Thursday, 13 June 2013

Here I am ~~~ @.@

June 13, 2013 3 Comments


အခုတလောလား ….. ကိုယ်ကတော့ ဘာမှမရှုပ်ပါဘူး…. စိတ်လည်းမရှုပ်ဘူး… လူလည်းမရှုပ်ဘူး …. အချစ်လည်းမရှုပ်.. အလွမ်းလည်းမရှုပ်… အမုန်းလည်းမရှိ …. အလုပ်တော့နည်းနည်းလေး မဆိုသလောက်ရှုပ်တယ်ဆိုရုံ…။
ဒါပေမယ့်…. နေရာတော်တော်များများတော့ ရှုပ်နေတယ် ……။ သတင်းပုလင်းတွေလည်းစုံလို့ ….။ စိတ်ချမ်းမြေ့စရာရယ်လို့မကြား ….. စိတ်ညစ်စရာ စိတ်မကောင်းစရာတွေချည်းးး…။ 

Blog မှာ ကြိုကြားကြိုကြားစာရေးဖြစ်ပေမယ့် … အပေါင်းအသင်းတွေရဲ့ ဘလော့ဂ်တွေ လည်မဖတ်ဖြစ်ပြန်ဘူး…။ ဘာကြောင့်ဆို မြန်မာပြည်ပြန်ရောက်နေတုန်း ကွန်နက်ရှင် အခက်အခဲကြောင့်ပါ …။ စာရေးချင်လွန်းလို့သာ .. ကွန်ကောင်းတဲ့အချိန်စောင့်ပြီး မရရအောင်တင်တာ… တကယ်ဆို .. ပုံမှန်စိတ်နဲ့သာဆိုရင် …. အဲလောက်စိတ်မရှည်ဘူးရယ်….။

အခုတော့လည်း… နေရာဟောင်းကို ပြန်ရောက်လို့ …. အရင်လို အချိန်ရတိုင်း စာပြန်ရေးနိုင်ဖို့ ကြိုးစားရပါဦးမယ်….။ မရေးဖြစ်တာ ကြာသွားတဲ့ ကာလတချို့အတွင်းမှာ လက်ရေကျသွားတယ်လို့ဆိုရမလား…။ post တစ်ခုလောက်တင်ဖို့စဉ်းစားရင်း ဘာရေးရမှန်းမသိဖြစ်နေတယ်..။

ပထမဆုံးရေးချင်တာက …. ကျမရဲ့ ကလောင်နာမည်…။
အရင်က ကျမပြောခဲ့ရေးခဲ့ဖူးသလို… ကျမ ဒီဘလော့ဂ်ကိုရေးနေတာ.. ကလောင်အမည်မတပ်ပဲ ရေးနေဖြစ်တယ်ဆိုတာလေ..။ ကလောင်တွေဘာတွေ တပ်ရအောင်လည်း ကိုယ်ကလဲ ဘာမှမဟုတ်ဘူး… ရေးချင်ရာရေးနေတဲ့သူကိုး..။ ဘယ်လိုပဲရေးချင်ရာရေးတယ်ဆိုဦးတော့.. ကလောင်နာမည်လေးတစ်ခုတော့ ရှိသင့်တယ်မဟုတ်လား…။ အဲဒီတော့ အမည်ရင်းပဲထည့်ရေးရင်ကောင်းမလားပေါ့… ပြန်စဉ်းစားတော့ ကျမစာရေးတာ လူမသိလေကောင်းလေဆိုတော့ အဲဒါတော့ မဖြစ်ပြန်ဘူး.. ဘာကြောင့်ဆို စာရေးတာနဲ့ပတ်သက်ပြီး လှေကားထစ်တစ်ခုမတက်ခင်မှာ ကျမစာရေးတာကို ကျမသိတဲ့လူတွေအများကြီးကို ပေးမသိချင်ဘူး.. ၊ အဓိကက ကျမနဲ့ ဒီဘလော့ဂ်နဲ့ကို လူတွေ တွဲမသိလေ ပိုကြိုက်လေပဲ... @.@

