Tuesday, 27 August 2013

# My Own Feelings

စာရေးခြင်း အနုပညာ ~~



“ခံစားချက်တွေ ပြင်းလှချည်လား …”
“ရင်ဖွင့်လှချည်လား .. ခုထိ ခံစားနေရတာတွေ မလျှော့နိုင်သေးဘူးလားကွာ”
“ကြိုက်သလောက်သာ ရင်ဖွင့်လိုက်စမ်းပါ .. like တွေပေးပြီး ကုသိုလ်ပြုဖို့အဆင်သင့်ပဲ”
“ဒီတစ်ခါရေးတာ ခံစားချက်တွေ ပိုပါသလိုပဲနော်…။”
“တော်တော်ခံစားနေရတယ်ထင်တယ်…”
စတဲ့စတဲ့ စသလိုလို လှောင်သလိုလို စကားတွေ ကြားမိတဲ့အခါ စိတ်အခန့်မသင့်တဲ့အချိန်နဲ့ဆိုရင် တစ်မျိုးတော့ ခံစားရပါတယ်….။
လူတစ်ယောက်ရဲ့ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချချင်တဲ့ ကြီးမားလွန်းတဲ့ဝါသနာကို လျစ်လျူရှုရက်လေခြင်းရယ်လို့ စိတ်မကောင်းလဲဖြစ်မိပါတယ်…။

လူတိုင်းနီးပါး ဘ၀မှာ ရှင်သန်ရပ်တည်ဖို့အပြင် ဂုဏ်သိက္ခာအတွက်ဖြစ်စေ၊ လူတွေကြားမှာ လူအဖြစ် နေထိုင်နိုင်ဖို့အတွက်ဖြစ်စေ သက်ဆိုင်ရာ professional job တစ်ခုခုတော့ မဖြစ်မနေ လုပ်ကိုင်နေကြတာပါပဲ..။ ဒါပေမယ့် အလုပ်တွေကြားထဲမှာပဲ နှစ်ပြီး နေ့စဉ်သမားရိုးကျ တသမှတ်တည်း ဖြတ်သန်းနေရတဲ့အခါ ဘ၀က လူဆိုတာထက် သံပတ်ပေးထားတဲ့စက်ရုပ်တစ်ခုနဲ့ ဘာမှမခြားနားတော့ပြန်ဘူး…..။ ဘ၀မှာ စိတ်ချမ်းမြေ့သာယာမှုဆိုတာ ကိုယ်လုပ်ချင်တဲ့အရာမျိုးကို သက်တောင့်သက်သာ လုပ်ကိုင်ရတဲ့အခါမျိုးမှာသာ ရရှိခံစားလာနိုင်တယ်မဟုတ်လားးးး…။ အဲဒါကြောင့် လူသားတွေမှာ မဖြစ်မနေလုပ်ကိုင်ကြတဲ့ professional အလုပ်အပြင် အားလပ်ချိန်တွေမှာ စိတ်အပန်းပြေစေဖို့ လုပ်ကိုင်တဲ့ ၀ါသနာပါရာအလုပ်တစ်ခုခုတော့ ရှိသင့်တယ်..။ အဲဒီအခါမှသာ ဘ၀ဟာ နေပျော်လာပြီး အလုပ်ထဲကရလာတဲ့မွန်းကြပ်မှုတွေကိုလည်း လျှော့ချလာနိုင်ကာ ဘ၀ရဲ့အနှစ်သာရကို ပြည့်ပြည့်၀၀ခံစားနိုင်မှာပေါ့….။

