Showing posts with label Days in Germany. Show all posts
Showing posts with label Days in Germany. Show all posts

Thursday, 2 October 2014

တချိန်က ... မြို့ကလေး ++

October 02, 2014 3 Comments


မြို့ကလေးက နိုင်ငံကြီးတစ်ခုရဲ့ အလယ်ပိုင်းပြည်နယ်တစ်ခုအတွင်းမှာရှိတဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု ..။ အဲဒီမြို့လေးရဲ့အကြောင်း ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော် Blog စရေးကာစမှာတော့ အကြောင်းအရာတစ်ခုနဲ့အတူ တစွန်းတစ ရေးဖြစ်ခဲ့ပါသေးတယ် ..။ အဲဒီတုန်းကတော့ အဲဒီမြို့လေးမှာ ခဏရောက်နေချိန် မြန်မာပြည်အလယ်ပိုင်းက ဒေသတစ်ခုကို တမ်းတမ်းတတရှိနေတဲ့အချိန်ပေါ့လေ...။ အခုတော့လည်း သူ့ရင်ခွင်ထဲကနေ ထွက်ခွာလို့ မိခင်မြေကိုပြန်ရောက်လာတာ တစ်နှစ်စွန်းစွန်း ရှိလာတဲ့အလျောက် ... တိုက်ဆိုင်တဲ့အချိန်တိုင်း သတိတရရှိနေမိပြန်တယ် ...။ တကယ်ဆို ကျမအတွက် အဲဒီမြို့ကလေးက ပျော်ရွှင်မှုတွေချည်း တွေ့ကြုံခဲ့ရတဲ့နေရာတစ်ခုလည်း ဖြစ်နေခဲ့တာကိုး...။ အခုအချိန်တွေ မှာတော့ မြို့ကလေးရဲ့အမည်ကို ကြားတာနဲ့တင် အလွမ်းတွေက လှိုင်းထလို့လာနေသလိုပါပဲ ...။ အလွမ်းဆိုတာ သက်ရှိတွေကိုတင်မက သက်မဲ့အရာတွေနဲ့ပတ်သက်ပြီးလည်း ခံစားတတ်ပါလားဆိုတာ ဒီမြို့လေးပေါ်မှာ ဖြစ်ပေါ်မိတဲ့ ကျမရဲ့အလွမ်းတွေက သက်သေပြလို့နေပါတယ် ...။

နေရာတိုင်း ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေရတဲ့နေရာတစ်ခုကနေ အဲဒီမြို့ကလေးကိုအရောက်မှာ အရာအားလုံးလွယ်ကူမှုတွေနဲ့ အစောပိုင်းကာလတွေမှာတော့ အသားမကျ၊ လိုက်လျောညီထွေ မဖြစ်ခဲ့ပါဘူး...။ ဒါပေမယ့်လည်း ဘယ်နေရာဖြစ်ဖြစ် အလိုက်သင့်ပြောင်းလဲနေထိုင်တတ်တဲ့ကျမအနေနဲ့ သိပ်မကြာခင်အချိန်မှာပဲ ...လွယ်ကူအဆင်ပြေမှုတွေကြား နေသားကျ ပျော်ရွှင်သွားခဲ့တာပဲ ဖြစ်ပါတယ်..။

မြို့လေးကိုမရောက်ခင် ... Frankfurt လေဆိပ်ကိုရောက်ရောက်ချင်းမှာပဲ ကွာခြားမှုကို စတင်ကြုံတွေ့ခဲ့ ရတာပဲဖြစ်ပါတယ်...။ မြို့ကလေးဆီကို ထပ်ခရီးဆက်ဖို့ ရထားလက်မှတ်ဝယ်တဲ့အခါ မြန်မာနိုင်ငံမှာလို လက်မှတ်ရောင်းချိန်၊ ၀န်ထမ်းတွေရှိချိန် စတာတွေကိုစောင့်စားစရာမလိုဘဲ ... အလိုအလျောက် လက်မှတ်ရောင်းစက်မှာ ဟိုနှိပ်ဒီနှိပ်လုပ်ရင်း လာကြိုတဲ့အစ်မတစ်ယောက်က လက်မှတ်ဖြတ်ပေးတဲ့အခါ ကျမမှာ မကြုံဖူးတဲ့အရာအတွက် အံ့သြတကြီးဖြစ်မိရတာပါပဲ ..။ ငါဆိုရင် အဲဒီအဆင့်တွေကို အလွယ်တကူနှိပ်တတ်ပါ့မလားလို့ စိုးရိမ်တကြီးလဲ ဖြစ်မိရဲ့ ...။ ရထားပေါ်ရောက်တဲ့အခါ ဘူတာတစ်ခုချင်းစီမှာ ရောက်မယ့်မြို့ရဲ့နာမည်ကို သေသေချာချာရှင်းရှင်းလင်းလင်းကြေငြာပေးရုံမက ရထားတွဲတိုင်းမှာလည်း မြို့အမည်ကို စာတမ်းထိုးပြတဲ့အခါ ဘူတာမှားဆင်းမိမှာ ပူစရာမလိုပါဘူး...။ တိုးတက်တဲ့နိုင်ငံကြီးတစ်ခုမှာ အများပြည်သူသွားလာရလွယ်ကူအောင် Public transportation ကို စနစ်တကျစီမံပေးနိုင်တာကို အားကျမဆုံးဖြစ်ခဲ့ရပါတယ်...။ ကျမတို့ဆီမှာလို ကားကျပ်တဲ့ဒဏ်၊ ကားအိုဟောင်းတွေရဲ့ ဆီနံ့တွေ ရောပြွမ်းမနေတတ်တဲ့နေရာတစ်ခုဟာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေလှပါတယ် ...။

