Monday, 3 September 2012

# My Own Feelings

Such a Person ~~~



မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် … ဘ၀ဆိုတာရိုးရိုးလေးပါလို့တွေးတယ်..။ ရိုးရိုးစင်းစင်းပဲဖြတ်သန်း တယ် ..။
မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် …။ ကျောင်းစာကလွဲရင် အင်္ဂလိပ်စာကလွဲရင် အချိန်မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗဟုသုတရမယ့်စာတွေ သိပ်ဖတ်လေ့မရှိခဲ့ဘူး ..။ မေးလိုက်ရင် သိသယောင်ယောင် နဲ့ ဘာကိုမှ တိတိကျကျပြန်မဖြေတတ်ခဲ့ဘူး …။
မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် ….။ နိုင်ငံခြားပညာသင်ဆုတွေ တစ်ခုပြီးတစ်ခု လျှောက်ခဲ့ဖူးတယ် …။ တစ်ချိန်လုံးအဲဒီအကြောင်းပဲ တွေးနေခဲ့ဖူးတယ် ..။ တစ်ချိန်လုံးပညာဆက်သင်ဖို့ ပဲ တွေးနေခဲ့ဖူးတယ်.. ။ 

တစ်ကယ်တော့  သူမသည် ..လည်မလိုလိုနှင့်အသည်  … တစ်ချို့နေရာတွေမှာတော့ အမလိုလိုနှင့် လည်နေပြန်သည် …။ မိုးရွာထဲလမ်းလျှောက်လျှင် ….. မိန်းကလေးမဆန်စွာ … ဆတ်တောက်တောက်လျှောက်တတ်သော သူမရဲ့ ကျောပြင်သည် …. မလှမပစွာ ရွှံ့စက်တွေနှင့် အကျည်းတန်နေတတ်သည် …။ စကားပြောလျှင် …. စကားလုံးများကို လှပစွာမဖွဲ့နွဲ့တတ်သလို …. ချွဲနွဲ့စွာ … ကွေ့ဝိုက်စွာမပြောတတ်သော သူမကို သူငယ်ချင်းတစ်ယောက်ယောက်က အပြောကောင်းသည် ဟု ဝေဖန်သောအခါ ဘာမှပြန်မပြောတတ်သော သူမ ရယ်နေတတ်ပြန်သည် …။ နယ်မြို့တစ်ခုမှာ မွေးဖွားသော .. တောသူမကျတကျ သူမသည် … ရန်ကုန်လိုမြို့ကြီးမှာ လိုင်းကားတိုးစီးရမှာ ကြောက်တတ်သလို ..တစ်ယောက်တည်း Taxi စီးရမှာ ကြောက်တတ်သူလည်း ဖြစ်ပြန်သည် ..။ တောင်တန်းကြီးများကို ချစ်တတ်သော သူမအတွက် … အစိမ်းရောင်သစ်ပင်တွေနဲ့ တောင်တန်းတွေအဖြစ်ပဲမြင်ချင်သူတစ်ယောက်ဖြစ်သလို … အ၀ါရောင်တောင်တန်းများ ကိုမြင်နေရသည်ကို …. ၀မ်းနည်းနေတတ်သူလည်းဖြစ်ပြန်ပါသည် …။
သူမသည် လမ်းလျှောက်မြန်သူတစ်ယောက် .. တောင်တက်ရသည်ကို နှစ်ခြိုက်သူတစ်ယောက် … အလှမပြင်တတ်သော်လည်း .. မိန်းကလေးပီပီလှချင်သူတစ်ယောက် …။

