Showing posts with label My Favorite Songs ^^. Show all posts
Showing posts with label My Favorite Songs ^^. Show all posts

Friday, 5 December 2014

TGIF ^^

December 05, 2014 3 Comments
 ဒီဇင်ဘာပထမပတ်ရှင်းတမ်း++
ရက်သတ္တတစ်ပတ်ရဲ့ သောကြာနေ့ကို ရောက်လာတဲ့အခါ စိတ်တွေက တစ်ပတ်လုံး ရှုပ်ခဲ့သမျှ ပြန်လည် ပေါ့ပါးလာခဲ့ပါပြီ ...။ ဘာပဲဖြစ်ဖြစ် weekends ၂ ရက်မှာတော့ ကျောင်းမသွားဘဲ ပေါ့ပေါ့ပါးပါး နားလို့ရပြီလေ.....။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ဒီဇင်ဘာအမှတ်တရ ပို့စ်တစ်ခုရေးခဲ့တယ်..။ အဲဒီပို့စ်မှာတောင် ထည့်ရေးမိပါသေးတယ်..။ မနက်နိုးနိုးချင်း ခေါင်းလျှော်ရေချိုးပြီး ကျောင်းသွားခဲ့တယ်ဆိုပြီးတော့ပေါ့ ..။ ညပြန်ရောက်၊ Blog မှာ စာတွေဘာတွေရေး၊ အိပ်ပြီးတဲ့အချိန်အထိ ဘာမှမဖြစ်ခဲ့ဘူး ...။ နောက်တစ်ရက်တော့ ကျောင်းကို ပုံမှန်အတိုင်းသွားပါတယ်..။ နေ့လည်ပိုင်းရောက်တော့ Seminar တစ်ခုတက်တယ်..။ အဲဒီမှာ ဆရာကလည်း ခရီးသွားရာကနေ ပြန်ရောက်လာပါပြီ ...။ Seminar ပြီးတော့ ဆရာက ကျမရဲ့ research plan နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ဘာညာ မေးပါတယ်..။ အဲဒီတော့ ဘယ်လိုလုပ်ချင်တယ်၊ Study site က ဘယ်နေရာကို ရွေးထားတယ်..၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ပါမယ်၊ ဘာညာသာရကာ ပြန်ပြောတာပေါ့ ...။ အဲဒါနဲ့ ဆရာက research plan ကို Detail ရေးပြီး သူ့ဆီကို တင်ပါတဲ့ ..။ word နဲ့လား powerpoint နဲ့လားဆိုတာ ဘာမှမပြောတာနဲ့ မြန်မြန်နဲ့ ထိထိရောက်ရောက်ပြနိုင်တဲ့ ppt နဲ့ ပေးချင်လို့ ppt file နဲ့ တင်လို့ရမလားဆရာဆိုတော့ document ပဲတင်ရပါမယ်တဲ့ ..။ Hai Hai ဆိုပြီးတော့ သောကြာနေ့အပြီးရေးတင်မယ်စိတ်ကူးတာ ... အိမ်ရောက်တော့ ဖျားတာပါပဲ ....။ လည်ချောင်းတွေက နာနေပြီ ..။ တကယ်က အဲဒီမနက်ကတည်းက လည်ချောင်းနာနေတာကို သတိထားမိတယ်..။ ရာသီဥတုက ချက်ချင်းအေးလာတော့ ရာသီအကူးအပြောင်းမှာ အ၀တ်အစားကို သေချာနွေးထွေးအောင် မ၀တ်မိဘဲ ပုံမှန်အတိုင်းဝတ်သွားမိလိုက်တာနဲ့ ခန္ဓာကိုယ်က ဖောက်ပြန်လာတော့တာပါပဲ..။ သေချာဂရုတစိုက်ဝတ်စားလဲ ဖြစ်မှာကတော့ ဖြစ်မှာပါပဲ .။ ကျမရဲ့ အကျင့်က ဘယ်နေရာရောက်ရောက် ရာသီအကူးအပြောင်းဆို အအေးမိတာ၊ အပူရှပ်တာက ဖြစ်နေကျ။ ရာသီဥတုပြောင်းပြီလားဆိုရင် ကျမကို ကြည့်ရင်ရပါပြီ..။ ကျမဖျားနေပြီဆို ရာသီတစ်ခုကနေ တစ်ခုပြောင်းလို့ဆိုတာ မှတ်လို့ရနေပြီလေ...။ ပုံမှန်ကတော့ နှာစေးချောင်းဆိုးလောက်ဖြစ်ပြီး ကြီးကြီးမားမားဖျားတာ နာတာ မရှိပဲ ရာသီပြောင်းရင် အဲလို နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသံဝင်၊ အဲဒီကနေတစ်ဆင့် အဖျားပါဝင်တော့တာပါပဲ ..။
အဲဒါနဲ့ နောက်တစ်ရက်ကျောင်းကိုသွားပါသေးတယ်..။ လုံးဝခေါင်းမထောင်နိုင်၊ စကားမပြောနိုင်တော့တာနဲ့ပဲ အခန်းကိုပြန်လာ၊ ဆေးသောက်ပြီးအိပ်၊ အားဆေးတွေလည်းသောက်ပေါ့..။ နောက်တစ်ရက်တော့ တစ်နေကုန်ကျောင်းမသွားပဲ ညနေပိုင်းမှ Seminar တစ်ခုသွားတက်ပါတယ်..။ အိမ်မှာတုန်းက ကောင်းစပြုလာရာကနေ လမ်းလဲထွက်လိုက်ရော တော်တော်အေးပြီး Seminar ခန်းထဲ ဘာတွေပြောလို့ ပြောသွားမှန်းမသိအောင်ကို ချာလပတ်ရမ်းနေခဲ့ပါတယ်..။ ညရောက်တော့ သေချာ အနားယူ၊ ဆေးသောက်လုပ်ရင်း မသက်သာရင် သောကြာနေ့ ကျောင်းက ဆေးရုံခေါ်သွားမယ်လို့ သူငယ်ချင်းက ပြောပေမယ့် အခုတော့ အကောင်းပကတိ သက်သာသွားပါပြီ ...။ ဆရာ့ကိုလည်း Proposal က မတင်နိုင်တော့ နောက်တစ်ပတ်တင်ပါ့မယ်ဆိုပြီး request လုပ်ထားခဲ့ရပါတယ်...။

