Thursday, 24 January 2013

# My Own Feelings # အမှတ်တရ အချိန်များ

ချစ်သော Baybay ~~~



အဲဒီမြို့လေးက ဖိလစ်ပိုင်နိုင်ငံရဲ့ Eastern Visayas လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းပေါ် မှာရှိတဲ့ မြို့လေး၊ Camotes ပင်လယ်ကြီးဘေးနားမှာ ရှိတဲ့မြို့ တစ်ချိန်လုံး လှိုင်းသံတွေကြားနေရတဲ့မြို့၊ မုန်တိုင်း ရှိတယ်လို့ အသံကြားရင် ဘယ်အချိန်ရောက် လာမလဲလို့ တွေးကြောက်နေရတဲ့မြို့လေး။ သူ့ဆီကိုရောက်ဖို့ လေယာဉ် ၃ ဆင့် ကားနဲ့ ၁ ဆင့် နဲ့ ခရီးရှည်ကြီး ကို ၂ ရက်လောက်သွားခဲ့ရတယ်..။ 




ဒီတစ်ခါသွားခဲ့တာ China airlines နဲ့သွားခဲ့ပြီး အဲဒီလေကြောင်းကို စီးဖူးတာ ဒါပထမဆုံးပါ..။ ပြောရရင် အဲဒီ တရုတ်လေကြောင်းကို လုံးဝမကြိုက်ပါဘူး.. သွားဖူးသမျှထဲ မှာ အစားအသောက်နဲ့ ပတ်သက်ရင် ၀န်ဆောင်မှုအညံ့ဆုံးပဲ..။ တစ်ကြိမ်က ဆေးဘဲဥနဲ့ ဆန်ပြုတ် ပဲ ကျွေးတာက ကြုံလိုက်ရသေး တယ်..။

 Germany, Frankfurt ကနေ ကြားထဲမှာ တိုင်ပေမှာ Transit ဆိုတော့ လေဆိပ်ထဲကနေ တိုင်ပေကို ဓါတ်ပုံလှမ်းရိုက်ကြည့်မိ တာပါ..။








သွားခဲ့တာက ၉-၁၁-၂၀၁၂ ရက်မနက်အစောကြီး ၅ နာရီလောက်ကနေ.. ရောက်တာက ၁၀ ရက်နေ့ည ၉ နာရီလောက်၊ နောက်တစ်နေ့ မနက်အစောကြီး လှိုင်းသံတွေ ကြားလိုက်ရတယ်..။ ညရောက်လာတာဆိုတော့ ကုန်းတွင်းပိုင်းပဲထင်လိုက်မိတာ.. တစ်ကယ်က ပင်လယ်နဲ့နီးနီးကပ်ရက်လေးမှာ ဟိုတယ်ကို ဆောက်ထားတာပဲ..။ မနက်အစောကြီး ပင်လယ်ကြီးကို ကြည့်ရင်း ရေလှိုင်းတွေရဲ့ အသံကိုကြားရတာ ဂီတသံစဉ်တွေလိုပဲ အရမ်းပျော်ဖို့ကောင်းခဲ့တယ်..။ တစ်ကယ်ပါ.. ကျမက တစ်သက်လုံး ကုန်းတွင်းမှာ နေလာခဲ့တဲ့သူဆိုတော့ ပင်လယ်နဲ့ နီးနီးလေးနေရတာ အရမ်းပျော်တယ်.. တစ်မျှော်တစ်ခေါ် ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးကို ငေးကြည့်နေရတာ တစ်ကယ့် သဘာဝအလှတရားကို ခံစားရတာ ဒီခရီးကို လာရကျိုးနပ်လိုက်တာ လို့ တွေးမိနေလေ ရဲ့..။ မြန်မာနိုင်ငံမှာတုန်းကတောင် ကမ်းခြေကို သွားဖူးတာ ၃ ခါလောက်ပဲ ရောက်ဖူးတာကိုး..။


