Monday, 21 October 2013

# Book Review

ချန်ရစ်မိသော ပန်းတစ်ပွင့်အကြောင်း ~~~



တနေ့က စာအုပ်ဆိုင်ရောက်ရင်း ၀ယ်လာဖြစ်တဲ့စာအုပ်တွေထဲက ပေါ့ပေါ့ပါးပါးစာအုပ်လေးတစ်အုပ်ကို ဖတ်ဖြစ်ခဲ့တယ်..။ ပေါ့ပေါ့ပါးပါးဆိုတာက ဦးနှောက်အများကြီးသုံးပြီး ဖတ်စရာမလိုတဲ့ ရသစာအုပ်တစ်အုပ်ဖြစ်လို့ပါ..။ စာအုပ်အမည်က “တစ်ပွင့်ကျန်” တဲ့..။ ဆရာဝန်စာရေးဆရာ လင်္ကာရည်ကျော် ရေးတဲ့ဝတ္ထုလတ်တစ်အုပ်ပေါ့..။ ဆရာက ၀တ္ထုတွေအများကြီးတော့ ရေးလေ့မရှိပါဘူး..။ ဒါပေမယ့် ရေးလိုက်တဲ့ဝတ္ထုတိုင်းကိုတော့ စနစ်တကျ သေသေသပ်သပ်ရေးလေ့ရှိသလို ရေးတဲ့ပုံစံက အများနဲ့သိပ်မတူဘဲ ထူးခြားပါတယ်...။ အထူးသဖြင့် ဇာတ်လမ်းဇာတ်ကွက်ကို တစ်ခုချင်းတိတိကျကျပုံဖော်ရေးတာမျိုးမဟုတ်ဘဲ တချို့နေရာတွေမှာ စာဖတ်သူတွေက အလိုအလျောက်နားလည်လိုက်ရတဲ့ ဇာတ်ကွက်မျိုးတွေလည်း တွေ့ရပါတယ်..။ အခုဖတ်မိတဲ့စာအုပ်မှာ အမှာစာရေးပေးတဲ့ ဆရာမဂျူး သရုပ်ဖော်ပြသလို “ဆရာလင်္ကာရည်ကျော်၏ တစ်ပွင့်ကျန်သည် ဆေးရည်ကျဲကျဲ၊ စုတ်ချက်ပါးပါးနှင့် ခပ်သွက်သွက်လေးသာ တို့ထိထားသော ရေဆေးပန်းချီကားတစ်ချပ်နှင့် ပမာတူသည်၊ အသေးစိတ်ကို မဖော်ပြ၊ ဇာတ်ကွက်တစ်ခုချင်း၏ စီးဆင်းမှုက တော်တော်မြန်နေသည်၊ ဒါကြောင့် ကျွန်မတို့ မမြင်နိုင်၊ မှန်းဆပြီးသာ ကြည့်ရပါသည်” ဆိုသလိုပါပဲ ..။

 ဒါပေမယ့်လည်း သေချာဖတ်မိလိုက်ရင် ဇာတ်ကွက်တစ်ခုချင်းစီက ချိတ်ဆက်မိပြီး ... ပညာပေး၊ လူသားချင်းစာနာထောက်ထားမှု၊ ယောကျာ်းလေးနဲ့ မိန်းကလေး သူစိမ်းတွေကြားမှာ တွေ့ရတတ်တာ ပူလောင်တဲ့အချစ်တစ်ခုတည်းသာ မဟုတ်ဘဲ ... သူငယ်ချင်းဆိုတဲ့ အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိတတ်တယ်ဆိုတာမျိုး စသဖြင့် ရသရော သုတရော ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ ..။ အဲဒါကြောင့်လည်း တစ်ခါက ဆရာပထမဆုံးရေးခဲ့တဲ့ ကြိုးကြာတောင်ပံခတ်သံ ဆိုတဲ့ဝတ္ထုရယ် နောက်ထပ်ရေးခဲ့တဲ့ ဒေါက်တာရွှေသွေးနှင့် မအေးမှုံ ဆိုတဲ့ ၀တ္တု ၂ အုပ်ုစလုံးက အမျိုးသားစာပေဆုတွေ ရခဲ့တာပဲပေါ့..။