 Photos ++

Momiji တွေ အရောင်နီတာ ကြည့်ရင်း လျှောက်သွားထားခဲ့တာ ဓါတ်ပုံတွေမှ အများကြီးပဲ ..။ ဒါပေမယ့် Post က ရေးပြီးပြီဆိုတော့ အဲဒီဓါတ်ပုံတွေ ဒီအတိုင်း ကွန်ပျူတာထဲ ထည့်သိမ်းထားရုံပေါ့ ..။ Facebook တော့ တစ်ပုံစနှစ်ပုံစလောက်သာတင်ပြီး သိပ်မတင်ဖြစ်ပါဘူး..။ အပေါ်က ၂ ပုံက Momiji တွေသွားကြည့်တုန်းက Temple တစ်ခုက စမ်းချောင်းလေးတစ်ခုရဲ့ တံတားပေါ်ကနေ ရိုက်ထားတာ..။ ရေတွေကြည်နေတဲ့ သဲချောင်းလေးထဲက ကျောက်တုံးပေါ်မှာ အကြွေစေ့တွေ ပစ်ထားတာ အများကြီးပဲ..။ ဒဏ္ဏာရီဇာတ်လမ်းတွေထဲက ရွှေတွေ ငွေတွေတွေ့တဲ့ပုံနဲ့တူလို့ တော်တော်သဘောကျခဲ့တဲ့နေရာလေးပါ..။ စမ်းချောင်းလေးထဲမှာ ငွေအကြွေတွေအပြင် မေပယ်လ်ရွက်ကြွေတွေပါမျောပြီး တကယ်ကဗျာဆန်တဲ့ နေရာလေးတစ်ခုပါ ..။ ဒီမှာကတော့ ဘယ်နေရာပဲဖြစ်ဖြစ် ကဗျာဆန်ဆန်လှနေတာပါပဲလေ..။

