မရောက်တာကြာပြီဖြစ်တဲ့
နေရာဟောင်းတစ်ခုကို မထင်မှတ်ဘဲ ပြန်ရောက်မိတော့ သူမကို အမှတ်ထင်ထင်သတိရနေမိပြန်တယ်....။
အတိတ်ကာလတစ်ချိန်တုန်းကတော့ ဒီနေရာမှာ သူမနဲ့ သူမဟုတ်တဲ့ အခြားသူတစ်ယောက် ရွှေလက်တွဲလို့
ပျော်ဖူးချိန်မှာ သူကတော့ လူမသိသူမသိ ကြေကွဲဝမ်းနည်းခဲ့ဖူးတာပေါ့ ..။ အဲဒီတုန်းက သူမကိုနာကျည်းခဲ့သလားဆိုတော့လည်း
ရင်ထဲကအချစ်ကို သူမ သိအောင်ဖွင့်မပြောရဲခဲ့တဲ့ သတ္တိနည်းသူတစ်ယောက်အဖြစ်သာ မိမိကိုယ်ကို
အပြစ်တင်ခဲ့သူဟာ သူတစ်ယောက်သာ ဖြစ်ခဲ့ပါတယ်..။ နာကျည်းမုန်းတီးခဲ့ရအောင် သူမနဲ့ သူက
ဘာမှပတ်သက်ဆက်စပ်မှုမျိုးမှ ရှိခဲ့ကြတာမဟုတ်ဘဲ ...။
ဒီအချိန်ဆိုရင် သူရောက်နေတဲ့ ဒီမြို့လေးမှာ နေကြာရိုင်းတွေ
ပွင့်နေတတ်ပြီလေ...။ တယုတယပြုစုပျိုးထောင်ပြီး လှလှပပဖူးပွင့်လာတတ်တဲ့ပန်းပွင့်လေးတွေထက်
ပန်းရိုင်းပွင့်တွေကို ပိုချစ်တတ်တဲ့သူမကတော့ ဒီပန်းခိုင်လေးတွေကို ချစ်တတ်ဦးမှာပဲလို့
သတိရမိပြန်တယ်...။
ကိုယ် မင်းဆီကို လာခဲ့မယ်
ဟန်နီ.. မင်းချစ်တတ်တဲ့ ပန်းရိုင်းလေးတွေ လက်ဆောင်ပေးရင်းပေါ့ ..။ အတွေးနဲ့တင် ကြည်နူးမိလို့
သူမဟာ သူ့အတွက်တော့ ပျော်ရွှင်ခြင်းတွေ ဆောင်ကြဉ်းပေးတဲ့ နတ်သမီးတစ်ပါးပါပဲ ...။ အေးဆေးညင်သာစွာပြောတတ်တဲ့
စကားလုံးတိုင်းရဲ့နောက်ကွယ်မှာ သူမရဲ့ အကြင်နာတစ်ချို့ကို မိမိရရဖမ်းဆုပ်မိဖို့ ကြိုးစားတတ်တာ
သူ့ရဲ့မျှော်လင့်ချက်တစ်ခု ဖြစ်နေတတ်ပြန်တယ်...။
မြူခိုးတွေဝေနေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ
မြို့အထွက်လမ်းတစ်လျှောက်က နေကြာရိုင်းပွင့်တွေကို ဓါတ်ပုံရိုက်ရင်းသူမအတွက် ပျော်ရွှင်မှုတချို့ကို
ဆောင်ယူသွားနိုင်တော့မယ်ဆိုတဲ့အတွေးနဲ့ ပျော်ရွှင်နေမိတယ်...။ အများနဲ့မတူတဲ့သူမက ပန်းပင်ကိုချိုးနှိမ်လို့
ပန်းပွင့်တွေကို ဖယ်ရှားသယ်ဆောင်လာတာထက် အပင်ပေါ်မှာပဲ သဘာဝအတိုင်း ရှိနေပြီး ပန်းပွင့်လေးတွေ
လှပလန်းဆန်းနေတာကို ပိုချစ်တတ်သူမဟုတ်ပါလား ...။
“ဒီဓါတ်ပုံတွေက မင်းအတွက်
ရိုက်လာပေးခဲ့တာ” ဆိုတော့ ပျော်ရွှင်သွားတဲ့သူမက အပူအပင်ကင်းမဲ့တဲ့ ပီဘိကလေးတစ်ယောက်လိုပါပဲ
..။ သူမကို အမြဲတမ်းပျော်ရွှင်နိုင်အောင် ဖန်တီးပေးနိုင်ဖို့ ဆုံးဖြတ်ချက်က သူ့ရဲ့အိပ်မက်တစ်ခုဖြစ်လာခဲ့တယ်..။
သူမ နှစ်သက်တတ်တဲ့အရာတွေကို တဖြည်းဖြည်းချင်းသိလာအောင် ကြိုးပမ်းရခြင်းမှာ ပျော်မွေ့လာတတ်တယ်..။
စကားပြောရင် ဟန်ဆောင်မှုမရှိ .. ပကတိအတိုင်းပြောတတ်တဲ့သူမရဲ့ စကားလုံးတွေကို ဟိုးအရင်ကထက်စွဲလမ်းလာခဲ့ပြန်တယ်...။
တစ်ချိန်တုန်းက သူမရဲ့ ဒီလိုစကားသံလေးတွေကို အမြဲကြားနိုင်အောင်မှ မစွမ်းဆောင်နိုင်ခဲ့တာပဲလေ....။
“ကိုယ် ခရီးသွားရင် အလုပ်တစ်ခုထပ်တိုးလာပြီ
..။ ကိုယ် မင်းကို လွမ်းနေရတော့မယ်” ဆိုတဲ့ သူ့ရဲ့ရေရွတ်သံနောက်မှာ .. သူမရဲ့ တိုးတိတ်ညင်သာတဲ့စကားလုံးတွေက
ထပ်ဆင့်ပါလာခဲ့တယ်...။ “မလိုအပ်ဘူးထင်ပါတယ်...။ လွမ်းတယ်ဆိုတဲ့ စကားလုံးမျိုး သုံးရလောက်တဲ့
ပတ်သက်မှုမျိုး မဟုတ်ဘူးလေ ...၊ အာရုံတွေ အများကြီး ဖြန့်ကျက်ဖို့ မကောင်းပါဘူး ...
