" လှမ်းလာခဲ့ပါချစ်သူ ......... အကောင်းဆုံးမဟုတ်ပေမယ့်
ငါကိုယ်တိုင်ခင်းထားတဲ့လမ်း .....
နင်ခပ်ကြမ်းကြမ်းနင်းလျှောက်ရဲမယ်ထင်ပါတယ်
..တခါတလေ ခဲတွေ ချိုင့်တွေ ခလုတ်တိုက်မိမယ်
တခါတလေ သဲမှုန်၊
ဖုန်မှုန့်တွေ မျက်လုံးထဲ အခန့်မသင့် ၀င်ရင်ဝင်နိုင်တယ် .. တခါတလေတော့ ဆူးညောင့်ခလုတ်နည်းနည်းပါးပါး
တွေ့ရင် တွေ့ရမယ် … ဒါပေမယ့် ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်နေပါတယ် …"
ကောင်လေးရဲ့ပြောစကား
…. ဖြောင့်ဖြူးပြည့်စုံတဲ့လမ်းတစ်ခုမဖြစ်သေးပေမယ့် ကောင်မလေးအပေါ်မှာ ထားရှိတဲ့ သူရဲ့အချစ်တွေကြောင့်
ဒီလမ်းကို သူအကောင်းဆုံးဖြစ်အောင် ဆက်လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ..။ စကားလုံးတွေမှာ
ချစ်ခြင်းအပြည့်.. ယုံကြည်မှုအပြည့်ရှိနေတာ ကို ကောင်မလေးက အလိုလိုခံစားမိနေတယ် ..။
" လမ်းတစ်ခုက
အရာအားလုံးပြီးပြည့်စုံမှုမှ မရှိသေးတာ.. ဒီအချိန်မှာ ငါတို့နှစ်ယောက်စလုံး နင်းလျှောက် လိုက်ရင်
ဘယ်လိုမှ ရှေ့ဆက်တိုးလို့ရမှာမဟုတ်ဘူး …။ လျှောက်ရင်း ပျက်ရင်း ပြင်ရင်းနဲ့ ပဲ နေရာတစ်ခုမှာပဲ
ရပ်တန့်နေမှာ…အကောင်းဆုံးဖြစ်လာဖို့အတွက် အချိန်တွေအများကြီး လိုဦးမှာဖြစ်သ လို နှစ်ယောက်စလုံး
နင်းလျှောက်လိုက်တဲ့လမ်းတစ်ခုက ဖြောင့်ဖြူးသာယာဖို့ ပိုဝေးသွားလိမ့်မယ် ။ အဲဒီတော့
နင့်လမ်းကို အကောင်းဆုံးဖြစ်အောင် အရင်တည်ဆောက်လိုက်ပါဦး …။ ငါလဲ တစ်ဘက်ကနေ လမ်းတစ်ခုကို
တတ်နိုင်သလောက် တည်ဆောက်လာခဲ့ပြီး တစ်ချိန်ချိန်မှာ အကောင်းဆုံးလမ်းနှစ်ခု ဆုံဆည်းပြီး
ငါတို့နှစ်ယောက် ရဲရဲဝင့်ဝင့် နင်းလျှောက်ရဲနိုင်လာလိမ့်မယ်..။ အချိန်တစ်ခုတော့ လိုလိမ့်မယ်
.. ။ အဲဒီကာလတစ်ခုကို သည်းခံစောင့်ဆိုင်းပြီး ကြိုးစားတည်ဆောက်လိုက်ရင် ခိုင်မာဖြောင့်ဖြူးတဲ့လမ်းတစ်ခုကို
ငါတို့နှစ်ယောက်ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်....."