ဆရာရေးတဲ့ပုံစံကို ကြိုက်မိတဲ့နောက်အချက်တစ်ခုကတော့ ဖွဲ့ထားတဲ့စာသားတွေရဲ့ ရိုးရှင်းမှုပါ..။ တချို့စာဖတ်သူတွေ ချက်ချင်းနားမလည်လောက်အောင် အလင်္ကာတွေနဲ့ ခမ်းခမ်းနားနားတန်ဆာဆင်ထားတာမျိုးမပါဘဲ ... ဖတ်လိုက်တဲ့သူတိုင်းအများကြီးတွေးစရာမလိုဘဲ နားလည်နိုင်လောက်တဲ့ရိုးရှင်းတဲ့ ဖွဲ့နွဲ့မှုမျိုးတွေပါ..။ အရိုးဆုံးက အဆန်းဆုံးပဲ မဟုတ်လား..။ အဲဒီလို ရိုးရှင်းတဲ့ဖွဲ့နွဲ့မှုကနေတစ်ဆင့် စာရေးသူရဲ့ ဆန်းသစ်တဲ့အတွေးအခေါ်အရေးအသားကို ခံစားသိရှိနိုင်ပါတယ်..။ ဒီဝတ္ထုကို မဖတ်ခင် ဆရာမဂျူးရဲ့ အမှာစာကို ဖတ်လိုက်ရကတည်းက ဒီဝတ္ထုကပြောချင်တဲ့အဓိကအချက်ကို သဘောကျခဲ့မိတာပါ...။ ကိုယ်အရမ်းသဘောကျရတဲ့စာရေးဆရာမက ရေးတဲ့အမှာစာမို့ သေချာဖတ်ဖြစ်ခဲ့ပါတယ်..။ တစ်ခုရှိတာက အမှာစာဖတ်တာနဲ့တင် ဇာတ်လမ်းကို တီးမိခေါက်မိဖြစ်နေပါပြီ...။ အဲဒီတော့ တကယ်ဖတ်ဖြစ်တဲ့အခါ သိပြီးသားဇာတ်လမ်းတစ်ခုကို ပြန်ဖတ်ရသလိုဖြစ်နေတာတော့ တစ်မျိုးပဲပေါ့..။ ဒါပေမယ့်လည်း မဖတ်ရတာကြာနေပြီဖြစ်တဲ့ဆရာမရဲ့ အရေးအသားကို ဖတ်ဖြစ်ခဲ့ရတာမို့ ကျွန်မကတော့ ကျေနပ်မိတာပါပဲ ....။

မဖတ်ခင်ကစိတ်ဝင်စားမိတာက စာအုပ်နာမည်ပါပဲ..။ တစ်ပွင့်ကျန် ဆိုတော့ ပန်းတစ်ပွင့်ကျန်ခဲ့တဲ့အကြောင်းဆိုတာတော့ ခန့်မှန်းမိပါတယ်..။ ဒါပေမယ့် ဘာကြောင့်ကျန်ခဲ့တာလဲ .. မေ့သွားတာလား.. ချန်ထားခဲ့တာလား.. ကျန်နေရစ်တာလား..။ သေချာတာတော့ ပန်းပွင့်တွေအများကြီးကြားထဲမှာ သူတစ်ပွင့်ပဲ ကျန်ရစ်ခဲ့တဲ့သဘောပဲပေါ့..။ ဒါဆိုရင် အခြားပန်းပွင့်တွေကိုတော့ ကောက်ယူသွားပြီး သူတစ်ပွင့်သာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်နေခဲ့တာပေါ့ ..။ ဒီဝတ္ထုထဲမှာထည့်ပြီးဖော်ပြထားခဲ့တဲ့ ဆရာတင်မိုးရဲ့ “လက်ကျန်တစ်ပွင့်” ကဗျာလေးလိုပါပဲ .....
“သခင့်ခြံတွင် တစ်ပွင့်ကျန်သောပန်းကလေး
မခူးအား ဆူးကြားကျန်ရစ်ခဲ့သလော
မခူးရက် ဆူးထက်ချန်ခဲ့လေသလော
မခူးလို ဆူးညိုကြားတွင်
သူ့ကံဟုပင် တမင်စွန့်ခဲ့လေသလော ...” တဲ့....။
ဘာကြောင့်ရယ်လို့ ရေရေရာရာမသိပေမယ့်လည်း ပန်းတစ်ပွင့်ကို မပိုင်လိုက်ရဘဲ ပိုင်ဆိုင်အောင်မကြိုးစားမိဘဲ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ကြောင်းပါပဲ ...။

