Thursday, 18 July 2013

မပြယ်တဲ့ ... သစ္စာ (၃) ~~~

July 18, 2013 8 Comments


“Sustainability ဆိုတဲ့စကားလုံးကို ရှင်ကြားဖူးမှာပေါ့”

သူမနဲ့ပြန်တွေ့ပြီးနောက်ပိုင်း သူ့ရဲ့အတတစ်ခုလိုလိုဖြစ်လာခဲ့တာက နံနက်ခင်းတွေတိုင်းကို သူ့ရဲ့ပထမဆုံးနှုတ်ဆက်စကားသံတွေနဲ့ စတင်စေချင်ခဲ့တာပါပဲ ..။ သူမအိပ်ရာထချိန်ဖြစ်တဲ့ နံနက်ခင်း ၅ နာရီဆိုရင် သူဖုန်းခေါ်လေ့ရှိခဲ့ပေမယ့် …. သူမျှော်လင့်သလို သူမက ဘယ်တော့မှ ဖုန်းပြန်ထူးလေ့မရှိခဲ့ ….။
ဒီနေ့တော့ ထူးထူးခြားခြား ဖုန်းပြန်ထူးလာရင်း အဆုံးအစမရှိ သူမက မေးလာခဲ့တယ် ..။

“ကြားဖူးတာပေါ့ …။ မြန်မာလိုဘာသာပြန်ရင် စဉ်ဆက်မပြတ် လို့ ပြောကြတယ်မဟုတ်လား”

"အင်း အဲလိုလဲ ပြောလို့ရပါတယ်..။ အခုနောက်ပိုင်းခေတ်မှာ ဘယ်ကဏ္ဍမှာမဆို အဲဒီစကားလုံးက အသုံးဝင်လာတယ် ။ အသုံးဝင်လာတယ်ဆိုတာထက် ဘာပဲလုပ်လုပ် Sustainability ဆိုတာကို မဖြစ်မနေထည့်စဉ်းစားလာကြတယ် ဆိုပါတော့ .."

တခုခုပြောမယ်ဆိုရင် ဥပမာတချို့ပေးကာ ရှင်းလင်းပြောပြတတ်တဲ့ သူမရဲ့ စရိုက်က ဟိုးအရင်ကအတိုင်း ဘာမှမပြောင်းလဲခဲ့ ..။

"အရင်ကလို ဥပမာလေးတွေ ပေးပြီး ပြောပြပါဦးလား ဟန်နီ" ဆိုတော့ သူမက ဖုန်းတစ်ဖက်ကနေ သဘောတကျရယ်မောတယ် ….။

"ဥပမာ company တစ်ခုနဲ့ပဲ ပြောမယ်ဆိုပါစို့ ..။ သူက ထုတ်ကုန်အသစ်တစ်ခုထုတ်မယ်.. အဲဒီထုတ်ကုန်ကို လူတွေကြားထဲ ဖြန့်လိုက်တဲ့အခါ အဲဒါကို သုံးခြင်းအားဖြင့် လူတွေရဲ့နေ့စဉ်ဘ၀ဟာ ပိုပြီး သက်တောင့်သက်သာဖြစ်လာမယ် ..။ ဒါပေမယ့် နောက်ပိုင်းမှာ ကုန်ကြမ်းရှားပါးမှုကြောင့်ပဲဖြစ်ဖြစ် တခြားအကြောင်းတွေကြောင့်ပဲဖြစ်စေ ဆက်မထုတ်နိုင်တော့တဲ့အခါ သုံးစွဲသူတွေရဲ့ခံစားချက်က ဘယ်လိုဖြစ်သွားမလဲ …။ အစကတည်းက ရှိမလာခဲ့ဘူးဆို ဘာမှခံစားရမှာမဟုတ်ဘူး ..။ 
အဲဒါက aircon တစ်ခုပဲဆိုပါတော့ ..။ လူတွေက ပန်ကာကို သုံးနေရာကနေ၊ သဘာဝလေကို အားကိုးနေရာကနေ ပိုပြီးတော့ အဆင်ပြေသက်တောင့်သက်သာဖြစ်တဲ့ aircon တစ်ခုကို ရတဲ့အခါ ဘ၀က ပိုပြီးနေရတာ ဇိမ်ကျလာတယ်..။ ဒါပေမယ့် အဲဒီပစ္စည်းကို ရေရှည်မရတော့တဲ့အခါ နေရတဲ့ဘ၀က အရင်လို အဆင်ပြေပြေပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမယ်..။ စိတ်ထဲမှာ မကျေမနပ်တွေဖြစ်လာကောင်းဖြစ်လာမယ် ..။ မရှိခဲ့ရင် အကောင်းသား။ ရလာခဲ့ပြီးမှ ရေရှည်မဟုတ်ပဲ ပြန်ပျောက်သွားတဲ့အခါ ယုံကြည်စိတ်ချမှု၊ ရေရှည်တည်တံ့မှုမရှိတဲ့ ထုတ်လုပ်မှုတစ်ခုကို အပြစ်တင်ကောင်းတင်လာကြမယ် ..."

"ဒီလောက်ဆို သဘောပေါက်ကောင်းပါရဲ့နော် ...။ အဲဒါကြောင့် ဒီဘက်ခေတ်တွေမှာ ဘယ်နေရာမှာပဲမဆို အဲဒီ concept ကို ထည့်သွင်းစဉ်းစားလာကြတယ်.."
 "သယံဇာတတွေသုံးတာကအစ နောင်အနာဂတ်အတွက် ရေရှည်တည်တံ့မှုကို ဦးစားပေးတယ်…။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဒါက sustainable ဖြစ်ရဲ့လားဆိုတာ အရင်ဆန်းစစ်တယ်..။ ကောက်ရိုးမီးလို အခုတခဏပဲ ဟုန်းဟုန်းတောက်ပြီး ချက်ချင်းပြန်ပျောက်သွားနိုင်တဲ့ တိုးတက်မှုမျိုးက ရှေ့ကိုသွားတာမဟုတ်ပဲ နောက်ကို ခြေပြန်လှမ်းနေတဲ့ ကြိုးစားအားထုတ်မှုမျိုးပဲ …"

"Sustainable မဖြစ်နိုင်တဲ့ ထုတ်ကုန်တစ်ခုကို သုံးနေသူအဖို့ ဘယ်အချိန်မှာ ကုန်သွားမလဲ ဆိုတဲ့ စိုးတထိတ်ထိတ်ခံစားမှုတွေ … ကုန်သွားတဲ့အခါမှာ ရလာနိုင်တဲ့ စိတ်ဒဏ်ရာတွေကို တွေးမိမယ်ဆိုရင် အစကတည်းက အဲလိုထုတ်ကုန်မျိုးကို မသုံးမိတာ အကောင်းဆုံးပဲ …။ တချို့အခြေအနေတွေမှာ … ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးလိုက်ရတာထက်စာရင် မပိုင်ဆိုင်လိုက်ရတာက ပိုမကောင်းပေဘူးလား....." 