ဒါပေမယ့် ကျမ ငယ်ငယ်ကတည်းက သုံးလာခဲ့တဲ့ ကလောင်နာမည်တစ်ခုရှိတယ်..။ တက္ကသိုလ်ပထမနှစ်လောက်ကတည်းက Light / Best တို့လို English Magazine တွေမှာ ဘာသာပြန်ပြိုင်ပွဲတွေ ကဗျာတိုလေးတွေဝင်ရေးဖြစ်တုန်းက သုံးတဲ့နာမည်..။ ခု အဲဒီနာမည်နဲ့ပဲ စာရေးချင်လာတယ်..။ ဘာကြောင့်ဆို အခု ကျမ မသုံးဘဲထားထားရင် နောက်ထပ်တခြားသူတစ်ယောက်ယောက်ကသုံးလိုက်လို့… ပစ်လိုက်ရမှာစိုးတာနဲ့ပဲ..။

နာမည်ကလား …. တိမ်လွှာဖြူ တဲ့…^_^
လှလားမလှလားတော့ မသိဘူး…။ ကိုယ့်နာမည်လဲပါအောင်… ပြီးတော့ ငယ်ငယ်က ဒီနာမည်ကို အဓိပ္ပာယ်ဖော်ထားတာလည်း သတိရပြီး ကြိုက်လို့ပါ…။ တိမ်တိုက်တွေက ပုံမှန်အားဖြင့်တော့ ၂ မျိုးတွေ့ရတတ်တယ်မဟုတ်လား…။ မိုးရွာချခါနီး တိမ်စိုင်တိမ်မည်းတွေရယ်…. ကောင်းကင်ပေါ်မှာ လွင့်နေတဲ့ အဖြူရောင် တိမ်တိုက်တွေရယ်လေ..။ မိုးတိမ်မည်းမည်းတွေဆိုတာက … သွားချင်တဲ့နေရာကို သွားနိုင်ဖို့အခွင့်အရေးက အရမ်းနည်းပါးသွားပြီ. ဘာကြောင့်ဆို သူတို့မှာ ကမ္ဘာမြေကြီးဆီကို ရွာချရတော့မယ်ဆိုတဲ့ ဦးတည်ချက်တစ်ခုပဲ အသေအချာရှိသွားတော့တာကိုး…။ တိမ်လွှာဖြူဖြူတွေဆိုတာ ကောင်းကင်ကြီးရဲ့ ဟိုးအမြင့်မှာရှိတယ်… ပြီးတော့ အချုပ်အနှောင်ဆိုတာ မရှိဘဲ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနေလို့ရတယ်လေ..။ အဲဒါနဲ့ပဲ .. ကျမရဲ့ ကလောင်နာမည်ကို တိမ်လွှာဖြူ လို့ မှည့်ဖြစ်ခဲ့တာပါ…။ ကံကောင်းထောက်မလို့ စာရေးနေတဲ့သူတွေကြားထဲမှာ ဒီနာမည်မရှိပါစေနဲ့လို့ ဆုတောင်းရတာပဲ …။

နောက်ပိုင်းတော့ ဒီနာမည်နဲ့ပဲ စာရေးဖြစ်မှာပါ…။ ဒီ Blog မှာလဲ ပုံမှန်ရေးဖြစ်အောင် ကြိုးစားသွားရဦးမယ်…။ ပြီးတော့ ခုလောလောဆယ်.. မြန်မာပြည်ပြန်တုန်းက ခရီးထွက်ရင်း ရိုက်ထားတဲ့ဓါတ်ပုံတွေအကြောင်း ပို့စ်တွေရေးဖို့ပြင်ဆင်ရဦးမယ်…။ စာရေးရင် အားအနည်းဆုံးက ခရီးသွားမှတ်တမ်းရေးတာပဲ ..။ ဘယ်လိုရေးရေး စိတ်ဝင်စားစရာကောင်းအောင် မရေးတတ်တော့ …. ရိုက်ခဲ့တဲ့ဓါတ်ပုံတွေ လေ့လာခဲ့သမျှတွေ နှမြောစရာ….။ 

ဒီပုံက မြန်မာပြည်မှာတုန်းက သွားခဲ့တဲ့နေရာတွေထဲက တစ်နေရာပေါ့ ...။  

Well... See you all around ;)

