Wednesday, 8 October 2014

# My Own Feelings

Current Obsessions ~~~


ဒီနေ့ သီတင်းကျွတ် လပြည့်နေ့လေ...။ လပြည့်နေ့မတိုင်ခင် ညကတည်းက မနက်ခင်း ဆွမ်းလောင်းဖို့ အမေဟင်းချက်တာ ကူညီပေးတယ်..။ မနက်စောစော ဆွမ်းလောင်းပွဲမှာ ဆွမ်းနဲ့ဟင်း အမေလှူတာကို ကူပေးတယ်...။ ပြီးတော့ အမေနဲ့အဖေက ဘုန်းကြီးကျောင်း သီလယူဖို့သွားကြတော့ အိမ်စောင့်ဖို့ လူမရှိတာနဲ့ အိမ်စောင့်ကျန်ခဲ့တယ်..။ ဘုရားရှိခိုးပြီး ထမင်းဟင်းချက်တယ်...။ ကြောင်တွေ ခွေးတွေ ကို ကျွေးတယ်..။ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တယ်..။ အ၀တ်အစားတွေ၊ စောင်တွေ အများကြီးလျှော်တယ်..။ TV ကြည့်တယ်..။ စာဖတ်တယ်...။

နေ့လည် ၁၂ နာရီကျော်တော့ အမေတို့ ပြန်လာကြတယ်...။ သူတို့တပည့်တွေ လာကြပြီး စပြီး ကန်တော့ကြပြီ..။ ဒီတစ်နှစ် သီတင်းကျွတ်မှာ မောင်နှမတွေအားလုံးထဲ ကျမတစ်ယောက်တည်းပဲ အိမ်မှာရှိနေတယ်...။ တူမလေးကလဲ ရွာကိုပြန်သွားတော့ မုန့်စားမယ့်သူ မရှိဘူး...။ ကျမကလဲ မုန့်အချိုတွေ ဝမှာစိုးလို့ သိပ်မစားရဲဘူး..။ လာကန်တော့ကြတာ မုန့်တွေအများကြီး...။ မနက်ဖြန် လပြည့်ကျော်တစ်ရက်ရောက်ရင် ပိုပြီး လာကြတော့မယ်..။ မနက်ဖြန် ရုံးသွားမှာဆိုတော့ အဲမုန့်တွေ ယူသွားပြီး ညီမလေးတွေ မောင်လေးတွေကို ကျွေးရမယ်...။ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တာလေ.. :-)

လပြည့်ညက တကယ်ကို လပြည့်ညပီပီသသ မြင်ရတယ်..။ တိမ်တွေဖုံးအုပ်တာမတွေ့ရပဲ အိမ်ရှေ့ထွက်ပြီး မော့ကြည့်လိုက်တာနဲ့ ဝိုင်းစက်နေတဲ့ လပြည့်ကို မြင်တွေ့ရပါတယ်..။ ဒါပေမယ့်လည်း လရောင်ကို မမြင်ရတာက တောက်ပနေတဲ့ လျှပ်စစ်မီးတွေရဲ့ ဖုံးလွှမ်းမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်..။ အိမ်ထဲမှာလည်း ဖယောင်းတိုင်တွေကို နေရာတိုင်းထွန်းသလို အိမ်အပြင်ဘက်အထိ အမေက ထွန်းပြီး ပူဇော်တယ်...။ ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်သီတင်းကျွတ်က အိမ်မှာ လူမစုံပေမယ့် ဆီမီးရောင်တွေကြား ကျမကတော့ ပျော်နေတာပဲ ...။ စိတ်အနှောင့်အယှက်ဖြစ်ရတာက ဗျောက်အိုးဖောက်သံတွေ...။ တစ်ချက်တစ်ချက်ဆိုရင် လန့်လန့်သွားတယ်...။ မဖောက်ရဘူးလို့ တားထားပေမယ့် အိမ်နားက ကလေးတွေကတော့ တရစပ်ဖောက်နေတော့တာပါပဲ ..။

