရင် အဘွားဆီပဲ ပြေးသွားတတ်ကြတယ်.. အဘွားကိုစနောက်တယ်.. စကားတွေပြောကြပြီး အဘွားနဲ့ အချိန်တွေကို သေဆုံးချိန်ထိ ကုန်ဆုံးစေခဲ့လို့.. အဘွားဆုံးချိန်မှာ.. တာဝန်ကျေတဲ့မြေးတွေအဖြစ်နဲ့.. ကျမတို့နှစ်ယောက် မျက်ရည်မကျခဲ့ကြခြင်းပါ..။ အခုချစ်သူကတော့.. သူ့ရဲ့တာဝန်တွေရယ်.. အဘွားနဲ့အဝေးကြီးမှာရောက်နေခဲ့တာရယ်ကြောင့်... သူ့ကိုသူတာဝန်မကျေခဲ့ဘူးလို့ ခံစားမိပြီး ပိုဝမ်းနည်းနေပုံရတယ်....။
အဘွားကောင်းရာသုဂတိလားပါစေ.. အဘွားအတွက် ဆုတောင်းပေးပါတယ်..။
~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~
Photo credit- primoclipart.com
9 comments:
စနိုးရေ မမတို့လွဲချက်ကတော့ ဟီး ချစ်သူ အာဘွားဆိုလို့
ပြေးလာတာ အဘွားဖြစ်နေတယ် ကောင်းရော. ဟီး
မမလည်း အဖွားတစ်ယောက်ပဲ ရှိတော့တာ အရမ်းချစ်တယ်
မမကိုလည်းအရမ်းချစ်တယ်.. သတိရလိုက်တာ ဝေးနေတာ ၇နှစ်လောက်
ရှိပြီးး
ကျွန်တော့အဖွားဆုံးခဲ့တုန်းကလိုပဲ၊ ကိုယ်ချင်းစာမိပါတယ်ဗျာ၊
ညီမ ချစ်သူရဲ့အဘွား ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ်။
(ရင်ထဲက လာတဲ့ စာမလို့ထင်တယ်။ ဖတ်ရတာ ဆွေးဆွေးမြေ့မြေ့ရှိလိုက်တာ)
ခင်မင်စွာဖြင့်
မြတ်
လွမ်းလွမ်းဆွေးဆွေးလေးဖတ်သွားပါတယ် အဘွားကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ်
အဘိုးအဘွားတွေနဲ့ လက်ပွန်းတတီးမကြီးပြင်းခဲ့ရသူမို့ အဘိုးအဘွားတွေရဲ့ မေတ္တာကို ငတ်မွတ်တောင့်တနေခဲ့မိတယ်။
ခုလို အဘွားနဲ့မြေးကြားကချစ်ခြင်းမေတ္တာလေးကိုတွေ့မြင်ရတာ စိတ်လည်းမကောင်း၊ကြည်လည်းကြည်နူးမိရဲ့....။
စကားမစပ်...၊ပို့စ်ခေါင်းစဉ်ကို စမြင်တော့ ချစ်သူရဲ့အာဘွားလို့ ရှန်းပြီးဖတ်မိသဗျ....၊စိတ်ထဲ....ဟယ်...ဒီကောင်မ
လေးတော့လေ....လို့တောင်ထင်လိုက်မိသေး.....:)))))
ခင်မင်လျက်
ဦးလေး
ကျနော်လည်း ချစ်သူရဲ့ အာဘွားလို့ ဖတ်မိတာတကယ်....စိတ်မကောင်းပါဘူးနော...မှားဖတ်မိသလိုတကယ်ရပါစေလို့ 
ဆိုတောင်းပေးပါတယ်
စနိုးရေ ငါလည်း စိတ်မကောင်းပါဘူးဟာ....အဘွားလည်း ကောင်းရာသုဂတိလားပါစေနော်.....
ဒြီပိုစ့်လေးကို ဖတ်ရတော့.. ငယ်ငယ်က အိပ်ရာဝင်တိုင်း ပုံပြင်နှစ်ပုံအမြဲပြောပြတဲ့ ကြည်ဖြူ့ ဖွားဖွားကို လွမ်းသွားတယ် စနိုးရယ်.. စနိုးချစ်ရတဲ့ ဖွားဖွား ကောင်းရာသုဂတိလားပါစေရှင်..။
အသက်ကြီးလာလေလေ အဖွားတွေပြောခဲ့တဲ့စကားကိုအမှတ်ရလေလေပါပဲ
Post a Comment