အဲဒီလိုဆိုတော့ ကျမရဲ့ဝါသနာတစ်ခုက စာဖတ်ခြင်း စာရေးခြင်းဆိုတာ ခဏခဏရေးမိလို့ အားလုံးလိုလို သတိထားမိပါတယ်….။ အားချိန်လေးနည်းနည်းရလာတာနဲ့ ကျမ စာဖတ်လေ့ရှိပါတယ်..။ စာရေးချင်တဲ့စိတ်ပေါ်လာပြီဆိုရင် အချိန်လည်း နည်းနည်းပိုရတယ်လို့ သတ်မှတ်ရင် တစ်ခုမဟုတ်တစ်ခုတော့ ကျမဒီနေရာမှာရေးလေ့ရှိပါတယ်..။
တစ်ခါတရံ စာတွေနဲ့ပိနေတဲ့အခါမျိုးမှာ ဘယ်လိုမှစာရေးဖို့အခွင့်မသာခဲ့ရင်တော့ တစ်နေ့ပြီးတစ်နေ့ ဒီ Blog ကိုဖွင့်ဖွင့်ကြည့်ပြီး …. စာအသစ်မရေးပေမယ့် လာလည်နေကျ သူငယ်ချင်းတွေကို အားတုံ့အားနာဖြစ်နေတတ်ပြန်ပါသေးတယ်…။ ဒီနေရာမှာ ဒီလိုစာရေးလေ့ရှိတဲ့အတွက်ကြောင့် မိသားစုနဲ့ဝေးနေတဲ့နေရာမှာ … ပျင်းစရာ ငြီးငွေ့စရာကောင်းလှတယ်.. အိမ်ကိုလွမ်းလှချည်ရဲ့လို့ မျက်ရည်ကျမိတဲ့အချိန်ဆိုတာ မရှိခဲ့လောက်အောင် လွမ်းစိတ်ဆိုတာဝင်မလာနိုင်လောက်အောင် … အချိန်တွေကို အသုံးချနိုင်ခဲ့တယ်..။ တစ်ယောက်တည်း ပျင်းလွန်းလို့ဆိုပြီး အခြားသူငယ်ချင်းတွေကို စကားစမြည်သွားပြော သူတို့ရဲ့အချိန်တွေကို ခိုးယူတဲ့အပြုအမူမျိုး ဘယ်တော့မှ မလုပ်ဖြစ်ခဲ့ဘူး…။

စာရေးတော့မယ်ဆိုရင် အများအားဖြင့် My own feelings ဆိုတဲ့ ကိုယ့်စိတ်ထဲရှိရာ ရေးချင်ရာရေးတဲ့ labels လွဲရင် ကျန်တာတွေကို ကျမဖန်တီးရေးလေ့ရှိပါတယ်…။ တချို့ကတော့ သီချင်းတွေကို ခံစားပြီးရေးတယ်..။ ၀တ္ထုတိုလေးတွေဆိုရင်တော့ ခံစားချက်တစ်ခုကို အရင်စဉ်းစားလိုက်တယ်.. ပြီးရင် ငယ်ငယ်က စာစီစာကုံးရေးတဲ့အတိုင်း အဲဒီခံစားချက်တစ်ခုကို ဖွဲ့လိုက်တယ်..။ ကဗျာတွေဆိုရင်လည်း အဲလိုပါပဲ .. အဓိကခံစားချက်တစ်ခုကို အရင်စဉ်းစားလိုက်တယ်.. ပြီးတာနဲ့ အဲဒီခံစားချက်ကို လိုက်ပြီးတော့ လှအောင် ဖွဲ့လိုက်တာမျိုးပါ …။