ကျမတို့မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲရှိတယ်..။ အဆိုတော်တွေတော့ နှစ်တိုင်းအများကြီး လာနေကျပဲ ..။ ဒါပေမယ့် ကျမတို့အိမ်ကလည်း နှစ်တိုင်းသွားလေ့မရှိတာပါပဲ ..။ အဓိကက လူတွေများလွန်းလို့ လူတွေကြားထဲ မတိုးချင်တာ..။ တစ်ခါတလေတော့ ညနေပိုင်း ဘုရားသွားကြတယ်..။ ဒီနှစ်တော့ လူမစုံတာနဲ့ပဲ ဘုရားတောင်မသွားဖြစ်ဘူး..။ အိမ်ကဘုရားမှာ ဆီမီး၊ ရေချမ်းကပ်ပြီး ဘုရားရှိခိုးတယ်..။


+++ Current Obsessions +++

ခုလောလောဆယ် ကြိုက်နေတာတွေက ~~~

Song – Dear No One ♪♫
Tori Kelly ဆိုထားတဲ့ Dear No One ဆိုတဲ့ သီချင်းလေး..။ လောလောဆယ် ကျမရင်ဆိုင်နေရတာနဲ့ တိုက်ဆိုင်တာကြောင့် ကြိုက်မိတဲ့သီချင်းတစ်ပုဒ်..။ သူပြောချင်တာက ဘ၀မှာ ဘယ်သူမှ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး..။ တချိန်ချိန်မှာတော့ ဘေးနားမှာ ဆိုးတူကောင်းဘက်ရင်ဆိုင်ပေးမယ့် ဘ၀အဖော်တော့ လိုချင်လာမှာပါပဲ ..။ ဒါပေမယ့် ခုလောလောဆယ် ဘ၀ကို ကိုယ့်စိတ်တိုင်းကျဖြစ်အောင် တည်ဆောက်နေဆဲကာလမို့ အခုအချိန်တမ်းတရေရွတ်နေမိတာ ဘယ်သူ့ကိုမှမဟုတ်ဘဲ Dear No One ပဲ ဖြစ်မှာပါ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ ..။ 


TV Channel – Readers Channel ##
လောလောဆယ် ကြိုက်နေတဲ့ TV Channel က တော့ Readers Channel ပါပဲ ..။ စာပေစကားဝိုင်း၊ သူတို့နှစ်သက်သော စာအုပ်များ၊ စာရေးဆရာတွေ ဖြတ်သန်းခဲ့ရသော ဘ၀များစသဖြင့် လွှင့်သမျှ Programme တိုင်းကို အားရင်အားသလို ကြည့်ဖြစ်ပါတယ်...။


TV Programme – The Guys View (Channel 7)
ကြည့်ရတာ သဘောကျမိနေတဲ့ TV Programme တစ်ခုက Channel 7 မှာ တနင်္လာကနေ သောကြာနေ့အထိ ညတိုင်း ၇း၃၀ နာရီမှာ လွှင့်တဲ့ The Guys View ဆိုတဲ့ Programme တစ်ခုပါ..။ ဗဟုသုတရစရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ စတာတွေကို လူငယ်တွေရဲ့ အမြင်နဲ့ တက်တက်ကြွကြွ ဆွေးနွေးလေ့ရှိတာကို သဘောကျမိတာပါ..။

Crazy Color – Pink
ဟိုအရင်ကလည်း ကြိုက်ပေမယ့် အခုတလော ပိုကြိုက်ပြီး ပစ္စည်းတော်တော်များများသာမက အ၀တ်အစားဝတ်တာတောင် ကြိုက်နေမိတဲ့အရောင်က Pink color ပါ..။ တိုက်တိုက်ဆိုင်ဆိုင် အမြဲလိုလို အ၀တ်အစားဝတ်ရင်လည်း ပန်းဆီရောင်ကို အများစုဝတ်ဖြစ်နေသလို သုံးတဲ့ Gadget တော်တော်များများကလည်း ပန်းရောင်က ခပ်များများဖြစ်နေတယ်...။ ဖုန်း၊ နားကြပ်၊ ကင်မရာ၊ မျက်မှန်၊ လက်ကိုင်ပုဝါ၊ ပိုက်ဆံအိတ်၊ ထီး၊ စောင်၊ အိပ်ရာခင်း စသဖြင့် သုံးသမျှ ပန်းရောင်ချည်းဖြစ်နေ လို့ နေရတာ ပျော်စရာ..။ တိုက်ဆိုင်တာလား တမင်ပေးတာလားတော့ မသိပါဘူး..။ လက်ဆောင်ရမိတဲ့ အကျီင်္ ၂ ထည်က ပန်းရောင်တွေချည်း ဖြစ်လို့နေတယ်... :)