သူမက စကားအရှည်ကြီးပြောပြီးနောက် ..... ဘာမှဆက်မပြောတော့ .. ဘာမှဆက်မမေးတော့ပဲ ... ဖုန်းထဲကနေ သူမရဲ့အသက်ရှူသံတောင် မကြားရအောင် တိတ်ဆိတ်သွားပြန်တယ် ...။  
"ဒါပေမယ့် ကိုယ့်ရဲ့လုပ်ရပ်ကတော့ လုံးဝ sustainable ဖြစ်ပါတယ် ။ ဒီတစ်သက်လုံး မင်းရဲ့ မနက်ခင်းအတွက် နှိုးစက်တစ်လုံး ဖြစ်ခွင့်ရချင်တာလေ"
သူက ယုံကြည်မှုအပြည့်နဲ့ ပြောပေမယ့် လူကဲခတ်ကျွမ်းကျင်တဲ့သူမက လွယ်လွယ်ယုံကြည်ပါ့မလား …။

"ကိုယ် မင်းဆီကို ပန်းရောင်နှင်းဆီတွေ အမြဲတမ်းပို့ပေးမယ် ..။ မနက်ခင်းတိုင်း ကိုယ့်ရဲ့စကားသံတွေနဲ့ နိုးထစေရမယ် ..။ ဒါတွေက တသက်လုံးအတွက် ရည်ရွယ်တာနော်.."

"ကျမကြိုက်တာ Daisy ပန်းလေးတွေလေ..။ မြေကြီးပေါ်မှာ ကပ်ပေါက်နေတတ်တဲ့ အဖြူရောင် ပန်းသေးလေးလေးတွေ .."