စာရေးခြင်းနဲ့ပတ်သက်ပြီး ကျမကြားဖူးသလို ကျမယုံကြည်မိတာတစ်ခုက စာရေးသူဟာ ကိုယ်ပိုင်စိတ်ခံစားမှုကို ဦးစားပေးပြီးရေးမယ်ဆိုရင် ဘယ်တော့မှစာရေးဆရာကောင်းဖြစ်လာမှာ မဟုတ်ဘူးဆိုတာပဲပေါ့ …။ နောက်ပြီး ညီမလေးတစ်ယောက်ပြောဖူးသလို ရင်ခုန်သံကို ခုတုံးလုပ်ပြီး စာရေးဖို့အတွက် ကုန်ကြမ်းမရှာဘူးဆိုတာလေ…။ စာရေးဆရာကောင်းဖြစ်ချင်သူက ခံစားချက်ကို ဖန်တီးတီထွင်နိုင်ရမယ်… ဖန်တီးထားတဲ့အဲဒီအရာကို လှပအောင် တန်ဆာဆင်ဖွဲ့နွဲ့တတ်ရမယ်…။ အကြောင်းအရာတစ်ခုက ဘယ်လောက်ပဲရိုးရှင်းနေပါစေ… စာရေးသူက သူ့အနုပညာနဲ့ လှလှပပဖွဲ့နွဲ့လိုက်တဲ့အခါ စာတစ်ပုဒ်က အရသာရှိတဲ့ဟင်းတစ်ခွက်လိုပဲ မချက်ပြုတ်ခင်က အရာတွေနဲ့ခြားနားစွာ စားသုံးသူအတွက် စိတ်ကျေနပ်မှုအပြည့်အ၀ရရှိခံစားနိုင်စေတယ်..။

ဒီဘလော့ဂ်လေးကို ရင်းနှီးတဲ့သူငယ်ချင်းတွေကို လုံးဝမပြောဘဲ ဒီလိုပဲရေးနေခဲ့တာတော်တော်ကြာကြာပါပဲ ..။ နာမည်ကအစ ကျမရဲ့ နာမည်အရင်း.. အရင်သုံးနေကျ ကလောင်နာမည် (အခုတော့ အဲဒီကလောင်အမည်ပြန်သုံးနေပါပြီ) တွေကို မသုံးဘဲ ကျမလို့ လုံးဝမထင်ရတဲ့ blog title နဲ့ပဲ ရေးဖြစ်နေခဲ့တယ်.. ။ စာရေးဖော် blogger သူငယ်ချင်းတစ်ယောက်ကိုတော့ ပြောဖူးပါရဲ့ …။ စသိသိချင်းဆိုတော့ သူက ကျမခံယူချက်ကို မသိသေးတော့ facebook မှာ ကျမစာရေးတဲ့အကြောင်း တစွန်းတစသိနိုင်မယ့် နာမည်ကို ကွန်မန့်မှာမေးတာပေါ့ …။ အဲဒါနဲ့ chat box ကနေ အမြန်လှမ်းပြောရတယ်.. သူငယ်ချင်းတွေ စာရေးတာ သိမှာစိုးရိမ်လို့ … တကယ်က တကယ့်စာရေးဆရာတစ်ယောက်လိုဖြစ်တဲ့အချိန်မှ အားလုံးကို ပေးသိချင်တာဆိုတော့ သူကတောင် OMG တဲ့ …။ ဘာကြောင့် ဘေးလူတွေကို အဲဒီလောက်ဂရုစိုက်ရသလဲဆိုရင် ကျမက မြန်မာ ဆိုတော့ မြန်မာလူမျိုးစရိုက် အတိုင်းပဲပေါ့…။ မြန်မာဆိုတာ ပတ်ဝန်းကျင်ကို အလွန်အာရုံစိုက်တဲ့ သူမျိုးတွေလေ… ကိုယ်တစ်ခုခုလုပ်ရင် အခြားသူတွေက ဘယ်လိုများဝေဖန်ကြမလဲ တွေးကြောက်နေတတ်သူမျိုးပေါ့…။

ဒါပေမယ့်လည်း ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ့်ကို အဲလောက်အာရုံစိုက်နိုင်ကြတာမဟုတ်ပါဘူး…။ သူတို့မှာလည်း သူတို့အရေးကိစ္စနဲ့သူတို့ပဲ..။ လူဆိုတာ ကိုယ့်ကိစ္စကိုယ့်အရေးထက်တော့ အခြားသူအကြောင်းကို အကြာကြီးလိုက်ပြီး… စပ်စုတင်းမဆိုတတ်ကြပါဘူး…။ ကျမလည်း စာရေးလာတာ နည်းနည်းလည်းကြာလာတော့ အရင်လို မရှက်တော့သလို နည်းနည်းလည်း အရေးရဲလာတယ်လို့ ကိုယ့်ကိုယ်ကို ထင်လာမိတယ်..။… တချို့သူငယ်ချင်းတွေ စာရေးစာဖတ်တာဝါသနာပါတဲ့သူငယ်ချင်းအနည်းငယ်ကိုတော့ ပေးသိမိခဲ့တယ်… 

