ဒီဇင်ဘာကို
ရောက်လာပြန်ပြီလေ..။ ဒီတစ်နှစ်မှာတော့ နွေးထွေးတဲ့ဒီဇင်ဘာနဲ့အတူ ..... ချစ်တဲ့မိသားစုရယ်
...၊ နေနေကျ နေရာတစ်ခုရယ်၊ ဆိုးတူကောင်းဘက်သူငယ်ချင်းတွေရယ်၊ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေရယ်၊
ကျေနပ်စရာလို့ အတင်းရောကာရော မှတ်ချက်ချထားတဲ့ လုပ်ငန်းခွင်တစ်ခုရယ် .. အဲဒီအရာတွေကြားထဲမှာ
သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို လှုပ်ရှားနေပါတယ် ...။ ဟိုးအရင်ကလို နှင်းပွင့်ဖြူဖြူတွေကြားထဲက ရေခဲတမျှအေးစက်နေတဲ့
လေထုကြား ပြေးလွှားလှုပ်ရှားနေရတဲ့ ကျောင်းတက်နေတဲ့ဘ၀ကနေ ... နေရောင်အောက်က ဘ၀တစ်ခုကတော့
ဘ၀အတွေ့အကြုံတွေကို နေ့စဉ်နဲ့အမျှ သင်ကြားပေးတဲ့ ဘ၀ကျောင်းတော်ကြီးတစ်ခုလိုပဲ ...။
တချို့နေ့ရက်တွေက ပျော်ရွှင်ဖွယ်ကောင်းသလို တချို့နေ့ရက်တွေကတော့ စိတ်ဖိစီးမှုတွေကြားထဲ
မောပန်းနေတတ်ပြန်တယ် ...။
ထူးထူးခြားခြားခံစားရတာကတော့
Dust allergy ပါပဲ ...။ မြန်မာနိုင်ငံရဲ့ထုံးစံအတိုင်း .. ဖုန်မှုန့်တွေကြားထဲက လေထုညစ်ညမ်းမှုတွေကြားထဲမှာ
... ခဏခဏ နှာမွှန်၊ နှာစေးဖြစ်တတ်ပါတယ်..။ အဲဒီကနေတစ်ဆင့် ပင်ပန်းတဲ့အခါမျိုးမှာ အအေးမိပြီး
ဖျားတာရောပါ တခါတလေ ဖြစ်တတ်လေ့ရှိပါတယ် ....။ အဲဒီလိုဖြစ်တာက အခုပြန်လာမှဖြစ်တာမဟုတ်ဘဲ
ဟိုအရင် နိုင်ငံခြားမထွက်ခင်ကတည်းက ဖုန်မှုန့်တွေရှုမိရင် ဖြစ်တတ်လေ့ရှိပါတယ်...။ အဲဒီလိုဖြစ်တဲ့အခါတိုင်း
အလုပ်လုပ်ရတာကို အရမ်းအနှောင့်အယှက်ဖြစ်ပြီး နေထိုင်ရတာ တော်တော်ကို မကောင်းတာပါ
..။ “ဖုန်မှုန့်ကင်းစင် မြန်ပြည်တစ်ခွင်” ဆိုရင် ဘယ်လောက်ကောင်းမလဲနော် ....။
အရင်နှစ်
ဒီဇင်ဘာလမှာ ရေးခဲ့သလိုပါပဲ ... နှစ်တိုင်း ဒီဇင်ဘာလရောက်ရင် ခရီးတစ်ခုခုတော့ ထွက်ဖြစ်နေတတ်တယ်
...။ အရင်တစ်နှစ်ကတော့ ဒီလိုအချိန်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေခဲ့တယ်..။ ကံကောင်းတယ်လို့ပဲ
ဆိုရမလား ..။ မနှစ်ကဒီအချိန်သွားခဲ့တဲ့ နေရာမှာ ဒီနှစ်တိုင်ဖွန်းမုန်တိုင်းအကြီးကြီးတိုက်တယ်..။
ဟိုင်ယန် လို့ ခေါ်ပါသတဲ့ ..။ ကျွန်မတို့သွားခဲ့တဲ့တက္ကသိုလ်ရှိတဲ့ မြို့ကို ဦးတည်တိုက်တာမဟုတ်ပေမယ့်..