ထူးဆန်းလှပါလား ..။ တကယ်ဆို မြေကြီးပေါ်မှာ နိမ့်နိမ့်လေးပွင့်လေ့ရှိပြီး အနံ့မရှိ .. အဆင်းမလှ . တန်ဖိုးမရှိတဲ့ အဲဒီလို meadow daisy ပန်းလေးတွေကို သူမသဘောကျလိမ့်မည်လို့ သူဘယ်တုန်းကမှ မတွေးမိခဲ့ ..။
ရည်မှန်းချက်မြင့်မားလှကာ … ယုံကြည်ရာအတိုင်း .. အမြင့်ဆုံးကို တက်ဖို့ကြိုးစားနေတဲ့ သူမနဲ့ မြေကြီးပေါ်က လူတကာအနင်းခံရလေ့ရှိတဲ့ ပန်းသေးသေးလေးတွေနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရ ..။ လူတွေရဲ့စိတ်ကို သေချာအကဲမခတ်တတ်တာ သူ့ရဲ့အားနည်းချက်တစ်ခုပဲ ..။ သူထင်ခဲ့တာက မာနကြီးလှတဲ့ ဆူးအပြည့်နဲ့ နှင်းဆီပန်းတွေ.. အလှပဆုံးဝင့်ကြွားနေတတ်တဲ့ သစ်ခွပန်းတွေ၊ အမြင့်ကြီးထက်မှာ ပွင့်လေ့ရှိတဲ့ သဇင်ပန်းတွေ စသဖြင့် အဲလိုပန်းမျိုးတွေကို သူမသဘောကျလိမ့်မယ် လို့ ထင်ခဲ့မိတာ …။ 

~~~~~~~~~~~~~~~~~~~~~~~~~~ 

 :D" အပိုင်း (၁) က ဒီနေရာ နဲ့ အပိုင်း (၂) က ဒီနေရာ မှာ ရေးထားခဲ့တာပါ ..။ တော်တော်ကြာပြီ ရေးထားတာ .. ဆက်မရေးဖြစ်တာ .. အဲဒါနဲ့ ပြန်ကြိုးစားပြီး ဆက်ရေးဖြစ်ပါတယ်..။ နောက်ထပ်အပိုင်းတွေ မြန်မြန်ပြီးအောင် ရေးပါဦးမယ်..။ mood ကို ၀ယ်လို့ရရင်လဲကောင်းသားနော် ^^

Saturday, 13 July 2013

ဘယ်သန်တို့အကြောင်း တစေ့တစောင်း ..

July 13, 2013 7 Comments


ယနေ့ကမ္ဘာကြီးပေါ်မှာရှိနေကြတဲ့လူတွေရဲ့ ၉၀ % လောက်က ညာသန်တွေပဲဖြစ်ပါသတဲ့ ..။ ဒီအချက်က ကျန်တဲ့ ၁၀% လောက်ပဲရှိတဲ့ ဘယ်သန်တွေရဲ့ဘ၀တွေကို အနည်းငယ်တော့ ပိုမိုရှုပ်ထွေး ပဟေဠိဆန်စေတယ်ဆိုတာကို ပြနေသလိုပါပဲ … (ဘယ်သန်တွေဆိုရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအပါအ၀င်ပေါ့)

နေ့စဉ်နေ့တိုင်းပါပဲ.. ဘယ်သန်တွေရဲ့ အဖြစ်အပျက်အကြောင်းအရာတွေဟာ ရိုးရိုးသာမာန်ညာသန်သမားတွေ ဘယ်လိုမှမသိမလိုက်နိုင်တဲ့ အရှုပ်အထွေးတွေ ဖြစ်နေတတ်ပါသေးတယ်..။
 ဒီမှာတော့    ဘယ်သန်တွေနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ကြည့်ရင်းနဲ့ သူတို့နဲ့ပတ်သက်တဲ့ ယုံတမ်းပုံပြင်တွေကို လေ့လာကြည့်ရအောင် ….။       
 
ပထမဆုံးအနေနဲ့ကြည့်မယ်ဆိုရင် … လက်ရှိကနေနောက်ဆုံး အမေရိကန်သမ္မတ ၇ ယောက်မှာ ၅ ယောက်က ဘယ်သန်တွေဆိုတာ သိတယ်ဟုတ်?? ၁၉၉၂ ခုနှစ်တုန်းက အဓိကအရေးကြီးဆုံးသမ္မတလောင်းလျာ ၃ ယောက်လုံးက ဘယ်သန်တွေဖြစ်ပါသတဲ့ …။ နောက် ၄ နှစ်အကြာ ၁၉၉၆ ရွေးကောက်ပွဲမှာလည်းပဲ သမ္မတအဖြစ် ထိပ်ဆုံးကနေ တစ်ပြေးနေသူ ၃ ဦးကလည်း ဘယ်သန်တွေချည်းပဲ ဖြစ်ပြန်ပါသတဲ့ရှင် ။ အဲဒီ ၃ ဦးထဲက တစ်ဦးဖြစ်သူ Bob Dole ဆိုသူကတော့ ကနဦးက ညာသန်တစ်ယောက်ပါ ..။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက သူ့ရဲ့ညာလက်ထိခိုက်မိပြီး မလှုပ်မရှားနိုင်ဖြစ်သွားတော့ ဘယ်လက်ကို အသုံးပြုနိုင်ဖို့ .. လေ့ကျင့်ခဲ့ရသူပေါ့ …။ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာတော့ အများသိပြီးသားဖြစ်တဲ့အတိုင်း John McCain က အိမ်ဖြူတော်အတွက် Barack Obama ကို အချိန်အကြာကြီး ယှဉ်ပြိုင်ရင်ဆိုင်ခဲ့သူပဲလေ…။ ပြီးတော့ သတိထားမိရဲ့လားမသိ … သူတို့ ၂ ယောက်စလုံးကလည်း ဘယ်သန်တွေပဲဖြစ်ပါသတဲ့ …။
***
ဘာကြောင့် ဘယ်သန်တွေက အလွန်နည်းပါးရတာပါလိမ့်??? အဓိကအကြောင်းကိုတော့ ကျွန်မတို့လည်း ရေရေရာရာမသိကြပါဘူး..။ သီအိုရီအရဆိုရင်တော့ အဲလို ဘယ်သန်/ညာသန်ဖြစ်ရခြင်းက မျိုးရီုးဗီဇရလဒ်ကြောင့် ဖြစ်နိုင်ပါတယ်…။
