အေးစိမ့်စိမ့်အငွေ့အသက်တစ်ချို့ကလွှမ်းခြုံရင်း နှင်းစက်တွေ တဖြောက်ဖြောက်ကျနေသည့်
ဆောင်းကာလသည်
သူမအတွက်တော့ အတိတ်ကို ခေါ်ဆောင်သွားတတ်သည့် ကာလရထား တစ်ခုပင်ဖြစ်ပါသည် ။
~~~~~~~~~~~~~~~~~~
ကာလတစ်ခုဆီက
တစ်ခုသော ဆောင်းရာသီမှာ အရုပ်သေးသေးလေးတွေ ရှုပ်ပွနေအောင် ချိတ်ဆွဲထားသော ကျောပိုးအိတ်တစ်လုံးနှင့်
ကောင်မလေးတစ်ယောက်၊ စလွယ်သိုင်းလွယ်ထားသည့် Diesel အိတ်တစ်လုံးထဲမှာ စာအုပ်တွေကို မသေမသပ်စုပြုံထည့်ထားပြီး
ဆိုင်ကယ် တစ်စီးနှင့် ကောင်လေးတစ်ယောက်...။ ခပ်ဝေးဝေးဆီလောက်ကနေ ကြားနိုင်လောက်သည့်
စကားသံများမှာ ရယ်သံများလွှမ်းလျက် “အလိုက်တာ” “ငတုံးမလေး” စသဖြင့် ကောင်မလေးကို စနောက်နေပုံရသည့်
စကားလုံးတွေကြားမှာ ကျောပိုးအိတ်ဖြင့် တဖျတ်ဖျတ်ရိုက်နေသည့် မြင်ကွင်းများသည် ပီဘိသူငယ်ချင်းနှစ်ယောက် ၏
ဖြူစင်သောကာလ များသာ ဖြစ်ပါသည်..။
“နှင်းတွေကျတယ်
ဟန်နီ... လမ်းလျှောက်ရင် ချော်လဲမယ် ..သတိထား” ဆိုသည့် ကောင်လေး၏ သတိပေးစကားမဆုံးခင်
နီးစပ်ရာ သစ်ပင်ကိုလှမ်းဆွဲရင်း လဲကျနေပြီဖြစ်သည့် သူမ၏ နမော်နမဲ့များကြားမှာ သူ့ရဲ့ဂရုတစိုက်ရှိမှုများက
သူငယ်ချင်းများကြား စနောက်စရာဖြစ်လာခဲ့ပါသည် ...။ ခက်ခက်ခဲခဲသွားရသည့် တောင်တက်လမ်းတွေတိုင်းမှာ
သူမ၏ မိန်းကလေးဆန်လှသော ကျောပိုးအိတ်ကို ကူသယ်ပေးတတ်တာ၊ မောမောပန်းပန်းနှင့် တွေ့ကရာနေရာမှာ
ထိုင်ချ၊ နားချင်သော သူမအတွက် ပိုးမွှားအန္တရာယ်များကို အလိုက်တသိကြည့်ပေးတတ်တာ၊ သူမအတွက်
အစားအသောက်ကို ဂရုတစိုက်သယ်လာပေးတတ်တာတွေ ဟာ သူငယ်ချင်းလို မောင်နှမလို ချစ်တတ်တာပါဟု
သူငယ်ချင်းများကြား သူမက ကြိုတင်ကာကွယ်ပြောပြထား လေ့ရှိခဲ့ပါသည် ...။
သူမကို
ပိုးပမ်းသော အခြားသူများကို နာလိုခံခက်စွာ သူစိတ်တိုနေတတ်သည့်အချိန်တိုင်း အစ်ကိုတစ်ယောက်က
ညီမတစ်ယောက်အတွက် နှမြောတသစိတ်ဖြစ်နေသလားဟု အူကြောင်ကြောင်အတွေးမျိုးလည်း သူမက တွေးတတ်သေးသည်
...။ အချစ်ဆိုတာကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော မိန်းကလေးတစ်ယောက်အတွက် သူငယ်ချင်းလို
အစ်ကိုလိုသာ ချစ်နေတာပါဆိုသည့်အတွေးသည် သူ့ဆီက စာတစ်စောင်ကိုရအပြီးမှာ ပြောင်းလဲသွားခဲ့ပါသည်
...။ သူငယ်ချင်းများစုံညီစွာ ထိုင်နေကြသော လက်ဖက်ရည်ဆိုင်မှာ .. တစ်ယောက်ပြီးတစ်ယောက်