Sunday, 26 May 2013

## လမ်းခွဲခြင်းသီအိုရီ ##

May 26, 2013 3 Comments


 *********************
လမ်းခွဲခြင်းတစ်ခုမှာ ……………
ကောင်မလေး  ။ “နင့်ကို ငါ့ဘ၀ထဲက ဘယ်လို ထုတ်ပစ်နိုင်ပါ့မလဲ …။ ငါ့ဘေးနားက အရာရာက အားလုံးနီးပါး နင်နဲ့ပတ်သက်နေတယ်….။
ဆင်တူဝယ်ထားတဲ့ Handset, key chain ပြီးတော့ ဆင်တူအကျီင်္လေးတွေ… နင်ပို့ပေးနေကျ အမှတ်တရ ကဒ်ကလေးတွေ… အမြတ်တနိုးနဲ့ နင်ဝယ်ပေးထားးတဲ့ အရုပ်တွေ … နင့်လက်ရေးနဲ့ရေးထားတဲ့ စာအိတ်ပေါင်းများစွာ….. တူတူလျှောက်ဖူးတဲ့လမ်းတွေ … စားခဲ့ဖူးတဲ့ဆိုင်တွေ … သွားခဲ့ဖူးတဲ့နေရာတွေ ………..
ဒီအမှတ်တရတွေ ငါ့ဘေးနားမှာ ရှိနေသရွေ့ …… ငါ နင့်ကို ဘယ်လို မေ့ပစ်နိုင်ပါ့မလဲဟင် ?????”

ကောင်လေး    ။ “အမှတ်တရပစ္စည်းတွေဆိုတာ ဖျောက်ဖျက်ပစ်လိုက်ရင် ပျက်စီးသွားတာပါပဲ ….။ အဲဒါတွေ ပျက်စီးသွားခဲ့ပြီဆိုရင်တောင်မှ ……… ချစ်ခဲ့ဖူးတယ်ဆိုတဲ့အမှန်တရားက ….. မင်းကို ငါ့နှလုံးသားထဲက ထွက်သွားခွင့်မပေးခဲ့ဘူး…..။
ငါ့အတွေးထဲမှာ …. မင်းရှိနေသမျှတော့ ……. ငါအသက်ရှင်နေသရွေ့ မင်းကို မေ့ပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ …”
++++++++++++++++++++++++++++++++

ဘယ်လိုပဲဖြစ်ဖြစ် …….. ရှေးရေစက်မပါတဲ့ အချစ်တစ်ခုကတော့ ဆုံဆည်းခွင့်ဆိုတာ ဘယ်လိုမှ မျှော်လင့်ခွင့်မရှိတဲ့ မိုးပေါ်က ကြယ်တစ်ပွင့်လိုပဲ ။
ရင်ထဲမှာ တစ်စုံတစ်ယောက်ကို အမြဲထည့်ထားပြီး သူ့နဲ့ထာဝရအဝေးမှာ ရပ်တည်ရတာလောက် စိတ်ပင်ပန်းမှုမျိုးရှိမှာမဟုတ်ပါဘူး….။
ဘယ်လိုလမ်းခွဲမှုမျိုးမှာပဲဖြစ်ဖြစ် …. ကျန်ခဲ့တဲ့သူရော.. ချန်ထားရစ်သူပါ …. ဒဏ်ရာတွေ ဗရပွနဲ့ပါပဲ … ။ အပေါ်ယံဟန်ဆောင်မှုတစ်ချို့နဲ့ ရင်ထဲက ဒဏ်ရာတွေကို ၀ှက်ထားတတ်ကြပေမယ့် ….. အချိန်တော်တော်ကြာ ပတ်သက်ခဲ့ဖူးတဲ့ သံယောဇဉ်ဆိုတာ လူတစ်ယောက်ကို လွယ်လွယ်မေ့ပစ်နိုင်လောက်အောင် အခွင့်အရေးမပေးတတ်ဘူး ……။

အသေးအဖွဲပြဿနာလေးတွေအတွက်နဲ့တော့ လမ်းခွဲဖို့ဆိုတဲ့စကားကို လွယ်လွယ်မပြောသင့်ပါဘူး…။ ဒါပေမယ့်လည်း အချိန်တွေအကြာကြီးယူပြီး ဖြစ်တည်လာတဲ့သံယောဇဉ်ဆိုတာ …… တစ်ရက်ကလေးနဲ့ ပြတ်တောက်သွားလောက်အောင် ဆုံးဖြတ်ချက်တွေ မှားတတ်ကြတယ်…။ သံသယတွေ ၀င်တတ်ကြတယ်..။ အဲလိုနဲ့ပဲ မထင်မှတ်ထားဘဲ … တစ်သက်လုံးမဆုံနိုင်လောက်အောင် လမ်းခွဲကြရတတ်တယ် …။ နောက်ဆုံးတော့ ……. တစ်စုံတစ်ယောက်ကို ထာဝရသတိရနေရင်းနဲ့ပဲ … နောင်တဆိုတာ တစ်သက်လုံးအတွက် အဖော်ဖြစ်လာခဲ့တတ်တယ်…။ လွမ်းလိုက်တာ လို့ပြောခွင့်မရှိတော့တဲ့ ကိုယ်စီဘ၀တွေမှာ … မေ့မရခြင်းက ကြီးစိုးလာခဲ့သလို… သတိရခြင်းတွေပဲ လွှမ်းမိုးလာတတ်တယ်….။ 

