Wednesday, 13 June 2012

# Days in Germany # My Own Feelings

လတ်တလော ----------



အခုရက်ပိုင်းမှာ.... ညလယ်သန်းခေါင်ကျော်ထိ ကော်ဖီတစ်ခွက်.... စာတစ်အုပ်
ကွန်ပျူတာတစ်လုံးနဲ့.... ကျမ အလုပ်တွေ ရှုပ်နေခဲ့တယ်....။
အခုတလော စာမေးပွဲတွေက တစ်ခုပြီးတစ်ခု ဖြေနေရတဲ့အချိန်မှာ... တစ်ခါတစ်လေ ည ၂ နာရီလောက်အထိ ကျမစာကြည့်နေတတ်တယ်...။ ပြီးရင် ပျင်းလာတဲ့အချိန်.... relax အနေနဲ့ စာမရေးဖြစ်ပေမယ့်... ကျမဘလော့ဂ်ကို ဖွင့်ကြည့်လေ့ရှိပါတယ်..။ 
ဒီဘလော့ဂ်နဲ့ ပတ်သက်ပြီးလည်း ဘာမှကြီးကြီးမားမားတော့ မဟုတ်ပေမယ့်... စိတ်အနှောင့်အယှက်ဖြစ်စရာနည်းနည်းပါးပါး တွေ့လာရတော့.. ဘယ်လိုတောင် ပြောရမယ် မသိတော့ဘူး..။
ကိုယ်ပိုင်အီးမေးလ်နဲ့ ကိုယ်ပိုင်တည်ဆောက်ထားတဲ့ Blog မှာ ကိုယ့်စိတ်ကြိုက်ရေးချင်တာ ရေးခွင့်ရှိပါတယ်..။ ဒါပေမယ့် လူချင်းလဲ မသိ.. ဘလော့ဂ်မှာတောင် မရင်းနှီးတဲ့သူတစ်ချို့ကြောင့် စိတ်ထဲမှာ ကသိကအောင့် ဖြစ်ခဲ့ရပါတယ်ဆိုရင် မှန်ပါလိမ့်မယ်..။
မိန်းကလေးဘလော့ဂါတွေ နည်းသေးတဲ့ မြန်မာဘလော့အသိုင်းအ၀ိုင်းမှာ.. အခုတလောတော့ မိန်းကလေးတွေကိုပဲ လိုက်တိုက်ခိုက်နေကြသလို ခံစားနေမိတယ်...။

ကျမရဲ့ C-box မှာ လာရေးတဲ့သူကတော့ သူ့ရဲ့မျိုးချစ်စိတ်ကြောင့် မခံချိမခံသာ ပြောဆိုသွားတာလို့ပဲ စိတ်ထဲမှာ ထင်မှတ်လိုက်ပါတယ်..။ ဘာမှ ရိုင်းရိုင်းစိုင်းစိုင်းရေးသွားတာ မဟုတ်ဘူးလေ..။ ဘလော့ဂါတွေရဲ့ထုံးစံအတိုင်း ကိုယ့်ဆီမှာလာလည်ပြီး လင့်ချန်သွားရင် ဘယ်သူပဲဖြစ်ဖြစ် အကုန်လင့်ချိတ်ပေးထားတတ်ပါတယ်.. ။ ကိုယ်သွားလည်ပြီး ဖတ်နိုင်တာ မဖတ်နိုင်တာက အသာထား.. blog reader တွေ စိတ်ဝင်စားရင် သွားဖတ်တော့ လင့်ချိတ်ထားတဲ့ ဘလော့လည်း ပရိသတ်တိုးတာပဲဆိုပြီး... ဘယ်သူပဲဖြစ်ဖြစ် အဲလို ချိတ်ပေးထားတတ်တာ ဘလော့အသိုင်းအ၀ိုင်းရဲ့ ထုံးစံတစ်ခုလိုဖြစ်နေပြီလေ..။ ကျမချိတ်ပေးထားတဲ့ ဘလော့တွေကို သူ့ဘာသာလင့်သေသွားတာတော့ မပြောတတ်ဘူး..။ update မတက်တာ ကိုယ်မှ မသိပဲ..။ blog lists က များလို့ update ဖြစ်တဲ့ ဘလော့ ၁၀ ခုပဲပြထားပြီး ကျန်တာတွေကို hide လုပ်ထားတာကို hide ထဲရောက်ပြီး ဘလော့မတွေ့မိတာနဲ့.. ဘာမဆိုင် ညာမဆိုင် ပေါက်ကွဲသွားတာနဲ့တောင် တွေ့နေရသေး..။ ဒါပေမယ့် လူလူချင်း စည်းဆိုတာတော့ ရှိသင့်တယ်ထင်တယ်...။ လူချင်းလဲမသိ. အကြောင်းလဲမသိ... တခြားဘလော့ဂ်ဂါတွေလို ဘလော့ဂ်ပေါ်မှာလည်း မရင်းနှီးပဲ.. ဟိုလိုရေးပါလား.. ဒီလိုရေးပါလား. ငါလည်း မရေးတတ်ဘူးဆိုသလိုမျိုးနဲ့ လာပြောနေတာတော့ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး..။