Blog & Facebook ++
အခုတလော Facebook account ကို Deactivate လုပ်ချင်စိတ်တော်တော်များနေတယ်..။ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရလို့ ..။ အချိန်ကုန်လို့ ......။ Blog ကတော့ သိပ်အချိန်မပေးရပါဘူး ..။ နောက်တစ်ချက်က Blog မှာ တစ်ခုခုရေးဖြစ်ခြင်းက ကျမအတွက် အကျိုးရှိတယ်လေ..။ အနည်းဆုံး အချိန်မရလို့ ကိုယ့်ဒိုင်ယာရီပဲကိုယ်ရေးတယ်ဆိုရင်တောင် စာရေးကျင့်တော့ မပျက်ဘူးပေါ့ ..။ ဒီ Blog မှာကလဲ ကိုယ်ပဲစာရေးသူ၊ ကိုယ်ပဲ စာဖတ်ပရိသတ် :D :D
Feedjit live ကို ကြည့်လိုက်ရင် ကိုယ်ပဲ အများဆုံးဝင်တာကို တွေ့ရတာပါပဲ ..။ အနည်းဆုံးတော့ ပျင်းတဲ့အချိန် ကိုယ်ရေးထားခဲ့ဖူးတဲ့ စာလေးတွေ ပြန်ဖတ်ရခြင်းကလည်း ကြည်နူးခြင်းတစ်မျိုးပါပဲ ..။

Writing++
ရေးလက်စစာတွေလည်း တော်တော်များနေပြီ ..။ အဆုံးမသတ်ဖြစ်သေးတာတွေက ခပ်များများပေါ့ ..။ အဆုံးမသတ်ဖြစ်တာတွေကိုတော့ Blog မှာ မတင်ဖြစ်ပေမယ့် ဟိုတစ်လောက ဆရာမဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ဆိုတဲ့ စာအုပ်ကိုပြန်ဖတ်မိရင်း ကိုယ့်အကြောင်းကိုယ်ရေးထားတဲ့ အက်ဆေးကို သိသိနဲ့ အဆုံးမသတ်ဖြစ်သေးဘူး ..။ အားလုံးရေးလိုက်ရင်လည်း Public မှာ ကိုယ့်အကြောင်းကိုယ် ချပြသလိုဖြစ်သွားမှာကြောင့် တမင်ကို ဆက်မရေးဖြစ်တာပါ ..။ တခါတလေလည်း တိတ်တိတ်ကလေးနေတာ အကောင်းဆုံးပဲမဟုတ်လား ..။ ကျမရဲ့ Blog post တချို့ကို ထည့်ပေးနေတဲ့ ဂျာနယ်ဆီကို အက်ဆေးကောင်းကောင်းလေးတွေ သေချာရေးပို့မယ်လို့  စိတ်ကူးထားပေမယ့်လည်း စာတွေထဲစိတ်ရောက်နေရတဲ့အခါ အဲဒီစိတ်ကူးလဲ ပျက်ပြယ်နေရပါတော့တယ် ....။

Favorite song ++
ကျမအကျင့်က သီချင်းတစ်ပုဒ်နားထောင်ပြီိဆိုရင် တချိန်လုံး အဲဒီသီချင်းကို ဆက်တိုက်ဖွင့်ပြီး နားထောင်တော့တာပါပဲ ..။ အခုအချိန် အခုရာသီမှာ ကြိုက်နေတဲ့သီချင်းက နီနီခင်ဇော်နဲ့ စန္ဒီမြင့်လွင်နဲ့ဆိုထားတဲ့ "နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ သီချင်းပါ ..။ ဒီဆောင်းရာသီအတွက် ခရေဇီအဖြစ်ဆုံးသီချင်းဆိုပါတော့ ..။

