မူကြိုကျောင်းတစ်ခုတွင်ဖြစ်သည်
…..။
ကလေးပေါင်းများစွာ
အသက်အရွယ်အရ အကြီးဆုံးက ၅ နှစ်ဝန်းကျင်ခန့်သာရှိကြသည် ….။ ၃ နှစ်မှ ၅ နှစ်အရွယ်ထိ ကလေးများ
.. ပျော်ရွှင်စွာဆော့ကစားလျက် … ဆရာမများ၏ သွန်သင်မှုအောက်မှာ ကလေးသဘာဝ ပျော်ပျော်ပါးပါး
…။ အချိန်တန်လျှင် အချိုးကျခွဲဝေပေးသော ခွဲတမ်းမုန့်များကို စားရသည့်အခါလည်း
ရှိသည် …။ ခွဲတမ်းအရကျွေးသောမုန့်များကုန်လုခါနီးတိုင်း သူငိုတတ်သည်..။ မုန့်ပေးပါဟု
ပွင့်ပွင့်လင်းလင်းတောင်းဆိုခြင်းမပြုသော်ငြား သူတအီအီငိုနေသည်ကို ကြာကြာမမြင်ရက်သည့်ဆရာမများက
မုန့်တစ်ခုခုဖြင့် သူ့ကိုနှစ်သိမ့်စမြဲဖြစ်လေ့ရှိသည့်အခါတိုင်း သူမအံ့သြသွားရစမြဲ …။
သာတူညီမျှဟူသည့်အခွင့်အရေးဘယ်မှာလဲ ….။ သူမသည် မငိုတတ်သည့် ကလေးတစ်ယောက်၊ တကျီကျီပူဆာလေ့မရှိသည့်ကလေးတစ်ယောက်၊
အေးအေးလူလူနေလေ့ရှိသည့် ကလေးတစ်ယောက် … သူမ၏ မူကြိုကျောင်းသူဘ၀သည် ဆရာမကျွေးသော မုန့်လေးများဖြင့် သာ
ကျေနပ်ခဲ့ရသည်..။ အခွင့်ထူးခံစာရင်းထဲ သူမမပါဝင်ခဲ့ပါ …။
သူမ၏
ဘ၀သည် မကြမ်းတမ်းသော်လည်း လွယ်ကူခြင်းမရှိခဲ့ပါ ..။ တစ်ခါတစ်ရံတွင် လမ်းခရီးဖြောင့်တန်း ခဲ့သလို
လမ်းကွေ့များလည်း ကြုံခဲ့ရစမြဲ …။ မငိုတတ်သည့် ကလေးတစ်ယောက်အတွက် သူမကို နှစ်သိမ့်မှုဆိုတာ
ဘယ်နေရာမှာလဲ …။ သူမက မျှော်လင့်နေသည်လား ..။ ပုထုဇဉ်လူသား တစ်ယောက်ပီပီ အမြဲတမ်းတော့
သူမ စိတ်မာပြတ်သားခြင်းမရှိနိုင်ခဲ့ပါ …။ ကြုံတွေ့ရသည့် အခက်အခဲတစ်ချို့ကိုတော့ ဘယ်သူ့ကိုမှမပြောပြဖြစ်ခဲ့
…။ မညည်းညူတတ်သော မတိုင်တည်တတ်သော သူမအတွက် တစ်ခြားသူ၏ ကရုဏာများကို လက်ခံရခြင်းမရှိသောအခါ
အဲလိုများရလိုက်ရင် ဘယ်လိုနေမလဲ သူမသိချင်မိခဲ့သည် …။ "သူက အရမ်းအားငယ်တတ်တယ် … သူ့ကို
ဂရုမစိုက်လို့မဖြစ်ဘူး .. သူပိုဝမ်းနည်းသွားလိမ့်မယ် …သူငယ်ချင်းချင်း ငါသူ့ကို စောင့်ရှောက်မှဖြစ်မယ်
အားပေးမှဖြစ်မယ်" ဟု အခြားသူငယ်ချင်းတစ်ယောက်အပေါ်မှာ အမြဲလိုလို ပူပန်နေတတ်သော သူငယ်ချင်းဖြစ်သူကို
ငါ့အတွက်ရော နင်မပူဘူးလားဟင် ဟု သူမ မေးချင်သော်လည်း ဘယ်တော့မှ မမေးဖြစ်ခဲ့ ….။
သာမာန်ကြုံတွေ့နေကျအခက်အခဲသေးသေးမွှားမွှားလေးများမှအစ
အသည်းကွဲခြင်း၊ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေဖြစ်သည်အဆုံး …သူငယ်ချင်းများကို ရင်ဖွင့်တိုင်တည်
ကူညီဖြေရှင်းစေလေ့ရှိသော သူငယ်ချင်းအချို့ …. အားပေးဖေးမတတ်သော သူငယ်ချင်းအချို့အတွက်
သူတို့စိတ်အာရုံမှာ သူမသည် အစစအရာရာ အဆင်ပြေအောင်မြင်နေသော လူတစ်ယောက်အဖြစ် …။ သူမ၏