ကျောင်းအပ်တဲ့အခါ စာရွက်စာတမ်းတစ်လှေကြီးကိုင်ပြီး မြန်မာနိုင်ငံကလို ကျောင်းသားရေးရာဌာနမှာ သွားအပ်ရမှာလားလို့ စီနီယာအစ်မတစ်ယောက်ကို မေးတဲ့အခါ အွန်လိုင်းကနေပဲ အပ်လိုက်လေ လို့ ပြောတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ စိတ်ရှုပ်ခဲ့ဖူးပါတယ် ...။ တကယ်တော့ လူတွေရဲ့အချိန်တွေကို သက်သာအောင် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးဖြစ်အောင် စီမံပေးတဲ့အခါ .... မလိုလားအပ်တဲ့ အချိန်ကြန့်ကြာမှုတွေကို လျော့နည်းစေခဲ့တာ အွန်လိုင်းစနစ်ရဲ့ကောင်းကျိုးတစ်ခုမှာ အပါအ၀င်ပေါ့...။ အမြဲတမ်းခက်ခဲကြန့်ကြာမှုတွေနဲ့ အသားကျလာတဲ့သူတစ်ယောက်အနေနဲ့ လွယ်ကူအဆင်ပြေမှုနဲ့တွေ့ ရတဲ့အခါ ပြောခဲ့သလို ချက်ချင်းအသားမကျနိုင်တာပဲ ဖြစ်ပါတယ် ...။

ကျောင်းသားကဒ်မှာ ပြည်နယ်တွင်းခရီးသွားဖို့ တစ်နှစ်စာရထားလက်မှတ်ဖြည့်ပေးတာ၊ ကျောင်းက ကန်တင်းမှာ စားသောက်ဖို့အတွက် ပိုက်ဆံတွေ၊ လက်မှတ်တွေ ကိုင်သွားစရာမလိုအောင် စက်ကနေတဆင့် ကျောင်းသားကဒ်ထဲမှာ ငွေဖြည့်လို့ရတာ စသဖြင့် သက်သောင့်သက်သာ အဆင်ပြေအောင် ဖန်တီးပေးထားပါတယ်...။ အဲဒါအပြင်... ကျောင်းမှာ ပရင့်ထုတ်ဖို့ အကောင့်နဲ့ password ကတစ်ခု၊ ကျောင်းလိပ်စာemail နဲ့ password ကတစ်ခု၊ ကျောင်းစာကြည့်တိုက်အတွက် အကောင့်နဲ့ Password ကတစ်ခု စသဖြင့် အကောင့်တွေနဲ့ ခက်ခက်ခဲခဲ password တွေကို မှတ်ရတာတော့ တော်တော်ခေါင်းရှုပ်စေတဲ့အလုပ်တစ်ခုပါ..။ အဲဒါအပြင်... Bank card နဲ့ စက်မှာငွေထုတ်ဖို့ password၊ online banking အတွက် password၊ ကိုယ်သုံးနေကျ email, facebook, blog, ebay က Passwords စသဖြင့် မြို့ကလေးမှာ ဖြတ်သန်းခဲ့ရတဲ့ကာလတွေဟာ ခေါင်းထဲမှာ password ပေါင်း သောင်းခြောက်ထောင်နဲ့ပါ ...။

မြို့လေးရဲ့ အဓိကပြယုဂ်က ကျောင်းသားကျောင်းသူတွေအများစုရှိတဲ့နေရာဖြစ်ပြီး သွားလာရေးအတွက် စက်ဘီးကို အဓိကအသုံးပြု ကြတာပါပဲ ဖြစ်ပါတယ်..။ စက်ဘီးမစီးဖြစ်တာ တော်တော်ကြာနေတဲ့ ကျမအတွက် ရောက်ကာစကာလတွေမှာ .. ကြောက်ကြောက်လန့်လန့်နဲ့ စီးခဲ့ရရင်း နောက်တော့လည်း အဆင်ပြေသွားခဲ့ပါတယ်...။