ဆုပ်ကိုင်မိပြီးမှ ပြန်လွှတ်လိုက်ရတဲ့ လက်တစ်စုံက ဘယ်လောက်တောင် ထိရှခံစားရမလဲဆိုတာ ကြိုတွေးမိခဲ့မယ်ဆိုရင် လမ်းခွဲမယ်ဆိုတဲ့ စကားကို လွယ်လွယ်ပြောထွက်ကြမှာ မဟုတ်ပါဘူး …။

===========+===================

Wednesday, 8 May 2013

♥ ♥ မောင်နဲ့ကျွန်မ ♥ ♥

May 08, 2013 5 Comments


မောင်နဲ့ကျမ….
မာယာများတဲ့လောကအလယ် ….
ရှုပ်ထွေးလှတဲ့အဖြစ်အပျက်တွေကြားမှာ ………
ရိုးစင်းစွာ……. တွေ့ခဲ့ကြတယ်…………..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ …………
ဆန်းပြားတဲ့စရိုက်တွေကြားက
အပေးအယူများလှတဲ့ အပေါ်ယံဟန်ဆောင်မှုတွေထဲ ………
ရယူလိုမှုမရှိတဲ့ ဖြူစင်တဲ့ခင်မင်မှုတွေ ရစ်ပတ်ခဲ့ကြတယ်……………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ ………
အတ္တတွေကြားက ဂုဏ်ပကာသနတွေကြားမှာ ……
ပြိုင်ဆိုင်မှုဆိုတာကို မေ့ထားလို့ ……..
နားလည်မှုတွေ တည်ဆောက်ခဲ့ကြတယ်…………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ …………..
ဓနငွေကြေးတွေ တိုင်းတာတတ်တဲ့ အသိုင်းအ၀ိုင်းထဲ
ကျော်ကြားမှုတွေ လုယက်နေတဲ့ ပတ်ဝန်းကျင်မှာ
ရိုးသားတဲ့ ချစ်ခြင်းတစ်ခုကို ရှာဖွေခဲ့ကြတယ် …………။

♥ ♫ ♥ ♫ ♥ ♫

မောင့်အတွက်ရေးတဲ့ ကဗျာတွေတိုင်းမှာ
အချစ်တွေပဲပါသလို ……..
ကျမအတွက်ဆိုဖြစ်တဲ့ သီချင်းတွေတိုင်းမှာ …..
မြတ်နိုးခြင်းတွေပါသတဲ့ ……..။
♥ ♫ ♥ ♫ ♥ ♫

မောင်နဲ့ကျမ …………
မရေရာသေးတဲ့အနာဂတ်အတွက် ………
ယုံကြည်မှုတစ်ခုကို ဆုပ်ကိုင်လို့ ………………
ပန်းခင်းလမ်းတစ်ခုကို အတူလျှောက်လှမ်းဖို့ ……..
ဆူးခင်းထားတဲ့ လမ်းကြမ်းတွေကို
ကိုယ်စီလျှောက်နေကြဆဲ   …………….။
♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫

Monday, 22 April 2013

နေရာဟောင်း ~~~~~

April 22, 2013 3 Comments


(၁)
အမှန်ဆို ဒီနေရာကို နောက်တစ်ကြိမ်ရောက်ဖြစ်ခြင်းက ဒီလောက်ထိ စောလိမ့်မယ်လို့ သူမ မထင်ခဲ့မိပါဘူး……။ တစ်ချိန်ချိန်တော့ ပြန်ရောက်လာလိမ့်ဦးမယ်ဆိုတာ သိနေခဲ့ပေမယ့် အဲဒီအချိန်ဟာ အတိတ်က အရိပ်တစ်ချို့ေ၀၀ါးသွားမယ့်အချိန်ဖြစ်နေပါစေလို့ တိတ်တဆိတ်မျှော်လင့်မိခဲ့ဖူးတာလေ….။
အခုတော့ ရှေ့တူရူမှာမြင်နေရတဲ့ မြင်ကွင်း…..။ ရေကန်ထဲက လှိုင်းကြက်ခွပ်ကလေးတွေက ဟိုသည်ပြေးလွှားလို့ ….။ ဖြစ်နိုင်ရင် တစ်ချိန်က ကတိစကားတွေ လှိုင်းတွေနဲ့အတူ ပြန်မျောမပါလာပါစေနဲ့လို့ .. မဖြစ်နိုင်တာကို တွေးနေမိသေးတာ…။ စကားဆိုတာ ပြောပြီးရင် ပျောက်ပျက်သွားတတ်တာပဲ မဟုတ်လား ….။ ဒါကို သိသိနဲ့ ဟိုးအတိတ်က စကားလုံးတွေ ပြန်ကြားလာမလားလို့ မျှော်လင့်မိတဲ့သူမက အရူးတစ်ယောက်တော့ မဟုတ်သေးပါဘူးလို့ တစ်ယောက်တည်း အတွေးနဲ့ ငြင်းဆန်နေမိပြန်တယ်…။
နောင်တစ်ချိန်မှာ မေ့ပစ်နိုင်ရက်နဲ့တော့ လွမ်းလိုက်တာလို့ ခဏခဏမရေရွတ်ခဲ့သင့်ပါဘူး….။ အခုတော့ အဆုံးသတ်ရလဒ်ကို သိနေပြီးသားပေမယ့် မမေ့နိုင်တဲ့သူက အရှုံးပဲလို့ ပြိုင်ပွဲတစ်ခုလို အနိုင်အရှုံးကို ပြန်တွက်ချက်နေမိပြန်တယ်….။

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
(၂)
လာမိမှတော့ ဒီခရီးကို နောက်ပြန်မလှည့်ဖို့အားယူရင်း ….. အခုတော့လည်း ဒီကမ်းဘေးမှာ တစ်ယောက်တည်း လျှောက်လှမ်းနေရပြန်တယ်…။ မျက်နှာပေါ်မှာ တပ်ဆင်နေကျ ဟန်ဆောင်ပြုံးတစ်ချို့ကို ဆုပ်ကိုင်ရင်း … ဒီတစ်ကြိမ်လည်း ရင်ထဲက ခံစားချက်ကို သူမအပြင် ဘယ်သူမှ မမြင်စေအောင် ဖန်တီးနိုင်ခဲ့ပြန်ပါပြီ…။
အရာရာမပြောင်းလဲဘူးလို့ ဘယ်သူပြောမလဲလေ….။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူမနဲ့ အခုအချိန်မှာ ရပ်တည်နေတဲ့သူမ ယှဉ်လိုက်ရင်တောင် နုပျိုမှုတစ်ချို့တော့ ခြားနားသွားခဲ့တာပဲ ….။ ဟိုးတစ်ချိန်က ခဲလုံးတစ်ချို့ ပြိုင်ပစ်ခဲ့ဖူးတဲ့ ရေကန်ထဲက ရေတွေတောင် အခုဆို အားလုံးနေရာတကျ အသစ်အသစ်တွေချည်းဖြစ်လို့…။ ဒါပေမယ့် မြင်နေကျ မြင်ကွင်းတွေ ပြောင်းလဲမသွားပဲ အရင်လိုရှိနေခြင်းက တဆိတ်တော့ သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပြန်တယ်…။ ရေကန်တစ်ဘက်ကမ်းက တောင်တန်းပြာပြာတွေထက်က သစ်ပင်တစ်ချို့များ ပိုလျော့နည်းသွားလေသလားလို့ အမှတ်ထင်ထင်ဆန်းစစ်မိတော့ အတိတ်ကို ဒီလောက်ထိ သတိမရသင့်ဘူးလို့ သူမဘာသာ သတိထားနေမိပြန်တာ….။ မဟုတ်ပါဘူး… ဒါဟာ အတိတ်ကို သတိရတမ်းတနေတာမဟုတ်ရပါဘူး ….။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သစ်ပင်တွေကို ချစ်တတ်တဲ့သူမက ရေကန်ကြီးအတွက် အရေးပါတဲ့ သစ်ပင်တွေပျောက်ပျက်သွားမှာ စိုးရိမ်မိတဲ့ ပူပန်စိတ်သက်သက်ရယ်ပါ …..။