အသည်းကွဲခြင်းသည် …. ဟာသတစ်ပုဒ်လို ဘာမှမခံစားခဲ့ရသော အတိတ်အဖြစ် … ဘယ်သူ့ကိုမှမတိုင်တည်ဖြစ်သောကြောင့်
သူမ၏ အသိုင်းအ၀ိုင်းအတွက် ခဏချင်းမေ့ပျောက် သွားနိုင်လောက်အောင် …. လေးလေးနက်နက် မခံစားခဲ့ရသော အဖြစ်အပျက်များအဖြစ်
..။ သူမ၏ လုပ်ငန်းခွင်အတွင်း ဖြတ်သန်းခဲ့သမျှ … စာသင်ခန်းအတွင်း ကျင်လည်ခဲ့သမျှသည်
….. မိုးပေါ်မှ သိကြားမင်းဖန်ဆင်းပေးသလို အစစအရာရာ အဆင်ပြေမှုများချည်း ကြီးစိုးနေသော
ကာလများအဖြစ် ….သူမဖန်တီးဖြစ်ခဲ့ရသည် …။ သူမမှ မငိုတတ်ခဲ့ပဲ …။ "သူမမှာ ဘာမှကြီးကြီးမားမားခက်ခဲတာမှမရှိတာ
သူ့အခက်အခဲလဲ သူများတွေကို ပြောတာလည်းမဟုတ် သူ့ကို ဂရုစိုက်နေဖို့မလိုပါဘူး … ငါတို့အချင်းချင်းပဲ
နွေးနွေးထွေးထွေးနေကြစို့" ဟု တွေးတတ်သော သူငယ်ချင်းများအတွက် သူမသည် တစ်ခါတစ်ရံစည်းအပြင်က
လူတစ်ယောက်အဖြစ် ခံစားမိလျက် …။
ငိုတတ်တဲ့ကလေး
မုန့်ပိုရတယ် ဟူသောစကားကို အမြဲလိုလိုကြားဖူးနေခဲ့သလို လက်တွေ့လည်း မြင်ခဲ့ဖူးပါသည်
…။ မငိုတတ်သည့် ကလေးတစ်ယောက်အတွက်ရော မုန့်စားဖို့အခွင့်အရေးမရနိုင်ဘူးလား ..သူမသိချင်ခဲ့မိသည်
….။ ထိုကလေးမျိုးသည် သူ့ဘာသာ ဘာသိဘာသာနေတတ်သည် … အေးအေးဆေးဆေးနေတတ်သော ကလေးတစ်ယောက်အတွက်
ဆုလာဒ်အနေနှင့် မုန့်မကျွေးသင့်ဘူးလားဟု သူမတွေးခဲ့မိသည် …။ ထိုကလေးမျိုး၏ စိတ်ထဲမှာရော
သူရဲ့သိတတ်မှုအတွက် တန်းတူမရရှိမှုအပေါ် စိတ်ဒဏ်ရာတစ်ခုတစ်လေရကောင်းရသွားနိုင်ပါသည် …။
လူကြီးမိဘ၊ ဆရာသမားများကို သိတတ်လိမ္မာသဖြင့် ငိုယိုတောင်းဆိုလေ့မရှိသော ကလေးတစ်ယောက်အတွက်
အခြားဂဂျီဂဂျောင် တအီအီငိုနေတတ်သော ကလေးများနှင့်ယှဉ်လိုက်လျှင် လျစ်လျူရှုခံရသလိုမျိုးဖြစ်လာတတ်သောအခါ
ထိုကလေးတစ်ယောက်၏ စိတ်ကို ဘယ်သူဖတ်ရှုနိုင်မလဲ ။… သူ့စိတ်ထဲမှာ ဘယ်လောက်များ အော်ဟစ်ငိုယိုနေမလဲ
… သူမတွေးမိသောအခါ…. တစ်ကယ်တော့ သူမသည်လည်း ငိုတတ်သူတစ်ယောက်မဟုတ်ခဲ့ပါ …။
12 comments:
ရေးပြသွားတာ အရမ်းကို ကောင်းပါ၏
တူသလိုလိုတော့ ရှိတယ်
ကျွန်တော်ကတော့ ကိုယ်နဲ့ တူလို့လား မသိ
မတောင်းတတ်တဲ့သူကိုပဲ ပိုပြီး သတိပြုတယ်
မတောင်းတတ်တဲ့သူကိုပဲ ပိုပြီး ဂရုစိုက်ချင်တယ်
မတောင်းတတ်တဲ့သူကိုပဲ ပိုပြီး ပေးချင်တယ်
အင်းးးး
ငိုတတ်တဲ့ကလေးကို လူကြီးတွေက ပိုဂရုစိုက်တတ်တာ အမှန်ပဲနော် တီတင့်ကငယ်ငယ်ထဲက တော်ရုံနဲ့ မငိုတတ် မျက်ရည်မကျတတ်တော့ တစ်ခြားမောင်နှမတွေလောက် ဂရုစိုက်မခံခဲ့ရဘူး စနိုးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရေးထားတာကောင်းသလိုအကြောင်းအရာကလည်းကောင်းတယ်။ စာတွေများများရေးနိုင်ပါစေအမစနိုး...