အဲဒီလူကတော့ ၀တ္ထုထဲမှာ ပြောသွားခဲ့တယ်...
“နိုင်ငံခြားလာပြီး ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ရုန်းကန်ကြိုးစားချင်တဲ့ မြန်မာလူငယ်တွေကတော့ ငါ့ကို အားကျကြတာပေါ့ဟာ ..။ ငါ့ဘ၀မှာ လိုတာမှန်သမျှရခဲ့တယ်လို့ ထင်ကြတာပေါ့ ..။ တကယ်တော့ ငါ့မှာလည်း မဆယ်နိုင်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ကျန်ခဲ့ပါတယ်..။ အဲဒီပန်းဟာ ကျန်တဲ့လူတွေရဲ့ဘ၀မှာ ပုံမှန်ဆယ်နိုင်ခဲ့တဲ့ပန်း ဖြစ်ချင်လည်း ဖြစ်နေမှာ...။ ငါ့ဘ၀မှာတော့ အရေးကြီးဆုံးကွက်လပ် ဖြစ်နေတာ ဖြစ်ချင်လည်း ဖြစ်နေမှာ ..” 

တကယ်တော့ ဇာတ်လမ်းထဲက ဇာတ်ကောင်ယောက်ျားလေးလိုမျိုး ဘ၀တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်...။ ဘ၀ရှေ့ရေးအတွက်ကြိုးစားရုန်းကန်ရင်း အောင်မြင်မှုနောက်ကိုလိုက်ပါရင်း ... ချစ်ခြင်းမေတ္တာကို စတေးမိခဲ့တဲ့ဘ၀တွေ ....။ ရာထူးတွေ .. ဂုဏ်အရှိန်အ၀ါတွေ .. ငွေကြေးတွေ .. အောင်မြင်ကျော်ကြားမှုတွေ စတဲ့ ပန်းတွေအများကြီးကို ဆယ်ယူဖို့ကြိုးစားရင်း အဲဒီအရာတွေနောက်တကောက်ကောက်လိုက်ပါလို့ ... နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဘ၀လက်တွဲဖော်နဲ့ လွဲခဲ့တဲ့အဖြစ်အပျက်တွေ ...။ အတုအယောင်ပန်းပွင့်တွေအများကြီးဝိုင်းရံနေရင်းနဲ့ စစ်မှန်တဲ့အချစ်နဲ့ ဝေးမှန်းမသိဝေးကွာသွားရတဲ့ အဖြစ်မျိုးတွေ...။ ဘာကြောင့်ရယ်လို့ ရေရေရာရာအဖြေမရှိပေမယ့်လည်း အနေဝေးတာကြောင့်ပဲလား .... ကံတရားကြောင့်လို့ပဲဆိုရမလား .... အခြားတပါးပရောဂကြောင့်လို့ပဲ အပြစ်ဖို့ရမလား ... ဝေးတာတော့ တစ်သက်လုံးဝေးသွားရတဲ့ ချစ်သူတွေ ..။ ဘ၀မှာ ထိပ်ဆုံးထိရောက်အောင်ကြိုးစားလျှောက်လှမ်းမယ်လို့ ဆုံးဖြတ်ချက်နဲ့ ကြိုးစားရုန်းကန်ရင်း ထိပ်ဆုံးရောက်တဲ့အခါ တစ်ယောက်တည်းရုပ်ဝတ္ထုတွေနဲ့ အထီးကျန်လို့ ..  တစ်သက်လုံးရဲဘော်ရဲဖက်လို အဖော်ပြုပေးမယ့် ချစ်ရသူနဲ့ကွဲကွာသွားခဲ့တဲ့ဘ၀မျိုးတွေ ..။ ထိပ်ဆုံးကိုရောက်တဲ့အခါ အထီးတည်း ဘ၀ကခြောက်သွေ့လို့ ... အောက်ဘက်ကို ပြန်စောင်းငဲ့ကြည့်မိတော့  ... ချစ်ရတဲ့သူနဲ့ရွှေလက်တွဲလို့ အေးအတူပူအမျှဘ၀ကိုရင်ဆိုင်ရင်း ပျော်ရွှင်နေကြတဲ့သူငယ်ချင်းတွေရဲ့ ဘ၀တွေကို ပြန်အားကျနေမိတဲ့အဖြစ်တွေ ...။