နေခဲ့တဲ့ကာလတစ်ခုလုံး.. သူငယ်ချင်းတစ်သိုက်နဲ့ ပျော်ပျော်ပါးပါး အေးအတူပူအမျှ ဖြတ်ကျော်ခဲ့ကြရင်း အမှတ်တရတွေဟာ ယေဘူယျအားဖြင့် ပျော်စရာတွေချည်းဖြစ်ခဲ့ရပါတယ်...။ အတန်းချိန်ညှိတာ၊ စာမေးပွဲအချိန်ညှိတာ၊ တခါတလေ စာတွေအပြန်အလှန်ဆွေးနွေးမေးမြန်းကြတာတွေကို တချို့ညတွေမှာ သူငယ်ချင်းအုပ်စုလိုက် email တွေ အပြန်အလှန်ပို့ရင်း ငြင်းခုန်အငြင်းပွားကြလွန်းလို့ အကြောင်းအရာတစ်ခုတည်းကနေ email အစောင် ၅၀ လောက်ထိ replied တွေဖြစ်ဖြစ်သွား တတ်ကြပါသေးတယ်.။.တခါတလေ ည ၁၂ နာရီကျော်တဲ့အထိ စာမဖတ်ဖြစ်ဘဲ Email နဲ့ စာတွေအပြန်အလှန်ပို့ရင်း စာမေးပွဲအချိန်စာရင်းအတွက် အငြင်းပွားကြ၊ Assignment တွေအတွက် ၀ရုန်းသုန်းကာညှိနှိုင်းကြနဲ့ အိပ်ပျက်ရတာအကြိမ်ကြိမ်ပါ...။ ဆရာတွေနဲ့ စာဆွေးနွေးချင်ရင် ကြိုပြီး မေးလ်ပို့အကြောင်းကြားတာ၊ ဆရာတွေကလည်း မေးလ်တစ်စောင် ပို့လိုက်တာနဲ့ အချိန်မဆိုင်းဘဲ ချက်ချင်း reply ပြန်တတ်တာတွေဟာ email ယဉ်ကျေးမှုရဲ့ အမှတ်အသားတစ်ခုဖြစ်မှာပါ ...။

သဘာဝဘေးအန္တရာယ်မရှိ၊ ရန်ပြုတိုက်ခိုက်မယ့် လူ၊ တိရိစ္ဆာန်မရှိတဲ့နေရာတစ်ခုဟာ လုံခြုံစိတ်ချမှုနဲ့အတူ ပညာသင်ချိန်ကာလတွေကို စိတ်အေးလက်အေးဖြတ်သန်းစေခဲ့ပါတယ်...။ ကျောင်းသားကျောင်းသူတွေ အတွက်ဆိုရင် 50% discount ပေးတဲ့ Mensa က အစားအသောက်တွေကတော့ လတ်ဆတ်သန့်ရှင်းမှု အပြည့်နဲ့အတူ အာဟာရမျှတအောင် ပေါင်းစပ်ရောနှောပေးတတ်ခြင်းက အဲဒီနိုင်ငံရဲ့ မဖြစ်မနေဆောင်ရွက် တတ်တဲ့ ထုံးစံတစ်ခုသာ ဖြစ်ပါလိမ့်မယ် ...။

Bio ဆိုတဲ့တံဆိပ်နှိပ်ထားပြီး ဓာတုပစ္စည်းတွေလုံးဝသုံးထားခြင်းမရှိတဲ့ အသီးအရွက်တွေက ပုံမှန်ထက် ဈေးအနည်းငယ်ကြီးတယ်ဆိုပေမယ့် တစ်ယောက်တည်းသမားတွေအတွက်တော့ ကုန်ကျစရိတ် ချင်း သိပ်မကွာတဲ့အခါ အစားအသောက်ကို ဘေးဥပါဒ်ကင်းစွာ စိတ်ချလက်ချစားခွင့်ရစေခဲ့ပါတယ် ..။ သစ်ပင်သစ်တောတွေ အုပ်အုပ်ဆိုင်းဆိုင်းဝန်းရံနေတတ်တဲ့မြို့ကလေးမှာ ... ဆောင်းရာသီဆိုရင် ခဲသွားတတ်တဲ့ရေကန်တွေ၊ အဆက်မပြတ်ကျနေတတ်တဲ့ နှင်းဖြူဖြူတွေ၊ နွေရာသီအမှတ်အသား Daffodil ပန်းတွေ၊ အခြားနိုင်ငံတွေထက် နည်းနည်းနောက်ကျပြီးမှ ပွင့်တတ်တဲ့ ချယ်ရီပန်းတွေ စတဲ့ သဘာဝ အလှအပတွေကို နေရာတိုင်း မြင်တွေ့နိုင်ပါတယ် ...။

