အားလုံးပဲ မင်္ဂလာပါ … ဒီနေ့တော့ အကြွေးရှင်းစရာလေးတစ်ခုကို
အပြတ်ရှင်းမှဖြစ်တော့မယ် ..။ တစ်လောက မောင်လေးနွေလရဲ့ ဘလော့ဂ်လေး ရုတ်တရက်ပျောက်သွားတုန်း
… ဒီတဂ်ပို့စ်လေးဖြစ်လာတာပဲဆိုပါတော့ ..။ သူလာပြောကတည်းက ချက်ချင်းရေးပေးချင်ပေမယ့်
….အက်ဆေးရှည်ရှည်တွေရေးဖို့ မအားတာရယ် .. အရင်ကတည်းက ကျမရဲ့ Blog စတင်ခဲ့ပုံ..ဘာကြောင့်
ဖန်တီးဖြစ်ခဲ့ပုံစသဖြင့်ကို အချိန်ပေးပြီး သေသေချာချာလေးရေးဖို့ စိတ်ကူးရှိတာရယ်ကြောင့်
အခုမှရေးဖြစ်ခြင်းပါ..။
(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ
… ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
ကျမ ဂျာမနီကိုမရောက်ခင် မြန်မာနိုင်ငံမှာတုန်းက မြန်မာဘလော့ဂ်တွေ
တစ်ခါမှ မဖတ်ခဲ့ဖူးပါဘူး..။ အဲတုန်းက ဆိုင်မှာ သွားသုံးရတာလည်းပါသလို ကွန်နက်ရှင်ကြောင့်ပဲဖြစ်ဖြစ်
.. အင်တာနက်သုံးပြီဆိုရင် ကိုယ်လိုချင်တဲ့ Information ကို Google မှာရှာတယ်..။ ကူးလာပြီး
အိမ်ပြန်ရောက်မှ စာဖတ်ဖြစ်တယ် .။ အဲဒီလိုနဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ကျောင်းတက်ဖို့
ဒီကိုရောက်လာတယ် ..။ ရောက်ရောက်ချင်းလဲ မြန်မာဘလော့ဂ်တွေကို မဆက်စပ်မိဘူး …။သိပ်မသိတာကြောင့်လဲပါပါတယ်
..။ တစ်နေ့တော့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထဲမှာ
အတန်းထဲကကျောင်းသား အားလုံးအတွက် International Students Party တစ်ခုလုပ်မယ်..အဲဒီမှာ
အပြန်အလှန်ယဉ်ကျေးမှုဖလှယ်သလိုမျိုးဖြစ်အောင် ကိုယ့်နိုင်ငံရဲ့ အစားအစာတစ်မျိုးစီလုပ်ခဲ့ကြမယ်..
ဖြစ်နိုင်ရင် ရိုးရာဝတ်စုံဝတ်စေချင်တယ်ဆိုပြီး organizer က အားလုံး ကိုပြောလာတယ်..။
မြန်မာဝတ်စုံဝတ်ဖို့ ဆံပင်ကို မထုံးတတ်ဘူး ..ကျစ်ဆံမြီးလှလှလေးကျစ်သွားချင်တာကလည်း
တစ်ခါမှမလုပ် ဖူးတော့ မလုပ်တတ်..သူများတွေလို ကူပေးမယ့်သူလဲ ဘေးနားမှာမရှိ ..တစ်ယောက်တည်းဆိုတော့