လူအများဝင်ရေးတဲ့ ဆိုဒ်တွေမှာ ရေးနေတာလည်းမဟုတ်.. ကိုယ်ပိုင်ဘလော့ဂ်မှာ လူအများကို အဆိပ်အတောက်မဖြစ်စေတဲ့... ရိုးရိုးသားသားစာလေးကဗျာလေးတွေကို အားတဲ့ အချိန်မှာ ၀ါသနာအရ အပျင်းပြေရေးနေတာကို.. ဆက်မရေးချင်တော့လောက်အောင် ခံစားနေမိတဲ့ အဖြစ်အပျက်တစ်ချို့လည်း ရှိနေပါသေးတယ်..။ ကျမရဲ့ ဘလော့ဂ်မှာမဟုတ်ပေမယ့်... ဘလော့ဂ်ပေါ်မှာပဲသိပြီး ကျမသဘောကျတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက် ရိုးရိုးသားသား ရေးနေတဲ့ ဘလော့ဂ်တစ်ခုရဲ့ ပို့စ်မှာ Anonymous နဲ့ ကွန်မန့်ဝင်ရေးသွားတာကို ဖတ်လိုက်ရတာ တော်တော်ကို စာရေးသူကို မညှာမတာရေးသွားတာ၊ ကိုယ်ရေးလိုက်တဲ့ ကွန်မန့်တစ်ခုက တစ်ဖက်သားကို ဘယ်လောက်ထိ စိတ်ဒဏ်ရာရစေနိုင်မလဲဆိုတာကို မသိဘူးမဟုတ်ပဲ သိသိနဲ့ ရေးသွားတာကို တွေ့လိုက်ရတော့ တော်တော်လန့်သွားမိတယ်..။ ကျမဘလော့ဂ်မှာလည်း အဲလိုကွန်မန့်မျိုးတွေများ တွေ့လာရရင် ခံနိုင်ရည်ရှိပါ့မလား..။ ဒီဘလော့ဂ်မှာ စိတ်ပြေလက်ပျောက် စာရေးခြင်းက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလို... ကိုယ့်ဒုက္ခကိုယ်ရှာသလိုများ ဖြစ်နေလေမလားလို့ တွေးမိလာတယ်..။ မအားတဲ့အချိန်တော့ ဘာမှမရေးနိုင်သေးမယ့်အတူတူ ကျမဘလော့ဂ်ကို ပိတ်ထားလိုက်မယ်လို့ တွေးမိတယ်...။  ကျောင်းပိတ်ရက်ရောက်ပြီဆိုရင်တော့.. ပြန်ရေးရင် ရေးဖြစ်မှာပါ...။ ကျမ စိတ်ပျော့ညံ့လို့ တော်ရုံစိတ်အနှောင့်အယှက်ကို ခံနိုင်ရည်မရှိလို့ မဟုတ်ပါဘူး..။ ပညာရေးက ကျမဘ၀အတွက် အရေးကြီးဆုံးဖြစ်လို့ စာမေးပွဲဖြေနေတဲ့အတောအတွင်း... အဓိပ္ပာယ်မရှိတဲ့အကြောင်းအရာနည်းနည်းပါးပါးကို မကြုံချင်လို့ပါ..။ ကျမစာတွေ အများကြီးရေးချင်ပါတယ်..။

12 comments:

Anonymous said...

အင်း... ဘလော့ဂါတယောက်ဖြစ်လာပြီဆိုရင် ခုလိုမျိုးအနည်းနဲ့ အများကြုံနေကြတာတွေ့ဖူးတယ်
စာကြိုးစားနော်
စာမေးပွဲကိုအကောင်းဆုံးဖြေဆိုနိုင်ပါစေ...

စံပယ်ချို said...

ရင်ဆိုင်ခဲ့ရဖူးတယ်တွေ့ဖူးတယ်
ဘာမှခံစားချက်မထားဘူး
ကိုယ်မကြိုက်ရင်ဖျက်လိုက်တယ်
ကိုယ်ရေးတဲ့ စာသားက ကိုယ့်အဆင့်ကိုပြကြတာပဲလေညီမရေ
စာတွေဆက်ရေးပါ
စာမေးပွဲကိုပဲ ခုလောလောဆယ်စိတ်ထဲထဲ့ထားနော်

ချစ်စံအိမ် said...

စနိုးရေ မဟုတ်တာတွေခေါင်းထဲသိပ်မထည့်နဲ့ ကွယ်..
ပြောချင်တာပြောပါစေ.. လွတ်ထားလိုက် စာကိုပဲကြိုးစားပါ..

