♥ စိတ်ကူးထဲက တနေ့တာ ♥
Phyu Lwin
July 03, 2013
5 Comments
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မနက်စောစော အိပ်ရာနိုးချိန်က
နှိုးစက်မလိုဘဲ အလိုလို ၅ နာရီဖြစ်နေရမယ် ..
(ဒါက ခက်ခဲတယ်လို့ မထင်ပါနဲ့
.. အလေ့အကျင့်ကနေ အမူအကျင့်တစ်ခုအဖြစ် ကူးပြောင်းနိုင်ပါတယ်..)
ပြီးရင် မောင်ရော ကျမရော
နှစ်ယောက်လုံး မျက်နှာသစ်ကိုယ်လက်သန့်စင်တာပြီးရင် … ကျမက အိမ်သန့်ရှင်းရေးလုပ်၊ ဘုရားပန်းလဲ၊
သောက်တော်ရေကပ် စတာတွေလုပ်နေတဲ့အခါ .. မောင်က နံနက်စာအတွက်ရယ် ဘုရားဆွမ်းတော်ကပ်ဖို့အတွက်ရယ်
ချက်ပြုတ်နေမယ် ..။ ဒါမှမဟုတ် ကျမက နံနက်စာပြင်ဆင်နေပြီး မောင်က ခုနကပြောတဲ့ အိမ်သန့်ရှင်းရေးလုပ်ရင်လုပ်နေမယ်..။
ပြီးတော့ ဘုရားဆွမ်းတော်ကပ်ရင်း နှစ်ယောက်အတူ ဘုရားရှိခိုးကြမယ်..။ ပြီးရင် နံနက်စာတူတူစားမယ်..။
ကျမကြိုက်တဲ့ ကော်ဖီခါးခါးကို မောင်ကဖျော်ပေးပြီး မောင်ကြိုက်တဲ့ Green tea ကို ကျမက
နှပ်ပေးမယ်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အဲဒီနောက် .. ကျမက အလုပ်အတွက်
laptop ဖွင့်၊ စာဖတ်နေတဲ့အချိန်မှာ မောင်က ခြံထဲက ပန်းပင်တွေရေလောင်းပေါင်းသင်၊ ပြီးတာနဲ့
အလုပ်သွားဖို့ ရေချိုးပါလိမ့်မယ်..။ ကျမက မောင်ဝတ်ဖို့ အ၀တ်အစားတွေ အဆင်သင့်ပြင်ပေးထားမှာပေါ့
…။
အဲဒီနောက် မောင်က ကျမအလုပ်ကို
လိုက်ပို့ပြီး သူ့အလုပ်ကို သွားပါလိမ့်မယ်..။ နေ့လည်စာစားချိန်မှာ ကျမရှိရာ မောင်လာခေါ်ရင်း
အပြင်မှာ အတူတူစားတဲ့ရက်ရှိရင်ရှိမယ်..၊ မနက်အလုပ်မသွားခင် နှစ်ယောက်အတူချက်ပြုတ်ပြင်ဆင်ထားတဲ့
ထမင်းဗူးကိုယ်စီကို ကိုယ့်အလုပ်ကိုယ်စီမှာပဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ သီးခြားစီစားတဲ့နေ့လည်းရှိမှာပဲ
.. ဒီလိုမှမဟုတ်လည်း နှစ်ယောက်အတူသွားစားဖို့ မလွယ်ကူတဲ့နေ့တွေ ထမင်းဗူးမပါတဲ့နေ့တွေမှာ
လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ပဲ အတူတူဝယ်စားတဲ့နေ့တွေလည်း ကြုံလာမှာပါပဲ …။
Tea time တချို့မှာ မောင်က
ကျမဆီဖုန်းဆက်တာဖြစ်စေ .. message ပို့တာဖြစ်စေ လုပ်ပါလိမ့်မယ်..။ အဲဒီအခါတိုင်း ကျမက
စိတ်မပူပါနဲ့ အားလုံးအဆင်ပြေပါတယ် ဆိုတဲ့ ပြောနေကျစကားတစ်ချို့ ကို ပြန်ပြောရင်း မောင့်ရဲ့
ဂရုစိုက်မှုမှာ ကြည်နူးနေပါလိမ့်မယ်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညနေပိုင်းမှာ ကျမအလုပ်ကို