စိတ်ကူးထဲမှာ အမြဲတွေးဖြစ်နေတာကတော့ တနေ့နေ့တချိန်ချိန်မှာ စာတွေကို စိတ်အေး လက်အေး ရေးနိုင်တဲ့အချိန်တစ်ခုရောက်ရင်တော့ မြို့ကလေးနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေ ကြား သူငယ်ချင်းတွေအကြောင်း၊ ပန်းပင်တွေအကြောင်း၊ ဘ၀အတွေ့အကြုံတွေအကြောင်း မှတ်မှတ်ရရ မှတ်တမ်းတင်မိဖို့ စာတွေရေးဖြစ်လိမ့်မယ်ဆိုတာပါပဲ...။

Sunday, 15 September 2013

လွမ်းရယ်မပြေ +++

September 15, 2013 4 Comments


တကယ်ဆို ဒီလိုခွဲခွာချိန်က အသေအချာရောက်လာမယ်ဆိုတာ စကတည်းက သတ်မှတ်ထားခဲ့ပေမယ့် ၂၆ လ ဆိုတဲ့အချိန်က ခဏလေးပဲဆိုတာကို ရုတ်တရက်သိလိုက်ရတယ် ...။ Friday 12 ဟာ ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ နေ့ရက်တစ်ရက်ပါပဲ ....။ မမျှော်လင့်ထားဘဲ အဲဒီနေ့မှာ ကျွန်မ Master Thesis ကို အပြီးအပ်နိုင်ခဲ့ပြီး ၆ လ လောက် ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ခံစားရပါတယ်...။ အရာအားလုံးက ခုမှပဲ နေရာတကျရှိသွားသလို ... လောကကြီးကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို ခံစားမိတယ်...။ deadline က စက်တင်ဘာ ၃၀ ရက်ထိရပေမယ့် ကျွန်မက စောစောပြီးချင်လို့ ကြိုးစားရေးခဲ့ရာက ခုတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်..။ တစ်တောင်ကို ကျော်နိုင်ခဲ့ပြီပဲပေါ့ ...။

 မြန်မာပြည်ကိုအပြီးပြန်တော့မှာမို့ .... ဒီနေ့ညမှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ farewell party တစ်ခုလုပ်တယ် ....။ တကယ်ဆို ကျမအခန်းမှာချက်ပြုတ်ပြီး မြန်မာအစားအစာတွေ ကျွေးချင်ခဲ့ပါတယ်..။ ဒါပေမယ့်လဲ အချိန်အခက်အခဲကြောင့် အဲလိုမလုပ်နိုင်ခဲ့ဘဲ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်...။ ဒီမှာထုံးစံတစ်ခုရှိတာက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် gathering လုပ်တဲ့အခါ ကိုယ့်စားရိတ်ကိုယ်ရှင်းကြေးပဲ ..။ မဟုတ်ရင် မြန်မာနိုင်ငံမှာ ကျွန်မတို့သူငယ်ချင်းတွေ စားလေ့ရှိသလို ၁ ယောက် ၂ ယောက်လောက်က အားလုံးအတွက် ၀ိုင်းရှင်းကြတာမျိုးဆိုရင် ရှင်းရတဲ့သူရော စားရတဲ့သူရော အားနားပါးနာဖြစ်ရတယ်လေ...။ 

ကျွန်မတို့နှစ်က အတန်းထဲမှာ course တစ်ခုလုံးတူတူတက်တဲ့ကျောင်းသားပေါင်းက ၁၆ ယောက်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက လာကြတာပါ ..။ ဆရာတွေပြောတာကတော့ ကျွန်မတို့အတန်းက အတော် diverse ဖြစ်တယ်ဆိုပဲ ..။ ကိုလံဘီယာက ၃ ယောက်တွဲပါတာကလွဲရင် ကျန်တဲ့သူတွေက တစ်နိုင်ငံ တစ်ယောက်စီပဲ ..။ မြန်မာဆိုရင်လည်း ကျွန်မတစ်ယောက်တည်းပဲ..။ ၁၆ ယောက်ရှိတာကို အကြမ်းဖျင်း ၂ ဖွဲ့ကွဲနေပြန်သေးတယ်...။ အရက်သောက် ပါတီတက်လေ့ရှိတဲ့အဖွဲ့ရယ်.. အရက်မသောက် ပါတီမသွားအဖွဲ့ဆိုပြီး ကွဲနေတတ်တယ်...။ ပုံမှန်တော့ သိပ်မသိသာလှပါဘူး...။ အပြင်ပန်းကြည့်ရင် စည်းလုံးတယ်လို့ ဆိုရအောင် team work ရှိတယ်...။ လိုအပ်ရင် အားလုံးဝိုင်းပြီး ဖြေရှင်းတယ်..။ အရက်သောက်တဲ့အခါနဲ့  ပါတီတွေသွားတဲ့အခါလောက် ကွဲတာ..။