ကောင်မလေးရဲ့
စဉ်းစဉ်းစားစားလေးလေးနက်နက်နဲ့ ယုတ္တိရှိရှိပြောလိုက်တဲ့ စကားလုံးတွေပြီးတဲ့နောက်
….. တွေးတွေးဆဆ နဲ့ ကောင်လေးလည်း သဘောတူလက်ခံခဲ့တယ် …..။ ဒီလမ်းကို အကောင်းဆုံး အသာယာအလှပဆုံးဖြစ်အောင်
ဖန်တီးမယ် …. တစ်ချိန်ချိန်ရောက်ရင် ဖြောင့်ဖြူးသာယာတဲ့လမ်းထက် မှာ ချစ်သူနှစ်ဦး ရွှေလက်တွဲလို့ပေါ့
…။ စိတ်ကူးနဲ့တင် ပျော်စရာကောင်းလှတဲ့ဘ၀တစ်ခု ချက်ချင်းရောက် လာ သလို နှစ်ယောက်စလုံးမှာ
… လမ်းလေးအတွက် အိမ်မက်ကိုယ်စီနဲ့ … မျှော်လင့်ချက်တွေ ပွေ့ပိုက်လို့ …။
တစ်နေ့ထက်တစ်နေ့
ပီပြင်လာတဲ့ လမ်းလေးကိုကြည့်ရင်း တစ်ဖြည်းဖြည်း ဖုန်မှုန့်၊ သဲမှုန့်တွေ ကင်းစင်စပြုလာတဲ့လမ်းလေးအတွက်
ကိုယ်စီကြည့်နူးမှုတွေအပြည့် ….။ ချိုင့်ခွက်တစ်ချို့လည်း ညီညာပြန့်ပြူးလာခဲ့သလို
….. လမ်းလေးဘေးတစ်ဘက်တစ်ချက်က ပန်းပင်လေးတွေလည်း ဖူးပွင့်ဖို့အားယူလာလို့နေခဲ့ပြီ
…။ ကောင်မလေးကလည်း တစ်ဘက်ကနေ တတ်နိုင်သလောက် ဖောက်လုပ်လာခဲ့တဲ့ လမ်းတစ်ခုကနေ သူတို့နှစ်ယောက်လက်တွဲပြီး
ဆက်လျှောက်ကြဖို့ဆိုတဲ့ အိပ်မက်တွေကို ထွေးပိုက်လို့ ကောင်လေးရဲ့ တစ်စတစ်စ ပီပြင်လှပလာတဲ့
လမ်းလေးကို ကြည့်ရင်း ပျော်ရွှင်မှုတွေအပြည့်၊ မျှော်လင့်ချက်တွေအပြည့် ….။
♦ ♦ ♦ ♦ ♦ ♦ ♦ ♦
တစ်ရက် ….
အဲဒီတစ်ရက်မှာပေါ့ ..…
“ လာပါ သမီးရယ်
… ဒီမှာ လမ်းလေးတစ်ခု .. အခုမှအသစ်ဖောက်ထားတာဖြစ်မယ် ..။ အရင်သွားနေကျလမ်းက မသွားပဲ
ဒီလမ်းကနေသွားရင် ပိုမြန်လိမ့်မယ် ….”
အသက်ခပ်လတ်လတ်အပိုင်းအခြားမိန်းမတစ်ယောက်ရယ်
… သူ့သမီးဖြစ်နိုင်မယ့် ကလေးမလေး တစ်ယောက်ရယ် … အဲဒီလိုစကားပြောရင်းနဲ့ သူဖောက်ထားတဲ့လမ်းလေးပေါ်ကို
နင်းလျှောက်သွားကြ တယ်…။ ဒီလမ်းလေးကို ဘယ်သူမှ မသိလောက်သေးပါဘူးဆိုတဲ့အထင်နဲ့ ကောင်လေးက
လမ်းလေးကို တစ်ခြားသူတွေမ၀င်အောင် ဘာမှ တားဆီးကာရံခြင်း မပြုလုပ်ထားခဲ့ဘူး …။ သူ့ရဲ့
အမှုမဲ့ အမှတ်မဲ့ မေ့လျော့ပေါ့ဆမှုနဲ့အတူ သူ မတားဆီးနိုင်လိုက်ခင်မှာပဲ … သူသတိမထားမိလိုက်ခင်မှာပဲ
…. သူ့ချစ်သူကောင်မလေး မသိလိုက်ခင်မှာပဲ …. သူမသိတဲ့ သူစိမ်းသားအမိနှစ်ယောက်က သူခင်းထားတဲ့
… ဖြောင့်ဖြူးသာယာစပြုနေပြီဖြစ်တဲ့လမ်းလေးပေါ်ကို အလိုက်သင့်နင်းလျှောက်သွားကြတယ် …။
ဒီလိုနဲ့
နောက်နေ့တွေမှာလဲ သူတို့သားအမိနှစ်ယောက်က သူ့ရဲ့လမ်းလေးပေါ်ကို အမြဲနင်းလျှောက်ပြီး