အဲဒီမြို့လေးက အရမ်းကို ဆိတ်ငြိမ်အေးချမ်းတဲ့မြို့လေး.. လူတွေကလည်း ကူညီချင်စိတ်အပြည့်.. မနီလာနဲ့အဝေးကြီး ချောင်ကျကျနေရာတစ်ခုမှာလိုဖြစ်နေတော့ သိပ်လည်း တိုးတက်ပုံမရ ပင်လယ်ကြီးဘေးနားမှာတည်ရှိလို့ ငါး၊ ပုဇွန်စတဲ့ရေထွက်ပစ္စည်းတွေကလည်း အလျှံပယ်ထွက်တဲ့နေရာဖြစ်ပေမယ့် ရွာသာသာရှိတဲ့မြို့လေး..။ ဒါပေမယ့် မြို့သေးသေးလေးနဲ့ ယှဉ်လိုက်ရင် အလွန်ကိုကြီးကျယ်ခမ်းနားလွန်းတဲ့ တက္ကသိုလ်ကြီးတစ်ခုကြောင့် ဒီမြို့လေးကို ဖိလစ်ပိုင်နိုင်ငံတွင်းသာမက ကမ္ဘာကပါ သိတာတော့ သိပ်မဆန်းကြယ်လှပါ..။ ဘာသာရပ်ပေါင်းစုံကို ဘွဲ့ပေါင်းစုံအတွက် သင်ကြားပေးနေတဲ့ Visayas State University က အဲဒီမြို့လေးရဲ့ အထင်ကရနေရာတစ်ခု.. ဂုဏ်ယူစရာ ပြယုဂ်တစ်ခု..။ ကျောင်းရဲ့စာကြည့်တိုက်ထဲမှာ လိုချင်တဲ့စာအုပ်များရမလား သွားရှာကြတော့ နိုင်ငံခြားသားတွေပါလားဆိုတဲ့ စူးစမ်းလိုစိတ်နဲ့ ကျောင်းသူကျောင်းသားတွေက တီးတိုးစကားတွေဆိုရင်း ၀ိုင်းကြည့်အကဲခတ်ကြလေရဲ့..။

မြို့ထဲကို သွားတော့လည်း အားလုံးလိုလိုက ၀ိုင်းကြည့်ကြရုံမက ကလေးတွေက အထူး အဆန်းတွေကို လိုက်ကြည့်သလို နောက်ကနေ တကောက်ကောက် လိုက်ကြည့်နေ ပါသေးတယ် ..။ တစ်ချို့နွမ်းပါးတယ်လို့ ထင်ရတဲ့ကလေးတွေက ပိုက်ဆံ လိုက်တောင်းကြတယ် ..တစ်ယောက် ကို ပေးလိုက်တာသိရင် နောက်ကလေးတွေကပါ အတင်းဝိုင်းတောင်းရင်း သူငယ်ချင်း တစ်ယောက် က ကလေးတွေကြားထဲ မှာ တော်တော်ခေါင်းမူး သွားပါသတဲ့..။ အနံ့အသက်တွေကြောင့်လည်း ပါတာကိုး..။ 
 