Time flies so fast!!!
အချိန်တွေအကုန်မြန်ပုံက ရောက်ခါစက ကျောင်းဝင်းထဲက အပင်တွေအစိမ်းရောင်၊ အဲဒီနောက် အဝါရောင် အခုတော့ အရွက်တွေအကုန်ကြွေလို့ အရိုးပြိုင်းပြိုင်းကျလို့နေပါပြီ ..။ ရာသီဥတုကလည်း ရောက်ခါစက ၁၇ ဒီဂရီလောက်ကနေ အခုတော့ ၄ ဒီဂရီလောက်ထိ အေးနေပါပြီ ..။ ဂျပန်ရဲ့ ထူးခြားတဲ့ရာသီဥတု၊ အထူးသဖြင့် ဒီမြို့ရဲ့ ရာသီဥတုဖြစ်မယ်ထင်ပါတယ်..။ အပတ်တိုင်းမိုးရွာပါသတဲ့ ..။ ရာသီဥတုကအေးတဲ့ကြားမှာ မိုးကလည်း မကြာခဏရွာတဲ့အခါ ... ဘာမဆိုင်ညာမဆိုင် သက်ဆိုင်သူကို လွမ်းမိတာပါပဲ .....။

Sunday, 15 September 2013

လွမ်းရယ်မပြေ +++

September 15, 2013 4 Comments


တကယ်ဆို ဒီလိုခွဲခွာချိန်က အသေအချာရောက်လာမယ်ဆိုတာ စကတည်းက သတ်မှတ်ထားခဲ့ပေမယ့် ၂၆ လ ဆိုတဲ့အချိန်က ခဏလေးပဲဆိုတာကို ရုတ်တရက်သိလိုက်ရတယ် ...။ Friday 12 ဟာ ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ နေ့ရက်တစ်ရက်ပါပဲ ....။ မမျှော်လင့်ထားဘဲ အဲဒီနေ့မှာ ကျွန်မ Master Thesis ကို အပြီးအပ်နိုင်ခဲ့ပြီး ၆ လ လောက် ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ခံစားရပါတယ်...။ အရာအားလုံးက ခုမှပဲ နေရာတကျရှိသွားသလို ... လောကကြီးကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို ခံစားမိတယ်...။ deadline က စက်တင်ဘာ ၃၀ ရက်ထိရပေမယ့် ကျွန်မက စောစောပြီးချင်လို့ ကြိုးစားရေးခဲ့ရာက ခုတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်..။ တစ်တောင်ကို ကျော်နိုင်ခဲ့ပြီပဲပေါ့ ...။

 မြန်မာပြည်ကိုအပြီးပြန်တော့မှာမို့ .... ဒီနေ့ညမှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ farewell party တစ်ခုလုပ်တယ် ....။ တကယ်ဆို ကျမအခန်းမှာချက်ပြုတ်ပြီး မြန်မာအစားအစာတွေ ကျွေးချင်ခဲ့ပါတယ်..။ ဒါပေမယ့်လဲ အချိန်အခက်အခဲကြောင့် အဲလိုမလုပ်နိုင်ခဲ့ဘဲ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်...။ ဒီမှာထုံးစံတစ်ခုရှိတာက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် gathering လုပ်တဲ့အခါ ကိုယ့်စားရိတ်ကိုယ်ရှင်းကြေးပဲ ..။ မဟုတ်ရင် မြန်မာနိုင်ငံမှာ ကျွန်မတို့သူငယ်ချင်းတွေ စားလေ့ရှိသလို ၁ ယောက် ၂ ယောက်လောက်က အားလုံးအတွက် ၀ိုင်းရှင်းကြတာမျိုးဆိုရင် ရှင်းရတဲ့သူရော စားရတဲ့သူရော အားနားပါးနာဖြစ်ရတယ်လေ...။ 

