#Review #2014
Phyu Lwin
December 22, 2014
3 Comments
ဒီနေ့ဆိုရင် ဒီဇင်ဘာ ၂၂ ရက်ရောက်ပြီဆိုတော့
၂၀၁၄ အတွက် ဖြတ်သန်းရမယ့်ရက်တွေက သိပ်မကျန်တော့ပါဘူး ...။ မနက်ဖြန် ၂၃ ရက်က ဂျပန်မှာ
ပိတ်ရက် The Emperor’s Birthday လို့ ပြောပါတယ်..။ တကယ်က ဒီပို့စ်ကို ၂၀၁၅ ထဲရောက်မှ
၂၀၁၅ အတွက် အိပ်မက်တွေနဲ့အတူ ရေးဖို့ ဟိုးအရင်ကတည်းက စိတ်ကူးထားခဲ့တာ ..။ ဒါပေမယ့်
အသူက tag တာကြောင့်ရော၊ မနက်ဖြန်ကျောင်းပိတ်ရက်မို့ ဒီနေ့ညတော့ ဘာစာမှမလုပ်ဘဲ အေးအေးဆေးဆေး
စာရေးပြီး နားချင်တာကြောင့်ရော ရေးဖြစ်သွားတာပါ ...။ ၂၀၁၅ အတွက် အိပ်မက်တွေကတော့ သေသေချာချာ
မဆုံးဖြတ်ရသေးလို့ နောက်မှ ပို့စ်တစ်ပုဒ် သတ်သတ်ရေးပါတော့မယ် ..။
တစ်နှစ်ဆိုတဲ့ကာလဟာ သွားရင်းလာရင်း၊
နေရင်းထိုင်ရင်းနဲ့ပဲ ကုန်ဆုံးသွားခဲ့ပြန်တယ်..။ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က မြန်မာပြည်အလယ်ပိုင်းမကျတကျနေရာမှာရှိတဲ့
အိမ်လေးတစ်အိမ်ရဲ့ အခန်းကျဉ်းတစ်ခုတည်းမှာ ကွန်ပျူတာတစ်လုံးထက် စာလုံးတွေ စီနေခဲ့တယ်...။
စိတ်ကူးထဲမှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့အတူ
၂၀၁၄ မှာ ဖြစ်ချင်တဲ့အရာတွေကို blog မှာ တင်ဖြစ်ခဲ့တယ်..။ နှစ်ကုန်ပိုင်းရောက်လာရင်
အဲဒီရည်ရွယ်ထားခဲ့တဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖြစ်မဖြစ်ဆိုတာ အဲဒီပို့စ်နဲ့အတူ ပြန်တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုပြီး
စိတ်ကူးထားခဲ့တယ်..။။ ပို့စ်ရဲ့အမည်ကို Dreams လို့ပေးခဲ့ပြီး ခင်တဲ့ Blogger အချို့ကို
Tag post အနေနဲ့ ဖိတ်ခေါ်ခဲ့ပါသေးတယ်..။ အဲဒါကြောင့် အခု review 2014 ကိုရေးတော့ အဲဒီပို့စ်ကို
ပြန်ဖွင့်ပြီး တစ်ခုချင်းစီကို ပြန်ရေးမှာပါ..။
++++++++++++++++++
ယေဘူယျအားဖြင့် ၂၀၁၄ က မျှော်လင့်ထားတာထက်
ကျမကို ပျော်ရွှင်မှုတွေ ပေးခဲ့တယ်..။ ဘ၀နဲ့ယှဉ်တဲ့ အပြောင်းအလဲကြီးကြီးမားမား ၃ ခု ကြုံခဲ့ရတယ်....။
ပထမတစ်ခုက စိန်ခေါ်မှုတွေပြည့်နေတဲ့ လုပ်ငန်းခွင် တစ်ခုကိုပြောင်းတာ၊ ဒုတိယတစ်ခုက ကျမရဲ့
phd အတွက် စကောလားရှစ်ရတာ၊ နောက်တစ်ခုကတော့ အချစ်ရေးပဲဆိုပါတော့ ...။
ပညာရေးနဲ့ပတ်သက်ရင် ကျမရည်မှန်းတာတွေ
အားလုံးအကောင်အထည်ဖော်နိုင်ခဲ့တယ်...။ မယုံကြည်နိုင်လောက်အောင်ပဲ ဒီလောက်မြန်မယ်လို့