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
(၃)
♪♪ တကယ်ဆို နင် ငါ့အနားရှိသင့်တာ…….ရင်ခုန်သံချင်း နီးကပ်စွာ…………….။
တကယ်ချစ်ခဲ့တဲ့ …. တို့တွေ ဘာကြောင့်………….ဝေးးးးးးးးးးးးးးးးး
တိုက်တိုက်ဆိုင်ဆိုင် ဘယ်လိုကဘယ်လို အတွေးထဲ ပေါ်လာမှန်းမသိတဲ့ သီချင်းတပိုင်းတစ..။ ဒီအချိန်မှာမှ ဘာကြောင့် ဒီသီချင်းက သူမအတွေးထဲ ရောက်လာရပါလိမ့်…။ တကယ်ဆို ဒီသီချင်းက.. သူမ ကြိုက်နှစ်သက်တဲ့သီချင်းတွေထဲမှာလဲ မပါဝင်ဘဲ တခါနှစ်ခါကြားဖူးရုံနဲ့ ဒီအချိန်မှာ အာရုံရလာခြင်းကတော့ ကံကြမ္မာရက်စက်ပြီထင်ရဲ့…။
အတိတ်ကာလတုန်းကတော့ ဒီအချိန်ဟာ အနာဂတ်ပေါ့…..။ လက်ဖ၀ါးချင်းဆုပ်ကိုင်လို့ တောင်တန်းတွေဆီက ဖြတ်တိုက်လာတဲ့ လေညှင်းတွေကြားမှာ နှစ်ယောက်အတူ လျှောက်ဖြစ်ကြဖို့ ဘ၀နှစ်ခုပေါင်းစပ်နေလောက်ပြီလို့ မျှော်မှန်းခဲ့ကြတဲ့ အနာဂတ်ကာလတစ်ခုလေ…..။ တကယ်ဆို တစ်ဘ၀စာဝေးကွာသွားခြင်းအတွက် မဆိုင်တဲ့ ကံကြမ္မာကို အပြစ်ဖွဲ့တာကတော့ သစ္စာမဲ့တဲ့လုပ်ရပ်ကို ကျူးလွန်သူတစ်ယောက်ရဲ့ အခြေမခိုင်တဲ့ ဆင်ခြေတစ်ခုမှန်း သူမ သိနေပြီးသားလေ…..။ မထားခဲ့ပါနဲ့ လို့ ခယ၀ပ်တွားတောင်းဆိုမယ့် မိန်းကလေးမျိုးမဟုတ်လေတော့ နာကျည်းတဲ့ အရိပ်အငွေ့အချို့တောင် သူမမျက်နှာပေါ်မှာ မရှိခဲ့လေခြင်းက သူ့လုပ်ရပ်အတွက် လိပ်ပြာသန့်ခဲ့စေသတဲ့လား…..။