ကျွန်မတို့နှစ်က အတန်းထဲမှာ course တစ်ခုလုံးတူတူတက်တဲ့ကျောင်းသားပေါင်းက ၁၆ ယောက်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက လာကြတာပါ ..။ ဆရာတွေပြောတာကတော့ ကျွန်မတို့အတန်းက အတော် diverse ဖြစ်တယ်ဆိုပဲ ..။ ကိုလံဘီယာက ၃ ယောက်တွဲပါတာကလွဲရင် ကျန်တဲ့သူတွေက တစ်နိုင်ငံ တစ်ယောက်စီပဲ ..။ မြန်မာဆိုရင်လည်း ကျွန်မတစ်ယောက်တည်းပဲ..။ ၁၆ ယောက်ရှိတာကို အကြမ်းဖျင်း ၂ ဖွဲ့ကွဲနေပြန်သေးတယ်...။ အရက်သောက် ပါတီတက်လေ့ရှိတဲ့အဖွဲ့ရယ်.. အရက်မသောက် ပါတီမသွားအဖွဲ့ဆိုပြီး ကွဲနေတတ်တယ်...။ ပုံမှန်တော့ သိပ်မသိသာလှပါဘူး...။ အပြင်ပန်းကြည့်ရင် စည်းလုံးတယ်လို့ ဆိုရအောင် team work ရှိတယ်...။ လိုအပ်ရင် အားလုံးဝိုင်းပြီး ဖြေရှင်းတယ်..။ အရက်သောက်တဲ့အခါနဲ့  ပါတီတွေသွားတဲ့အခါလောက် ကွဲတာ..။

အဲဒါအပြင် မသိမသာ တိုက်စွဲက ရှိတတ်သေးတယ်..။ အာဖရိကတိုက်ကသူတွေက သူတို့အချင်းချင်းဆို သိပ်ချစ်ကြတယ်..။ လက်တင်အမေရိကတိုက်အချင်းချင်းလည်း အဲလိုပဲ ..။ အာရှအချင်းချင်းလည်း မထူးပါဘူး.. ကျမနဲ့ အင်ဒိုနီးရှားက ကောင်မလေးနဲ့ဆိုလည်း ညီအစ်မတွေလားမှတ်ရတယ်.. အရမ်းတွဲဖြစ်တာကိုး..။

ကလေးတွေတော့ မဟုတ်ပေမယ့် ... ကျောင်းသားတွေဖြစ်သွားတော့လည်း လုပ်ငန်းခွင်ထဲမှာလို လူကြီးစိတ်တော့မရှိဘဲ ကျောင်းသားက ကျောင်းသားစိတ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပေါ့ ...။
ဒီ ၂၆ လ လုံးမှာ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာတစ်ခုမှမရှိခဲ့ဘဲ .. ပျော်စရာအမှတ်တရတွေချည်းရခဲ့တဲ့အတွက် ကံတရားကို ကျေးဇူးတင်မိပြန်တယ်. ..။ ကျွန်မဘ၀မှာ ဒီလိုသူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ပေါ့ ..။ အတန်းထဲမှာ မိသားစုတစ်ခုလိုဘဲ ကျွန်မအတွက် အဖေ၊ အမေ၊ အစ်ကို၊ မောင်လေး၊ ညီမလေး၊ ဦးလေးရှိတယ်..။ ဒါဟာ ကလေးတွေလို ရယ်စရာဖြစ်နေနိုင်ပေမယ့် တကယ့်အဖြစ်အပျက်ပါ ..။ စရင်းနောက်ရင်း အဲလိုလျှောက်ပြောရင်းကနေ တကယ့်မိသားစုလို စောင့်ရှောက်ကြပါတယ်..။ ဘာပဲလိုအပ်နေပါစေ .. ကူညီပေးဖို့ အဆင်သင့်ရှိနေ တတ်ကြတယ်..။ နိုင်ငံမတူ ယဉ်ကျေးမှုမတူ၊ အသားအရောင်ကွဲပြား၊ ဘာသာမတူ၊ ဓလေ့ထုံးစံတွေခြားနား ကြပေမယ့် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တသားတည်းဖြစ်သွားပြီး တူညီသွား ကြတယ်..။

