Monday, 29 July 2013

# My Favorite Songs ^^ # Short stories of Love

♪♫ Stronger ♪♫



ဒီတစ်နေ့လည်း သမားရိုးကျဖြတ်သန်းနေကျအတိုင်း နေ့ရက်တစ်ရက်ကို စာအုပ်တွေကြားထဲ၊ အလုပ်တွေကြားထဲ ကုန်ဆုံးရပေလိမ့်ဦးမည် …။ ဘယ်ဆီရောက်နေပြီမှန်းမသိတော့သည့် တစ်စုံတစ်ဦးကို အရူးတစ်ယောက်လို ပြန်လာလေလိမ့်မလား စောင့်မျှော်နေဖို့တော့ သူမ ဘယ်တော့မှ စိတ်ကူးမည်မဟုတ် …။ သူမရဲ့မျက်ရည်ဆိုတာကို မမြင်ဖူးသည့် အပေါင်းအသင်းများကတော့ “စိတ်ဓါတ်မာကျောလိုက်တာ .. ခံစားချက်ဆိုတာရှိရဲ့လား” ဟု တီးတိုးသဖန်းပိုးကြလိမ့်မည်ဖြစ်သော်လည်း … သူမကတော့ ခံစားချက်ကို လူသိအောင် ထုတ်ပြလိမ့်မည်မဟုတ်ပေ …။ 

ကွန်ပျူတာထက် တချောက်ချောက်ရိုက်နေသည့် စာလုံးတွေထက်မှာ နာကျည်းမှုတွေ ၊ အလွမ်းတွေ၊ အချစ်တွေ မပါဝင်စေခဲ့တာ ကြာပြီပဲ …။ ဘာကြောင့် အလုပ်တွေကြိုးစားနေရပါသလဲဆိုလျှင် အများစုကတော့ မခံချင်စိတ်ကြောင့်ဟု ခေါင်းစဉ်တပ်ချင်တပ်ကြပေလိမ့်မည် ..။ တကယ်တော့ မဟုတ်ခဲ့ပါ ..။ သူမသည် ဟိုးယခင်ကတည်းက အောင်မြင်ချင်ခဲ့သူ၊ အောင်မြင်အောင်ကြိုးစားခဲ့သူ၊ ထိုအောင်မြင်မှုတွေနောက်ကို လိုက်ပါကြိုးစားရင် အချစ်ဆိုတာကို မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သူ ..။
ချန်ခဲ့သူက ချန်ခဲ့ချိန်ရောက်မှ သူမ၏ ကြိုးစားမှုများကို မခံချင်စိတ်တစ်ခုကြောင့်ဟု ခေါင်းစဉ်တပ်မခံနိုင်ပါ..။ ဘ၀မှာ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ခြေကိုယ့်လက်များဖြင့်သာ လျှောက်လှမ်းလိုသော သူမအတွက် အခြားသူတစ်ဦး၏ စိတ်အားဖြင့်သော်မှ တွန်းအားတစ်ခုမလိုချင်ခဲ့ပါ…။ 

“သတိရနေသေးလား” ဟုများ တစ်စုံတစ်ယောက်က မေးလာပါလျှင် … စဉ်းစားစရာမလိုဘဲ “absolutely no” ဟုသာ ပြန်ဖြေဖြစ်မည်ဖြစ်သည် …..။ တစ်ချိန်တုန်းက ချစ်ခဲ့ဖူးပါသည် ဆိုသည်နှင့်ပဲ လုံးဝမသက်ဆိုင်တော့သော လူတစ်ယောက်ကို ဘ၀တစ်လျှောက်လုံး သတိရနေဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်အရာပေပဲ …။ လွမ်းစရာရှိလျှင် နာစရာနဲ့ဖြေရအောင်လည်း လွမ်းဖို့တောင် ထိုက်တန်သူဟုတ်ပါလေစ …။ စကတည်းက ဒီနိဂုံးကို နိမိတ်ဖတ်သလို ကြိုမြင်နေသည့်အတွက် သူမ၏ မနောအာရုံကို ကျေးဇူးတင်ရပေလိမ့်မည်..။ အဘယ့်ကြောင့်ဆိုသော် …. ခွဲခွာချိန်မှာ ကြိုသိနေသည့် လမ်းခွဲတစ်ခုအတွက် အနည်းငယ်တော့ စိတ်ဒဏ်ရာသက်သာခဲ့ပါသည်….။ 