အဲဒါအပြင် မသိမသာ တိုက်စွဲက ရှိတတ်သေးတယ်..။ အာဖရိကတိုက်ကသူတွေက သူတို့အချင်းချင်းဆို သိပ်ချစ်ကြတယ်..။ လက်တင်အမေရိကတိုက်အချင်းချင်းလည်း အဲလိုပဲ ..။ အာရှအချင်းချင်းလည်း မထူးပါဘူး.. ကျမနဲ့ အင်ဒိုနီးရှားက ကောင်မလေးနဲ့ဆိုလည်း ညီအစ်မတွေလားမှတ်ရတယ်.. အရမ်းတွဲဖြစ်တာကိုး..။

ကလေးတွေတော့ မဟုတ်ပေမယ့် ... ကျောင်းသားတွေဖြစ်သွားတော့လည်း လုပ်ငန်းခွင်ထဲမှာလို လူကြီးစိတ်တော့မရှိဘဲ ကျောင်းသားက ကျောင်းသားစိတ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပေါ့ ...။
ဒီ ၂၆ လ လုံးမှာ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာတစ်ခုမှမရှိခဲ့ဘဲ .. ပျော်စရာအမှတ်တရတွေချည်းရခဲ့တဲ့အတွက် ကံတရားကို ကျေးဇူးတင်မိပြန်တယ်. ..။ ကျွန်မဘ၀မှာ ဒီလိုသူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ပေါ့ ..။ အတန်းထဲမှာ မိသားစုတစ်ခုလိုဘဲ ကျွန်မအတွက် အဖေ၊ အမေ၊ အစ်ကို၊ မောင်လေး၊ ညီမလေး၊ ဦးလေးရှိတယ်..။ ဒါဟာ ကလေးတွေလို ရယ်စရာဖြစ်နေနိုင်ပေမယ့် တကယ့်အဖြစ်အပျက်ပါ ..။ စရင်းနောက်ရင်း အဲလိုလျှောက်ပြောရင်းကနေ တကယ့်မိသားစုလို စောင့်ရှောက်ကြပါတယ်..။ ဘာပဲလိုအပ်နေပါစေ .. ကူညီပေးဖို့ အဆင်သင့်ရှိနေ တတ်ကြတယ်..။ နိုင်ငံမတူ ယဉ်ကျေးမှုမတူ၊ အသားအရောင်ကွဲပြား၊ ဘာသာမတူ၊ ဓလေ့ထုံးစံတွေခြားနား ကြပေမယ့် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တသားတည်းဖြစ်သွားပြီး တူညီသွား ကြတယ်..။

ဒီနေ့ည စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြတယ်...။ လွန်ခဲ့တဲ့ ၂၆ လက စတွေ့တဲ့အချိန်မှာ ဘယ်သူက ဘယ်လို..။ နောက်တော့ ဘာတွေဖြစ်ကြတယ်.ဘယ်လိုတွေလွဲကြတယ်.။ အတန်းထဲက ရယ်စရာအဖြစ်အပျက်တွေလည်းပါတယ်....။ စာမေးပွဲတွင်းမှာ ကျွန်မစာမကြည့်ဘဲ facebook သုံးနေတာသိလို့ မရမက စာကြည့်တိုက်မှာ လူစုပြီး စာအတူတူကြည့်ရတဲ့အကြောင်းတွေလည်း ပါတယ်..။ ငါဖေ့ဘွတ်သုံးတာ နင်တို့သိနေတယ်ဆိုကတည်းက နင်တို့လဲ သုံးနေလို့သိတာပေါ့ဆိုတော့ မဟုတ်ဘူး နင်ကကို အလွန်အကျွံသုံးတာတဲ့ ..။ ဖွင့်လိုက်ရင် နင် like လုပ်ထားတာတွေ share ထားတာတွေ မြင်နေရလို့သိတာတဲ့ ...။ ဟုတ်တယ်.. အဲဒီအချိန်တုန်းက စာကြည့်ရတာ အရမ်းပျင်းတော့ facebook ထဲ ၀င်ကလိ၊ စာမကြည့်ဖြစ်နဲ့ အဲလိုတွေဖြစ်တာ .. ကြားထဲမှာ blogging တာ ဘယ်သူမှမသိတာတော်သေးတယ်.. မဟုတ်ရင် ဘယ်လောက်တောင် သြချကြမယ် မသိဘူး..။ 