ဒီနေ့ည စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြတယ်...။ လွန်ခဲ့တဲ့ ၂၆ လက စတွေ့တဲ့အချိန်မှာ ဘယ်သူက ဘယ်လို..။ နောက်တော့ ဘာတွေဖြစ်ကြတယ်.ဘယ်လိုတွေလွဲကြတယ်.။ အတန်းထဲက ရယ်စရာအဖြစ်အပျက်တွေလည်းပါတယ်....။ စာမေးပွဲတွင်းမှာ ကျွန်မစာမကြည့်ဘဲ facebook သုံးနေတာသိလို့ မရမက စာကြည့်တိုက်မှာ လူစုပြီး စာအတူတူကြည့်ရတဲ့အကြောင်းတွေလည်း ပါတယ်..။ ငါဖေ့ဘွတ်သုံးတာ နင်တို့သိနေတယ်ဆိုကတည်းက နင်တို့လဲ သုံးနေလို့သိတာပေါ့ဆိုတော့ မဟုတ်ဘူး နင်ကကို အလွန်အကျွံသုံးတာတဲ့ ..။ ဖွင့်လိုက်ရင် နင် like လုပ်ထားတာတွေ share ထားတာတွေ မြင်နေရလို့သိတာတဲ့ ...။ ဟုတ်တယ်.. အဲဒီအချိန်တုန်းက စာကြည့်ရတာ အရမ်းပျင်းတော့ facebook ထဲ ၀င်ကလိ၊ စာမကြည့်ဖြစ်နဲ့ အဲလိုတွေဖြစ်တာ .. ကြားထဲမှာ blogging တာ ဘယ်သူမှမသိတာတော်သေးတယ်.. မဟုတ်ရင် ဘယ်လောက်တောင် သြချကြမယ် မသိဘူး..။ 


မြန်မာပြည်ကို ပြန်တော့မယ်ဆိုတော့  ဟိုက အင်တာနက်အခြေအနေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ အိမ်မှာက redlink လဲမရှိဘူး skynet လည်းမရှိပါဘူး.. mobile internet သာသုံးရတာကိုး...။ ဆိုတော့ blog တော့ ဘယ်လိုဖြစ်မယ်မသိသေးဘူး...။ facebook တော့ ၀င်လို့ရပါတယ်..။ ဒါပေမယ့် စာရေးတာတော့ blog မှာပဲ ရေးချင်တယ်.. ဆူညံရှုပ်ထွေးနေတဲ့ဖွဘုတ်မှာ အရောရောအနှောနှော မရေးချင်ပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် စာတွေဆက်ရေးဖြစ်ဦးမှာပါ..။ နောက်တစ်တောင်ကိုတက်ဖို့လည်း အားတွေအဆင်သင့်ပါပဲ ...။ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်...။ facebook မှာ နောက်ဆိုကျွန်မပုံမှန်သုံးတော့မယ့် အကောင့်ကhttps://www.facebook.com/snowphyuphyu23 ပါ..။ ကျွန်မရဲ့ အမည်ရင်းနဲ့ personal acc လည်းရှိပေမယ့် အဲဒါက သိပ်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး.. နိုင်ငံခြားက သူငယ်ချင်းတွေလည်း များတော့ မြန်မာလိုစာရေးချင်ရင် လေးထောင့်တုံးကိစ္စ သူတို့ကို အားနာလို့ အမြဲတမ်း hide လုပ်ထားလေ့ ရှိတော့ blog မှာ စာရေးမရလို့ facebook မှာ စာရေးဖြစ်မယ်ဆိုရင် အဲဒီအကောင့်က public share ရတာ အဆင်မပြေတာကြောင့်ပါ ..။
 ဒီသီချင်းက အခုအချိန်ခံစားချက်နဲ့တော့ သိပ်မတိုက်ဆိုင်ဘူး ..။ ဒါက မြန်မာနိုင်ငံမှာ Bachelor ပြီးခဲ့တဲ့ အချိန်က ခံစားချက်နဲ့မှ ကွက်တိ..။ နောက်ကြုံရင် အဲဒီကာလက အမှတ်တရတချို့ကိုလည်း စာစီချင်ပါသေးတယ်....။