အကြောင်းအမျိုးမျိုးပြကာ ထွက်သွားကြပြီး ၂ ယောက်တည်း ကျန်ခဲ့ချိန်ထိ အခြေအနေအားလုံးကို
သူမက မရိပ်မိ မသိရှိခဲ့ပါ ..။ ဟိုအရင်လည်း သူမနှင့် သူ နှစ်ယောက်တည်း လက်ဖက်ရည်ဆိုင်ထိုင်သော
ကာလများလည်း ရှိသည်မဟုတ်ပါလား ...။ ကတုန်ကရင်နှင့် သူပေးလာသည့် စာရွက်ခေါက်သေးသေးလေးကို
အနည်းငယ်အူတူတူအတတနိုင်လှသော သူမသည် ရည်းစားစာမှန်းမသိဘဲ ... ကျောင်းစာတစ်ခုခုများလားဟု
ချက်ချင်းဖွင့်ဖတ်ဖြစ်သည်အထိ ကဗျာမဆန်လှသော အဖြစ်အပျက်များဖြင့်သာ စတင်ခဲ့ပါသည် ..။
ရောင်စုံစာရွက်လှလှလေးတွေ၊
စာအိတ်ကလေးတွေဖြင့် ရည်းစားစာပေးလို့ရသည့် အခြေအနေတွင် သူ့ဆီမှ သူမ ရသည့် ပထမဆုံးရည်းစားစာသည်
စာရွက်တစ်ရွက်ပင်မပြည့်သည့် စာရွက်အပိုင်းအစတစ်ခုမျှသာ ..။
ဘာတစ်ခုမှ
ဖွဲ့နွဲ့မထားဘဲ “နင့်ကို ငါချစ်တယ်” ဆိုသည့်စကားကို ပတ်ချာလည်ရေးထားသော စာတစ်စောင်သည်
ထိုအချိန်ကတော့ သူမအတွက် ရယ်စရာတစ်ခုသာဖြစ်ခဲ့ပါသည်..။
“နင့်ကို
ငါ ချစ်တယ်
ငါ
ချစ်တယ် နင့်ကို
ချစ်တယ်
နင့်ကို ငါ
ချစ်တယ်
ငါ နင့်ကို
နင့်ကို
ချစ်တယ် ငါ
ငါ
နင့်ကို ချစ်တယ်” ဟူ၍သာ
ဖြစ်ပါသတဲ့ ..။
“သူငယ်ချင်းလိုပဲ
ချစ်တာ” ဆိုသည့် သူမ၏ အဖြေစကားနောက်တွင် ... နှစ်နှစ်ဆိုသည့်ကာလအထိ သူငယ်ချင်းလို အစ်ကိုလို
သူမကို သူ ဂရုစိုက်စောင့်ရှောက်ခဲ့ပါသည် ..။
တစ်ခုသော
ဆောင်းကာလ၏ နံနက်ခင်းတစ်ခုတွင် အေးမြနေသော လေထုကြားမှာ နွေးထွေးနေသော သူ့လက်တစ်ဖက်ကို
ဆုပ်ကိုင်ရင်း “ဘာကြောင့်လဲ”ဟူသည့် သူ၏ အမေးနောက်မှာတော့ “ချစ်လို့” ဆိုသည့် စကားတစ်လုံးတည်းဖြင့်
ရိုးရိုးရှင်းရှင်းပင် ချစ်သူတွေဖြစ်ခဲ့ကြပါသည်...။
နှစ်စဉ်
ဆောင်းရာသီ၏ ထိုတစ်နေ့ကို ရောက်လာတိုင်း သူမချစ်တတ်သည့် ၀က်ဝံရုပ်မျိုးစုံဖြင့် ဘယ်လောက်ပင်
အနေဝေးပါစေ သူအရောက်လာပါသည် ...။ အနာဂတ်အကြောင်း ပြောဆိုရင်း ပျော်ရွှင်မြူးကြွနေသော
ချစ်သူနှစ်ယောက်သည် အများအမြင်မှာတော့ ချစ်စရာ ချစ်သူစုံတွဲ/သူငယ်ချင်းနှစ်ယောက်သာ
ဖြစ်နေတတ်ခဲ့သည် ...။ ဆောင်းရာသီမှာ မွေးဖွားခဲ့သော သူနှင့် သူမ နှစ်ယောက်စလုံးအတွက်
အမှတ်တရအချိန်သည် ဆောင်းရာသီမှာပဲ ဖြစ်နေခြင်းသည် ... တမင်ရည်ရွယ်ထားခြင်းမဟုတ်ဘဲ တိုက်ဆိုင်မှုသက်သက်သာ