သိပ္ပံပညာရှင်တွေရဲ့အဆိုအရ လက်အားသန်မှုနဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇ ၂ မျိုးရှိပါတယ်..။ တမျိုးက D မျိုးရိုးဗီဇလို့ခေါ်ပြီး သူက ညာအားသန်မှုကို ပိုအားပေးတဲ့ဗီဇဖြစ်ပါတယ်..။ နောက်တမျိုးက C မျိုးရိုးဗီဇ လို့ခေါ်ပြီး သူကတော့ ဘယ်အားသန်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်တဲ့..။ ဒါပေမယ့်လည်း လူတွေကြားမှာက D မျိုးရိုးဗီဇကို အများဆုံးတွေ့နိုင်တာပဲဖြစ်ပါတယ်..။ အဲဒီလိုဆိုပေမယ့် C မျိုးရိုးဗီဇပါတဲ့ လူတစ်ယောက်မှာလည်း ညာသန်ဖြစ်နိုင်ခြေနဲ့ ဘယ်သန်ဖြစ်နိုင်ချေက ၅၀ % စီရှိပါသေးတယ် ..။ ဆိုတော့ ချုံကြည့်လိုက်ရင် C မျိုးရိုးဗီဇပါတယ်ဆိုရင်တောင် ညာသန်ဖြစ်နိုင်ခြေလည်းရှိသေးတယ်ဆိုတော့ ဘယ်သန်တွေဟာ ရှားရှားပါးပါးဖြစ်တောင့်ဖြစ်ခဲ ဆိုတဲ့သဘောဖြစ်မနေပေဘူးလားနော်…။

လက်အားသန်မှုနဲ့ပတ်သက်တဲ့နောက်သီအိုရီတစ်ခုကတော့ ဦးနှောက်နဲ့သက်ဆိုင်ပါတယ်..။ လူတွေရဲ့ဦးနှောက်တွေကို အခြမ်း ၂ ခြမ်းနဲ့ဖွဲ့စည်းထားပါတယ်..။ သင့်ဦးနှောက်ရဲ့ဘယ်ဘက်တခြမ်းက ပိုပြီးလွှမ်းမိုးတယ်ဆိုရင် သင်က ညာသန်ဖြစ်ဖို့ ပိုများသွားပါပြီ..။ ဒါပေမယ့်ဘယ်သန်တွေမှာတော့ ဒီအချက်က ပိုရှုပ်ထွေးပါတယ်..။ ဘယ်သန်တွေရဲ့ ၇၀ % လောက်ကလည်း ဦးနှောက်ဘယ်ဘက်ခြမ်း လွှမ်းမိုးတဲ့သူတွေဖြစ်နေပြန်ပါတယ်.။ ကျန်တဲ့ ၃၀ % ကတော့ ဦးနှောက်ညာဘက်ခြမ်းပိုမိုဖွံဖြိုးပြီး လွှမ်းမိုးတဲ့သူတွေ၊ သို့မဟုတ် အခြမ်း ၂ ခြမ်းအညီအမျှ လွှမ်းမိုးတဲ့သူတွေဖြစ်ကြပါတယ်…။
 ***
တကယ်လို့သင်က ဘယ်သန်တစ်ယောက်အဖြစ်မွေးဖွားလာခဲ့တယ်ဆိုရင် ညာလက်ကိုအသုံးပြုနိုင်အောင် ပိုအားသန်အောင် လေ့ကျင့်ပေးလို့ရပါတယ်..။ ဒါပေမယ့် အမှန်တကယ် ဘယ်သူတွေက ဘာကြောင့် အဲလိုလုပ်ကြပါသလဲ ..???
ဖြစ်နိုင်တာကတော့ ညာသန်တွေက အသက်ပိုရှည်တယ်ဆိုတဲ့ ယုံတမ်းပုံပြင်တွေကို ယုံကြတာဖြစ်နိုင်သလို ဘယ်သန်ကလေးတချို့အတွက် အက္ခရာတွေရေးရတာ ခက်ခဲတာကြောင့်လဲဖြစ်နိုင်ပါတယ်..။ ဒါမှမဟုတ် သူတို့အထင်မှာ ဘယ်သန်တွေက ကို့ရိုးကားရားနိုင်လွန်းတယ်လို့ မြင်တာကြောင့်လဲဖြစ်မှာပေါ့..။
၁၈ ရာစုနဲ့ ၁၉ ရာစုတွေတုန်းက ဘယ်သန်တွေကို ချို့ယွင်းချက်တခုခုရှိသူအဖြစ်သတ်မှတ်တတ်ကြပြီး ကလေးတွေကို သူတို့ညာလက်ကိုအသုံးပြုနိုင်အောင် လေ့ကျင့်ပေးခဲ့ကြသတဲ့ ..။ ဒီနေ့ခေတ်မှာတောင်မှပဲ နာမည်ကြီး website တစ်ခုဖြစ်တဲ့ Thesaurus.com က ဘယ်သန်တွေကို ကိုးလို့ကန့်လန့်တွေ နတ်ဆိုးတွေလိုမျိုး ဖော်ပြတတ်ပါသေးတယ်တဲ့လေ…။
 
ဒါပေမယ့် ဘယ်သန်တွေနဲ့ပတ်သက်တဲ့ယုံတမ်းစကားတွေအားလုံးတော့ အဆိုးတွေချည်းလည်း မဟုတ်သေးပါဘူး..။ ယုံတမ်းစကားတခုအရဆိုရင် အစုအဖွဲ့လိုက်အလုပ်လုပ်ကြတယ်ဆိုရင် ဘယ်သန်တွေက ညာသန်တွေထက် ပိုပြီးစွမ်းဆောင်ရည်ရှိကာ စမတ်ကျတဲ့သူများဖြစ်ပါသတဲ့..။ အခုထိတော့ အဲဒီအချက်တွေဟာ မှန်မမှန်ဆိုတာကို သိပ္ပံနည်းကျသုတေသနတွေက စူးစမ်းရှာဖွေခဲ့ပြီးဖြစ်ပါတယ်..။ နယူးဇီလန်မှာလုပ်တဲ့ကောက်ယူမှုစစ်တမ်းတခုအရ အမှန်တကယ်တော့ ကိုယ်ရည်ကိုယ်သွေး၊ ညဏ်ရည်ထက်မြတ်မှုအပိုင်းတွေမှာ ဘယ်သန်တွေနဲ့ ညာသန်တွေက အတူတူပဲဆိုတာကို တွေ့ခဲ့ရပါတယ်..။
စက္ကူစ တစ ကိုဖြတ်တာဖြစ်စေ၊ ၀ိုင်ပုလင်းဖောက်တာပဲဖြစ်စေ ဘယ်သန်တွေအတွက် နည်းနည်းတော့ ကသိကအောင့်နိုင်တတ်ကြတာပဲလေ..။ ဒါပေမယ့် ဘယ်သန်တစ်ယောက်ဟာ အိမ်ဖြူတော်လိုနေရာမှာ သမ္မတတောင်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ပြန်တွေးလိုက်မယ်ဆိုရင် သင်ဘယ်သန်ဖြစ်ခြင်း က ကောင်းတဲ့လက္ခဏာပဲ မဟုတ်ပေဘူးလား…။
နှစ်တိုင်း သြဂုတ်လ ၁၃ ရက်နေ့ရောက်ရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘယ်သန်တွေ အထိမ်းအမှတ်နေ့ကျင်းပလေ့ ရှိပါတယ်..။ အဲဒီနေ့ကျင်းပ လာခဲ့တာ ၁၉၉၂ခုနှစ်ကတည်းကဖြစ်ပြီး ဘယ်သန်တွေ နေ့စဉ်ဘ၀တွေမှာ ရင်ဆိုင်တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ .. စိတ်ခွန်အားမြှင့်တင်တဲ့ ရည်ရွယ်ချက်ဖြင့်လည်းပဲ ကျင်းပကြတာပါတဲ့…။
 
***
ဒါဆိုရင် စာဖတ်သူအနေနဲ့ ဘယ်သန်တွေနဲ့ ညာသန်တွေမှာ အောင်မြင်မှုကို ဘယ်သူက ပိုပြီးဆောင်ယူနိုင်တယ်ထင်ပါသလဲ???
----------------