တစ်ခါတစ်ရံတွင် ရဲရင့်သတ္တိရှိသယောင် … ဆတ်ဆတ်ထိမခံ စွာတေးလန်တစ်ယောက်ဖြစ် တခါတရံတွင် .ယုန်သူငယ်တစ်ကောင်လို ကြောက်ရွံ့တတ်သူတစ်ယောက်လည်း ဖြစ်သည်..။ စာတွေကဗျာတွေ မတောက်တခေါက်ရေးတတ်သော သူမသည် ပြောလိုက်သည့်စကားလုံးတစ်ချို့မှာ ၀တ္ထုတွေ၊ ကဗျာတွေထဲကလို စကားလုံးမျိုးတွေဖြစ်သွားလေ့ရှိသောအခါ အခြားသူများအတွက် ရယ်စရာဖြစ်သွားတတ်သော သူတစ်ယောက်…။ ဘ၀ရိုက်ခတ်မှုကို ကြီးကြီးမားမားမခံစားဖူးသော သူမအတွက် အခြားသူများနှင့် နှိုင်းယှဉ်လျှင် မရင့်ကျက်သော မိန်းကလေးတစ်ယောက် …။ ဘ၀အတွေ့အကြုံအများကြီးမရှိသောကြောင့် ရေးချင်သလို ချရေးတတ်သော စာများသည် ကလေးသာသာ ရယ်စရာဖြစ်သွားတတ်သော်လည်း စာရေးသည့်အရည်အသွေးတိုးတက်မလာသော် လည်း ယခုအချိန်ထိ ရေးချင်ရာ ရေးနေသော သူတစ်ယောက် …။ ရင့်ကျက်သည့် အတွေးအခေါ် .အရေးအသားတွေကို ဖော်ပြနိုင်ခြင်းမရှိသေးသော မိန်းကလေးတစ်ယောက် …။


လူတွေအကြောင်း..လောကအကြောင်းကို ကောင်းကောင်းမနှံ့စပ်သေးသော်လည်း သိအောင်လုပ်ဖို့ မကြိုးစားသောသူတစ်ယောက် …။ ရေးလိုက်သော စာများအတွက် တစ်စုံတစ်ခုတော့ ပေးချင်သော်လည်း အပျင်းပြေဖတ်ချင်စရာပင်မကောင်းလောက်အောင် ရိုးအီနေသော အရေးအသားများ.. တစ်ခါတစ်ရံ အပ်ကြောင်းထပ်နေသော အရေးအသားများကိုသာ ဖန်တီးနေသော သူတစ်ယောက် …။ 
 ကော်ဖီကြိုက်တတ်သူတစ်ယောက် ၊ သစ်ပင်ချစ်တတ်သူတစ်ယောက် ၊ ဘာမှမထူးခြားသော သူတစ်ယောက် ..။ ညအချိန်ကော်ဖီသောက်လျှင် အိပ်မပျော်မှာ သိသိနှင့် သောက်လေ့ရှိသောသူတစ်ယောက် .......။
ဒီညလည်း သကြားမထည့်သော ကော်ဖီတစ်ခွက်ကြောင့် ည ၁၂ နာရီကျော်ထိ မအိပ်သေးပဲ ရေးချင်ရာရေးနေသော သူတစ်ယောက် ၊ စိတ်ကူးတည့်ရာလျှောက်ရေးပြီး ကိုယ်ရေးတာ ပြန်ဖတ်ရတာကို ရှက်တတ်သော သူတစ်ယောက် ...။ ရေးချင်သည့်အကြောင်းအရာများက တစ်မျိုး.ရေးတာတွေကတစ်ခြား ... ဖြစ်ဖြစ်သွားတတ်သော သူတစ်ယောက် ...။ သေချာတာက ကျမကြိုးစားနေပါတယ် ... ။ တစ်ဖြည်းဖြည်းနဲ့ အတွေးရဲသလို အရေးရဲသူတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ် ....။

---------------------------------------
ရေးချင်ရာရေးမိပါတယ် ..... ။ အပျော်သက်သက်ပါ ..... :)

18 comments:

ချစ်စံအိမ် said...

ရေးချင်တာရေးလိုက်တာ တော်တော်စုံသွားတယ်..
ဂုဏ်ပုဒ်တွေကလည်းများလိုက်တာ..
စာတွေများများရေးပါ ညီမရေ အားပေးနေပါမယ်..