“ပိုလှလာတယ်… အဆင်ပြေတယ်မဟုတ်လား” စသည့် အလာပ သလာပစကားများကိုသော်မှ ဆက်လက်မကြားချင်တော့ပေ ….။ ကွယ်ရာကနေ သူမ၏ ဘ၀ဖြတ်သန်းနေပုံများကို တစေ့တစောင်းနားစွင့်နေတာကိုလည်း မလိုချင်ပြန် ….။ လှည့်ထွက်သွားပြီးမှ ပြန်ကြည့်နေတတ်သည့်သူမျိုးသည် ဘယ်လိုလူအမျိုးအစားလဲဆိုသည်ကိုလည်း သူမ ခေါင်းရှုပ်ခံစဉ်းစားမနေလိုပါ ….။ အတိတ်ဆိုသည့်အရာမှာ ပြန်လှည့်ကြည့်နေလို့လဲ … ကောင်းကျိုးတစ်ခုမှ ပေးမည့်အရာမဟုတ်သည့်အတွက် လက်ရှိကာလကိုပဲ သူမတန်ဖိုးထား ရပေလိမ့်မည်…။ ထိုအခါ အတိတ်ထဲမှာ ကျန်ခဲ့သည့်သူတစ်ယောက်ကို ပြန်လည်တမ်းတနေဖို့ဆိုသည်မှာ … ကြည့်ဖူးပြီးသားရုပ်ရှင်ကား ကို ပြန်ကြည့်သကဲ့သို့ ဘာစိတ်ခံစားမှုမှ ရှိနိုင်မည်မဟုတ် ….။ 

♪♫ …. You think you got the best of me
Think you've had the last laugh
Bet you think that everything good is gone
Think you left me broken down
Think that I'd come running back
Baby you don't know me, cause you're dead wrong ….
♪♫

ချစ်လျက်နှင့် သေကွဲဖြစ်စေ ရှင်လျက်ဖြစ်စေ ကွဲကွာဝေးသွားကြသော ချစ်သူစုံတွဲတွေ အများကြီးရှိရက်နှင့် .. သူနှင့်သူမကိုမှ ကံကြမာရယ် ခွဲရက်လေခြင်း ဟု အပြစ်တင်စရာလည်း လိုမည်မထင် ….။ အတိတ်ကို မေ့ထားလို့ ပျော်ရွှင်စရာကောင်းသော ဘ၀တစ်ခုကို စိတ်တိုင်းကျ ထုဆစ်ရင်း …. ရှေ့ဆက်လှမ်းမည့် ပန်းတိုင်တွေကို မျှော်ကြည့်နေသူတစ်ယောက်အတွက် အရာအားလုံးကလည်း သာသာယာယာပါပဲ….။        ။



                                                   ♪♫…♪♫….♪♫…♪♫…♪♫…♪♫…♪♫


 ချစ်ခင်လေးစားစွာဖြင့် ~~~
❀◕ ‿ ◕❀ တိမ်လွှာဖြူ ❀◕ ‿ ◕❀

 

5 comments:

Lorem Ipsum said...

မှန်လိုက်လေ..အရာအားလုံးဟာသာသာယာယာပဲး)
ကိုယ့်ကို နာကျင်မှုတွေမပေးမယ့် right person ဟာပေါ်လာဦးမှာပါ

ချစ်တဲ့
ဆုမြတ်

Yoemyaykya said...

အချစ်ကို အရူးအမူးမခံစားတတ်တဲ့စိတ်ရှိတာအကောင်းဆုံးပဲနော်မမ။ အဲတာအကောင်းဆုံးပဲ။

အိပ်မက်ကောင်းကင် said...

မမစနိုးရေ စာတွေကိုလာမဖတ်ဖြစ်တာလည်းတော်တော်ကိုကြာသွားခဲ့ပြီ အလည်ရောက်တုန်းလေးစာတွေဖတ်သွားတယ်နော်
အတိတ်ကဖြစ်ရပ်တွေကိုမေ့ထားပစ်လိုက်တာအကောင်းဆုံးပါပဲ မမစနိုးရေ ဒါပေမဲ့ တိုက်ဆိုင်မှုတွေရှိလာရင်တော့ စိတ်မကောင်းတော့ဖြစ်မိနေတုန်းပဲ
သီချင်းလေးကိုလည်းခံစားသွားတယ်နော် ပျော်ရွှင်စရာနေ့လေးတွေကိုပိုင်ဆိုင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

စံပယ်ချို said...

ခံစားလို့အကောင်းဆုံးအရာတွေထဲမှာ
အချစ်လဲပါတယ်နော်

နွေလ said...

မလာဖြစ်တာတောင် အတော်ကြာပြီ
Facebook မှာပဲ အချိန်ကုန်နေမိတာ
အစ်မကသာ အစ်မရဲ့စာမှာ
ခံစားချက်တွေ မရှိတော့ဘူး ဆိုနေတာ
အလွမ်းအငွေ့အသက်တွေ မြင်နေရတယ်
လွမ်းနေတယ် မဟုတ်လား မ

ပို့စ်တစ်ခု တဂ်ခဲ့ပါရစေ ( ရေးပေးပါဦး )
http://nwai-la.blogspot.com/2013/08/happy-vs-sad.html

Follow Us @soratemplates