ဒီရက်ပိုင်း
နေ့တိုင်းကို စာကြည့်တိုက်သွားဖြစ်တယ်..။ အဲဒီက စာအုပ်တွေရှာ
ငှားဖတ်လုပ်နေတာတော့မဟုတ်ပါဘူး..။ ကိုယ့်အခန်းမှာကိုယ်ဆိုရင် စာမလုပ်ဖြစ်ဘဲ
ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်လွန်းလို့ … ထိထိရောက်ရောက်စာလုပ်ဖြစ်အောင် ..
စာကြည့်တိုက်ပဲ သွားဖြစ်နေတာ ..။ အဲဒီမှာဆိုတော့ .. ကိုယ့်ဘေးက စားပွဲတွေမှာ
တခြားသူတွေလည်း စာကြည့်နေကြတယ် .. ၊ ဆိုတော့ ကိုယ်က ယောင်နေလို့မကောင်းဘူးလေ
အဲတော့ကျမလဲ ဘာအာရုံမှမရောက်ဘဲ စာဖတ်ဖြစ်တယ်…။ အခန်းထဲမှာဆို အရင်လို Facebook
တော့ မသုံးဖြစ်လို့ အချိန်မကုန်တော့ပေမယ့် .. အာရုံစူးစိုက်လို့မရဘူး …။
အခုရက်ပိုင်း တော်တော်လိမ္မာနေတာလို့ဆိုရမယ် .. Facebook acc ကို deactivate
လုပ်ထားတာ တော်တော်ကြာနေပြီ .. သုံးချင်စိတ်မရှိတော့လို့ကို ပိတ်ထားတာ.. ၊
ပြန်ဖွင့်ချင်စိတ်လည်းမရှိသေးဘူး..၊ သဘောက ဒီတခါပိတ်လိုက်တာ ပြန်ဖွင့်ပြီး
မသုံးချင်တော့ဘူး..၊ စိတ်ကုန်သွားတာလို့ ခေါ်မလား.. ကျမအတွက်ကတော့ အဲဒီစိတ်ဝင်လာတာ
ကံကောင်းခြင်းတစ်ခုပဲလို့ ဆိုနိုင်ပါတယ်..။ မဟုတ်ရင် အကြောင်းအရာတွေက အများကြီး ..
တစ်ခုခုဖတ်မိရင် ဘာတွေလဲသိချင်တော့ ရေဆုံးမြေဆုံးလိုက်ဖတ်ရော .. အဲဒီတော့
တစ်ခါဝင်လိုက်မိရင် ပြန်မထွက်နိုင်တော့ဘဲ အဲဒီမှာ လည်နေတော့
တန်ဖိုးရှိတဲ့အချိန်တွေ ဖြုန်းတီးသလိုဖြစ်ပြီး အရမ်းနှမြောဖို့ကောင်းတာ..။
အဲဒါနဲ့ပဲ ပိတ်ထားဖြစ်သွားတာ ..။ Page ကတော့ ချိတ်ထားတဲ့ Page တွေလည်းနည်းတော့
ဘာမှအာရုံမစားဘူး.. ရေးချင်ရာဖွင့်ရေးပြီး ပြန်ပိတ်ထားလိုက်ရုံပဲဆိုတော့ personal
account လောက် အချိန်မဖြုန်းဘူး..။
ဒီနေ့
စနေနေ့ဆိုတော့ စာကြည့်တိုက်ကို ၁၁ နာရီထိုးမှ သွားဖြစ်တယ်..။ နောက်ကျပြီးမှ
သွားတာကို ရောက်ပြီး နေ့လည် ၂ နာရီလောက်ရောက်တော့ အာရုံတွေနောက်လာတယ် …။ တကယ်က ကျမ
data တွေကို analysis လုပ်နေတာ ..။ စာတမ်းက ရေးနေတာတပိုင်းတစ၊ analysis က results
တွေရလာမှ သေချာအချောပြန်ရေးဖြစ်မှာဆိုတော့ အဲဒါကို အပြီးလုပ်နေတာ..။ ဒေတာတွေက
တမျိုးနဲ့တမျိုးပုံစံမတူတော့ လုပ်ရတဲ့နည်းလမ်းတွေက မတူ၊ ဘယ်လိုလုပ်ရမလဲဆိုတာ
စာတွေရှာဖတ်.. ပြီးတော့ စမ်းတွက်ကြည့်နဲ့ ကြာတော့ ခေါင်းတွေပူလာတယ်..။
အိမ်ပြန်ပြီး အိပ်တာကောင်းမှာပဲလို့ စဉ်းစားမိတော့ ..