အလုပ်က အရေးကြီးဆုံးဖြစ်သလို ..အဲဒီအလုပ်နဲ့ထပ်တူ အရေးကြီးတာတွေလည်း ရှိသေးတယ်မဟုတ်လား”
တဲ့ ...။
“မဟုတ်ဘူး ..ဟန်နီ .. ကိုယ့်အတွက်ကတော့ တာဝန်တွေနဲ့ထပ်တူ မင်းက အရေးအကြီးဆုံးပဲ ... ။ ကြိုးစားနေတဲ့အလုပ်တွေတိုင်းက မင်းနဲ့နီးစပ်ဖို့ လှမ်းနေတဲ့ခြေလှမ်းတွေ...” လို့ ပြောခဲ့တဲ့ သူ့ရဲ့တုန့်ပြန်စကားတွေကို သူမက မသိကျိုးကျွန်ပြုခဲ့ပြန်တယ်...။
“မဟုတ်ဘူး ..ဟန်နီ .. ကိုယ့်အတွက်ကတော့ တာဝန်တွေနဲ့ထပ်တူ မင်းက အရေးအကြီးဆုံးပဲ ... ။ ကြိုးစားနေတဲ့အလုပ်တွေတိုင်းက မင်းနဲ့နီးစပ်ဖို့ လှမ်းနေတဲ့ခြေလှမ်းတွေ...” လို့ ပြောခဲ့တဲ့ သူ့ရဲ့တုန့်ပြန်စကားတွေကို သူမက မသိကျိုးကျွန်ပြုခဲ့ပြန်တယ်...။
ကမ်းမမြင်လမ်းမမြင်တဲ့ ရေလှိုင်းတွေကြားမှာ ... တာဝန်တွေကြားကနေပဲ .... သတိရမိသူက သူမတစ်ယောက်သာ ....။ ဖြစ်နိုင်ရင် .... ဒီရေပြင်ကို လက်ပစ်ကူးလို့ ... သူမရှိတဲ့အရပ်ကို ရောက်အောင် သွားချင်မိပါရဲ့..။ လေလှိုင်းတွေကြားက ... စကားသံတွေမှာတော့ ... စိုးရိမ်ပူပန်စိတ်ကို ဖုံးလွှမ်းခြင်းငှာ ... မတတ်သာတော့ပြီလားထင်မှတ်ရလောက်အောင် .. သူမရဲ့ ဂရုဏာတချို့ကို ခံစားသိရှိလာခဲ့ပါတယ်...။
ဒီတစ်ကြိမ်တော့ လှမ်းလာခွင့်ပြုပါ
ဟန်နီ .... ကိုယ့်ခြေလှမ်းတွေအားလုံးဟာ ... မင်းဆီကိုပဲ ဦးတည်နေတာပါ ....။ သူမနဲ့
ပြန်တွေ့ချိန်ကစလို့ .... ပြန်ရှင်သန်လာတဲ့ မျှော်လင့်ချက်အိပ်မက်တစ်ခုကိုတော့ ဘယ်အရာကမှ
တားဆီးနိုင်မှာ မဟုတ်တာ သေချာနေပါပြီ ....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေးလို့မပြီးနိုင်သေးတဲ့ ၀တ္ထုတစ်ပုဒ်ပေါ့ ...။ တနေ့နေ့တော့ အဆုံးသတ်ကို ရေးနိုင်ကောင်းပါရဲ့ :D
2 comments:
နေကြာရိုင်းတွေကိုမြင်တော့ တောင်ကြီးကိုလွမ်းတယ်ညလေးရေ တောင်ကြီးမြို့အပြင်ဖက်မှလဲ (ကားလမ်းဘေး)နေကြာရိုင်းတွေဒီအချိန်ဆိုရင်ဝါထိန်နေအောင်ပင့်ပြီလေ...
အလွမ်းတွေ ကုန်ပြီး အဆုံးသတ်နိုင်တဲ့ဝတ္ထုတစ်ပုဒ်
ဖြစ်ပါစေလို့နော်
နေကြာပင်လေးတွေက သိပ်လှတာဘဲ...ပြီးအောင်ရေးပါကွယ်..
တစ်နေ့နေ့ပေါ့...မရောက်တာကြာလို့ ဒီနေ့မှ ရောက်ဖြစ်တယ် ညီမလေးရေ
Post a Comment