မထင်ပေမယ့် ကျမပထမဆုံးလျှောက်တဲ့ Scholarship ကို ချက်ချင်းရခဲ့တယ်..။ ထင်ခဲ့တာက အနည်းဆုံး
၃ ကြိမ်လောက်ထိတော့ ကြိုးစားရမယ် ထင်ခဲ့တာ..။ အဲဒါကြောင့် ဂျာမနီကနေတောင် MSc
certificate နဲ့ Transcript တွေအတွက် true copy တွေကို ၅ စုံ တောင်းလာခဲ့တာ...။ အများဆုံး ၅ ခု လောက်လျှောက်ဖြစ်ရင်
ကံကောင်းရင်တော့ တစ်ခုလောက်တော့ ရမှာပါလို့ တွေးခဲ့တယ်လေ..။ ၅ ခါ လျှောက်လို့မှ မရရင်တော့
ကိုယ်ညံ့လို့လို့ သတ်မှတ်ပြီး ထပ်လျှောက်ဖြစ်မှာ မဟုတ်တော့ပါဘူး..။ အဓိကဘာသာကလည်း
rural development နဲ့ ပတ်သက်တာ လုပ်မှာပါ ..။ အဲဒါကြောင့် field survey အတွက် ပြန်ဖြစ်ရင်
ရွာတွေဘက် အများဆုံး သွားဖြစ်မှာ...။ ရောက်တဲ့နိုင်ငံကလည်း ဟိုးအရင်ကတည်းက ကျမ ပညာသင်ချင်တဲ့နိုင်ငံ ပဲ
ဖြစ်နေပါတယ်....။ ဒီနိုင်ငံမှာ ကျောင်းတက်ရဖို့ MSc အတွက်တုန်းက နှစ်ကြိမ် ကြိုးစားခဲ့ဖူးတယ်..။
ဒါပေမယ့် နှစ်ကြိမ်စလုံး Scholarship အတွက် short-list မှာပဲပါခဲ့ပြီး နောက်ဆုံးအဆင့်မှာ
ကျန်နေခဲ့ရတာ ...။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ရောက်လာပြီပဲလေ..။ Europe က ဘွဲ့ရလာတာဆိုပြီး
အခုအချိန်ရောက်တော့ ဂျပန် ဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေကြားထဲမှာ Impression တောင် ကောင်းနေခဲ့ပါသေးတယ်..။
မိသားစုထဲမှာလည်း ကျမက ပံ့ပိုးပေးတာမဟုတ်ပေမယ့်
မောင်လေးလည်း သင့်တော်တဲ့အလုပ်တစ်ခု ရသွားပါပြီ..။ သူ့ကို ကျောင်းတက်ဖို့ ဒီကိုခေါ်ချင်ပေမယ့်
သူရဲ့ first degree က အဆင့်တွေ က အောင်ရုံလေးပဲဆိုတော့ အဆင်မပြေလောက်ဘူး ဖြစ်နေပြန်ရော..။
သူကလည်း စာလုပ်ရမှာ ဝါသနာ မပါတာနဲ့ဆိုတော့ အတော်ဖြစ်နေတာပေါ့ ..။ တခါတလေစဉ်းစားမိတာက
ပညာရေးဘက်လိုက်စားတယ် ဆိုတာလည်း ဝါသနာတစ်ခုပဲဖြစ်မှာလို့..။ ဝါသနာမပါတဲ့သူအတွက်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု
ထမ်းထားရ သလိုမျိုးပေမယ့် ဝါသနာပါတဲ့သူအတွက်တော့ ပျော်စရာအလုပ်တစ်ခုပါ..။ တစ်ခုလောက်
သတင်းပေး ချင်တာက ဂျပန်က Master course က ဂျာမနီလောက် မခက်ခဲဘူးဆိုတာပါပဲ ...။
အလုပ်အကိုင်မှာလည်း ၂၀၁၄
အတွင်းမှာ ပိုပြီးတော့ အောင်မြင်တဲ့ဘက်ကို ရောက်လာတယ်..။ ငွေလည်း စုဖြစ်လာတယ်..။ လူမှုရေးကတော့