ဒီလိုပါပဲလေ...။ ဒီဝတ္ထုက လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို ဖွဲ့နွဲ့ရေးပြထားတာပါပဲ ...။ ဟိုးအရင်က ကျွန်မရေးလေ့ရှိသလိုပဲပေါ့ ..။ တစ်ခုလိုချင်ရင် တစ်ခုကို စွန်လွှတ်ရလေ့ရှိတဲ့လောကကြီးမှာ ... ဘာမှပိုပိုသာသာတောင်းဆိုခွင့်မှမရှိတာပဲ ...။ စမ်းချောင်းထဲမှာ မျောပါလာတဲ့ပန်းပွင့်လေးတွေကို လိုက်ဆယ်ယူဖို့ကြိုးစားရင် အားလုံးတော့ဆယ်ယူနိုင်မှာတော့ မဟုတ်ပါဘူး...။ အနည်းဆုံးတော့ တစ်ပွင့်လောက်တော့ ကျန်ခဲ့မှာပါပဲ ...။ အဲဒီကျန်ခဲ့တဲ့တစ်ပွင့်က အလှပဆုံး တစ်ပွင့် အဖိုးတန်ဆုံးတစ်ပွင့်သာဖြစ်နေမယ်ဆိုရင်တော့လည်း ထုံးစံအတိုင်း ကံတရားကို အပြစ်တင်ကြရုံပဲပေါ့ ...။ သေချာမသိတာကတော့ ဆယ်တဲ့သူက မမြင်လို့ဘဲ ချန်ခဲ့မိလေသလား ... ပန်းကလေးကပဲ တမင်ကျန်ရစ်နေခဲ့သလား ဆိုတာတော့ ဘယ်သူက သိနိုင်ပါ့မလဲ ....။

7 comments:

မင်းအရိပ် said...

သုံးသပ်ရေးထားတာ အရမ်းကောင်းတယ်။
မဖတ်ဖူးပေမယ့် ဒီပို့စ်လေးဖတ်မိတာနဲ့တင် အရမ်းဖတ်ချင်သွားပြီ။
မျက်နှာဖုံးလေးနဲ့ ဂွတ်တယ်နော်
sony vaio အဲလေ တစ်ပွင့်ကျန် :P

Phyu Lwin said...

ဘာများပြောတာလဲလို့.မြင်ဖြစ်အောင် မြင်မိတဲ့သူက ရှိသေးတယ် :D ရိုက်တဲ့သူကိုယ်တိုင်တောင် သတိမထားမိဘူး ။

ရင်လှိုင်း said...

ဆယ်တဲ့သူ မမြင်လိုက်တဲ့ပန်းလေးရှိသလို၊ ပန်းလေးကိုယ်တိုင် ချန်ခဲ့တာလည်း ရှိတယ်နော်။

လွင်ပြင်လှိုင်းငယ် said...

ညီမလေးရေ
ရေးသားချက်တွေကောင်းလွန်းလှတယ်-----
ဘ၀ရှေ့ရေးအတွက်ကြိုးစားရုန်းကန်ရင်း အောင်မြင်မှုနောက်ကိုလိုက်ပါရင်း ... ချစ်ခြင်းမေတ္တာကို စတေးမိခဲ့တဲ့ဘ၀တွေ------လက်ရှီဘ၀မှာလဲ တွေ့နေဆဲ---ပါပဲကွယ်
သခင့်ခြံတွင် တစ်ပွင့်ကျန်သောပန်းကလေး

မခူးအား၍ ဆူးကြားကျန်ရစ်ခဲ့သလော

မခူးရက်၍ ဆူးထက်ချန်ခဲ့လေသလော

မခူးလို၍ ဆူးညိုကြားတွင်

သူ့ကံဟုပင် တမင်စွန့်ခဲ့လေသလော ---------

ဒီပန်းလေးကိုတော့ သူမေ့နိုင်မယ်မထင်တော့ဘူး

Yoemyaykya said...

တခုခုစွန့်လွှတ်ပေးတာတောင် တခုခုပြန်မရတဲ့ခေတ်ပါမမရယ်။ ခေတ်ကအတုအယောင်တွေသိပ်များလာတော့ လူတွေက ဘာကိုမှ မယုံရဲကြတော့ဘူး

Thu said...

တစ်ပွင့်ကျန်ကို ညီမလဲကြိုက်လို့ဝယ်ဖတ်ဖြစ်တယ်..
အမလိုပြန်မပြောတတ်ဘူး။ကိုယ်ကြိုက်တာကိုပြန်မပြောပြမရေးပြတတ်ဘူး..
တစ်ခုလိုချင်ရင် တစ်ခုခုပြန်ပေးဆပ်ရတာဓမ္မတာဆိုသလိုပဲ
နောက်ဆုံးတော့လဲကျွန်တော်တို့ ကံကိုပဲရိုးမယ်ဖွဲ့ရတော့မလားမသိဘူးနော်..
ချစ်ခြင်းအားဖြင့်-သူ

Anonymous said...

Nice review!
Iora

Follow Us @soratemplates