သူတို့လည်း ဝေဖန်ပေးပါတယ်… 
“နင် စာရေးတာ အရမ်းညံ့လွန်းတယ်” တဲ့ :D 
“ဒါက ၀ါသနာလို့တောင် ခေါ်မရတဲ့ ပေါက်ကရလေးဆယ် စာရေးခြင်းမျိုး” တဲ့.. >.< 
“စာများများဖတ်ဖို့လိုသလို အချိန်ပေးနိုင်ဖို့ကလည်း အရေးကြီးတော့ ကိုယ်ရောက်ချင်တဲ့နေရာတစ်ခုကို ရောက်ဖို့က ဝေးလွန်းသေးတယ်” ဘာညာပေါ့…။ 
ဟုတ်ပါတယ်.. ဒါက ကျမရဲ့အလုပ်မဟုတ်တော့ အချိန်မပေးနိုင်တဲ့အခါ ကိုယ်သွားချင်သလောက် ခရီးမရောက်ဘူးလေ…။ တော်တော်များများကတော့ ကျမရဲ့ ၀ါသနာကို လက်ခံပါတယ်…။ သူငယ်ချင်းအချင်းချင်း အားပေးကြပါတယ်…။

အဲ … တစ်ယောက်စ နှစ်ယောက်စတော့ ရှိတာပေါ့ …။ အသည်းကွဲဖူးတယ် ဆိုတဲ့ ပြစ်ချက်နဲ့ ရေးသမျှက အဲဒါကိုပဲ ဦးတည်ရေးနေတယ် ဆိုတဲ့စကားမျိုးနဲ့ မထိတထိ စတယ်…။ မဟုတ်လို့လားဆိုရင် ၀ါသနာတစ်ခုကို အကောင်အထည်ဖော်နေတဲ့သူမျိုးကို အဲဒီဝါသနာကို လျစ်လျူရှုပြီး သူတို့ဘာသာ ကောက်ချက်ချချင်သလိုချတာတော့ တခါတလေ စိတ်ထဲတစ်မျိုးခံစားမိတယ်…။ အသည်းကွဲတာ ဘာမှမဖြစ်တော့လို့တောင် ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ပြန်ပြောင်းပြောဆိုနေနိုင်ပြီဖြစ်နေတဲ့အချိန်မှာ….. မိန်းကလေးတစ်ယောက်က ယောက်ျားတစ်ယောက်ကို မမေ့နိုင်လို့ လူမသိသူမသိစာတွေရေးပြီး ကြေကွဲပြနေပါတယ်ဆိုတဲ့ အတွေးအခေါ်မျိုးက အရမ်းကို တိမ်လွန်းတယ်ထင်တယ်….။