ဒီဆောင်းပါးက Yahoo သတင်းထဲမှာရှိတဲ့ just explain it ဘလော့ဂ်မှာတင်ထားသော  The truth about left-handed people ဆိုတဲ့အက်ဆေးတစ်ပုဒ်ကို ဘာသာပြန်ထားတာပါ ..။

ကျွန်မ ဘာကြောင့် ဒီဆောင်းပါးကို ဘာသာပြန်တာလဲဆိုတော့ သတင်းဖတ်ရင်း ဘယ်သန်တွေ အကြောင်းတွေ့တော့ ကိုယ်လဲ ဘယ်သန်တစ်ယောက်ပဲဆိုတော့ကာ ဘာတွေပြောထားလဲသိချင်တာနဲ့ ဖတ်မိရင်း အခြားသူငယ်ချင်းတွေလည်း သိရအောင် ဝေမျှချင်တာနဲ့ ရေးဖြစ်တာပါ..။

ဒီပို့စ်က နည်းနည်းတော့ရှည်မယ်နော်..။ ကျွန်မအကြောင်းနည်းနည်းပြောချင်တာလည်း ပါတယ်..။  ကျွန်မအဖေက ဘယ်သန်၊ အမေက ညာသန် ၊ အဲဒီတော့ ဘယ်သန်နဲ့ညာသန်မိဘနှစ်ယောက် ကမွေးလာတဲ့ ကျွန်မက ဘယ်သန်ညာသန်ဖြစ်သွားပါတယ်..။ အဲလို နှစ်ဘက်စလုံးသန်တဲ့လူမျိုးတွေ ဘယ်လောက်များရှိသလဲမသိ .။ ဒါပေမယ့် ကျွန်မက စာရေးတာ ညာဘက်ကပိုအားသန်ပြီး ညာနဲ့စာရေးတာကလွဲရင် ကျန်တာမှန်သမျှ ဘယ်သန်ပါ .။ ကတ်ကြေးကိုင်တာ၊ ဓါးကိုင်တာ စသဖြင့် .. ဘယ်လက်သုံးရတာ ပိုအားသန်တော့ ဘယ်သန်လို့ပြောလို့လည်းရပါတယ်..။ နောက်တစ်ခုက အဖေက ဘီသွေး၊ အမေက အေသွေး .. မွေးလာတဲ့ကျွန်မက ရှားရှားပါးပါး အေဘီသွေးဖြစ်လာပါတယ်..။ တကယ်ဆို အေဘီသွေးက သိပ်ရှားတာလေ..။ အခုထိလည်း အေဘီသွေးပိုင်ရှင်တွေရဲ့သဘောသဘာဝက ပဟေဠိဆန်နေဆဲပဲတဲ့..။

လောကကြီးမှာ ညာသန်တွေနဲ့ယှဉ်လိုက်ရင် ဘယ်သန်အရေအတွက် ဒီလောက်နည်းတာ ... မတူတဲ့သဘောသဘာဝရှိသူတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် အများနဲ့မတူ တမူထူးခြားတတ်တာ သဘာဝပဲမဟုတ်ပေဘူးလား..။ အဲဒီအချက်က မှန်သင့်သလောက်မှန်တယ်ဆိုရမယ်ဆိုရင် ကျွန်မဆိုရင်လည်း အိမ်မှာ မောင်နှမတွေကြားထဲ .. တခြားသူတွေနဲ့မတူပဲ တမျိုးကွဲထွက်တယ်..။  စရိုက်သဘာဝ စိတ်နေစိတ်ထား၊ တွေးခေါ်ပုံ အများကြီးပါပဲ ...လုံးဝမတူဘဲ .. ကျန်တဲ့မောင်နှမတွေကတော့ အချင်းချင်းခပ်ဆင်ဆင်ရယ်..။ 

မြန်မာလူ့အဖွဲ့အစည်းမှာလည်း ဘယ်သန်တွေဆိုရင် တမျိုးမြင်တတ်ကြတယ်..။ အထူးသဖြင့် ဘယ်သန်မိန်းကလေးတွေကို ပြောတတ်ကြတာက မိန်းမဘယ်သုံးအိမ်ထောင်ပြုန်း ဆိုလား အိမ်ထောင်ဖြုန်း ဆိုလား မသိပါဘူး..။ အဲလိုစကားပုံတစ်ခုရှိတယ်..။ ဘယ်သန်မိန်းကလေးတွေကို နှိမ်ထားတာလေ..။ ဘယ်သန်မိန်းမတွေက အိမ်ထောင်တစ်ခုကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးဆိုတဲ့သဘောမျိုး ပြောတတ်ကြတာ ကြားဖူးတယ်..။ ငယ်ငယ်လုံချည်ဝတ်တတ်စက အဲလိုစကားမျိုး စသလိုနောက်သလိုနဲ့ ခဏခဏပြောခံထိတယ်..။ ကျွန်မက လုံချည်ဝတ်လည်း ဘယ်ဖုံးဝတ်တာဆိုတော့ စတိတ်ကျောင်းတုန်းက သိပ်စခံရတာ..။ နောက် ကတ်ကြေးကိုင်တာ၊ ဓါးကိုင်တာတွေကို ဘေးကနေကြည့်နေသူတွေက ဘယ်လက်ကြီးနဲ့လုပ်နေတာမြင်ရတာ အားမရလိုက်တာဆိုတာလည်း ခဏခဏပြောခံရပါတယ်..။ 
ထားပါတော့လေ.... လူဟာလူပါပဲနော်.... လူတစ်ယောက်ဆီတိုင်းမှာတော့ အများနဲ့မတူတဲ့ကိုယ်ပိုင်ပုံစံတစ်ခုတော့ရှိတာပဲမဟုတ်လား... ။ ဘယ်သန်ပဲဖြစ်ဖြစ် ညာသန်ပဲဖြစ်ဖြစ် .. ဘ၀မှာကြိုးစားပြီး အများကောင်းကျိုးဆောင်ရွက်နိုင်မယ်ဆိုရင် လောကကို အလှဆင်နိုင်တဲ့သူတွေချည်းပါပဲ ...။  

++++++++++++++++++++++++
စာအရှည်ကြီးကို အဆုံးထိဖတ်သွားပေးတာ ကျေးဇူးတင်ပါတယ်နော်.._/\_ _/\_ _/\_။ ၀တ္ထုတိုလေးတွေရေးချင်တာ .. mood မ၀င်ဘူးရှင့်..။ အခုတလော ကိန်းဂဏန်းတွေကြားထဲ ... လည်နေတွက်နေရတာ အတော်ကို ခေါင်းစားနေလို့ပါ ..။နောက်လဲ ဘာသာပြန်တွေ ခဏခဏရေးရင် ရေးမိမှာပါ.. ။ ဒါက သိပ်စဉ်းစားရေးစရာမလိုဘူးလေ..။

Monday, 8 July 2013

မျက်လုံးတွေအောက်က ဘ၀တွေ ~~~

July 08, 2013 7 Comments


 