၂၀၁၄ အတွင်း ချစ်တဲ့ခင်တဲ့သူတွေ ပိုတိုးလာသလို မုန်းတဲ့သူတွေတော့ ပိုတိုးမလာလောက်ဘူး
ထင်ပါရဲ့ ...။ ကျမကို ခပ်တည်တည်နေတတ်လို့ အမြင်ကတ် ကြည့်မရသူတချို့လည်း ရှိရင်ရှိမှာလေ...။
ဘာကြောင့်လဲဆိုရင် မလိုအပ်ဘဲနဲ့ အပိုစကားတွေ မပြောချင်လို့ ...။ စိတ်ထဲကမပါတဲ့ ပါးစပ်ဖျားက
စကားလုံးတွေမထွက်ချင်လို့ တော်ရုံဆို စကားသိပ်မပြောဖြစ်ဘူး..။ စိတ်ထဲကလာတဲ့ စကားလောက်ပဲ
ပြောဖြစ်တယ်..။ အဲဒီလိုဆိုတော့ လူမှုရေးကတော့ ထူးထူးခြားခြား တိုးတက်မလာဘူးထင်တယ်...။
ဒါပေမယ့်လည်း ၂၀၁၄ အတွင်းမှာ ခင်တဲ့သူတွေဆီက လက်ဆောင်တွေ တော်တော်များများရတယ်..။ ကျမက
မတောင်းဆိုပဲနဲ့ မတွေ့တာကြာလို့ သတိရလို့ ဘာညာနဲ့ သူငယ်ချင်းတွေ၊ စီနီယာတွေဆီက လက်ဆောင်တွေ
ပေးလာတာကို အရင်နှစ်တွေကထက် ပိုရခဲ့တယ်...။ ကူညီတဲ့သူတွေလည်း အများကြီး တွေ့ခဲ့ရတဲ့နှစ်ပါ..။
ဘာသာရေးက ၂၀၁၄ မှာ ဘုရားရှိခိုး၊
မေတ္တာပို့၊ ဆွမ်းရေချမ်းကပ်တာကို နေ့တိုင်းမပျက်မကွက် လုပ်ဖြစ်တယ်..။ အလှူတွေလဲ တော်တော်လုပ်ဖြစ်တယ်..။
ချစ်သူနဲ့ အတူတူ အလှူတော်တော်များများ လုပ်ဖြစ်တယ်...။
ဝါသနာဖြစ်တဲ့ စာရေးခြင်းမှာလည်း
တိုးတက်မှုရှိလာတယ်..။ ၂၀၁၄ ခုနှစ်အတွင်းမှာပဲ ဒီ Blog မှာ ကျမရေးတဲ့ပို့စ်တချို့ကို
အယ်ဒီတာအစ်မတစ်ယောက်က သူ့ဂျာနယ်မှာ ထည့်ပေးတယ်လေ..။ အဲဒီတော့ ပရင့်ဖြစ်စေချင်တဲ့ ကျမအိပ်မက်တစိတ်တပိုင်း
ပြည့်သွားခဲ့တာပေါ့ ...။ Blog မှာတော့ ပို့စ် ၅၀ လောက် ရေးဖြစ်အောင် ကြိုးစားမယ်ဆိုပေမယ့်
မရေးဖြစ်ခဲ့ပါဘူး...။ ပြီးတော့ ကျမရေးချင်တဲ့ပုံစံမျိုးတွေ သိပ်မရေးဖြစ်ခဲ့ဘူး ...။
အချိန်မပေးနိုင်တာကြောင့် ပါပါတယ်..။ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ Diary post တွေပဲ အများဆုံးရေးဖြစ်ခဲ့တယ်...။
+++++++++++++++
တစ်ခုထပ်ဖြည့်ပြောရရင် ၂၀၁၄
က ဘာကြောင့် ကျမဖြစ်ချင်တဲ့အရာတွေအားလုံးလိုလိုကို ဖြည့်ဆည်းပေး ခဲ့လဲဆိုတာ အံ့သြစရာ
တိုက်ဆိုင်မှုတစ်ခုပါ..။ ဂျာမနီမှာတုန်းက ကျောင်းက Conference တစ်ခု အတွက် တောင်အာဖရိကကို
သွားဖြစ်ခဲ့တယ်..။ အဲဒီနောက် ကမ္ဘာ့တိုက်ကြီးတွေအားလုံး ကို ရောက်ဖူးချင်တဲ့ကျမက အာရှရယ်၊
ဥရောပရယ်၊ အာဖရိကတိုက်တွေကို ရောက်ဖူးသွား ခဲ့ပြီးပြီဆိုတော့ နောက် Target တစ်ခုက တောင်အမေရိကတိုက်