အင်တာနက်ထဲမှာ ရှာလိုက်တာ တိုက်တိုက်ဆိုင်ဆိုင် “သနပ်ခါးမေ” ဆိုတဲ့ဘလော့ဂ်လေးမှာ ပုံနဲ့
သေချာရှင်းပြထားတာကို တွေ့လိုက်တယ် ..။
အဲဒီကနေ အစပြုပြီး မြန်မာဘလော့ဂါတွေရေးတဲ့ blog တွေကို စဖတ်ဖြစ်တာပဲ
..။ သတင်းဘလော့ဂ်တွေကလွဲရင် ရသစာတွေ ကိုယ်ပိုင်ခံစားမှုလေးတွေရေးတဲ့ ဘလော့ဂ်တွေကို လည်ဖြစ်တာများတယ်..။ သတင်းတွေက Facebook မှာမြန်မာသတင်းဌာနတိုင်းလိုလိုကို subscribe လုပ်ထားတော့ အဲမှာက သတင်းဖတ်ဖြစ်တယ်။ နောက်တော့ ကိုယ်တိုင်စာရေးချင်လာတယ်..။ ကျောင်းတုန်းကလဲ မတောက်တခေါက် ဟိုမရောက်ဒီမရောက်လျှောက်ရေးတတ်တယ်လေ..။
နောက်ပိုင်းမှာ စာတွေနဲ့ မအားတာနဲ့ပဲ စာရေးချင်စိတ်ကို ခဏမေ့ထားခဲ့ရပြီး ကျောင်းပိတ်ရက်ရောက်တဲ့
၂၀၁၂ ခုနှစ် မတ်လ ၃ ရက်နေ့မှာဒီ Blog ကို စတင်ပြီး ဖန်တီးခဲ့ပါတယ်…။ ကိုယ်တိုင်ပဲ အစကနေအဆုံး
ဖန်တီးခဲ့ပါတယ် …။
အဲဒီအချိန်တုန်းက ဆောင်းရာသီကုန်အပြီး နှင်းတွေကျပြီးခါစ ..နှင်းတောထဲမှာ
နေ့တိုင်းဖြတ်ပြီးကျောင်းကို သွားတက်ခဲ့ရတဲ့ ခက်ခဲတဲ့နေ့တွေကို ကျော်ဖြတ်ပြီးခါစ
..ဒါပေမယ့် နှင်းဖြူဖြူတွေမြင်ရင် ချစ်တယ် ပျော်တယ်.. အဲဒါနဲ့ ဒီဘလော့ဂ်နာမည်ကို
Sweety Snow ဆိုပြီးပေးခဲ့တယ်..။ တကယ့်သဘာဝနှင်းတွေရဲ့ ချစ်စရာကောင်းတာကိုရည်ညွှန်းချင်ခဲ့တာပါ
…။ ကလောင်နာမည်တွေဘာတွေလဲ သိပ်မစဉ်းစားချင်ဘူး..ပြီးတော့ အမည်ရင်းလဲ မသုံးချင်တာနဲ့
ဒီနာမည်ကိုပဲ သုံးခဲ့တယ် ..။
အခုတော့ ဒီနေ့ပဲ ကျမချစ်တဲ့နာမည်တစ်ခု ပြောင်းလိုက်တယ်..။ ကျမက သဘာဝအစိမ်းရောင်ကို
ချစ်တယ်.. အထူးသဖြင့်…. သစ်ပင်တွေရဲ့ အစိမ်းရောင်ကို အရမ်းချစ်တယ်.. ရိုးရိုးကာလာအစိမ်းကိုချစ်တာမျိုးမဟုတ်ဘူး…
သစ်ပင်စိမ်းတွေနဲ့ အစိမ်းရောင် ကမ္ဘာကြီးအဖြစ်ပဲ မြင်ချင်တယ် .. အဲလိုဖြစ်အောင်လည်း
တတ်နိုင်သလောက်တော့ တစ်ထောင့်တစ်နေရာကနေ ကြိုးစားနေတဲ့သူဆိုတော့ Blog title ကို MY
GREEN LIFE ဆိုပြီး ပြောင်းလိုက်ပါပြီ…။
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ
?