မောင်လာကြိုရင်း လမ်းမှာ လိုအပ်တာဝယ်ပြီး ပြန်ရောက်တာနဲ့ မောင်က ကျမကို စာနာစွာ ၀ယ်လာတဲ့ပစ္စည်းတွေကို
သူကိုယ်တိုင်ပဲ သင့်လျော်ရာနေရာတွေ မှာ နေရာချပါလိမ့်မယ်…။ ကျမကတော့ အ၀တ်အစားလဲပြီးတာနဲ့
အသီးအရွက်များများနဲ့ ခဏနဲ့ကျက်တဲ့ ညစာကို ပြင်ဆင်ဖြစ်မှာပါ ..။ မောင်က ကျမကြိုက်တဲ့
ပန်းသီးနဲ့ ခါကြက်ဥနဲ့ရောမွှေပြီးဖျော်တဲ့ သစ်သီးဖျော်ရည်ကို ပြင်ဆင်လို့ပေါ့ ..။ညစာစားပြီးတာနဲ့ အိုးခွက်ပန်းကန်တွေကို နှစ်ယောက်အတူ ဆေးကြောကြမယ်..။ အ၀တ်အစားတွေကို နှစ်ယောက်အတူ လျှော်ကြမယ်..။
ပြီးတာနဲ့ မောင်က
TV ကြည့်တာဖြစ်စေ၊ စာအုပ်တွေဖတ်တာဖြစ်စေ လုပ်နေချိန်မှာ ကျမကတော့ သီချင်းအေးအေးဖွင့်ရင်း
…. စာတွေကြားထဲမှာ ခေါင်းပြန်မြုပ်နေပြန်ပါလိမ့်မယ်…။ အလုပ်နဲ့ပတ်သက်တဲ့စာတွေဖတ်နေတာဖြစ်စေ၊ ကျမ၀ါသနာပါတဲ့ စာရေးတာဖြစ်စေ လုပ်နေပါလိမ့်မယ်။ ကျမပင်ပန်းခေါင်းရှုပ်လာတဲ့အချိန်မှာ
မောင်ဖတ်နေတဲ့စာအုပ်တွေ သွားမွှေရင်း မောင်ဆိုနေကျ သီချင်းတစ်ချို့ကို ဆိုပြဖို့ တောင်းဆိုရင်
တောင်းဆိုမယ်..။ ကျမတို့ နှစ်ယောက်အတူဖတ်နေကျ တရားဓမ္မစာအုပ်တွေကို အတူဖတ်ရင်း .. တရားအကြောင်းဆွေးနွေးကြမယ်..။
အလှူအတန်းတွေလုပ်ဖို့ တိုင်ပင်ကြမယ်..။ မောင့်ကို ၀ိပဿနာတရားအားထုတ်ဖို့ မဲဆွယ်မယ်..။
ပြီးရင် နှစ်ယောက်အတူ ဘုရားရှိခိုးရင်း တတ်နိုင်သလောက် တရားထိုင်မယ်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မောင်နဲ့ကျမရဲ့ တနေ့တာဟာ
ယောက်ျ်ားအလုပ် မိန်းမအလုပ်မခွဲခြားဘဲ … အဆင်ပြေအောင် ဆောင်ရွက်ရင်း တစ်ယောက်ကိုတစ်ယောက် စာနာဖေးမရင်း
…. ကူညီရင်း ကုန်ဆုံးစေမယ်..။
ကျမချစ်တဲ့မောင်က ကျမကို
မီးဖိုထဲမှာဘဲ တစ်ချိန်လုံးအချိန်တွေကို မကုန်ဆုံးစေဘဲ … ပြင်ပလောကနဲ့ ထိတွေ့စေအောင် လုပ်ငန်းခွင်ထဲမှာလဲ အောင်မြင်ပျော်ရွှင်စေအောင်
ပံ့ပိုးပေးနိုင်တဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြ စ်နေစေ ပါလိမ့်မယ်..။
ကျမကလည်း မောင့်အတွက် ထမင်းဟင်းချက်ကျွေးဖို့၊
ဈေးဝယ်စရာ ပိုက်ဆံတောင်းဖို့၊ ပိုက်ဆံမလုံလောက်ရင် ညည်းညူတတ်ဖို့ပဲနားလည်တဲ့ မိန်းမတစ်ယောက်မဖြစ်စေဘဲ
…. မောင့်ရဲ့လုပ်ငန်းတွေ ပိုတိုးတက်အောင် အကြံညဏ်ကောင်းတွေ ပေးနိုင်တဲ့ ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်နေစေမှာပါ
..။
+++++++++++++++++++++++++++++
သီချင်းနားထောင်ရင်း ရေးချင်စိတ်ပေါ်လာလို့ ရေးလိုက်တဲ့ အက်ဆေးတစ်ပုဒ်ပါ :)