တကယ်ဆို ကျမက မြန်မာနိုင်ငံမှာမွေးကတည်းကနေခဲ့ပြီး … သိပ်မကြာသေးတဲ့ကာလတစ်ခုဆီကမှ ဒီနိုင်ငံ ဒီနေရာကိုရောက်လာတဲ့သူပါ ..။ အချိန်တန်လို့ ကျောင်းပြီးရင် ကိုယ့်နိုင်ငံကိုယ်ပဲ ပြန်မယ့်သူတစ်ဦး..။ မြန်မာနိုင်ငံမှာ တသက်လုံးနေလာခဲ့တဲ့သူ… ကျန်ရှိတဲ့သက်တမ်းတော်တော်များများမှာလည်း အဲဒီမှာပဲ ကုန်ဆုံးမယ့်သူတစ်ယောက်အနေနဲ့ အဲဒီဒေသရဲ့ ဓလေ့စရိုက်တွေက တွေ့နေကျမို့ မထူးဆန်းတော့ပေမယ့် .. သူမအတွက်တော့ အထူးအဆန်းဖြစ်နေပါသတဲ့ …။ သူမဆိုတာက ကျမနဲ့သိတဲ့ နိုင်ငံခြားမှာငယ်ငယ်ကလေးတည်းက နေခဲ့ပြီး သိပ်မကြာခင်က မြန်မာနိုင်ငံကို အလည်သွားခဲ့သူတစ်ဦး …။ သူမကို လူတွေက ၀ိုင်းကြည့်ကြတာ … အဲဒီအကြည့်တွေထဲမှာ စူးစမ်းတဲ့အကြည့်တွေ .. စပ်စုတဲ့အကြည့်တွေ ပါဝင်ပြီး အဲလိုမျိုးကြည့်တာဟာ နိုင်ငံကြီးသားမပီသဘဲ ရိုင်းစိုင်းတယ်လို့ ထင်ပါသတဲ့ ….။

သူမက အဲဒီလိုပြောလာတော့ တချိန်က ကျမဆရာတစ်ယောက် ပြောသွားတာကို ပြန်ပြောင်းသတိရမိ
တယ်…။ ကျမ မြန်မာနိုင်ငံမှာ ဂျာမာန်စာသင်တော့ ဆရာက ဂျာမာန်လူမျိုးအစစ် ..။ ကျမတို့ သူနဲ့စာသင်ရတဲ့အချိန်မှာ သူက မြန်မာနိုင်ငံမှာနေခဲ့တာ တစ်နှစ်ခွဲလောက်ကြာနေပြီ ..။ အဲဒီအချိန်အတိုင်းအတာအတွင်းမှာ မြန်မာလူမျိုးတွေရဲ့စရိုက်ကို သူက တော်တော်တီးမိခေါက်မိရှိနေပြီ …။ ဆရာတပည့်ဆိုပေမယ့် ဂျာမာန်ထုံးစံအတိုင်း ကြောက်နေစရာမလို.. မေးစရာရှိတာမေး.. ပြောစရာရှိ တာပြော ပျော်ပျော်ရွှင်ရွှင်ပါပဲ …။ တရက်တော့ ဆရာလည်း တော်တော်ပြောချင်လာတယ် ထင်ပါတယ်…။ မြန်မာတွေရဲ့ ဓလေ့စရိုက်တွေအကြောင်း ပြောဖြစ်ကြတယ်…။ ရှင်းရှင်းပြောရရင် သူပြောတဲ့အနှစ်ချုပ်က မြန်မာလူမျိုးတွေက ကိုယ့်ထမင်းကိုယ်စားပြီး ပတ်ဝန်းကျင် ကို ကြောက်နေရတဲ့သူမျိုးတွေတဲ့ ..။ လူအတော်များများကို လေ့လာမိတဲ့အခါ  ..သူသိလာတဲ့ရလဒ်ဆိုပြီး ထပ်ဆင့်ဖြေရှင်းနေပါသေးတယ်..။ သူဘာကြောင့်အဲဒီလိုပြောလဲဆိုတာ ကျမ ခန့်မှန်းမိပါတယ်..။ ဒါပေမယ့် ဘာကြောင့်အဲဒီလိုသတ်မှတ်ချင်တာလဲလို့တော့ ဆရာရဲ့အကြောင်းပြဖြေရှင်းချက်ကို ကြားချင်မိတာနဲ့ မေးလိုက်ပါတယ်..။ " မြန်မာလူမျိုးတွေက ကိုယ့်ကိစ္စအပြင် ကိုယ်နဲ့မဆိုင်တဲ့ အခြားသူကိစ္စတွေကိုလည်း သိပ်စိတ်ဝင်စားကြသတဲ့ ..။ သူများတွေဘာလုပ်နေလဲ … ဘယ်လိုနေထိုင်တယ် စသဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတတ်ကြပြီး ကိုယ်ကိုယ်တိုင်ကလည်း ငါ့ကို လူတွေအများကြီး ၀ိုင်းကြည့်နေကြတယ်ဆိုတဲ့စိတ်နဲ့ နေတာထိုင်တာ မ၀ံ့မရဲ သက်တောင့်သက်သာ မရှိကြဘူးတဲ့ …။ ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကို စောင့်ကြည့်ဂရုစိုက်နေသလို .. မိမိကိုယ်တိုင်ကလည်း မျက်လုံးပေါင်းများစွာအောက်မှာ …. နေထိုင်နေရသလို ဘ၀က ကျဉ်းကျပ်လှပါသတဲ့ "…။ လမ်းတွေပေါ်မှာ သွားလိုက်ရင် သူ့ကိုဆိုရင်လည်း နိုင်ငံခြားသားဆိုတဲ့အကြည့်နဲ့ စူးစမ်းသလိုကြည့်တာတွေ ခံရသလို မသိမသာကြည့်တာတွေအပြင် တချို့အကြည့်တွေက စူးရဲလွန်းတယ်တဲ့ ..။ တကယ်ဆို အခြားလူတစ်ယောက်ကို အဲဒီလိုလိုက်ကြည့်နေတာထက် .. ကိုယ့်အတွက်ကိုပဲ ဂရုစိုက် . အကျိုးရှိတာ တခုခုလုပ်မနေသင့်ဘူးလားပေါ့ …။

တကယ်သာ ပြောရမယ်ဆိုရင် အဲဒီလိုအကြည့်စူးစူးတွေ ကျမလည်း ခံရဖူးတာပေါ့ …။ တချို့အကြည့်တွေက မိန်းကလေးချင်း .. အားကျစိတ်/ မနာလိုစိတ်/စူးစမ်းစိတ်/အပြစ်ပြောချင်စိတ်/လှတယ်ထင်လို့ ကြည့်တဲ့အကြည့်/ရုပ်ဆိုးလိုက်တာလို့ ကဲ့ရဲ့ချင်လို့ကြည့်တဲ့အကြည့် စသဖြင့် အမျိုးမျိုးပါပဲ …။ ယောက်ျားလေးတွေရဲ့အကြည့်ကရော … OK ရှင်းရှင်းပြောရရင် တချို့အကြည့်တွေက အရမ်းရိုင်းပါတယ်…။မိန်းကလေးတစ်ယောက် လမ်းလျှောက်နေရင်တောင် ခြေလှမ်းမှား သွားစေလောက်အောင် ပြူးတူးပြဲတဲ အကြည့်တွေ … နှမသားချင်းမစာနာဘဲ တဏှာစိတ်နဲ့ကြည့်တဲ့အကြည့်မျိုးတွေ ..။ တခါတလေ မျက်စိမှိတ်ပြတာတို့ လေချွန်လိုက်တာမျိုးတို့ .. မထိတထိစကားနဲ့စလိုက်တာမျိုးဆိုတာတွေက တော်တော်ရိုင်းစိုင်းတဲ့အပြုအမူတွေပါ …။ တချို့ဆို လက်ဖက်ရည်ဆိုင်ရှေ့ကနေ မိန်းကလေးတစ်ယောက်ဖြတ်သွားတယ်ပဲဆိုပါစို့ .. လက်ခုပ်လှမ်းတီးတာမျိုး .. လေချွန်ပြီး တစ်ယောက်ယောက်ကပဲ ခေါ်သယောင်ပြုတာမျိုး..