ဖြတ်သွားလေ့ရှိခဲ့ပေမယ့် တစ်ပါးသူအပေါ်ကို ကြင်နာသနားတတ်တဲ့ကောင်လေးက ဘာမှမပြောပဲ သူတို့နင်းဖြတ်ပြီး
ပျက်သွားတဲ့လမ်းလေးကိုပြန်ပြင်ရင်း ..ကောင်မလေးမသိစေအောင် ပုံမှန်အတိုင်းပြန်ဖြစ်အောင်
ကြိုးစားရင်းနဲ့ သူ့ရဲ့လမ်းလေးက ရှေ့ဆက်ကောင်းမလာတော့ပဲ ဒီလိုပဲ ပျက်လိုက်ပြင်လိုက်ဖြစ်နေတော့တယ်
…။
♦ ♦ ♦ ♦ ♦ ♦ ♦ ♦
တစ်ဖက်မှာတော့
တစ်နေ့နေ့မှာ ဆုံကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကောင်မလေးကြိုးစားဖောက်လာတဲ့ လမ်းလေးကတော့
တစ်ဖြည်းဖြည်းပီပြင်လာခဲ့တယ် …။ ဒီလိုနဲ့ပဲ ကောင်လေးရဲ့လမ်းလေးပေါ်မှာ သူစိမ်းသားအမိနှစ်ယောက်က
နေ့စဉ်ဖြတ်သန်းနင်းလျှောက်ရင်း လမ်းလေးရဲ့ ဦးတည်ချက်က သားအမိနှစ်ယောက်ရဲ့ခြေရာအတိုင်းဖြစ်မှန်းမသိဖြစ်သွားတာကို
ကောင်လေးသတိမထားမိလိုက်ဘူး..။
ကောင်မလေးရဲ့လမ်းလေးနဲ့ဆုံမှာပဲဆိုပြီး သူဦးတည်ဖောက်လာတဲ့လမ်းက
သူစိမ်းလူသားနှစ်ယောက် ရဲ့ ခြေသွားရာလမ်းအတိုင်း ဆက်ဖောက်မိမှန်းမသိ ဖောက်လာလိုက်တာ
တစ်ဖြည်းဖြည်း နဲ့ ကောင်မလေးရဲ့လမ်းနဲ့ မျက်နှာချင်းဆိုင်တွေ့ရမယ့်အစား မျဉ်းပြိုင်လမ်းနှစ်ကြောင်းဖြစ် သွားခဲ့တယ်
….။ ကိုယ်တိုင်လမ်းမဖောက်နိုင်ခဲ့လို့ သူခင်းထားတဲ့လမ်းလေးပေါ်မှာ နေ့စဉ်ဖြတ်သန်း သွားလာ ရင်း
ရုန်းကန်နေရတဲ့ ဘ၀နှစ်ခုကို တစ်စနဲ့တစ်စ သူသနားတတ်လာခဲ့တယ် …။ ကောင်မလေးရဲ့ လမ်းလေးနဲ့
မျဉ်းပြိုင်ဖြစ်လာခဲ့ပေမယ့် … သနားစရာဘ၀နှစ်ခု မိန်းမတစ်ယောက်ရယ် ကလေးလေးတစ်ယောက်ရယ် အတွက်
သူဖြည့်ဆည်းပေးရတာကို ကျေနပ်လာတတ်ခဲ့တယ်..။ သူ့လမ်းကိုသူအကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့
ကောင်မလေးအတွက် သူစိုးရိမ်ပူပန်မနေတတ်တော့ပဲ သူ့ရဲ့လမ်းလေးပေါ် မှာ နေ့စဉ်နဲ့အမျှဖြတ်သန်းသွားလာနေတတ်ခဲ့တဲ့
အမျိုးသမီးနဲ့ သူမရဲ့ ကလေးလေး အတွက် ဆူးငြောင့်ခလုတ်တွေ မနင်းမိဖို့ သူတွေးတတ်လာခဲ့တယ်
…။ လမ်းဘေးတစ်ဘက်တစ်ချက်က ပန်းပင်လေးတွေ ပွင့်ဖူးလှပလာဖို့ထက် …. မိခင်တစ်ယောက်နဲ့
သူမရဲ့ကလေးလေးရဲ့ တီတီတာတာအပြုံးလေးတွေ ဖူးပွင့်လာတာကို သူစောင့်ကြည့်ချင်လာခဲ့တယ်
…။
♦ ♦ ♦ ♦ ♦ ♦ ♦ ♦
ဆုံမှတ်နှစ်ခုလွဲချော်ပြီး
မျဉ်းပြိုင်နှစ်ကြောင်းဖြစ်လုနီးနီးကနေ တစ်ဖြည်းဖြည်းဝေးကွာသွားတဲ့ လမ်းလေးကိုကြည့်ရင်း
ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့လမ်းကို ကိုယ်တိုင်ဆက်ဖောက်နေဆဲ …။ သူပြောသွားတဲ့ စကားတစ်ချို့ကိုလည်း
ကြားယောင်နေဆဲ …
" နင်က ငါမပါပဲနဲ့လဲ
နင့်လမ်းကိုနင် အကောင်းဆုံးဖောက်နိုင်တယ်…။ ပြီးတော့ အကောင်းဆုံးလမ်းကိုပဲ အချိန်တစ်ခုကို
စောင့်ပြီး လျှောက်ချင်ခဲ့တယ် ….။ အဲဒီတော့ ငါ့လမ်းလေးပေါ်မှာ ဆူးရှိရှိ ခလုတ်ရှိရှိ
မညည်းမညူပဲ နင်းလျှောက်ရဲတဲ့ ငါခင်းပေးတဲ့လမ်းကိုပဲ အကောင်းဆုံးမဖြစ်သေးပေမယ့် ၀င်လျှောက်ရဲတဲ့သူကို
တစ်သက်လုံးလျှောက်ခွင့်ပြုလိုက်တာ ငါမမှားပါဘူးနော် ။ အားနည်းသူကို ဖေးကူစောင့်ရှောက်ရမယ်လေ.."
အခုတော့ ကောင်လေးရဲ့လမ်းလေးကို
စောင်းငဲ့ကြည့်မိတဲ့အခါ တစ်ချိန်က သူနဲ့သူမ အိပ်မက်ခဲ့ဖူးသလို သာယာပြန့်ပြူးတဲ့လမ်းလေးတစ်ခုတော့
မဟုတ်ခဲ့ပေမယ့် လမ်းလေးပေါ်မှာ သက်ဝင်လှုပ်ရှားမှုတွေ နဲ့ ပျော်ရွှင်နေကြပုံကို သူမမြင်လိုက်ရတော့
သူစိတ်ချမ်းသာနေမှာပဲလို့တော့ သူမတွေးမိခဲ့တယ် ….။
ဘာလိုသေးလဲကွယ် ….. ဘ၀ဆိုတာ အမြဲတမ်းဖြောင့်ဖြူးသာယာနေမှာမှမဟုတ်တာ….
သူ့ရဲ့လမ်းလေးက မဖြောင့်ဖြူးပေမယ့် …. သူစိမ်းလူသားနှစ်ဦးကို သူကိုယ်တိုင်ကျေကျေနပ်နပ် နင်းလျှောက်ခွင့်ပေးခဲ့ပြီး
အခုချိန်ထိ ကြိုးစားပေးဆပ်ဖြတ်သန်းနေတဲ့ လမ်းတစ်ခုပေါ်မှာ သူ့ဆုံးဖြတ်ချက်အတွက် သူပျော်နေတယ်ဆိုရင်
သူမကျေနပ်နေတတ်ခဲ့ပါပြီ ……။
သူမရှေ့ကလမ်းကရော…
ဖြောင့်ဖြူးသာယာစပြုလာပေမယ့် တိတ်ဆိတ်အေးချမ်းတဲ့လမ်းပေါ်မှာ တစ်ယောက်တည်း ဖြတ်သန်းရင်း
….. ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ဖောက်ထားတဲ့လမ်းတစ်ခုပေါ်မှာ သူမကိုယ်တိုင်လျှောက်နင်းနေတာဆိုတော့
ဆိတ်ငြိမ်လှပေမယ့် ဒီလမ်းလေးကို သူမတွယ်တာနေတတ်ပြီ …။
************************************************
(မည်သူ့ကိုမှ မရည်ရွယ်ပါ ... စိတ်ကူးထဲရှိသလို ဖန်တီးကြိုးစားရေးဖွဲ့ခြင်းဖြစ်ပါသည် .. ဖတ်ရှုခံစားအားပေးသော သူငယ်ချင်းများအားလုံးအား ကျေးဇူးတင်စွာဖြင့် ..အားလုံးပျော်ရွှင်ပါစေ)
16 comments:
စနိုးရေ
မကြီးလွမ်းလာရောက်အားပေးတယ်။
လမ်းဖောက်တဲ့သူလည်း ဆက်သာဖောက်။
လျှောက်တဲ့သူလည်း ဆက်သာလျှောက်။
လမ်းဆုံးတော့လည်း ဖောက်သူနဲ့လျှောက်သူ
ပြန်ဆုံကြရဦးမှာပါ။(ဘဝခရီးသည်တွေဘဲမို့လား)
ဘဝဆိုတာ ဒီလိုပါဘဲ။ တွေ့ကြုံဆုံကွဲ တဲ့.