ဂျာမာန်သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားတစ်ခုကို သတိရမိတယ်..။ သူတို့လူမျိုးတွေက
ဘယ်လောက်ပဲပျင်းနေပါစေ.. ပျင်းပျင်းနဲ့ပဲ လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်တယ် ..
အဲဒီလိုနဲ့ ကိုယ်လုပ်တဲ့အလုပ်ပြီးမြောက်တဲ့အခါ စိတ်ချမ်းမြေ့မှုကိုရပြီး
ပျော်ရွှင်မှုကို ပြန်ရကြတာပဲတဲ့ ..။ ပျင်းတယ်ဆိုပြီး ဘာမှမလုပ်ရင်
ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့ ..။
ဟုတ်တော့လည်းဟုတ်ပါတယ်..
ကျမပြန်တွေးတယ် .. ပန်းတိုင်တစ်ခုကိုရောက်ချင်ရင် ငုတ်တုတ်ထိုင်ပြီး
ဘာမှမလုပ်ပဲနေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ..။ယုန်နဲ့လိပ်ပုံပြင်လိုပေါ့ …
လူတိုင်းလူတိုင်းက ပြေးလွှားသွားလာပြီး ကြိုးစားနေတဲ့အချိန်မှာ .. ကိုယ်က ရပ်နေရင်
.. နောက်ကျကျန်နေရစ်မှာပဲ …။ ရည်မှန်းချက်တစ်ခုချထားရင် မဖြစ်ဖြစ်အောင် သွားရမယ်
..။ အဲဒီရည်မှန်းချက်ကို ရောက်ပြီးတော့ရော .. ဘာဆက်ဖြစ်မလဲ..
နောက်ရည်မှန်းချက်တစ်ခုထပ်ရှိလာမှာပဲ ..။ တောင်တစ်လုံးတက်ပြီးရင် ..
အဲထက်မြင့်တဲ့တောင်တစ်ခုထပ်တွေ့လာမှာပဲ ..။ အဲဒါဆိုရင် သွားရတဲ့ခရီးက
ဆုံးနိုင်ပါဦးမလား… အဲဒါကို လောဘလို့ပဲ ခေါ်မလားရယ်လို့ တချို့ကတော့
အငြင်းပွားကြတယ်။ .. ဒါပေမယ့် တောင်ထိပ်တစ်ခုရောက်သွားရင် .. မြေပြင်ပေါ်မှာ
ရပ်နေတာထက်တော့ အပေါ်စီးကနေ မြင်ကွင်းကျယ်ကျယ်မြင်နိုင်မယ်မဟုတ်လား ..
လွတ်လပ်တဲ့လေကို အစွမ်းကုန်ရှုရှိုက်.. ဘ၀က ပိုပြီးတော့
သက်တောင့်သက်သာရှိလာမယ်မဟုတ်လား..။ အဓိကက
ကိုယ့်ရဲ့ပျင်းတဲ့စိတ်ကိုပျောက်အောင်ဖျောက် .. ကြိုးစားမှဖြစ်မယ်ဆိုတာကို တွေးပြီး
အိမ်မပြန်ဖြစ်တော့ဘူး ..။
အဲဒါနဲ့ပဲ
စိတ်ပြေလက်ပျောက်ဖြစ်အောင် သီချင်းနားထောင်မယ်ဆိုပြီး youtube ဖွင့်တယ်။
ကျမအကြိုက်ဆုံးထဲက အဆိုတော်တစ်ယောက်ရှိတယ်.. Miley Cyrus သီချင်းဆိုတဲ့ အသံကို
အရမ်းကြိုက်တယ်.. သူ့အသံက ရှတတနဲ့ ထူးခြားတဲ့အသံ.. တော်တော်များများက
အသံချိုချိုလေးတွေနဲ့ ဆိုကြတဲ့အချိန်မှာ သူ့အသံက ကြားလိုက်တာနဲ့ သူပဲဆိုတာကို
ခွဲခြားရလွယ်လောက်အောင် သူများနဲ့မတူတဲ့အသံမျိုး ။ နောက်ပြီး သူ့ရုပ်က
အရမ်းချောတဲ့လှတဲ့ပုံစံမျိုးမဟုတ်ပဲ ဂျစ်ကန်ကန်နဲ့ ချစ်စရာကောင်းတဲ့ရုပ်မျိုး (But
အခုနောက်ပိုင်း ဆံပင်အတိုနဲ့တော့ သူ့ကိုမကြိုက်ပါ .. ဆံပင်အရှည်လေးနဲ့ပဲ
ကြိုက်ပါတယ်) ။ နားထောင်နေကျသူ့သီချင်းတွေထဲက နာမည်ကြီးတဲ့ The Climb
ဆိုတဲ့သီချင်းကို နားထောင်ဖြစ်တယ် ..။ အဲဒီသီချင်းက
တော်တော်များများကြိုက်ကြပါတယ်..။ အချစ်သီချင်းရယ်လို့မဟုတ်ပဲ
စိတ်ခွန်အားတက်ကြွစေတဲ့သီချင်းမျိုး၊ စိတ်ဓါတ်မကျစေဖို့ ကြိုးစားလျှောက်လှမ်းဖို့
အားပေးတဲ့သီချင်းမျိုး ..။ အဲဒါနဲ့ အဲဒီသီချင်းနားထောင်တိုင်း အမြဲအမှတ်ရနေတဲ့
ကဗျာတစ်ပုဒ်ကို ဒီတစ်ခါလည်း ပြန်သတိရနေပြန်တယ်..။ ဘာကြောင့်ရယ်မသိ ..