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
(၄)
မျှော်လင့်မိတာမဟုတ်ပေမယ့် ….. အားပေးစကားမဟုတ်ရင်တောင် ကိုယ်ချင်းစာစိတ်ကြောင့် သူမ ခံစားချက်တစိတ်တဒေသကို နားလည်နိုင်လိမ့်မယ်လို့ သူမ ထင်ခဲ့မိတဲ့ သူငယ်ချင်းက “လူတစ်ယောက်က အသည်းခွဲသွားတာနဲ့ အားလုံးကို အဆက်ဖြတ်သလို ဖြစ်တာတော့ လွန်လွန်းပါတယ်.. အဲဒီလောက်ကြီးတော့ မဖြစ်သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်….။ ဖြစ်ခဲ့တဲ့အခြေအနေကြောင့် အချစ်မှာ ကံဆိုးတယ်လို့ သတ်မှတ်ခံနိုင်ပေမယ့် …. သူငယ်ချင်းနဲ့ပတ်သက်ရင် နားလည်ဖေးမပေးတတ်တဲ့ ကံကောင်းမှုမျိုးရချင်ခဲ့တဲ့ သူမရဲ့ အဖြူရောင်အတ္တက မပြည့်ဝခဲ့ဘူးလို့ သတ်မှတ်ရတော့မှာပါလား….။ နှစ်ကာလတော်တော်ကြာ ရစ်ပတ်ခဲ့တဲ့ သံယောဇဉ်အနှောင်အဖွဲ့ကို အမြဲတတွဲတွဲရှိခဲ့တဲ့ သူငယ်ချင်းအသိပေမယ့် ဒီလိုပြောထွက်လာခဲ့သူက အချစ်နဲ့ သံယောဇဉ်ကို မခံစားတတ်လို့ပါလို့ နားလည်ပေးနိုင်ဖို့ဆိုတာကလည်း မကြာခင်မှာ သူ့ချစ်သူနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်အနေနဲ့ မဖြစ်နိုင်ဘူးမဟုတ်လား…..။ တကယ်တော့ ဒီအတ္တတွေကို ဆက်ပြီး မဆုပ်ကိုင်သင့်တော့ဘူးဆိုတာ သူမ နားလည်လက်ခံလိုက်ရတော့မှာပေါ့…။ လူဆိုတာ ကိုယ့်ကိစ္စကိုယ့်အရေးထက် တခြားသူအကြောင်းကို ဘယ်လောက်ထိ ကြာရှည်ခံစားနေပါ့မလဲလေ…။ အချိန်တွေကြာပြီဆိုတော့လည်း သူမရဲ့သူငယ်ချင်းလည်း မေ့ပျောက်သွားလောက်ရောပေါ့လို့ ဖြေတွေးမိတော့ “အဆက်ဖြတ်ထားတာမဟုတ်ပါဘူး… ငါ တကယ် မအားလို့ မဆက်သွယ်မိတာပါ” လို့ အပြုံးနဲ့ပဲ ပြန်တုံ့ပြန်မိပါတယ်…။

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
(၅)
ရေကန်ဘေးက လမ်းသွယ်လေးအတိုင်း ပြန်လျှောက်လာမိတော့ အတိတ်ကာလတုန်းက လက်ချင်းတွဲလို့ ရယ်မောနေတဲ့ ပုံရိပ်တချို့ကို ပြန်မြင်ယောင် …..။ စကားလုံးတွေဆိုတာ ပြောပြီးရင် လေထဲမှာ ပျောက်ပျက်သွားတတ်စမြဲဆိုတာ သိနေခဲ့လို့များ …. သစ္စာစကားတွေ အထပ်ထပ်ဆိုခဲ့လေသလား …..။ သူမဘက်က မတောင်းဆိုခဲ့ပဲ ဆိုခဲ့ဖူးတဲ့ သစ္စာစကားတွေသာ အမှန်ဖြစ်နေခဲ့ရင် …. သူမ မဟုတ်ခဲ့တဲ့ တခြားတစ်ယောက်လက်ကို ခိုင်ခိုင်တွဲ ပျော်ရွှင်နေတဲ့သူတစ်ယောက်က ဒီကမ္ဘာကြီးပေါ်မှာ ရှိမှာမဟုတ်ဘူးပေါ့…..။
ဒါပေမယ့်လည်း လက်တွေ့ပစ္စုပ္ပန်အချိန်ကို လက်ခံလိုက်မိချိန်မှာ ….. သူမတစ်ယောက်ကတော့ ဟန်ဆောင်ပြုံးတစ်ချို့ကို တပ်ဆင် …. နေရာဟောင်းမှာလည်း ပျော်ရွှင်နေနိုင်သူတစ်ယောက်အဖြစ် ……။ ဘာကြောင့်တိုက်ဆိုင်မှုတွေရှိတိုင်း အတိတ်ကိုဆုပ်ကိုင် ကြေကွဲဝမ်းနည်းနေရမလဲလို့ စိတ်နှလုံးသွင်းရင်း …. တမင်တကာမေ့ပစ်ဖို့ မကြိုးစားတော့တဲ့ သံယောဇဉ်အပိုင်းအစတွေကို လျစ်လျူရှုလို့….။ ဥပေက္ခာပြုလိုက်ဖို့ဆိုတာ စိတ်ပင်ပန်းမယ်မှန်း သူမ သေချာသိနေပေမယ့်လည်း  ……. ဒီတစ်ခုကိုတော့ အသေအချာကြိုးစားရပါလိမ့်ဦးမည် ……………။
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦  ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦

Follow Us @soratemplates