မြန်မာပြည်ကို ပြန်တော့မယ်ဆိုတော့  ဟိုက အင်တာနက်အခြေအနေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ အိမ်မှာက redlink လဲမရှိဘူး skynet လည်းမရှိပါဘူး.. mobile internet သာသုံးရတာကိုး...။ ဆိုတော့ blog တော့ ဘယ်လိုဖြစ်မယ်မသိသေးဘူး...။ facebook တော့ ၀င်လို့ရပါတယ်..။ ဒါပေမယ့် စာရေးတာတော့ blog မှာပဲ ရေးချင်တယ်.. ဆူညံရှုပ်ထွေးနေတဲ့ဖွဘုတ်မှာ အရောရောအနှောနှော မရေးချင်ပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် စာတွေဆက်ရေးဖြစ်ဦးမှာပါ..။ နောက်တစ်တောင်ကိုတက်ဖို့လည်း အားတွေအဆင်သင့်ပါပဲ ...။ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်...။ facebook မှာ နောက်ဆိုကျွန်မပုံမှန်သုံးတော့မယ့် အကောင့်ကhttps://www.facebook.com/snowphyuphyu23 ပါ..။ ကျွန်မရဲ့ အမည်ရင်းနဲ့ personal acc လည်းရှိပေမယ့် အဲဒါက သိပ်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး.. နိုင်ငံခြားက သူငယ်ချင်းတွေလည်း များတော့ မြန်မာလိုစာရေးချင်ရင် လေးထောင့်တုံးကိစ္စ သူတို့ကို အားနာလို့ အမြဲတမ်း hide လုပ်ထားလေ့ ရှိတော့ blog မှာ စာရေးမရလို့ facebook မှာ စာရေးဖြစ်မယ်ဆိုရင် အဲဒီအကောင့်က public share ရတာ အဆင်မပြေတာကြောင့်ပါ ..။
 ဒီသီချင်းက အခုအချိန်ခံစားချက်နဲ့တော့ သိပ်မတိုက်ဆိုင်ဘူး ..။ ဒါက မြန်မာနိုင်ငံမှာ Bachelor ပြီးခဲ့တဲ့ အချိန်က ခံစားချက်နဲ့မှ ကွက်တိ..။ နောက်ကြုံရင် အဲဒီကာလက အမှတ်တရတချို့ကိုလည်း စာစီချင်ပါသေးတယ်....။

+++++++++++++++
ဒီရက်ပိုင်း အဲလိုအလုပ်တွေရှုပ်နေလို့ tag post လည်းမရေးဖြစ်တာ အစ်မဂျက်ကို ဒီကနေပဲ တောင်းပန်ပါတယ်နော် ... ခုမှရေးမယ်ဆိုတော့လည်း ဘလော့ဒေးက တော်တော် လွန်သွားပြီလေ ..။ နောက်အကြိမ်တွေ tag လာခဲ့ရင် သေချာရေးပါ့မယ် _/\_ :D
 

Friday, 6 September 2013

စကားစမြည် ~~~

September 06, 2013 6 Comments


လုပ်နေကျအလုပ်တစ်ခုကနေ တော်တော်ကြာနားမိပြီး ပြန်စတဲ့အခါ .. နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်တတ်ကြတယ်နော် ...။ ကျွန်မအတွက် အချိန်အားရတိုင်းတစ်ခုမဟုတ်တစ်ခုရေးတတ်တဲ့ ဒီနေရာလေးမှာ ဘာမှမရေးဖြစ်တာ ၁၀ ရက်လောက်တောင်ကျော်သွားပြန်ပြီ ...။ အဲဒီတော့ အခု မဖြစ်မနေရေးဖြစ်အောင် တခုခုတော့ရေးမယ်ဆိုတော့ ဘာအကြောင်းအရာရေးရမှန်း သေချာမသိသေးပါဘူး..။ အဲဒီတော့လည်း စိတ်ထဲရှိရာ ရောက်တတ်ရာရာပေါ့ ...။ တကယ်ဆို ဘလော့ဂ်တွေအများကြီးကြားမှာ ကျွန်မကြိုက်တဲ့စတိုင်လ်က အဲဒီလို ကိုယ့်စိတ်ထဲခံစားမိသမျှ လွတ်လွတ်လပ်လပ်ချရေးတတ်တဲ့ပုံစံမျိုးပါပဲ ..။ blogger ရဲ့ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုရင် ပိုတောင် သဘောကျပါသေးတယ်..။ စာက ပိုအသက်ဝင်တယ်လေ..။ ဒါပေမယ့်လည်း ကိုယ်တိုင်ရေးတာကတော့ ကဗျာလိုလို ၀တုလိုလို ဆောင်းပါးလိုလိုတွေ ဖြစ်နေတတ်ပြန်တယ်....။ အဲ ... တကယ်သွားဖတ်ဖြစ်တဲ့ဘလော့ဂ်တွေကတော့ စိတ်ကူးရှိရာကိုယ့်ခံစားချက်တွေချရေးတာမျိုးကို အများဆုံးသွားဖတ်ဖြစ်တယ်...။ ၀တုတွေဆောင်းပါးတွေက တခြားနေရာတွေမှာ ဖတ်စရာအများကြီးရှိတယ်လေ...။ အဲဂလိုမျိုး blog ကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကိုယ်ရေးတဲ့ပုံစံ ဆန့်ကျင်ဖက်ဖြစ်နေတတ်တာ ကျွန်မပဲပေါ့ ;D