အဲဒီသီချင်းနားထောင်ရင် . အဲကဗျာလေးကို စိတ်ထဲမှာ ရွတ်နေမိတယ် ..။ ကမ္ဘာကြီးရဲ့အရှေ့နဲ့အနောက်
.. ဟိုးရှေးရှေးတုန်းကနဲ့ အခုအချိန် .. ဆန့်ကျင်ဘက်တွေဖြစ်နေပေမယ့် အဲဒီသီချင်းနဲ့
အဲဒီကဗျာရဲ့ Theme က ခပ်ဆင်ဆင်ရယ် …။
အဲဒီကဗျာလေးက
ဆရာမငွေတာရီရဲ့ … ထိပ်ဆုံးသို့ ဆိုတဲ့ ကဗျာလေးပါ.. အခုနောက်ပိုင်း
ဆယ်တန်းမြန်မာစာမှာ ခေတ်ဆန်းကဗျာဆိုပြီး ထည့်ထားတယ်ထင်ပါတယ်.. (ဆယ်တန်းကကြာခဲ့ပြီ
.. မဆက်စပ်မိတာလည်းကြာပြီဆိုတော့ သေချာမမှတ်မိလို့ပါ) ..။
အဲဒါကြောင့်
ကျမအရမ်းကြိုက်တဲ့ သီချင်းလေးနဲ့ ကဗျာလေးကို ခံစားကြည့်ပါဦးနော် ..။
ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတလေ
တကယ်ပမ်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပေါ့
ချစ်ဖွယ့်လူသား..။
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပေါ့
ချစ်ဖွယ့်လူသား..။
ဒါကတော့ သီချင်းနဲ့ ကဗျာကို ကျမကြိုက်သလို ခံစားချက်တွေပါ ...။ ပညာရှင်တွေကတော့ .. အဲဒီကဗျာကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ ပြန်ဖွင့်ဆိုကြပါတယ်..။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ ...။
++++++++++++++++++++++++++++++
.. ရောက်တတ်ရာရာ လျှောက်ရေးတာတော့ တခန်းရပ်သွားပါပြီ :D :D
OK !!! See YOU at the TOP !!!
4 comments:
ပို့စ်လေးဖတ်သွားပါတယ်ညီမလေးရေ...
ထိပ်ဆုံးသို့ ဆိုတဲ့ကဗျာလေးကို အခုမှဖတ်ဖူးပါတယ်...
ကြိုက်နှစ်သက်မိလို့ကူးယူသွားပါတယ် ညီမလေးရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး
မိုးနတ်လဲဖတ်ဖူးတယ် ...နဲနဲတော့
မေ့နေတာ ခု စနိုးပြန်တင်ပေးတာ
ကျေးဇူးအရမ်းတင်ပါတယ်နော် ...
အရမ်းကြိုက်တဲ့ ကဗျာလေးပါ...
သီချင်းလေးလဲ ထပ်ပြီးနားထောင်ခဲ့တယ်
ဂွတ်နိုက်ကွယ် စနိုး :)
အင်းးး စိတ်ဓာတ်ခွန်အားဖြစ်စေတာတော့အမှန်ပဲ...း)
တစ်တောင် ဆုံး တိုင်း နောက်ထပ်တောင်တွေ ကတော့ တွေ့ နေမှာပဲနော်..။ ထိပ်ဆုံး သို့ ချီ နိုင်ကြဖို့ ကြိုးစား လိုက်ကြရအောင် နော်..။
Post a Comment