“ခုတလော ပန်းရောင်နှင်းဆီတွေ အမြဲလိုလိုရောက်ရောက်
လာတတ်ပြန်တယ် ” သူမက စကားးစပ်မိရင်း ပြောလာတော့ အဲဒီပန်းရောင်နှင်းဆီ ၅
ပွင့်ရဲ့ အဓိပ္ပာယ်ကို သိလားလို့ သူက မသိသလို ပြန်မေးခွန်းထုတ်လာတယ်..။
ကျမအတွက် သိဖို့မလိုအပ်ဘူး တဲ့..။ သူမမျက်ဝန်းထဲမှာ ဒီပန်းတွေကို
ချစ်တတ်တဲ့စိတ်ရှိနေခဲ့လား မရှိခဲ့ဘူးလား ဆိုတာကို သူ ဘာသာမပြန်တတ်ခဲ့ပြန်ဘူး…။
သူမက ခံစားချက်ကို ၀ှက်ထားတတ်ပြီး ဟန်ဆောင်ကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ်
ပြောင်းလဲသွားခဲ့ပြီလား..။ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို မဖတ်တတ်တာ
သူညံ့လို့ပဲဖြစ်မှာပဲလို့ ဘာသာတွေးရင်း လှမ်းဖို့မရဲတဲ့ အရုပ်တစ်ရုပ်လို အဝေးကနေ
ငေးကြည့်နေရုံဘ၀ပဲပေါ့ ဟန်နီ ..။
သူ့ရဲ့အချစ်တွေ
သူမ သိစေဖို့ ပန်းနုရောင်နှင်းဆီ ၅ ပွင့်ကို အမြဲလို ပို့ပေးနေမိတယ်.။
ပန်းနုရောင်နှင်းဆီဆိုတာ မြတ်မြတ်နိုးနိုးချစ်ခင်ခြင်းရဲ့ သင်္ကေတဖြစ်သလို နှင်းဆီင်္
၅ ပွင့်ဆိုတာက ကိုယ် မင်းကိုချစ်တယ် လို့ ရည်ညွှန်းတယ် ဆိုတာ သူမလို
မိန်းကလေးတစ်ယောက်အနေနဲ့ သိနေလိမ့်မယ်ဆိုတာ သူယုံကြည်တာပေါ့..။
“စိတ်ရော လူရော အနားမပေးဘဲ မိန်းကလေးတစ်ယောက်က ဒီလောက်ထိ
လေ့လာကြိုးစားနေဖို့မလိုပါဘူး..။ ဟန်နီ့လို
ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်အတွက် ဘ၀လုံခြုံစေနိုင်အောင်
စောင့်ရှောက်နိုင်မယ့်သူ ဆိုတာ မရှားပါဘူးကွာ..” ဆိုတော့ သူ့ရဲ့စကားကို
သူမက ခပ်ပြုံးပြုံးတုံ့ပြန်ပြောဆိုတယ်..။
“လူဆိုတာ
မိမိကိုယ်ကို ကိုးကွယ်ရာလေ.. လူတစ်ယောက်ရဲ့ရပ်တည်မှုက အခြားတစ်ယောက်အပေါ်မှာ
မူတည်နေတဲ့ အခြေအနေမျိုးတော့ ကျမ မလိုချင်ဘူး .. တတ်နိုင်သလောက်ပေါ့ ..
လူ့လောကကြီးထဲရောက်လာတုန်း လောကကောင်းကျိုးတစ်ခုခုပြုနိုင်ခဲ့တယ်ဆိုရင်ပဲ .. ကျမ
လူဖြစ်ရကျိုးနပ်ပါပြီ…။ ကြယ်ပွင့်လောက်မတောက်ပရင်တောင် ပိုးစုန်းကြူးလို
မှိတ်တုတ်မှိတ်တုတ် လင်းလက်ခွင့်ရလည်း ကိုယ်ပိုင်အလင်းရောင်နဲ့မို့
ကျေနပ်နေမိမှာပဲ ..”
အဲဒါကြောင့်များ
သူမက လရောင်ကို မနှစ်သက်တတ်သူလား..။ ကဗျာတွေ စာတွေကို ချစ်တတ်ပေမယ့်လည်း ကဗျာတွေ
သီချင်းတွေထဲမှာ အမြဲဖွဲ့နွဲ့လေ့ရှိတဲ့ လရောင်ကိုတော့ သူမက ဘယ်တော့မှ
နှစ်သက်တယ်ဆိုတာ ပြောလေ့မရှိ..။ နေမင်းဆီက အလင်းနဲ့ မော်ကြွားနေတဲ့
လမင်းကြီးအတွက်တော့ သူ့အလှကို ဖွဲ့ဖို့ ကျမ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူးလို့
တစ်ခါတော့ ပြောခဲ့သေးရဲ့..။ ပိုင်ဆိုင်တာဆိုလို့ … ဒီမာနပဲ .. ကိုယ့်အားကိုယ်ကိုးမယ်
.. ကိုယ့်ဘ၀ကို စိတ်တိုင်းကျ ကိုယ်တိုင်တည်ဆောက်ရင်း …. ရလာတဲ့ဘ၀က
ခရောင်းလမ်းဖြစ်နေလည်း ဘယ်အရာတွေရဲ့လွှမ်းမိုးမှု သြဇာသက်ရောက်မှုတွေ မပါလို့ ..