တကယ်တော့ အနုပညာတစ်ခုကိုရူးသွပ်လွန်းတဲ့သူတွေဟာ သူတို့ရဲ့ဖန်တီးမှုကို ထိခိုက်လာတဲ့စကားလုံးတစ်ချို့ကို လက်ခံရမိရင် ခံစားပေါက်ကွဲတတ်ကြတာပဲမဟုတ်လား…။ အခြားသူတွေထက် အနုပညာကို မြတ်နိုးတဲ့သူတွေက ပိုပြီးထိရှ ခံစားလွယ်တယ်လေ…။ စာရေးခြင်းဆိုတဲ့ အနုပညာကို ရူးသွပ်မိတဲ့ကျမကလည်း …. ကျမရဲ့အချိန်တွေပေးခဲ့ရ ….. ဖန်တီးရေးခဲ့ရတဲ့အနုပညာတွေကို … အသိအမှတ်မပြုရုံမက …. ထင်ရာမြင်ရာ ခေါင်းစဉ်တစ်ခု တပ်ခံရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်….။ အဲဒီလိုနဲ့ပဲ …. ဒီပို့စ်ကိုရေးဖြစ်ခဲ့တယ် ဆိုပါတော့….။ အဲ.. စာမရေးတာလည်း တစ်ပတ်ကျော်ကျော်ကြာနေပြီဆိုတော့ တစ်ခုခုလည်း ရေးချင်မိတဲ့စိတ်လည်း ပါတာပေါ့လေ.... xP

10 comments:

Yoemyaykya said...

စာရေးဝါသနာပါတဲ့သူတွေက ကိုယ့်ဝါသနာကို ထိခိုက်နစ်နာအောင်ပြောလာတဲ့သူကို ခွင့်မလွှတ်ချင်ဘူး။ အနော်လဲ အိုက်တိုင်းပဲ။ ကိုယ်ရေးသမျှစာ ကိုယ့်အကြောင်းအထင်ခံရပြီဆိုကတည်းက ကိုယ်စာရေးကောင်းလို့လို့သာ မှတ်ထားမမရေ

Phyu Lwin said...

ကျေးဇူး ညီမလေး... အဲဒီလိုဆိုတော့လည်း ၀မ်းသာစရာပေါ့နော် :D

Yoemyaykya said...

လာပြန်ပီ အိုက်ကျေးဇူး။ နောက်မပြောအောင် ကြော်ကို စားပစ်လိုက်ဦးမယ်

လရိပ်အိမ် said...

ရေးထားတာ ကိုယ့်ခံစားချက်တွေနဲ့ ဆင်နေသလိုဘဲ။ စာရေးတာကိုတော့ ဝါသနာ အရမ်းပါတယ်။
အကိုတစ်ယောက်က ပြောဖူးတယ် ၊ စာမရေးနဲ့တဲ့ ၊ တခြားအလုပ်လုပ်တဲ့။ စာရေးဆရာဆိုတာမျိုးက ပါရမီပါလာမှ ဖြစ်တာတဲ့။
စာလဲရေးမယ် ၊ တခြားအလုပ်လဲ လုပ်မှာပေါ့လို့။ ခုက ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်သေးတာပါလို့။
အပျော်ဖြစ်ဖြစ် ၊ ရေးထားတာ မကောင်းဘူးလို့ဘဲပြောပြော ရေးချင်တာက ရေးချင်တာဘဲ။

Phyu Lwin said...

လရိပ်ရေ စာရေးတာတော့ အားပေးတယ်. ကိုယ်တိုင်လည်း အရမ်းဝါသနာပါလို့ ..

Anonymous said...

စနိုး..
အသဲကွဲတာအပြစ်မဟုတ်ပါဘူး။
အသဲကွဲဘူးတော့ခံနိုင်ရည်မြင့်လာတယ်။ စာရေးတဲ့အခါမှာလည်းပိုပီပြင်တယ်။
မမေ့နိုင်သည်ဖြစ်စေမေ့နိုင်သည်ဖြစ်စေစာရေးရင်ခံစားဘူးတဲ့အကြောင်းကိုရေးတာပိုပီပြင်ပါတယ်။ ဝေဖန်တာတွေကိုဥပေက္ခာပြုထားလိုက်ပါ။ တိုက်ဆိုင်ရင်မုန်းတဲ့သူတောင်သတိရသေးတာ။ မမေ့နိုင်ဘူးထင်လည်း...Who cares? စာဖတ်တဲ့သူကလည်းပီပြင်တာကိုသဘောကျတယ်။
ကိုယ်ဝါသနာပါတာကိုအောင်မြင်အောင်လုပ်ပါစနိုးရေ။
စနိုးလိုဆန်းသစ်တဲ့အတွေးလေးတွေထဲ့ရေးတတ်တဲ့စာရေးသူအသစ်လေးတွေထွက်စေချင်နေတာ။
အမြဲအားပေးနေတယ်။
အိုင်အိုရာ

Thu said...