တကယ်တော့ မပြောလဲဖြစ်ပေမယ့်လည်း ရင်ဖွင့်ရရင် ဘယ်လိုမှအချိန်လုမရလောက်အောင် တော်တော်လေးကို အလုပ်တွေရှုပ်နေလို့ပါ ...။ ကျွန်မဘာတွေရှုပ်နေလဲဆိုတာတော့ အသိ blogger ညီမ ၂ ယောက် (ရိုးမြေကျနဲ့ အသူ) တော့ နည်းနည်းသိကြတယ်....။ တခါတလေ တစ်ရက်မှာ ၂၄ နာရီထက်ပိုရရင် ကောင်းမှာပဲလို့တွေးမိတယ်... (တကယ်က ကိုယ်တိုင်က အချိန်စီမံခန့်ခွဲမှုညံ့တာ ;)) deadline နဲ့အလုပ်လုပ်တဲ့အခါ အချိန်ရဲ့တန်ဖိုးရှိပုံကို ပိုသိသာလာစေတယ်...။ ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ ... နောက်ထပ်အချိန်ပိုဆိုတာ ငွေတွေအများကြီးပေးဝယ်မယ်ဆိုရင်တောင် ၀ယ်လို့ရတာမဟုတ်တာလေ ....။ တခြားပစ္စည်းတွေဆိုတာ မလုံလောက်ရင် ဖြည့်ဆည်းလို့လွယ်ပေမယ့် အချိန်ဆိုတာ ဘယ်လိုမှ ၀ယ်ရတာမျိုးမဟုတ်တော့ ... ပိုနှမြောတတ်လာတယ်...။xD xP တကယ်တော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးလေ.. ။ လူတိုင်းလူတိုင်းကတော့ ရှင်သန်နေသမျှ အလုပ်တွေရှုပ်ရင်း ကြိုးစားနေကြသူတွေချည်းပါပဲ ....။



ကိုယ့်ဘက်က အချိန်ရှားပါးလွန်းလို့ အိပ်ချိန်တွေတောင် လျှော့နေရတဲ့အခါမျိုးမှာ ... ရှားရှားပါးပါးအချိန်လေးတွေကို ဓါးပြတိုက်တဲ့သူမျိုးနဲ့ကလဲ ကြုံရပြန်ပါရော...။ တခုခုအခက်အခဲရှိနေလို့ .. အကူအညီတောင်းစရာရှိလို့ စသဖြင့် ကျွန်မကို လိုအပ်လို့ အချိန်တွေကိုလာလုတယ်ဆိုရင် အိပ်ချိန်တွေလျော့သွားပါစေ ကျွန်မတတ်နိုင်သလောက် ကူညီတတ်ပါတယ်...။ တကယ်က အဖြစ်က အဲလိုမဟုတ်ပါဘူး .... ပျင်းလို့ စကားပြောဖော်မရှိလို့ ရောက်တတ်ရာရာပြောချင်တာ ... တနေ့တာကြုံတွေ့သမျှကို အသေးစိတ်ပြောပြီး ပင်ပန်းသမျှ ဖြေဖျောက်ချင်တာ ... သိထားသမျှ ဟိုလူအကြောင်း ဒီလူအကြောင်း သတင်းတွေကို ပြောပြပြီး ရယ်ပွဲဖွဲ့ချင်တတ်တာ...။ ကျွန်မက စိတ်မ၀င်စားတော့ စိတ်ဆိုးသလိုလိုပြောတတ်တာ ....။