+++++++++++++++
ဒီရက်ပိုင်း အဲလိုအလုပ်တွေရှုပ်နေလို့ tag post လည်းမရေးဖြစ်တာ အစ်မဂျက်ကို ဒီကနေပဲ တောင်းပန်ပါတယ်နော် ... ခုမှရေးမယ်ဆိုတော့လည်း ဘလော့ဒေးက တော်တော် လွန်သွားပြီလေ ..။ နောက်အကြိမ်တွေ tag လာခဲ့ရင် သေချာရေးပါ့မယ် _/\_ :D
 

Monday, 29 July 2013

♪♫ Stronger ♪♫

July 29, 2013 5 Comments


ဒီတစ်နေ့လည်း သမားရိုးကျဖြတ်သန်းနေကျအတိုင်း နေ့ရက်တစ်ရက်ကို စာအုပ်တွေကြားထဲ၊ အလုပ်တွေကြားထဲ ကုန်ဆုံးရပေလိမ့်ဦးမည် …။ ဘယ်ဆီရောက်နေပြီမှန်းမသိတော့သည့် တစ်စုံတစ်ဦးကို အရူးတစ်ယောက်လို ပြန်လာလေလိမ့်မလား စောင့်မျှော်နေဖို့တော့ သူမ ဘယ်တော့မှ စိတ်ကူးမည်မဟုတ် …။ သူမရဲ့မျက်ရည်ဆိုတာကို မမြင်ဖူးသည့် အပေါင်းအသင်းများကတော့ “စိတ်ဓါတ်မာကျောလိုက်တာ .. ခံစားချက်ဆိုတာရှိရဲ့လား” ဟု တီးတိုးသဖန်းပိုးကြလိမ့်မည်ဖြစ်သော်လည်း … သူမကတော့ ခံစားချက်ကို လူသိအောင် ထုတ်ပြလိမ့်မည်မဟုတ်ပေ …။ 

ကွန်ပျူတာထက် တချောက်ချောက်ရိုက်နေသည့် စာလုံးတွေထက်မှာ နာကျည်းမှုတွေ ၊ အလွမ်းတွေ၊ အချစ်တွေ မပါဝင်စေခဲ့တာ ကြာပြီပဲ …။ ဘာကြောင့် အလုပ်တွေကြိုးစားနေရပါသလဲဆိုလျှင် အများစုကတော့ မခံချင်စိတ်ကြောင့်ဟု ခေါင်းစဉ်တပ်ချင်တပ်ကြပေလိမ့်မည် ..။ တကယ်တော့ မဟုတ်ခဲ့ပါ ..။ သူမသည် ဟိုးယခင်ကတည်းက အောင်မြင်ချင်ခဲ့သူ၊ အောင်မြင်အောင်ကြိုးစားခဲ့သူ၊ ထိုအောင်မြင်မှုတွေနောက်ကို လိုက်ပါကြိုးစားရင် အချစ်ဆိုတာကို မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သူ ..။
ချန်ခဲ့သူက ချန်ခဲ့ချိန်ရောက်မှ သူမ၏ ကြိုးစားမှုများကို မခံချင်စိတ်တစ်ခုကြောင့်ဟု ခေါင်းစဉ်တပ်မခံနိုင်ပါ..။ ဘ၀မှာ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ခြေကိုယ့်လက်များဖြင့်သာ လျှောက်လှမ်းလိုသော သူမအတွက် အခြားသူတစ်ဦး၏ စိတ်အားဖြင့်သော်မှ တွန်းအားတစ်ခုမလိုချင်ခဲ့ပါ…။ 