မိုးသူ(တောင်ကြီး) said...

အရမ်းမိုက်တယ်

ကောင်းတာတွေရောဆိုးတာတွေရော

ဂုဏ်ပုဒ်အမျိုးမျိုးလှစ်ဟသွားတာ

ဖတ်လို့ ကောင်းလိုက်တာ

မင်းမုန်းတဲ့သူ said...

ပို့စ်တွေမျှော်နေပါတယ်အမ......စာတွေများများရေးပါဦး.....

mstint said...

မိန်းကလေးတစ်ယောက် အကြောင်းလေး ဖတ်ရတာ စိတ်ဝင်စားစရာပါ စနိုးရေ။ အားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

3rdthameetaw said...

ရေးချင်ရာရေးရတော့ ကောင်းတာပေါ့

လွင်ပြင်လှိုင်းငယ် said...

စနိုးရေ အမြဲအားပေးနေတယ်နော် ။

အိပ်မက်ကောင်းကင် said...

သည်လိုရေးချင်တာရေး ထားတော့ လည်း ဖတ်လို့ကောင်းသား ။ သဘာဝရှုခင်းအလှကို ခံစားရသလိုပေါ့ .^_^
အားပေးသွားတယ်နော်
ပျော်ရွှင်နိုင်ပါစေ

လရိပ်အိမ် said...

ရေးချင်ရာရေးတော့ ဖတ်ချင်တာတွေဖတ်သွားတာပေါ့။း)

Angelhlaing(May everybody be happy and healthy! said...

တောင်တန်းကြိးတွေ အရောင်းပြောင်းတဲ့ အခါ...ဆိုတဲ့ ပုံလေးတွေ့တော့ ဆရာမဂျုးရဲ့ စာလေးတောင် သတိရသွားတယ် စနိုးရေ...:)))

Phyu Lwin said...

ဟုတ်တယ် အစ်မ ..ဆရာမဂျူးရဲ့ စကားလုံးကိုကြိုက်လို့ အဲဒီစကားလုံးကို အမြဲတမ်းသုံးဖြစ်နေတာ. ဆရာမရေးတာဆိုရင် အားလုံးကို ကြိုက်တာချည်းပါပဲ :)

Yoemyaykya said...

ဟာမမကလည်း ဂျူးခရေဇီလား။
ရေးချင်ရာရေးလဲအားပေးနေတယ်ဗျို့။

Candy said...

ဖတ်သွားတယ် မမရေ...
ရေးပုံလေး မိုက်၏

မိုးနတ်ကြယ်စင် said...

ရေးချင်ရာလေးတွေ ရေးသွားပေမဲ့...ခံစားရတာကျတော့
တမျိုးလေးပဲ ..ဖတ်လို့ကောင်းတယ်မမရေ....
အားပေးသွားတယ်နော်

မင်းအရိပ် said...

အပျော်သက်သက် ရေးချင်သလို ရေးလိုက်တာ ဆိုပေမယ့် essay တစ်ပုဒ်လို ဖြစ်သွားတာပဲနော်
အားပေးသွားပါတယ်

မြတ်နိုးသူ said...

အားပေးလျက်ပါအမဖတ်လို့လဲအရမ်းကောင်းပါတယ်

စံပယ်ချို said...

တောင်တန်းကြီးတွေအရောင်ပြောင်းသွားလဲ
မဂျီးဂျက်မပြောင်းဘူးနော်

အလွမ်းမြို့ said...

ညီမလေးရေ
လာရောက်အားပေးသွားတယ်။
ရေးချင်သလိုရေပေမဲ့ ဖတ်သူအတွက်တော့
တစ်ခုခု အသိရသွားတာပေါ့..
အားပေးနေမယ်


ခင်တဲ့
မကြီးလွမ်း

Anonymous said...

အရမ်းကောင်းပါတယ်ဗျာ

Follow Us @soratemplates