“Sustainability ဆိုတဲ့စကားလုံးကို
ရှင်ကြားဖူးမှာပေါ့”
သူမနဲ့ပြန်တွေ့ပြီးနောက်ပိုင်း
သူ့ရဲ့အတ္တတစ်ခုလိုလိုဖြစ်လာခဲ့တာက နံနက်ခင်းတွေတိုင်းကို သူ့ရဲ့ပထမဆုံးနှုတ်ဆက်စကားသံတွေနဲ့ စတင်စေချင်ခဲ့တာပါပဲ
..။ သူမအိပ်ရာထချိန်ဖြစ်တဲ့ နံနက်ခင်း ၅ နာရီဆိုရင် သူဖုန်းခေါ်လေ့ရှိခဲ့ပေမယ့် ….
သူမျှော်လင့်သလို သူမက ဘယ်တော့မှ ဖုန်းပြန်ထူးလေ့မရှိခဲ့ ….။
ဒီနေ့တော့ ထူးထူးခြားခြား
ဖုန်းပြန်ထူးလာရင်း အဆုံးအစမရှိ သူမက မေးလာခဲ့တယ် ..။
“ကြားဖူးတာပေါ့ …။ မြန်မာလိုဘာသာပြန်ရင်
စဉ်ဆက်မပြတ် လို့ ပြောကြတယ်မဟုတ်လား”
"အင်း အဲလိုလဲ ပြောလို့ရပါတယ်..။
အခုနောက်ပိုင်းခေတ်မှာ ဘယ်ကဏ္ဍမှာမဆို အဲဒီစကားလုံးက အသုံးဝင်လာတယ် ။ အသုံးဝင်လာတယ်ဆိုတာထက်
ဘာပဲလုပ်လုပ် Sustainability ဆိုတာကို မဖြစ်မနေထည့်စဉ်းစားလာကြတယ် ဆိုပါတော့ .."
တခုခုပြောမယ်ဆိုရင် ဥပမာတချို့ပေးကာ
ရှင်းလင်းပြောပြတတ်တဲ့ သူမရဲ့ စရိုက်က ဟိုးအရင်ကအတိုင်း ဘာမှမပြောင်းလဲခဲ့ ..။
"အရင်ကလို ဥပမာလေးတွေ ပေးပြီး
ပြောပြပါဦးလား ဟန်နီ" ဆိုတော့ သူမက ဖုန်းတစ်ဖက်ကနေ သဘောတကျရယ်မောတယ် ….။
"ဥပမာ company တစ်ခုနဲ့ပဲ
ပြောမယ်ဆိုပါစို့ ..။ သူက ထုတ်ကုန်အသစ်တစ်ခုထုတ်မယ်.. အဲဒီထုတ်ကုန်ကို လူတွေကြားထဲ
ဖြန့်လိုက်တဲ့အခါ အဲဒါကို သုံးခြင်းအားဖြင့် လူတွေရဲ့နေ့စဉ်ဘ၀ဟာ ပိုပြီး သက်တောင့်သက်သာဖြစ်လာမယ်
..။ ဒါပေမယ့် နောက်ပိုင်းမှာ ကုန်ကြမ်းရှားပါးမှုကြောင့်ပဲဖြစ်ဖြစ် တခြားအကြောင်းတွေကြောင့်ပဲဖြစ်စေ
ဆက်မထုတ်နိုင်တော့တဲ့အခါ သုံးစွဲသူတွေရဲ့ခံစားချက်က ဘယ်လိုဖြစ်သွားမလဲ …။ အစကတည်းက
ရှိမလာခဲ့ဘူးဆို ဘာမှခံစားရမှာမဟုတ်ဘူး ..။
အဲဒါက aircon တစ်ခုပဲဆိုပါတော့ ..။ လူတွေက
ပန်ကာကို သုံးနေရာကနေ၊ သဘာဝလေကို အားကိုးနေရာကနေ ပိုပြီးတော့ အဆင်ပြေသက်တောင့်သက်သာဖြစ်တဲ့
aircon တစ်ခုကို ရတဲ့အခါ ဘ၀က ပိုပြီးနေရတာ ဇိမ်ကျလာတယ်..။ ဒါပေမယ့် အဲဒီပစ္စည်းကို ရေရှည်မရတော့တဲ့အခါ နေရတဲ့ဘ၀က အရင်လို
အဆင်ပြေပြေပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမယ်..။ စိတ်ထဲမှာ
မကျေမနပ်တွေဖြစ်လာကောင်းဖြစ်လာမယ် ..။ မရှိခဲ့ရင် အကောင်းသား။ ရလာခဲ့ပြီးမှ
ရေရှည်မဟုတ်ပဲ ပြန်ပျောက်သွားတဲ့အခါ ယုံကြည်စိတ်ချမှု၊ ရေရှည်တည်တံ့မှုမရှိတဲ့
ထုတ်လုပ်မှုတစ်ခုကို အပြစ်တင်ကောင်းတင်လာကြမယ် ..."