မြို့ကလူတွေကိုမေးကြည့်တော့မှ အာဖရိကန် လူမည်းတွေကို တွေ့ဖူးတာ သူတို့တွေအတွက် ဒါက ပထမဆုံးပါတဲ့.. အဲဒါကြောင့် အရမ်း ထူးဆန်းပြီး လိုက်ကြည့်ကြတာတဲ့.. အတန်းထဲ မှာ ကျောင်းသားကျောင်းသူပေါင်းက ၁၆ ယောက် ရှိရာမှာ နိုင်ငံပေါင်းက ၁၃ နိုင်ငံ ..။ အာရှတိုက်၊ အာဖရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက် စသဖြင့် ကမ္ဘာ့တိုက်ကြီး ၄ တိုက် က နိုင်ငံတွေကနေ လာကြတာပေါ့..။ ကျမတို့ အာရှတွေကတော့ အချင်းချင်းဆိုတော့ သူတို့အတွက် သိပ်မထူးဆန်းသလို တစ်ချို့ဆို ဖိလစ်ပိုင်ပဲထင်ပြီး သူတို့စကားနဲ့ လာပြောကြလေရဲ့..။ သွားခဲ့တဲ့ ခရီးတစ်လျှောက်လုံး ပထမဆုံးတွေ့တဲ့ ဖိလစ်ပိုင်တိုင်း ကျမကို သူတို့စကားနဲ့ လာပြောတယ်.. ကျမ ဖိလစ်ပိုင်မဟုတ်ပါဘူး. မြန်မာပါ.. ခဏပဲလာတာမို့ ဖိလစ်ပိုင်စကားလည်း မတတ်ပါဘူးဆိုတာကို အကြိမ်တိုင်းပြောနေခဲ့ရတယ်..။ ကြာတော့ ကိုယ်နားမလည်တဲ့စကားနဲ့ လာလာပြောတာ ခဏခဏကြုံလာရတော့ စိတ်ညစ်သလိုဖြစ်လာတယ်လို့ သူငယ်ချင်းတွေကိုတောင် ပြောခဲ့မိသေးတယ်..။
အိမ်ကိုဆက်သွယ်ဖို့အတွက် အင်တာနက်သုံးဖို့က အဓိကကျတယ်လေ.. အဲဒါနဲ့ ဖုန်းနဲ့သုံးဖို့ Sim card တွေသွားဝယ်ကြတယ်.. မြန်မာငွေနဲ့တွက်ရင် ၁၀၀၀ တောင်မပေးခဲ့ရဘူး.. တစ်ကဒ်ကို PHP (Philippines Piso) ၄၀ ပီဆိုပဲပေးရပါတယ်..။ တစ်ယူရိုကို ၅၁ ပီဆိုနဲ့လဲတာဆိုတော့ တစ်ပီဆိုကို မြန်မာငွေ ၂၀ ကျပ်လောက်ဖြစ်ပါတယ်..(တွက်တာဟုတ်မှာပါနော်.. တစ်ယူရိုကို ၁၁၀၀ ကျပ်ဝန်းကျင်ဆိုတော့ .@@ )
ဂျာမနီမှာတော့ sim card ၀ယ်ရင် ကဒ်ဖိုးမပေးရဘူးဆိုတော့ ဖိလစ်ပိုင်မှာ ဖုန်းကဒ်ဖိုး ဈေးကြီးတယ်ပြောရမှာပေါ့.. အလကားမှမရတာ :D

VSU က မြို့နဲ့နည်းနည်းလှမ်းလှမ်းမှာရှိတော့ မြို့တွင်းကိုသွားဖို့ Bus စီးရတယ်. သူတို့ Bus တွေကလည်း ရန်ကုန်မှာပြေးနေတဲ့ စစ်ကျန်ဘတ်စကားတွေနဲ့တူတယ်..။ နိုင်ငံခြားသားတွေပါလားဆိုပြီး ဘယ်နေရာမှ ဈေးပိုတောင်းတာ ဈေးပိုပြောတာမရှိပါဘူး.. အရမ်းဖော်ရွေကြတယ်.. အရမ်းကူညီချင်ကြတယ်..။ ပြီးတော့ တော်တော်များများက English စကားကောင်းကောင်းပြောနိုင်ကြတော့ ပြောဆိုမေးမြန်းရတာ အဆင်ပြေတယ်..။ လမ်းဘေးဆိုင်လေးတွေကအစ ကောင်းကောင်းပြောဆိုတတ်ကြတယ်..။ အဲဒါကြောင့် ဖိလစ်ပိုင်ကို ကမ္ဘာမှာ အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေအများဆုံးရှိတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် အသိအမှတ်ပြုကြတာပေါ့..။ 


မြို့တွင်းမှာဟိုနားဒီနားသွားဖို့အတွက် ဆိုက်ကားလိုမျိုးတွေကို မိုးရေလုံဖို့ အမိုးတွေနဲ့ပြင်ဆင်ထားကြတယ်..။ အဲဒီမှာက ပင်လယ်နဲ့နီးတော့ တစ်ချိန်လုံးမိုးရွာတယ်လေ.. ပြီးတော့ ကျမတို့သွားတဲ့အချိန်ကလည်း မိုးရာသီဆိုတော့ ပိုဆိုးတယ်.. မိုးတစ်နေကုန်ရွာတယ် ရာသီဥတုက အရမ်းပူတယ်.. အအေးထဲကလာပြီး ပူအိုက်တဲ့ရာသီဥတုမှာ ချက်ချင်းနေသားမကျပဲ .. နေမထိထိုင်မသာပဲ.။
 Frankfurt International airport

မနီလာလေဆိပ်ထဲမှာ
 သူတို့ဆီက နာမည်ကြီးဆုံးဘီယာတံဆိပ်တဲ့..။
VSU

နောက်ထပ်ခရီးဆက်သွားဦးမှာမို့.. ဒီကိုသွားခဲ့တာ နောက်ဆိုမေ့သွားမှာစိုးတာနဲ့ Diary သဘောမျိုးရေးဖြစ်တာပါ..။ တစ်ကယ်သွားခဲ့တဲ့ Field အကြောင်းထပ်ရေးပါဦးမယ်..။ ဒီမြို့က ခဏပဲနေခဲ့တာဖြစ်ပြီး Field ထဲမှာက တစ်လနီးပါးနေခဲ့တာလေ..။

+++++++++++++++++++++++++++++++++++++++++++++++++

Be always Happy!