ရည်ရွယ်ချက်က စာရေးချင်တာ.. စာရေးလေ့ကျင့်ချင်တာမျိုးပါ..။
ဒီအတိုင်းဆို ဘယ်လိုမှမရေးဖြစ်ဘူးလေ..။ ပြီးတော့ Facebook မှာ ကိုယ့်အကောင့်ထဲမှာ စာရေးတာမျိုးမလုပ်ချင်ဘူး
..။ သီးသန့် site တစ်ခုမှာပဲ စာသီးသန့်ပဲရေးချင်တယ်..။ စစချင်းတုန်းကတော့ ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့်
အက်ဆေးပုံစံတွေရေးဖြစ်တယ် …။ တောင်ရောက်မြောက်ရောက် ပဲ..စစချင်းဆိုတော့.။ နောက်ပိုင်းမှာ
ကျောင်းပြန်ဖွင့်လာတော့ သိပ်အချိန်မပေးရတော့တဲ့ ကဗျာတွေပိုအရေးများလာခဲ့တယ်..။ အလုပ်ရှုပ်နေရင်
ကဗျာရေးရတာ ပိုမြန်သလိုပဲ..။ စိတ်ထွက်ပေါက်တစ်ခုလိုပဲဖြစ်ဖြစ် .. အပျော်ပဲဖြစ်ဖြစ်
ကျမအတွက် ကဗျာရေးရတာ အချိန်သိပ်မပေးရဘူး..။ အဲလိုနဲ့ပဲ ကဗျာလောက်ပဲရေးနေခဲ့တာ တော်တော်ကြာသွားတော့
ကဗျာဘလော့ဂ်လို့တောင် မှတ်ရမလို ဖြစ်နေပြီ.။ အခုတော့ မနေ့ကပဲ စာမေးပွဲပြီးသွားလို့
ကျောင်းတစ်လလောက်ပိတ်တော့ အက်ဆေးပုံစံမျိုးတွေ ရေးဖြစ်လာဦးမှာပါ ..။
(၃) သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ…ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ဒီအတွက်တော့ ရည်မှန်းထားတာဆိုတာက ကျမစာရေးရရင်တော်ပြီ..။
ဘာမှရည်မှန်းမထားပါဘူး..။ စာဖတ်သူတွေအများကြီးလာဖတ်အောင် ဘယ်လိုမျိုးလေးတွေရေးမယ် ဘာညာလည်း
စိတ်မကူးထားဘူး..။ ရေးချင်တာကို ရေးချင်တဲ့အချိန်မှာ ချရေးမယ် ..ဖတ်ရတာကောင်းတဲ့အခါရှိသလို မကောင်းတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်.။ ကျမရေးတဲ့စာတွေကို
blogger အချင်းချင်းအပြန်အလှန်အားပေးတာရှိတယ်.. စာဖတ်သူတစ်ချို့ရှိရင်ရှိမယ် … ရသတစ်မျိုးမျိုးပေါ့
.. အဲလိုမျိုးတော့ ခံစားရမယ်ထင်တယ်.. ။ မြတ်နိုးတန်ဖိုးထားတာကတော့
အထူးပြောစရာတောင်မလိုတော့ပါဘူး..။ ကိုယ်ဖန်တီးထားတဲ့ စာမျက်နှာလေး တစ်ခုကို ကလေးလေးတစ်ယောက်ကို
ချစ်သလိုချစ်တယ်..။ သူ့အတွက် အကောင်းဆုံးတွေပဲ ဖန်တီးပေးချင်တယ် ..သူကနေ အခြားသူတွေအတွက်
အပန်းဖြေစရာစာလာဖတ်တာပဲဖြစ်ဖြစ်.. တစ်ချို့အတွက် ကျမဖန်တီးလိုက်တာ တစ်ချို့ က
ခံစားချက်ချင်းတူလို့ သဘောကျနှစ်သက်သွားကြရင်ပဲဖြစ်ဖြစ် တစ်စုံတစ်ခုတော့ ရသွားတယ်ဆိုရင်
တစ်ကယ်ကျေနပ်နေမှာပါ..။
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား
?
မပျောက်ခဲ့ဖူးပါဘူး..။ အခုအချိန်ထိတော့ သူကကျမရဲ့နေ့စဉ်ဘ၀မှာ
အချိန်ပြည့်နီးပါး ပါဝင်နေပါတယ်..။ စာရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ ခဏခဏဖွင့်ကြည့်တယ်..။ ပျောက်များပျောက်သွားခဲ့ရင်တော့
အတော်ဝမ်းနည်းမိမှာပဲ..။ ကိုယ့်လက်နဲ့ ကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ အရာတစ်ခုကို
လက်လွတ်ဆုံးရှုံးသွားသလိုမျိုးဖြစ်သွားမှာကိုး..။
ရေးတော့ရေးလိုက်တာပဲ.. တော်တော်များသွားခဲ့ပြီ ..။ အားလုံးကို ကျေးဇူးတင်ပါတယ် ...။ ပျော်ရွှင်ပါစေ :))
အစက ဓါတ်ပုံတင်ထားသေးတယ်.. အခုပြန်ဖြုတ်လိုက်တာပါ ...။ ဘာမှတော့မဟုတ်ပါဘူး.. ဘလော့ဂ်မှာ ကိုယ့်ပုံကို တင်ရမှာရှက်တတ်လို့ပါ :D
အစက ဓါတ်ပုံတင်ထားသေးတယ်.. အခုပြန်ဖြုတ်လိုက်တာပါ ...။ ဘာမှတော့မဟုတ်ပါဘူး.. ဘလော့ဂ်မှာ ကိုယ့်ပုံကို တင်ရမှာရှက်တတ်လို့ပါ :D
12 comments:
အရင်ဆုံး Comment ပေးပြီဗျို့ အရမ်းကောင်းပါတယ် သဘာဝကျတယ် ;D
တဂ်ပို့စ်ကိုသေချာဖတ်သွားတယ်အမစနိုး..