အဲဒီမြို့နဲ့ နည်းနည်းနီးတဲ့မြို့မှာ အဓိက တိုက်ခတ်ခဲ့တာပေါ့ ..။ ဒါပေမယ့်လည်းပဲ ကျွန်မတို့သွားခဲ့တဲ့
တက္ကသိုလ်မှာတော့ အဆောက်အဦတော်တော်များများ ပျက်စီးသွားတယ်..။ နေခဲ့တဲ့ နေရာက ပင်လယ်နဲ့နီးနီးကလေးဆိုတော့
အဲဒီက လူတွေလည်း တော်တော်အသေအပျောက်များတယ်လို့လဲ ကြားရတော့ စိတ်မကောင်းပါဘူး ..။ အရင်နှစ်က
ပြန်ခါနီး မုန်တိုင်းတစ်ခုကြုံပေမယ့် အဲဒီနေရာနဲ့ အလှမ်းဝေးတဲ့နေရာမှာ ဖြစ်တာမို့ လေကြမ်းကြမ်းတိုက်တာကို
ကြုံလိုက်ရတာကလွဲရင် ဘာမှမဖြစ်ခဲ့ဘဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ကြတယ်..။
ဒီနှစ်လဲ
ခရီးတွေ ထွက်ဖြစ်တယ် ..။ တော်တော်များများက အလုပ်ကိစ္စနဲ့ပါပဲ ..။ ကျောင်းကပြန်ရောက်ရောက်ချင်းကသာ
မိသားစုနဲ့ ခရီးတစ်ခုထွက်ဖြစ်တာကလွဲရင် အလုပ်ကိစ္စနဲ့ တောရွာတွေဘက်သွားဖြစ်တာများပါတယ်...။
အဓိကက တိုးတက်မှုနည်းတဲ့ တောင်ပေါ်ရွာတွေကို သွားဖြစ်တယ် ...။ ဒီဇင်ဘာလလယ်လောက်မှာလဲ
... အဲဒီလိုပဲ ရွာတွေဘက် ခရီးထွက်ဖြစ်ပြန်ဦးမယ် ..။ တောရွာဓလေ့တွေ သိရမြင်ရသလို ဒေသရိုးရာအစားအစာတွေ
စားရဦးမယ် ..။ စကားသံဝဲ၀ဲတွေ နားထောင်လို့ သူတို့ရဲ့ ရင်ထဲက အသိအမြင်တွေကို လေ့လာခွင့်ရဦးမယ်
...။ လျှပ်စစ်မီးမရှိတဲ့ရွာလေးတွေမှာ .. ကြယ်စုံတဲ့ ကောင်းကင်ကြီးကို တ၀ကြီးခံစားခွင့်ရပါဦးမယ်
...။
အလုပ်တွေကြားမှာပဲ
ဘ၀ကို မြှုပ်နှံထားလို့ ဒီဇင်ဘာရဲ့ အလွမ်းတွေလည်း တစတစ လျော့ပါးလာခဲ့ပါပြီ...။ လွမ်းစရာမရှိတော့တဲ့
ဒီဇင်ဘာမှာ .... ပျော်စရာတွေပဲ ပြန်ပြောင်းတွေးရင်း အတိတ်က အတိတ်လိုပဲ ကျန်ခဲ့ပြီလေ..။
Sweet December လို့ အများက ပြောလေ့ရှိကြတဲ့ ဒီကာလက ကျွန်မအတွက်တော့ sweet မဖြစ်တာကြာခဲ့ပြီဆိုပေမယ့်
.. ဒီနှစ်ကစလို့ ချစ်စရာကောင်းတဲ့ ဒီဇင်ဘာပြန်ဖြစ် ဖို့ မေ့ပစ်သင့်တဲ့အရာတွေကို မေ့ပစ်နိုင်ခဲ့ပါပြီ
...။ ဒါပေမယ့် လည်း မေ့သွားခဲ့တာမဟုတ်ပေမယ့်
... ဥပေက္ခာပြုလိုက်နိုင်တာလို့ ပြောရင် ပိုမှန်မယ်ထင်ပါ တယ်...။ အဲဒီလိုမှမဟုတ်ရင်
ဒီဇင်ဘာဆိုတာ တစ်နှစ်တစ်ကြိမ်ကြုံရစမြဲမို့ မေ့လို့မရတဲ့အရာတစ်ခုကို တစ်နှစ်တစ်ခါ သတိရနေလိမ့်မယ်
မဟုတ်ပါလား ....။
1 comment:
“ဖုန်မှုန့်ကင်းစင် မြန်ပြည်တစ်ခွင်”ဖြစ်ဖို့ ဝေးအုန်းမယ်ထင်တာပဲညလေးရေ.........တချို့တောင်ပေါ်မြို့လေးတွေမှာတော့ ဖုန်နဲတယ်လေ...မိသားစုနဲ့အတူပျော်နေတာကိုပဲ ဖတ်ပြီးကျေနပ်-မိတယ်
Post a Comment