7 comments:

စံပယ်ချို said...

ပင်လယ်ကမ်းစပ်ကပုံတွေအရမ်းလှတယ်
ဖိလစ်ပိုင်နိုင်ငံနဲ့ ပတ်သက်လို့လဲအများကြီးသိခဲ့ရတယ်
China airlines နည်းနည်းတော့စိတ်ဝင်စားသွာပြီ
ဆန်ပြုတ်နဲ့ ဆေးဘဲဥကိုကြိုက်လို့ပါ။
အိမ်ကလူကိုကမ်းခြေ တနေရာရာပို့ပေးချင်တယ်
သူက ပင်လယ်ကမ်းခြေမရောက်ဖူးလို့လေ
တောင်ပေါ်မှာပဲ ကြီးလာခဲ့ရတာပေါ့
သူနဲ့အတူသွားချင်တယ်---အသီးအနှံဆိုင်ကတော့
မြန်မာပြည်ကဆိုင်တွေနဲ့ ဆင်တူတယ်နော်
စိတ်ချမ်းမြေ့ပြီး အရာရာ အောင်မြင်ပါစေလို့

လရိပ်အိမ် said...

ရှုခင်းလေးတွေလှတယ်နော်။
china airlines က အဲလိုကျွေးတာတော့ တစ်ခါမှမစားဖူးဘူး။ အလေးချိန်နဲနဲလေးပိုရင် အရမ်းရစ်တယ်။

မိုးနတ်ကြယ်စင် said...

ဟယ်..ပုံလေးတွေကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
မိုးနတ်ကတော့ နိုင်ငံရပ်ခြားကို ခရီးတစ်ခါမှကို
မထွက်ဖူးသူမို့ အရာအားလုံးဟာ အသစ်အဆန်းတွေ
ချည်းပဲဖြစ်နေတယ်...စိတ်ဝင်စားဖို့လဲကောင်းတယ်
တကယ်လားဟင် စနိုးရေ..ဖိလစ်ပိုင်ကလူတွေ
အင်္ဂလိပ်စကားကို တော်တော်များများပြောတတ်ကြတယ်လား..ကောင်းလိုက်တာနော်...မြန်မာတွေကိုလဲ
အဲလိုဖြစ်စေချင်တယ်...နောက်ပို့စ်တွေကို
မျှော်နေမယ်နော် စနိုးလေး...:)
ကျန်းမာရေး ဂရုစိုက်နော် စနိုး
ချစ်တဲ့...မိုးနတ်

3rdthameetaw said...

လာကြည့်သွားတယ် စနိုးလေး

ချစ်စံအိမ် said...

ဓာတ်ပုံတွေလှ၏

Yoemyaykya said...

မမနော်တိုးတိုးတိတ်တိတ်ပြောသိရား Sim ကဒ်အကြောင်း။အလကားမရတာကိုဈေးကြီးတယ်တဲ့။ ဒီမှာ ဘယ်လောက်မှတ်နေလဲမမ။
ဟယ်သူတို့ဆိုက်ကားလေးကလဲ မွန်းကြပ်နေမှာပဲစီးရတာ။ ဒါပေမယ့် ချစ်စရာလေး။ ဆိုက်ကားအောက်ခြေနားမှာ စီဒီချပ်လေးတွေချိတ်ထားတာ မြန်မာနဲ့တူတယ်။
ကြည့်ပါဦး။ဘီယာတွေဘာတွေခွက်ပုန်းချခဲ့တယ်တူတယ်။မိမိရရရိုက်လာသေးတာ။ :P

Phyu Lwin said...

ဘီယာမသောက်ပါဘူး ရိုးမြေကျရဲ့ .. ဗဟုသုတအနေနဲ့ပဲ သူငယ်ချင်းတွေသောက်တာကို ရိုက်ခဲ့တာပါ ;)

Follow Us @soratemplates