စနိုးရေ လည်လည်လာပြီး ဘလော့အကြောင်းကို ဖတ်သွားတယ် ရှည်ကြီးပဲ :P
ဂျာမနီမှာ လန်းနေတဲ့ မမတစ်ယောက်ကိုလဲ တွေ့သွားပါကြောင်း :P
အော်..ရယ်..ဟိဟိ တော်တော်ရှည်သွားတယ်ထင်တယ်.. လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဒီစာရှည်ကြီး ဘယ်တူမှပြီးအောင်ဖတ်ချင်မှာမဟုတ်ဘူး ;'(
စနိုးရဲ့ဘလော့သက်တမ်းက မကြာသေးပေမယ့် ဝါရင့်တစ်ယောက်လို အရေးအသားလေးတွေ ကောင်းတယ် ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ် စနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တဂ်ပို့ စ်လေးအားပေးသွားပါတယ်.အစ်မရေ..
အောက်မှာ တင်ပေးထားတဲ့ ပုံက မမရဲ့ပုံလား
ကျွန်တော် မြင်ချင်နေတာ ကြာပြီ
လူတစ်ယောက်ရဲ့မျက်နှာက
သူ ရေးသားတဲ့ စာတွေအပေါ်
သက်ရောက်မှုရှိတယ် ထင်လို့ပါ
စာတွေဖတ်ပြီး နားလည်မှုလွဲစရာလေးတွေ
ရှိလာတယ် ဆိုပါတော့ ...
စာရေးသူရဲ့မျက်နှာကို မြင်ယောင်ပြီး
သူ ဒီလို ဆိုလိုတာ မဟုတ်ဘူးလို့
တွေးတောလို့ရတဲ့အတွက်ကြောင့်ပါ
>> ကျွန်တော့်အမြင် <<
ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့စာကို
ဖတ်ပြီဆိုရင် အဲ့ဒီလူရဲ့မျက်နှာကို
အရင်ဆုံးမြင်ချင်တာပဲ
ရေးပေးတာ အရမ်းကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေဗျာ
အရမ်းကောင်းတဲ့ တဂ်ပိုစ့်လေးတစ်ခုပါ ပဲ မမစနိုးရေ
တဂ်ပိုစ့်လေးကိုအားပေးသွားပါတယ်
မမစနိုးရဲ့ ဓာတ်ပုံနဲ့ မမစနိုးရဲ့ အကြောင်းလေးတွေကိုသိခွင့်ရတဲ့အတွက်ကျေးဇူးပါ
မမစနိုးကို တစ်ခုပြောမလို့ ^_^
အဲနားသွားမရပ်နဲ့ သည်ဘက်နည်းနည်းတိုးလာ အဲလူနှစ်ယောက် ကသိုင်းခတ်နေတာ မမစနိုးကို ထိမိလိမ့်မယ် ဟဲ (စတာနော် )
ခင်တဲ့ (အိမ်မက်ကောင်းကင်)
တဂ်ပိုစ့်လေးကိုအားပေးသွားပါတယ်နော်အမ
ဆံပင်လေးလုပ်ထားတာ လှတယ်။
နွေလရဲ့တဂ်ပိုစ့်လေးကိုလဲဖတ်သွားပါတယ်။
တဂ်ပို့စ့်လေးဖတ်ရင်ရောက်ခဲ့ပါတယ်စနိုးရေ
စာတွေအများကြီးရေးနိုင်ပါစေ..
ဒီ ဒီဇိုင်းလေးလန်းတယ်။ My Green Life လို့ပြောင်းသွားတာ ဖေ့ဘုတ်မှာ သတိထားမိတာ။ ဘာစာတွေပဲရေးရေးအားပေးနေပါတယ်။
Post a Comment