ရေးထားတဲ့အိုင်ဒီယာလေးကြိုက်တယ်။
ကောင်းတယ်ဗျို့
မမရေ..လရိပ်ပြောသလို အိုင်ဒီယာလေး အရမ်းကောင်းပါ့...ဆက်လက်ထုဆစ်နိုင်ပါစေ...
အားပေးလျက်..
ခင်မင်နေတဲ့...မိုးနတ်
မမရေ သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် စည်းအပြင်ရောက်နေသလို ခံစားရတယ်လား။ အားမငယ်ပါနဲ့။ မမအတွက် ဖြူစင်ပြီး လျစ်လျူမရှုတတ်တဲ့ နှောင်ကြိုးတွေအများကြီး တွေ့ပါစေ။ ရိုးမြေကျလည်း မမစနိုးရဲ့ နှောင်ကြိုးတစ်ချောင်းဖြစ်ခွင့်ရပါရစေ။
အရင်ဆုံး အိုင်ဒီယာလေး
အရမ်းကောင်းကြောင်း ချီးကျူးပါရစေ
အချိန်တန်လျှင် အချိုးကျ ခွဲဝေပေးသော ခွဲတမ်းမုန့်များကို စားရသည့်အခါလည်း ရှိသည်။ ခွဲတမ်းအရ ကျွေးသော မုန့်များ ကုန်လုခါနီးတိုင်း သူ ငိုတတ်သည်။ မုန့်ပေးပါဟု ပွင့်ပွင့်လင်းလင်း တောင်းဆိုခြင်း မပြုသော်ငြား ... သူ
တအီအီ ငိုနေသည်ကို ကြာကြာမမြင်ရက်သည့် ဆရာမများက မုန့်တစ်ခုခုဖြင့် သူ့ကို နှစ်သိမ့်စမြဲဖြစ်လေ့ရှိသည့် အခါတိုင်း သူမအံ့သြသွားရစမြဲ ... ။
ဒီစာပိုဒ်လေးက ဖတ်ရတာ တစ်မျိုးပဲ
ဖတ်ရတာ မြန်နေသလို ခံစားရတယ်
စာကြောင်းတွေ ခွဲရေးရင် ပိုကောင်းမယ် ထင်တယ်
ဥပမာ . မုန့်ပေးပါဟု ပွင့်ပွင့်လင်းလင်း
မတောင်းဆိုသော်ငြား သူ တအီအီ ငိုနေလေ့ရှိပါသည်။ သည်လိုငိုနေသည်ကို မမြင်ရက်သည့် ဆရာမများကတော့ သူ့ကို မုန့်တစ်ခုခုပေးပြီး နှစ်သိမ့်ပေးကြစမြဲ ... ။ အဲ့သည့်အခါတိုင်း သူမ အံ့သြရစမြဲ ဖြစ်လေသည်။
အပြုသဘောဆောင်ပြီး ဝေဖန်ခြင်းပါ
တော်နေတတ်နေလို့ မဟုတ်ပါဘူး
ဆရာလုပ်တယ်လို့ မမြင်စေချင်ပါ
အပြုသဘောဆောင်သည့် ဝေဖန်ခြင်းသည်
တိုးတက်ခြင်းကို ဖြစ်ပေါ်စေသည်ဟု ကျွန်တော် ခံယူပါသည်။
မစနိုးေ၇ ...
လောကမှဖြစ်လေ့ဖြစ်ထရှိတာကို
ရင်ထဲမှာစဉ်းစားဉာဏ်နဲ့ တွေးကြည့်၇င်မြင်ပါတယ်
တခါတလေ ကြိတ်မှိတ်ခံစားခြင်းဟာလဲမကောင်းတဲ့
အချက်တွေထဲပါမယ်ထင်ပါတယ်
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေဆိုတာကလဲ ကိုယ့်ရဲ
အသိုင်းအ၀ိုင်းလေးတခုပါ ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
မူကြိုကျောင်းသူဘ၀သည် ဆရာမကျွေးသော မုန့်လေးများဖြင့် သာ ကျေနပ်ခဲ့ရသည်တဲ့
အဲဒါတကယ်ဟုတ်တယ်အမငယ်ငယ်တုန်းက
ခံစားခဲ့ရဘူးတယ်
မြတ်ကြည်ကတော့ ငိုတတ်တဲ့ကလေး အစားထဲမှာပါတယ်။ ကိုယ်က စိတ်ထဲရှိရာတွေပြောပြတတ်တော့ နှစ်သိမ့်ပေးတာတွေရှိသလို စိတ်ပျော့တာကို အခွင့်ယူပြီး အနိုင်ကျင့်လည်း ခံရဖူးတယ်။
အရေးအသားလေးတွေက ကောင်းလှပါဘိ
အားပေးသွားပါတယ်နော်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)
Post a Comment