အခုအချိန်က ကျွန်မဘ၀ရဲ့ turning point အတွက် အဆင့်တစ်ခုကို ခက်ခက်ခဲခဲကျော်ဖြတ်နေရလို့ .. စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကို သိသိနဲ့ ကျွန်မရဲ့ ရှားရှားပါးပါး အားချိန်တစ်နာရီလောက်ကလေးကို အပိုင်စီးချင်တာ...။ မအားတာကို မအားဘူးလို့ပွင့်ပွင့်လင်းလင်းပြောပြထားပေါ့လို့ဆိုလာရင် .. သေချာတာပေါ့.. ကျွန်မ မပြောဘဲ မနေပါဘူး...။ account (facebook, skype, gtalk, viber) မှန်သမျှ invisible လုပ်ပြီးနေနေတတ်ပေမယ့်လည်း .. ရှိနေမှန်းသိနေတော့ အစကတော့ နေ့စဉ်ရက်ဆက် .. အခုနောက်ပိုင်းတော့ တစ်ရက်ခြားတစ်ခါလောက် ခေါ်ပြီးတော့ daily report တက်တတ်သလို အပ်ကြောင်းထပ်နေတဲ့ စကားတွေလည်း နားမှာ လျှံနေပါပြီ ..။ ထားပါတော့ ထားပါတော့ .. အသိတွေ လာဖတ်နေကျမဟုတ်လို့ ဒီနေ့တော့ ထူးထူးခြားခြားရင်ဖွင့်မိပါပြီ ...။ အားနာလို့ အပြတ်မပြောဖြစ်တာက သူက ကျွန်မထက် အသက်ကြီးဝါကြီးတဲ့ မိန်းကလေး ဖြစ်နေလို့ပါ..။ အသက်ကြီးပေမယ့်လည်း ယောက်ျားလေးဆိုလို့ကတော့ တိကနဲမြည်အောင် ပြောပစ်လိုက်တာကြာပြီ...။ ခံရခက်ဆုံးထဲမှာ ရှားရှားပါးပါးအချိန်တွေကို အကျိုးမဲ့အောင် လာဖြုန်းတီးစေတဲ့သူမျိုးပါပဲ ...။

အခုတလော မအားတာနဲ့ နေ့စဉ်ရက်ဆက် စားဖြစ်နေတာက ကျောင်းက Mensa က နေ့လည်စာတွေပါ ..။ သူတို့အစားအစာတွေက တော်တော်များများ cheese တွေထည့်ချက်တတ်တော့ ၀မှာစိုးတာနဲ့သိပ်မစားဖြစ်ပေမယ့်လည်း အခုတလောတော့ ၀မှာကနောက် အစားပြတ်လပ်ပြီးသေမှာက အရင် ဆိုတာမျိုးဖြစ်နေလို့ ၀ရင်လည်း ၀ ပါစေ စားနေရတာပါပဲ ..။ ဒါပေမယ့်လည်း အလုပ်ရှုပ်တာနဲ့ပဲ ၀ိတ်ကတော့ တက်မလာပြန်ပါဘူး..။ မနက်စာလည်း cheese burger နဲ့ ကော်ဖီတစ်ခွက် ... နေ့လည်စာတော့ ကျောင်းမှာစားတယ်.. ညစာတော့ အိမ်ရောက်မှ ကြုံရာပဲ ..။


ခုတလော ဘလော့ဂ်တွေ ပြန်လှုပ်ရှားလာကြတယ်နော်...။ tag game တချို့နဲ့ ၀ါရင့်blogger တချို့ရဲ့ ကြိုးပမ်းမှုကြောင့် ပြန်ရှင်သန်လာတယ်ဆိုရမလားပဲ ...။ tagged post တွေ ဖတ်ဖြစ်ပေမယ့်လည်း ကွန်မန့်ရေးဖို့က ကွန်ပြူတာက အဆင်မပြေဖြစ်နေပြန်တယ်..။ တခြားနေရာအားလုံး zawgyi font နဲ့ရိုက်လို့ရပေမယ့် blog comment box အားလုံးမှာတော့ Window 8 က Default Myanmar font ပဲဖြစ်နေတော့ ရိုက်ရတာအဆင်မပြေဘူး..။ ကွန်မန့်ရေးချင်ရင် word ကိုဖွင့် အဲဒီမှာအရင်ရေးပြီးမှကူးပြီး comment box ထဲထည့် အဲလိုမျိုးဖြစ်နေတော့ အချိန်လည်းမရ အလုပ်ကလည်းပိုတာနဲ့ မရေးဖြစ်ခြင်းဖြစ်နေတာပါ..။ ကျွန်မအချိန်အားတာနဲ့ ဘလော့တွေတော့ လည်ဖြစ်ပါတယ်...။ ကွန်ပျူတာအဟောင်းက ဘယ်လိုမှ အလုပ်ဆက်လုပ်မရအောင် ပေကပ်ကပ်ဖြစ်နေတာကြောင့် အသစ်ဝယ်လိုက်ရလို့ပါ ...။ အဲဒါနဲ့ပဲ မြန်မာဖောင့်က အဲတနေရာတော့ ခုထိအဆင်မပြေသေးပါဘူး...။ 


ဒီလိုပဲ ရောက်တတ်ရာရာလျှောက်ရေးလိုက်တာ စာတွေတော်တော်များသွားပြီ ...။ yeapp ခုတလော ခံစားသမျှတွေ ပေါက်ကွဲနေသလိုပဲ.. ပြီးခဲ့တဲ့ပို့စ်ကလည်း စိတ်ထဲခံစားမိသမျှတွေ ချရေးမိတယ် ... :D သည်းခံဖတ်ပေးမှုအတွက် ကျေးဇူးအထူး _/\_ _/\_ _/\_

Follow Us @soratemplates