အားပေးသွားတယ်။ ခံစားချက်တွေလားဟင်...
ခင်တဲ့
မကြီးလွမ်း
ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေကို ရေးကြည့်တာပါအစ်မ :)
စိတ်ကူးကောင်းလေးပဲစနိုးရေအားပေးခဲ့ပါတယ်..
ဖတ်ရင်းနဲ့ အထီးကျန်သွားတဲ့ လမ်းပိုင်ရှင် ကောင်မလေးကို ကရုဏာသက်မိတယ်။ အချစ်ဆိုတာ ဆုံနိုင်ဖို့ ကြိုးစားပေမယ့် တစ်ခါတစ်ရံမှာတော့ ဝေးဝေးသွားတတ်တာ မျဉ်းပြိုင်နှစ်ကြောင်းလို။
လမ်းဆိုတာ ဒီလိုပါပဲ စနိုးရယ် ။
အစ်မလဲ civil စိတ်ဝင်စားနေပြီနဲ့တူတယ်
အရာရာတိုင်းဟာ တခါတလေမှာကိုယ်ပိုင်တယ်ထင်ပေမယ့်
ကိုယ်မပိုင်ပဲသူများအတွက် ဖြစ်သွားတတ်တာပါပဲ
ကောင်မလေးက ကျေကျေနပ်နပ်နဲ့ဘာမှ
မပြောပဲ ထားလို့ တော်သေးတယ်နော်
အချိန်ကိုစောင့်ပြီး
အကောင်းဆုံးလမ်းကိုလျှောက်နိုင်ပါစေ
အချစ်ဆိုတာအဲဒီလိုပါပဲ
နီးရမယ်ထင်နေလဲ ဝေးဝေးသွားတတ်ကြတယ်လေ
(အပေါ်ကရေးပြီးမှားလို့ ပြန်ရေးလိုက်တာနော်)
ကိုယ်လျှောက်တဲ့ လမ်းဟာ
မှန်ကန်တယ်လို့ ယုံကြည်နိုင်ဖို့ အေ၇းကြီးပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
အထီးကျန်သွာတဲ့ ကောင်မလေး ကိုတော့ ဂရုဏာသက်မိပါတယ် ဒါပေမဲ့ ဘယ်သူမှလည်း မှားတာမဟုတ်ပါဘူး အချစ်ဆိုတာ သည်လိုပါပဲ
အားပေးသွားပါတယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)
မဆုံသောလမ်းပေါ့အမစနိုး..
ပို့စ်လေးလာဖတ်သွားတယ်...
ပို့စ်လေး ဖတ်ပြီးတမျိုးလေးခံစားရတယ်
စိတ်မကောင်းဖြစ်မိပေမဲ့..ဘယ်သူ့ကိုမှလဲ အပြစ်မတင်ရက်ပါဘူးနော်...ကိုယ့်ဘက်ကကြည့်ရင်တော့ ကိုယ်ပဲမှန်ကြမှာပါ....အားပေးသွားတယ်နော်
ခင်မင်နေတဲ့...မိုးနတ်
စိတ်ကူးပုံဖော်ထားတာလေးတွေအ၇မ်းကောင်းတယ်
အမအားပေးသွားပါတယ်
မမရေ.. အချစ်ဦး/ အချစ်ဟောင်းဆိုတာ ကဗျာတွေအတွက် ကုန်ကြမ်းပဲနော်..... အားပေးသွားပါတယ် မရေ...
အမ ရေ ဒါလေးဖတ်ပြီး ရင်ထဲမှာ ဆို့သွားတယ် ငိုချင်လာသလိုပဲ ..
Post a Comment