ဘလော့တော့ပိတ်မထားပါနဲ့ .မမတို့ ရှိတယ်..:)

Unknown said...

ဘလော့ဂ်တော့ပိတ်မထားပါနဲ့ မမရယ်။ မမစာတွေကို ဖတ်ချင်ပါသေးတယ်။

Candy said...

စနိုးရေ.. အဲ့လိုလူမျိုးတွေက အမြဲရှိတတ်ပါတယ်။ ဒါတွေက ဘလော့ရေးတဲ့သူတိုင်း ကြုံတွေ့ရတာလေ။
ကြာလာရင် ခံနိုင်ရည်ရှိသွားမှာပါ။ ကြုံလာရင်လည်း မတုံပြန်ဘဲ လစ်လျှူရှုလိုက်ပါနော်။
ဘလော့တော့ မပိတ်ပါနဲ့.. ဒီတိုင်းပဲ ထားပြီး စာမေးပွဲပြီးရင် စာဆက်ရေးပေါ့ :)

khin said...

ညလေးေ၇ ဘာကိုမှဂရုမစိုက်နဲ.
ကိုယ်.ဘ၀အတွက်ဘာဟာ အရေးကြီးဆုံးလည်း
ဒါကိုဘဲ အာရုံစိုက်
ကျန်တာကို လစ်လျူရှု.လိုက်ပါ။

3rdthameetaw said...

စနိုးရေ..အဲ့ဒါလေးတွေက ပညာသားဆန်ပါတယ်..
ဒါ ကအောင်မြင်မှူတစ်ခုလို့ တွေးလိုက်ပါ..
ကိုယ့်ရဲ့အောင်မြင်မှူကို လာပြီး မလိုတမာရေးတာလေ..
အဲ့ ဒါ အောင်မြင်တဲ့သူမို့  လာတိုက်ခိုက်တာပါ..
ဆက်ကြိုးစားဖို့ပဲတိုင်တွန်းချင်တယ်..ပြုံးနေလိုက်နော်..
သမီတော် လင့်ချိတ်ထားပြီ..

မိုးသူ(တောင်ကြီး) said...

စနိုးရေ .... စိတ်နှောက်ယှက်မဖြစ်ပါနဲ့ 
တချို့ လူတွေက ဒီတိုင်းပါပဲ
ကိုယ်ဝါသနာပါလို့ စာရေးခြင်းအလုပ်ကိုလုပ်တယ်
မနာလို မရှုစိမ့်တဲ့ သူတွေက ရှုံ့ ချမယ် ကဲ့ရဲ့ မယ်
ပြက်ရယ်ပြုမယ် ထုံးစံပါပဲ
အဲဒါတွေကိုသာ ဂရုစိုက်နေရင်
ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေ ဘယ်လုပ်နိုင်တော့မလဲနော်

ခင်တဲ့ 
မိုးသူ
တောင်ကြီး

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

စိတ်ထဲထားမနေပါနဲ့...အချိန်တန်တော့လည်းသူ့သဘောသူဆောင်သွားပါလိမ့်မယ်
စာမေးပွဲအတွက်ပဲစိတ်ထဲထည့်ထားလိုက်ပါ....
စာတွေကျက်နိုင်ပါစေ
စာမေးပွဲဖြေနိုင်ပါစေ
ဆရာလုပ်တာဟုတ်ဘူးနော်....အားပေးသွားတာပါ

Unknown said...

လာပါတယ်ဗျို့ ...... စိတ်ထဲမထားပါနဲ့ စာမေးပွဲအောင်မြင်ပါစေ :D

ကြည်ဖြူခင်ခင် said...

စနိုးရေ.. စိတ်ထဲအနှောင့်အယှက်ဖြစ်မယ့်ဘယ်အရာမှ ထပ်မတွေးနဲ့တော့.. မလိုသူတွေက နေရာတိုင်းမှာရှိတတ်ကြပါတယ်.. ဖတ်ရတာ.. စနိုးစိတ်ထဲဘာဖြစ်မယ်ဆိုတာ.. ဖတ်ပြီး နားလည်ပါတယ်.. ထားလိုက်ပါ.. ကိုယ့်ဝါသနာ ကိုယ့်စာဆက်ရေးပြီး ကိုယ့်လမ်းကို ပုံမှန်ပဲ အေးဆေးဆက်လျှောက်ပါ.. ကြိုက်တဲ့ ကော်ဖီလေး သောက်ရင်းနဲ့ပေါ့နော်... ကြည်ဖြူတောင် ကော်ဖီသောက်သွားသေးတယ်.. အားမငယ်နဲ့.. အမြဲအားပေးလျက်ပါ စနိုးရေ..

Phyu Lwin said...

အားပေးသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် :D

Follow Us @soratemplates