What I like to do most – Reading, Writing, Blogging
ဒါကတော့ သိပ်ပြီး ပြောပြစရာလိုမယ်မထင်ပါဘူး..။ ခုတလော Blog မှာ ပို့စ်တွေ တင်တာ စိပ်နေတာနဲ့တင် စာရေးတာ တော်တော် mood ၀င်နေတယ်ဆိုတာ သိသာနေပြီလေ..။ 

Favorite Flower ♥♥
အမြဲသတိတရ ရှိနေမိတဲ့ ပန်းက ချယ်ရီ (သို့မဟုတ်) ဆာကူရာ..။ ချယ်ရီတွေ ပွင့်တဲ့နေရာမဟုတ်တဲ့ အပူပိုင်းဒေသတစ်ခုမှာနေရင်း အအေးပိုင်းက ချယ်ရီတွေကို သတိရနေမိတယ်..။ Facebook မှာ ဂျပန်က သူငယ်ချင်းတစ်ယောက် ချယ်ရီတွေ ဓါတ်ပုံရိုက်ပြီးတင်တော့ ကိုယ်တိုင်ထိတွေ့မြင်ချင်မိတာ အရမ်းပဲ ...။ တနေ့နေ့တော့ ချယ်ရီတွေပွင့်တဲ့နေရာကို ပြန်ရောက်ကောင်းပါရဲ့ ....။


Happy Thadingyunt to you all !!

6 comments:

Anonymous said...

ရေး​ပေးတာ​ကျေးဇူး။ကံ​ကောင်းစွာနဲ့ဖုန်းနဲ့မန့်​လို့ရတယ်​။
ဗျောက်​​ဖောက်​တာ​တော့​တော်​​တော်​စိတ်​အ​နှောင့်​အယှက်​ဖြစ်​ရတယ်​။အသူ​တော့အခုဥပုသ်​ကြီးနဲ့
Ahthu

Phyu Lwin said...

သာဓုပါအသူရေ...။ Well done (y) (y) (y). and again thank you very much for your first comments and always reading my posts <3 <3

Aunty Tint said...

သီတင်းကျွတ်လပြည့်နေ့မှာ ကောင်းမှုကုသိုလ်တွေလုပ်ခဲ့တဲ့အတွက် သာဓု သာဓု သာဓုပါ တိမ်လွှာရေ...
တီတင့်လဲ ငယ်စဉ်တောင်ကြေး ကလေးဘ၀ထဲက ဘုရားပွဲတွေသွားရတာကို မနှစ်သက်ခဲ့ဘူး ကိုယ့်ခြေထောက်ကို သူများနင်းမှာစိုးလို့ ... :P
သားတို့လူ့လောကထဲရောက်လာတော့ တာဝန်တစ်ခုအနေနဲ့ ဘုရားပွဲတွေ လိုက်ပို့ခဲ့ရတယ်... :)
စုံစုံလင်လင် သီတင်းကျွတ်လပြည့်နေ့လေး ဖတ်သွားပြီ။

Mrs. Bagel said...

ပျဉ်းမနား မှ ဟုတ်ပါလေစ။ :) The Guy VIews က တော့ တစ်ခေါက်ပဲကြည့်ဖူးတယ်။ Dear No One လည်း နားမထောင်ရသေးပြန်ဘူး။ မြတ်ကြည်တို့ အိမ်က အခုကြိုက်နေတာက channel 7 စနေ တနင်္ဂနွေ ည ၁၀း ၃၀ လာတဲ့ မိသားစုပြိုင်ပွဲဆိုတာ။ မဆိုးဘူး။ တော်တော်ကြည့်လို့ကောင်းတယ်။

Anonymous said...

စိတ်ချမ်းသာနေတာလေးသိရတော့ကိုယ်လည်းရောယောင်ပျော်သွားတယ်။
ရည်မှန်းချက်တွေပြည့်ပါစေလို့ ...
အိုင်အိုရာ

Phyu Lwin said...

တီတင့်၊ မြတ်ကြည်၊ မမအိုင်အိုရာ ကျေးဇူးအများကြီးတင်ပါတယ် :* :*

Follow Us @soratemplates