အသူလဲငယ်ငယ်တည်းကစာရေး၊စာဖတ်ဝါသနာပါတယ်
အဲ့အကျင့်ကိုခုပျိုးထောင်နေတာ..နာမည်ကြီးဖို့၊လူသိဖို့အတွက်ဟုတ်ပါဘူး..
အလုပ်နဲ့မွန်းကြပ်လာတဲ့အခါ.ဒီဘက်မှာစာလေးပေလေးရေးတော့ ဝါသနာပါတာလေးလုပ်နေရတော့ကျေနပ်စရာတစ်ခုရှိတာပေါ့နော်
ကိုယ့်ကိုကိုယ်တော့စိတ်တိုင်းမကျသေးပါဘူး။ရေးအားကနည်းတယ်..ဖတ်နေပေမယ့်မှတ်အားကနည်းတယ်..
ဘာပဲဖြစ်ဖြစ်ဝါသနာတစ်ခုကိုအကောင်အထည်ဖော်နေရတာကိုပဲကျေနပ်နေတယ်..
အသူလဲတူတူပဲ.သူငယ်ချင်းတွေကိုဘလော့ဂ်အကြောင်းကိုလုံးဝမပြောဘူး..သူတို့ကလဲစိတ်မဝင်စားဘူး..:D

စံပယ်ချို said...

ကဗျာတွေရေးတာကိုကြိုက်နှစ်သက်ခဲ့ဖူးတယ် ခုလဲ ကြိုက်နေတုန်းပါပဲ ဘာကြောင့်ရေးတာလဲလို့ မြ့ကာခဏအမေးခံခဲ့ရဖူးတယ် ကုန်ကြမ်းအတွက် ဘာတွေရင်းခဲ့ရသလဲလို့လဲ အမေးခံခဲ့ရဖူးတယ် ဘာကိုပြန်ဖြေရမလဲ ခုထိကိုသေချာမသိခဲ့ဘူး .........ညီမလေးရေ ဆက်ရေးပါ စိတ်ထဲရှိတာကိုရေးပါ အားပေးလျှက်နော်

ဆရာဂျီး said...

လူတွေကတော့ ဘယ်သူ့ကိုမဆို....ဘာပဲလုပ်လုပ်....အမျိုးမျိုး ဝေဖန်နေကြတာပါပဲဗျာ..ကျနော်တို့ ဘုရားရှင်တွေတောင် ဝေဖန်ကဲ့ရဲ့ ခံရခြင်း မကင်းပါဘူး...မြတ်စွာဘုရားကတောင် ဟောထားခဲ့သေးတယ်နော်.. " နတ္ထိလောကေ အနိန္ဒိတော " ...လောကမှာ ဝေဖန်ကဲ့ရဲ့ ခံရခြင်းမှ လွတ်ကင်းသူ မရှိနိုင်ဘူးလို့ ကျနော်တော့ မှတ်သားဖူးပါတယ်..လွဲသွားရင်လဲ ခွင့်လွှတ်ဗျာ...ဆိုတော့ကာ ကိုယ်ဝါသနာပါရာ..လုပ်ချင်ရာ..လုပ်သင့်တာကို လုပ်သာလုပ်ပါလို့ ပြောချင်ပါတယ်ဗျာ... :D

ရင်လှိုင်း said...

ကိုယ့်ရဲ့ ဝါသနာ၊ ရူးသွပ်မှုကိုတော့ ဘာအကြောင်းပြချက်နဲ့မှ ရပ်လိုက်လို့ မရဘူးနော်...။ အားပေးမယ့်သူ အသစ်တိုးလာပြီလေ နော်...။

Follow Us @soratemplates