ဒါမှမဟုတ် လက်တင်အမေရိက ကို ရောက်ဖူးချင်တဲ့စိတ် ပြင်းပြနေခဲ့ဖူးတယ်..။ ဘာကြောင့် နီးနီးနားနား
Australia ကို သွားချင်တဲ့စိတ် မဖြစ်ခဲ့သလဲတော့ မသိပါဘူး..။ ကံတရားက နောက်တစ်ခါ ရောက်ဖြစ်မယ့်နိုင်ငံက
Brazil ဆိုတာ ကြိုသိနေခဲ့လေသလားပဲ ..။ တိုက်ဆိုင်စွာပဲ အလုပ်ကိစ္စနဲ့ပဲ ၂၀၁၄ သြဂုတ်လမှာ
Brazil ကို ၂ ပတ်သွားဖြစ် ခဲ့တယ်..။ အရမ်းကို သွားချင်နေခဲ့တဲ့နေရာမို့ အကြောင်းတိုက်ဆိုင်ပြီး သွားခဲ့ရတဲ့အခါ တကယ်ကို ပျော်ရွှင်ခဲ့ရတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဓါတ်ပုံတွေအများကြီး ရိုက်ဖြစ်ခဲ့ပြီး ဒီမှာ တင်မယ်တင်မယ်နဲ့
ပို့စ်မရေးဖြစ်ခဲ့ဘူး..။ လေယာဉ်က ၄ ဆင့်ပြောင်းစီးခဲ့ရပြီး လမ်းမှာတင် အသွား ၂ ရက် အပြန် ၂ ရက်ကြာခဲ့တဲ့ ခရီးတစ်ခုပါ..။ မြန်မာပြည်နဲ့ လည်း
နေ့နဲ့ည အချိန်တွေက လွဲပါတယ်..။ အဲဒီခရီးကို သွားပြီးတဲ့နောက်မှာ တော်ရုံလေယာဉ်ကြာကြာ စီးရတာကို
ခဏလေးလို့ပဲ ထင်မိတဲ့အထိ ဘ၀မှာ အကြာဆုံးသွားခဲ့ဖူးတဲ့ ခရီးတစ်ခုပါ..။
ဒီပုံက Brazil နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကြာပန်းပါ...။ အရွက်တွေက မြန်မာပြည်မှာတွေ့ရတဲ့ ဇကောတစ်ခုထက်ကို အများကြီးကြီးပါတယ်။ လူတစ်ယောက်ထိုင်မယ်ဆိုရင် လွတ်လွတ်လပ်လပ်ထိုင်လို့ ရလောက်တဲ့အထိကို အရွက်တွေက ကြီးတာပါ..။ ကျမဘဝမှာတော့ ဒီလို ကြာပင်ကို ပထမဆုံးမြင်ဖူးခြင်းပါပဲ ..။ နောက်မှ ရေးချင်စိတ်ပေါ်လာတဲ့အခါ Brazil နိုင်ငံရဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို ရေးပါဦးမယ် (:P ရေးစရာ အကြွေးတွေလည်း များနေပြီ :P )
+++++++++++++++++++++++++
ခြုံပြောရရင် ၂၀၁၄ က ကျမအတွက်
ကံအကောင်းဆုံးနှစ်တွေထဲက တစ်နှစ်ပါ..။ အလုပ်ခွင်ထဲမှာ ပင်ပန်း စိတ်ရှုပ်ရတာကလွဲရင် စိတ်ညစ်စရာ၊
စိတ်မကောင်းစရာဆိုတာ မရှိသလောက် ရှားပါးတဲ့ နှစ်တစ်နှစ်ပါ ..။ ကျန်းမာရေးမှာလည်း ဘာမှဆိုးဆိုးရွားရွားမဖြစ်ခဲ့ပါဘူး...။
မြန်မာပြည်က ဖုန်မှုန့်တွေနဲ့ မတည့်လို့ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာလောက်သာ ဖြစ်ခဲ့ပါတယ်..။
ဖြစ်နိုင်ရင်တော့ အကောင်းဆုံးမဟုတ်တောင် ၂၀၁၅ က ၂၀၁၄ လောက်သာ ကျမအပေါ်မှာ ကောင်းဖို့
မျှော်လင့်မိပါတယ်။