..။ သို့သော်လည်း ချစ်သူနှစ်ယောက်စလုံးကတော့ ဆောင်းရာသီကို ပိုမိုမြတ်နိုးရင်း တစ်နှစ်တစ်ကြိမ်ရောက်လာတတ်သည့်
အမှတ်တရနှစ်ပတ်လည်နေ့များကို ဖြတ်သန်းရင်း အနာဂတ်ကို ကိုယ်စီတည်ဆောက်နေခဲ့ကြပါသည်
..။
~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါတရံ
ကံတရားသည် ချစ်သူနှစ်ဦးကို ချစ်လျက်နှင့် ရှင်ကွဲကွဲစေသော အဖြစ်အပျက်များကို ဖြစ်ပေါ်စေအောင်
ဖန်တီးတတ်ပါသလား ...။
တစ်ခုသော
ဆောင်းရာသီ၏ နံနက်ခင်းတစ်ခုတွင်တော့ ..... ဖုန်းတစ်ဖက်မှ ကောင်မလေး၏ အသံတိတ်ငိုရှိုက်သံ၊ငိုသံကိုမကြားသော်လည်း ကောင်မလေးငိုနေမည်ဆိုတာကို သေချာပေါက်သိနေသော
ကောင်လေး၏ “နင်
..မငိုရဘူးနော်” ဆိုသည့် ၀မ်းနည်းစကားတစ်ခွန်း ....။
“သစ္စာမရှိတဲ့လူပဲ”
လို့ ကောင်လေးကို စွပ်စွဲကြတိုင်း နာကျည်းဖို့ဆိုတာ စဉ်းစားမရဘဲ နားလည်ပေးတတ်သည့် သူမ၏
“သူက အဲလိုလူမျိုးမဟုတ်ပါဘူး .. သူကံဆိုးသွားတာပါ”
ဆိုသည့် တုံ့ပြန်စကား ...။
“သူ
ပျော်နေပါတယ်” လို့ သူမ သိအောင် တမင်ပြုမူနေတတ်ပေမယ့် .. သူ့ရဲ့မျက်လုံးထဲက စကားတွေထဲမှာ
ဝမ်းနည်းစိတ်တွေကို တွေ့မိသည့်ခဏ နောင် ဘယ်တော့မှ မျက်လုံးချင်းမဆုံချင်တော့ပါဟု ဆုံးဖြတ်ချက်တစ်ခု
..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပုံပြင်
ဆိုတာ ဘာလဲ လို့ သေချာပြန်စဉ်းစားကြည့်တော့
... အဖြစ်အပျက်၊ အမှန်တရားတစ်ခုနောက်မှာ လူတွေပြောဆိုအမှတ်ရနေတတ်သည့် စကားလုံးများသာ
ဖြစ်ပါသည် ...။ တချို့ပုံပြင်တွေကတော့ သင်ခန်းစာယူဖွယ်၊ တချို့ပုံပြင်တွေကတော့ ရယ်ရွှင်ဖွယ်၊
တချို့ပုံပြင်တွေကတော့ ကြည်နူးဖွယ် ...။
သူမအတွက်တော့တစ်ခုသော ဆောင်းကာလတစ်ခုဆီကနေ နောင်နှစ်အတန်ကြာ ဆောင်းကာလတစ်ခုအထိ ကြုံတွေ့ခဲ့သော အဖြစ်အပျက်များသည်
... တစ်သက်တာလုံးအမှတ်ရသွားမည့် ...... အချိန်များသာ ....။ ထိုကာလများကို သူမတစ်ဦးတည်းအတွက်
ဆောင်းပုံပြင်အဖြစ်သတ်မှတ်မည်ဆိုပါက ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ်၊ ၀မ်းနည်းဖွယ်
ပုံပြင်တစ်ပုဒ်ပင် ....။
3 comments:
ဖတ်လို့ကောင်းတယ်
ကြိုးစားထား :D
ဆောင်းရယ်နှင်းရယ် ကို့ချစ်သူရယ်တူတူပါပဲကွယ် ^_^
ဆောင်းတွင်းဇာတ်လမ်းတော့ မရှိဖူးဘူးဗျ..။ ကြုံတော့ ကြုံဖူးချင်သား.. ^_^
Post a Comment