ကျေနပ်နေပြန်သတဲ့..။
ေ၀၀ါးနေတဲ့
ဆုံးဖြတ်ချက်တစ်ခုအတွက် သူမအပေါ်မှာချစ်တဲ့ အချစ်က အနိုင်ယူသွားခဲ့တော့ ပိုင်ဆိုင်ချင်စိတ်က
ဦးမော့လာခဲ့ပြန်တယ်..။ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ တစ်ခါတုန်းက
လက်လွှတ်ဆုံးရှုံးသွားခဲ့ဖူးတဲ့ အရာတစ်ခုကို ဒီတစ်ကြိမ်တော့ ပိုင်ဆိုင်လာချင်ခဲ့တဲ့
သူ့အတ္တက အစွန်းမရောက်ဘူးလို့တော့ ယုံကြည်မိပါရဲ့…။ လှလှပပပြုံးတတ်တဲ့
သူမရဲ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားလုံးတစ်ချို့မှာ .. သူ့အပေါ်ထားရှိတဲ့
သံယောဇဉ်အရိပ်အယောင်လေးများ ပါလာလေမလား .. အပြုံးတွေကို
တိတ်တဆိတ်ဘာသာပြန်သူတစ်ယောက်ဖြစ်လာပြန်တယ်…။
“မနက် ၅ နာရီတိတိမှာ missed call ပေးဖို့ ညဥ့်နက်မှ
အိပ်ရာဝင်တတ်တဲ့သူတစ်ယောက်အတွက် နည်းနည်းတော့ ကသိကအောင့်မဖြစ်ဘူးလား” လို့
သူမက ပြုံးစစမေးတော့ သူ့ရဲ့ဂရုစိုက်မှုတစ်ချို့တစ်လေကို အသိအမှတ်ပြုတာများဖြစ်မလား
.. သူတစ်ဖတ်သတ်တွေးရင်း အပျော်တစ်ချို့ နှလုံးသားထဲစီးဆင်းသွားတယ်..။
“နှိုးစက်ကအသံကိုတောင် မလိုအပ်အောင်
မနက်စောစောအိပ်ရာနိုးတတ်ဖို့ ကျမရဲ့ မဖြစ်မနေတာဝန်တစ်ခုလို ကျင့်လာခဲ့တာ
နှစ်ပေါင်းတော်တော်ကြာပြီလေ..။ အဲဒီတော့ ခုမှရှိလာတဲ့ နှိုးစက်တစ်ခုအတွက်နဲ့တော့
ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားပါဘူး” လို့ဆိုတဲ့ သူမက
သူ့ရဲ့ဂရုစိုက်မှုကို မလိုအပ်ဘူးလို့ သွယ်ဝိုက်ပြောနေသယောင် သူ ထင်မှတ်လာမိတယ်..။ “ဒါပေမယ့် ပြန်တွေ့ကြပြီးတဲ့နောက်ပိုင်း ကိုယ် မင်းအတွက် နှိုးစက်တစ်လုံးဖြစ်ခွင့်ရချင်ခဲ့တာ”
လို့ သူဆိုတော့ အဲဒီစကားလုံးတစ်ခုဟာ ဘယ်လိုအဓိပ္ပာယ်သက်ရောက်လဲဆိုတာ သူမလို
မိန်းကလေးတစ်ယောက်အနေနဲ့ ချက်ချင်းသိနိုင်မယ်ဆိုတာ သေချာပေမယ့် သူမကတော့
ဘာမှမသိသလို တိတ်ဆိတ်သွားပြန်တယ်…။
+++++++++++++++++++++++++++++++
အပိုင်း(၁) ကိုရေးထားခဲ့ဖူးတယ်..။ Link ပြန်ပေးဖို့ connection မကောင်းလို့ တနေရာရာမှာ ရှာဖတ်နိုင်ပါတယ် :D :D .. ဆက်ရန်အပိုင်းတွေရှိပါသေးတယ်..။ အားပေးကြည့်ပါဦးနော် :)))
1 comment:
ဟီးဟီး ကွန်နက်ရှင်မကောင်းတကောင်းမှာ တင်ထားတာမို့ အပိုင်း(၁)ကို တနေရာရာမှာ ရှာဖတ်နိုင်ပါတယ်တဲ့။ မမနော် အဲလိုနောက်ရဘူးလေ။
Post a Comment