၊ တခါတလေဆို အသံပြုပြီး လှမ်းခေါ်တာမျိုးက ကိုယ်အမူအယာအားဖြင့် စော်ကားခြင်းတစ်မျိုးပါပဲ …။ ဖြတ်သွားတဲ့ မိန်းကလေးအနေနဲ့ကလည်း ဆိုင်ထဲမှာ သူငယ်ချင်းတစ်ယောက်ယောက်ရှိနေ လို့များ ခေါ်လိုက်လေ သလား ထင်ပြီး လှည့်ကြည့်မိရင်ကြည့်မိမယ် … စက်ဘီး (သို့) ဆိုင်ကယ် စီးနေဆဲဆိုလည်း အရှိန်လျော့ပြီးကြည့်မိမယ်ဆိုရင် သကောင့်သားတွေက သူတို့စနောက်တာ အောင်မြင်သွားပြီိဆိုပြီး ရယ်မောကာ ထပ်မံလှောင်ပြောင်ကြတာမျိုးတွေလည်းရှိပါသေးတယ်..။ နောက်ထပ်ရှိပါသေးတယ်... supermarket တွေမှာ ၀ယ်ရောဝယ်နိုင်ရဲ့လား ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ အရောင်းစာရေးလေးတွေရဲ့ မျက်လုံးတွေ ..။ ဈေးဝယ်လာသူကို ပစ္စည်းအလစ်သုတ်မယ့်လူလို ဒါမှမဟုတ်ရင်  .. သူဝတ်စားထားတာကို စူးစမ်းသလို သိသိသာသာ လိုက်ကြည့်တတ်တဲ့ မျက်လုံးတွေ........

အဲဒီလို အပြုအမူမျိုးတွေ အနောက်နိုင်ငံတွေမှာ မရှိဘူးလားမေးရင် ကျမတွေ့မိသလောက်တော့ လုံးဝကို မရှိတာပါ …။ လမ်းတွေပေါ်မှာ ကိုယ့်ဘာသာကိုယ် သွားလာနေကြတယ်..။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်…။ ဘယ်ယောက်ျားလေးမှ မိန်းကလေးတွေကို ကာအိငြေ်္ဒပျက်အောင် လိုက်လံစနောက် .. အနှောင့်အယှက်ပေးတာမျိုးလည်း မရှိပါဘူး…။ ရထားပေါ် ကားပေါ်မှာဆိုရင် မိမိမျက်လုံးကြောင့် အခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်ရမှာစိုးတာရယ်.. သွားနေတဲ့အချိန်တွေကို အကျိုးရှိစေချင်တာရယ်ကြောင့် စာအုပ်ဖတ်သူ၊ ကွန်ပျူတာသုံးသူ၊ ဖုန်းကလိနေသူ.. အဲဒီလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ် .. ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး ဘယ်သူက ဘယ်လိုနေနေတယ်.. ဘာတွေဝတ်စားထားတယ်.. လှတယ်မလှဘူး.. လိုက်ကြည့်နေတဲ့သူမရှိပါဘူး …။ အရက်မူးပြီးပါလာတဲ့ တချို့ယောက်ျားလေးအဖွဲ့တွေဆိုရင်တောင် သူတို့အဖွဲ့နဲ့သူတို့ပဲ အော်ဟစ်ပြောဆိုနေကြပြီး ရထားပေါ်က ဘယ်မိန်းကလေး .. ဘယ်ခရီးသည်ကိုမှ အနှောင့်အယှက်ပေးလေ့မရှိပါဘူး…။


အပေါ်ကပြောခဲ့တာတွေကတော့ အပြင်ပန်းမျက်လုံးအကြည့်တွေပေါ့ ..။ တကယ်တမ်း စိတ်ထဲက အကြည့်တွေကရော .. ဘယ်လိုနေကြသလဲ ..  အနောက်နိုင်ငံတွေနဲ့ ဘယ်လိုကွာခြားနေမလဲ …။ 
မိမိအရေးကိစ္စအပြင် အခြားသူအရေးကိစ္စကို ဘယ်လောက်အထိစိတ်ဝင်စားကြသလဲဆိုရင် အမှားတခုခုလုပ်မိရင် လူတကာတံတွေးခွက်ပက်လက်မျောသွားမယ် ဆိုတဲ့ ဆိုရိုးစကားနဲ့တင် သိသာစေပါတယ်..။ ကောင်းတာတစ်ခုလုပ်ရင် ချီးကျူးမယ့်သူဆိုတာ ရှိနိုင်မရှိနိုင်မသေချာပေမယ့် .. ရည်ရွယ်ကာပဲဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ အမှားတစ်ခုခုကျူးလွန်မိခဲ့ရင်တော့ လူမှုအသိုင်းအ၀ိုင်းထဲမှာ အဲဒီအမှားဟာ တော်တော်နဲ့ မေ့ပျောက်မသွားနိုင်ပဲ ပြောမဆုံးပေါင်ဖြစ်နေတာမျိုးတွေပါပဲ …။ တချို့ လှောင်ပြောင်သလိုပြောတယ်.. တချို့ကဲ့ရဲ့သလိုပြောတယ်.. တချို့စေတနာစကားလိုလိုနဲ့ သာသာနဲ့နာနာနှက်ပြီး ပြောတတ်ကြတယ်..။ အမှားလုပ်မိတဲ့သူဟာ ပြန်ပြင်ဆင်ခွင့်မရှိတော့သယောင် စကားလုံးတွေနဲ့သတ်ကြတယ်..။ အကြည့်တွေ အပြုအမူတွေနဲ့သတ်ကြတယ်..။ လူတစ်ယောက်က မသိလို့ပဲဖြစ်စေ သိသိနဲ့ပဲဖြစ်စေ ကျူးလွန်မိတဲ့အမှားတစ်ခုဟာ ကိုယ့်အတွက် ဘာမှမထိခိုက်စေဘဲနဲ့တောင် ၀ိုင်းပြီးဆွမ်းကြီးလောင်း .. ပြစ်တင်ကဲ့ရဲ့ချင်သူတွေက များလွန်းလှတဲ့အခါ … အမှားပြင်ဆင်ခွင့်ဆိုတာ ဘယ်မှာပါပဲ …။

ဟုတ်ပါပြီ .. ဒါက အမှားလုပ်မိတဲ့သူမို့ အပြစ်ကျူးလွန်မိတဲ့သူမို့ … ပြောစရာရှိလို့သာ သူများအပြောအဆို ခံရတာပေါ့လို့ ပြောမယ်ဆိုရင်လည်း .. အောင်မြင်တဲ့သူ .. ကောင်းတဲ့သူဆိုရင်ရော …???