"ဒီလောက်ဆို သဘောပေါက်ကောင်းပါရဲ့နော် ...။ အဲဒါကြောင့် ဒီဘက်ခေတ်တွေမှာ
ဘယ်နေရာမှာပဲမဆို အဲဒီ concept ကို ထည့်သွင်းစဉ်းစားလာကြတယ်.."
"သယံဇာတတွေသုံးတာကအစ
နောင်အနာဂတ်အတွက် ရေရှည်တည်တံ့မှုကို ဦးစားပေးတယ်…။
အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဒါက sustainable ဖြစ်ရဲ့လားဆိုတာ အရင်ဆန်းစစ်တယ်..။ ကောက်ရိုးမီးလို
အခုတခဏပဲ ဟုန်းဟုန်းတောက်ပြီး ချက်ချင်းပြန်ပျောက်သွားနိုင်တဲ့ တိုးတက်မှုမျိုးက ရှေ့ကိုသွားတာမဟုတ်ပဲ
နောက်ကို ခြေပြန်လှမ်းနေတဲ့ ကြိုးစားအားထုတ်မှုမျိုးပဲ …"
"Sustainable
မဖြစ်နိုင်တဲ့ ထုတ်ကုန်တစ်ခုကို သုံးနေသူအဖို့ ဘယ်အချိန်မှာ ကုန်သွားမလဲ ဆိုတဲ့ စိုးတထိတ်ထိတ်ခံစားမှုတွေ
… ကုန်သွားတဲ့အခါမှာ ရလာနိုင်တဲ့ စိတ်ဒဏ်ရာတွေကို တွေးမိမယ်ဆိုရင် အစကတည်းက အဲလိုထုတ်ကုန်မျိုးကို
မသုံးမိတာ အကောင်းဆုံးပဲ …။ တချို့အခြေအနေတွေမှာ … ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးလိုက်ရတာထက်စာရင်
မပိုင်ဆိုင်လိုက်ရတာက ပိုမကောင်းပေဘူးလား....."
သူမက စကားအရှည်ကြီးပြောပြီးနောက် ..... ဘာမှဆက်မပြောတော့ .. ဘာမှဆက်မမေးတော့ပဲ ... ဖုန်းထဲကနေ သူမရဲ့အသက်ရှူသံတောင် မကြားရအောင် တိတ်ဆိတ်သွားပြန်တယ် ...။
"ဒါပေမယ့် ကိုယ့်ရဲ့လုပ်ရပ်ကတော့ လုံးဝ
sustainable ဖြစ်ပါတယ် ။ ဒီတစ်သက်လုံး မင်းရဲ့ မနက်ခင်းအတွက် နှိုးစက်တစ်လုံး ဖြစ်ခွင့်ရချင်တာလေ"
သူက ယုံကြည်မှုအပြည့်နဲ့ ပြောပေမယ့်
လူကဲခတ်ကျွမ်းကျင်တဲ့သူမက လွယ်လွယ်ယုံကြည်ပါ့မလား …။
"ကိုယ် မင်းဆီကို ပန်းရောင်နှင်းဆီတွေ
အမြဲတမ်းပို့ပေးမယ် ..။ မနက်ခင်းတိုင်း ကိုယ့်ရဲ့စကားသံတွေနဲ့ နိုးထစေရမယ် ..။ ဒါတွေက
တသက်လုံးအတွက် ရည်ရွယ်တာနော်.."