“သတိရနေသေးလား” ဟုများ တစ်စုံတစ်ယောက်က မေးလာပါလျှင် … စဉ်းစားစရာမလိုဘဲ “absolutely no” ဟုသာ ပြန်ဖြေဖြစ်မည်ဖြစ်သည် …..။ တစ်ချိန်တုန်းက ချစ်ခဲ့ဖူးပါသည် ဆိုသည်နှင့်ပဲ လုံးဝမသက်ဆိုင်တော့သော လူတစ်ယောက်ကို ဘ၀တစ်လျှောက်လုံး သတိရနေဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်အရာပေပဲ …။ လွမ်းစရာရှိလျှင် နာစရာနဲ့ဖြေရအောင်လည်း လွမ်းဖို့တောင် ထိုက်တန်သူဟုတ်ပါလေစ …။ စကတည်းက ဒီနိဂုံးကို နိမိတ်ဖတ်သလို ကြိုမြင်နေသည့်အတွက် သူမ၏ မနောအာရုံကို ကျေးဇူးတင်ရပေလိမ့်မည်..။ အဘယ့်ကြောင့်ဆိုသော် …. ခွဲခွာချိန်မှာ ကြိုသိနေသည့် လမ်းခွဲတစ်ခုအတွက် အနည်းငယ်တော့ စိတ်ဒဏ်ရာသက်သာခဲ့ပါသည်….။ 

“ပိုလှလာတယ်… အဆင်ပြေတယ်မဟုတ်လား” စသည့် အလာပ သလာပစကားများကိုသော်မှ ဆက်လက်မကြားချင်တော့ပေ ….။ ကွယ်ရာကနေ သူမ၏ ဘ၀ဖြတ်သန်းနေပုံများကို တစေ့တစောင်းနားစွင့်နေတာကိုလည်း မလိုချင်ပြန် ….။ လှည့်ထွက်သွားပြီးမှ ပြန်ကြည့်နေတတ်သည့်သူမျိုးသည် ဘယ်လိုလူအမျိုးအစားလဲဆိုသည်ကိုလည်း သူမ ခေါင်းရှုပ်ခံစဉ်းစားမနေလိုပါ ….။ အတိတ်ဆိုသည့်အရာမှာ ပြန်လှည့်ကြည့်နေလို့လဲ … ကောင်းကျိုးတစ်ခုမှ ပေးမည့်အရာမဟုတ်သည့်အတွက် လက်ရှိကာလကိုပဲ သူမတန်ဖိုးထား ရပေလိမ့်မည်…။ ထိုအခါ အတိတ်ထဲမှာ ကျန်ခဲ့သည့်သူတစ်ယောက်ကို ပြန်လည်တမ်းတနေဖို့ဆိုသည်မှာ … ကြည့်ဖူးပြီးသားရုပ်ရှင်ကား ကို ပြန်ကြည့်သကဲ့သို့ ဘာစိတ်ခံစားမှုမှ ရှိနိုင်မည်မဟုတ် ….။ 

♪♫ …. You think you got the best of me
Think you've had the last laugh
Bet you think that everything good is gone
Think you left me broken down
Think that I'd come running back
Baby you don't know me, cause you're dead wrong ….
♪♫

ချစ်လျက်နှင့် သေကွဲဖြစ်စေ ရှင်လျက်ဖြစ်စေ ကွဲကွာဝေးသွားကြသော ချစ်သူစုံတွဲတွေ အများကြီးရှိရက်နှင့် .. သူနှင့်သူမကိုမှ ကံကြမာရယ် ခွဲရက်လေခြင်း ဟု အပြစ်တင်စရာလည်း လိုမည်မထင် ….။ အတိတ်ကို မေ့ထားလို့ ပျော်ရွှင်စရာကောင်းသော ဘ၀တစ်ခုကို စိတ်တိုင်းကျ ထုဆစ်ရင်း …. ရှေ့ဆက်လှမ်းမည့် ပန်းတိုင်တွေကို မျှော်ကြည့်နေသူတစ်ယောက်အတွက် အရာအားလုံးကလည်း သာသာယာယာပါပဲ….။        ။



                                                   ♪♫…♪♫….♪♫…♪♫…♪♫…♪♫…♪♫


 ချစ်ခင်လေးစားစွာဖြင့် ~~~
❀◕ ‿ ◕❀ တိမ်လွှာဖြူ ❀◕ ‿ ◕❀

 

Follow Us @soratemplates