လူတစ်ယောက်အောင်မြင်လာရင် … သူတော်တယ်ဆိုတာ ချီးကျူးတာထက်   ကြက်ကန်းဆန်အိုးတိုးတာ ပါကွာ လို့ ပြောချင်သူတွေကလည်း တပုံတပင် …။ ကိုယ်မအောင်မြင်တာကိုတော့ ပညာရှိသတိဖြစ်ခဲဖြစ်သွားလို့ပါ လို့ အောက်ကနေ အော်နေသူတွေဆို တာလည်း မနည်းမနောပါပဲ …။ သူ ဘယ်လိုအောင်မြင်သွားသလဲ ဆိုတာ အားကျအတုယူဖို့ထက် …. ကံကောင်းလို့ပါ .. အဲလောက်အရည်အချင်းမရှိပါဘူးဆိုပြီး …. မုဒိတာမပွားနိုင်ပဲ …. စိတ်ထဲကနေ မနာလိုစိတ်အရင်းခံလို့ … ကြောက်ကန်ကန်နေသူတွေလည်း ရှိတတ်သေးတာပဲ ….။ အမှန်ဆို သူအောင်မြင်သွားတယ် … သူဘယ်လိုကြိုးစားခဲ့လဲ .. သူ့ဆီကနေတောင် အကြံညဏ်တောင်းနိုင်သေးတယ်မဟုတ်လား …။ တကယ်တမ်း အကြံညဏ်တောင်းရင် ဘယ်သူမဆို တတ်နိုင်သလောက် ကူညီတတ်ကြပါတယ်..။ ဒါပေမယ့် တချို့ကျတော့လည်း သူ့ကို ဆရာမတင်ချင်ပါဘူးဆိုပြီး …. မာနတွေ ထားတတ်ကြပါသေးတယ်လေ …။

ရေးရင်းနဲ့ လိုရင်းများချော်သွားလေပြီလားမသိ …။ တကယ်ဆို .. မျက်လုံးတွေအောက်မှာ နေရတာ ကျဉ်းကျပ်လွန်းပါတယ်…..။ တရားဟောထဲမှာပါသလို ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်စေနဲ့ ဆိုတဲ့ ဆုံးမစကားလိုပေါ့ …။ မိမိကိုယ်ကို တိုးတက်အောင်၊ ကောင်းမွန်အောင်၊ အောင်မြင်အောင် ကြိုးစားဖို့၊ ကိုယ့်ကိစ္စ ကိုယ့်အရေးကိုပဲ အရေးစိုက်ဖို့၊ အလေးထားဖို့က အရေးကြီးဆုံးမဟုတ်လား ….။ ကိုယ်ကိုယ်တိုင်က အောင်မြင်မှ မိဘကိုကျေးဇူးဆပ်နိုင်မယ်၊ မောင်နှမတွေကို စောင့်ရှောက်နိုင် မယ်၊ ဆွေမျိုးသားချင်းတွေကို ထောက်ပံ့နိုင်မယ်၊ လိုအပ်တဲ့သူတွေကို ကူညီနိုင်မယ် …။
ကိုယ့်ကိစ္စကိုမလုပ်ပဲ အခြားသူလုပ်တာကိုင်တာတွေကို စိတ်ဝင်စား၊ အပြစ်တင်၊ မနာလိုစိတ်တွေများနေရင် … ကိုယ့်အတွက်အောင်မြင်အောင်လုပ်ဖို့ဆိုတာ နှောင့်နှေးသွားမှာပေါ့ …။ တကယ်ဆို ကိုယ့်အရေးကိစ္စပဲ အာရုံစိုက်ရတာတောင် အချိန်မလောက်တာ အခြားသူတွေကို မျက်လုံးဒေါက်ထောက်ကြည့်နေမယ်ဆို … အချိန်တွေ ဘယ်လောက်နှမြောဖို့ကောင်းလိုက်မလဲ ….။ ဘယ်သူတွေ ဘယ်လိုပဲ မှားနေပါစေ .. ပြစ်တင်ပြောဆို ဝေဖန်မနေဘဲ ကိုယ်တိုင်သာ အမှားကင်းအောင် ဂရုစိုက်ဖို့ မသင့်တော်ပေဘူးလား ….။

ကျမကတော့ မကြာခင်အချိန်တွေအတွင်းမှာ တကယ်မြင်ချင်မိတယ်….။ လမ်းပေါ်မှာ သွားနေရင် ခေါင်းမော့ရင်ကော့ပြီး ယုံကြည်မှုအပြည့်နဲ့ လျှောက်နေကြတဲ့ခြေလှမ်းတွေ၊ လူငယ်တွေစုမိရင် မိန်းကလေးတွေကို စနောက်ဖို့၊ မကောင်းတာတွေလုပ်ဖို့ထက် .. အကျိုးရှိရာ ပညာရပ်တွေ၊ အလုပ်အကိုင်တွေအကြောင်း ဆွေးနွေးငြင်းခုံနေကြတာတွေ၊ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ပြီး အခြားသူအပေါ်မှာရှိမနေတဲ့ မျက်လုံးတွေ၊ စာသင်ခန်းတွေမှာ ငါထပြောရင် ဆရာက ဘယ်လိုပြောမလဲ မှားသွားရင်အပြစ်တင်လေမလား .. သူငယ်ချင်းတွေက လှောင်ပြောင်လေမလားဆိုတဲ့စိုးရွံ့စိတ်မရှိဘဲ မှားမှားမှန်မှန် ရဲရဲဝံ့ဝံ့ထပြောဆွေးနွေးဝံ့တဲ့ကျောင်းသားကျောင်းသူတွေ၊ မိမိကိုယ်တိုင်ကလည်း သူများအမှားကို မလှောင်ပြောင် အပြစ်မတင်တတ်ဘဲ … ကိုယ်တိုင်ကလည်း အပြစ်မလုပ်မိအောင် ကြိုးစားနေထိုင်တတ်တဲ့ ..ဘ၀တိုးတက်ရေးအတွက် အပတ်တကုတ်ကြိုးစားတတ်တဲ့ လူငယ်လေးတွေ၊ ယောကျာ်းကောင်းကောင်းရှာပြီး သူ့လုပ်စာပဲထိုင်စားမယ်လို့တွေးကာ အလှပြင်ဖို့ပဲ အားသန်နေတာမျိုးမဟုတ်ဘဲ … အရင်ဆုံးကိုယ့်အားကိုယ်ကိုးနိုင်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကိုယ့်ဝမ်းစာကိုဖြည့်ဖို့ကြိုးစားနေကြတဲ့ မိန်းကလေးတွေ၊ အချစ်ဝတ္ထုစာအုပ်တွေဖတ်ဖို့ ဂိမ်းကစားဖို့ထက် … မိမိဘာသာရပ်၊ အင်္ဂလိပ်စာကို တိုးတက်အောင်ကြိုးစားချင်တဲ့စိတ်တွေ၊ အချင်းချင်းမနာလိုစိတ်ထက် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ သူငယ်ချင်းခင်မင်မှုတွေ …………………………….စသဖြင့် စသဖြင့် ပေါ့ !!~~

++++++++++

အားလုံးကို ချစ်ခင်လေးစားစွာဖြင့် ..။


Follow Us @soratemplates