"ကျမကြိုက်တာ Daisy ပန်းလေးတွေလေ..။
မြေကြီးပေါ်မှာ ကပ်ပေါက်နေတတ်တဲ့ အဖြူရောင် ပန်းသေးလေးလေးတွေ .."
ထူးဆန်းလှပါလား
..။ တကယ်ဆို မြေကြီးပေါ်မှာ နိမ့်နိမ့်လေးပွင့်လေ့ရှိပြီး အနံ့မရှိ .. အဆင်းမလှ . တန်ဖိုးမရှိတဲ့
အဲဒီလို meadow daisy ပန်းလေးတွေကို သူမသဘောကျလိမ့်မည်လို့ သူဘယ်တုန်းကမှ မတွေးမိခဲ့
..။
ရည်မှန်းချက်မြင့်မားလှကာ
… ယုံကြည်ရာအတိုင်း .. အမြင့်ဆုံးကို တက်ဖို့ကြိုးစားနေတဲ့ သူမနဲ့ မြေကြီးပေါ်က လူတကာအနင်းခံရလေ့ရှိတဲ့
ပန်းသေးသေးလေးတွေနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရ ..။ လူတွေရဲ့စိတ်ကို သေချာအကဲမခတ်တတ်တာ
သူ့ရဲ့အားနည်းချက်တစ်ခုပဲ ..။ သူထင်ခဲ့တာက မာနကြီးလှတဲ့ ဆူးအပြည့်နဲ့ နှင်းဆီပန်းတွေ..
အလှပဆုံးဝင့်ကြွားနေတတ်တဲ့ သစ်ခွပန်းတွေ၊ အမြင့်ကြီးထက်မှာ ပွင့်လေ့ရှိတဲ့ သဇင်ပန်းတွေ
စသဖြင့် အဲလိုပန်းမျိုးတွေကို သူမသဘောကျလိမ့်မယ် လို့ ထင်ခဲ့မိတာ …။
~~~~~~~~~~~~~~~~~~~~~~~~~~
:D" အပိုင်း (၁) က ဒီနေရာ နဲ့ အပိုင်း (၂) က ဒီနေရာ မှာ ရေးထားခဲ့တာပါ ..။ တော်တော်ကြာပြီ ရေးထားတာ .. ဆက်မရေးဖြစ်တာ .. အဲဒါနဲ့ ပြန်ကြိုးစားပြီး ဆက်ရေးဖြစ်ပါတယ်..။ နောက်ထပ်အပိုင်းတွေ မြန်မြန်ပြီးအောင် ရေးပါဦးမယ်..။ mood ကို ၀ယ်လို့ရရင်လဲကောင်းသားနော် ^^
8 comments:
ဆက်ရေးပါ..မ ရယ်... မျှော်နေပါတယ်း)
ဒေစီပန်းလေးတွေကိုချစ်တဲ့
ဆုမြတ်
စောင့်ဖတ်နေမယ်..မကြာပါစေနဲ့ဦးနော်.. :)
သမရိုးကျထဲကခွဲထွက်ပြီး
ပမာပေးပုံလေးတွေသဘောကျမိတယ်။
အထူးသဖြင့် sustainable ဖြစ်မဖြစ် ထဲ့စဉ်းစားရတဲ့ concept ကို ဆန်းသစ်စွာသုံးသွားလို့ ကိုယ့်လို သဘာဝထိန်းသိမ်းရေးသမားတစ်ယောက်အတွက်
အင်မတန်ပီတိဖြစ်စေပါတယ်။
အိုင်အိုရာ
Thank you, sis. Pleased to know we are on the same boat :)
ရမရ စမ်းသပ်နေတယ်ညလေးရေ စာတွေလဲစောင့်ဖတ်နိုင်ပါတယ်နော်
ဒီနေ့တော့ကွန်မက်ရေးလို့ရပြီပျော်ထှာနော်
Mood တွေရမယ် mood တွေ။ ဒီမှာ mood ရောင်းနေတယ်။
ခေါ်ဈေးဘယ်လောက်ခေါ်ရပါ့။ (၄၊ ၅၊ ၆) ဘယ်တော့လာမလဲမမ
လာမယ် ဒါပေမယ့် ကြာမယ် :D
Post a Comment